“ဘာ... ထျန်အာဖုန်းက ဟုန်ထော့ကို ထပ်ပြီး တိုက်ခိုက်ပြန်ပြီ ဟုတ်လား…။”
“ဗုန်း...။”
ဟုန်ကျန့်လင်က စားပွဲကို လက်ဝါးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ရာ ခိုင်ခံ့သော သစ်သားစားပွဲကြီး မှာ အက်ကြောင်းများဖြင့် ပြည့်နှက်သွားတော့သည်။
“အသုံးမကျတဲ့ကောင်တွေ... မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ... ဟမ်…။”
ဟုန်ကျန့်လင်မှာ ဒေါသအိုး ပေါက်ကွဲလုမတတ် ဖြစ်နေခဲ့၏။
*ထိုထျန်အာဖုန်းဆိုသည့်ကောင်မှာ ဟုန်အိမ်တော်ထဲသို့ တစ်ကျော့ပြန် ဝင်ရောက်လာပြီး သူ့သားကို ထပ်မံကန်ကျောက်သွားခဲ့ပြန်သည်။ သို့သော်လည်း ထိုနေရာတွင် ဘာမှရှိမနေခဲ့ပေ…။*
ဘယ်လောက်တောင် နာကျည်းချက်တွေ ရှိနေလို့လဲ။ သူက တကယ့်အရူးပဲ။
“သွားစုံစမ်းစမ်း... သူ ဘယ်လိုဝင်လာတာလဲဆိုတာ ရှာဖွေကြ။ ဘယ်သူမှ သူ့ကို မတွေ့လိုက်ဘူးဆိုတာ မဖြစ်နိုင်ဘူး…။”
“ပြီးတော့ မင်းတို့... တံခါးမှာ စောင့်နေကြတာကိုတောင် သူ့က အထဲကိုဝင်လာတယ် ဟုတ်လား..။”
....................
မူအိမ်တော်၏ ကာကွယ်ရေးမှာ ပို၍ပင် လျော့ရဲလှပေသည်။ ထျန်ဖုန်းမှာ ဘာအခက်အခဲမှမရှိဘဲ တည်းခိုရန် အခန်းတစ်ခန်းကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားလေသည်။
ထိုအခန်းမှာ အမျိုးသမီးတစ်ဦး၏ အိပ်ဆောင်ဖြစ်နေသည်။ အခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် သင်းပျံ့သော ရနံ့လေးတစ်ခုက ထျန်ဖုန်းကို လန်းဆန်းတက်ကြွသွားစေသည်။
သူသည် အမြတ်ထွက်ပြီဟုပင် တတွတ်တွတ် ရေရွတ်နေမိသည်။ မီးထွန်းရန်ပင် မဝံ့ရဲဘဲ ကုတင်ပေါ်သို့ အပြေးတက်ကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။ ထိုညတွင် ထျန်ဖုန်းမှာ နတ်ဘုရားတစ်ပါး၏ ကူညီ မှုကို ရရှိထားသကဲ့သို့ သူ၏ကျင့်ကြံမှုမှာ သိသိသာသာ မြန်ဆန်နေခဲ့လေသည်။
နောက်တစ်နေ့ မနက်ခင်း နေရောင်ခြည် ဖြာကျလာသည်အထိပင်။
သူသည် အခန်းထဲတွင် ချိတ်ဆွဲထားသော အမျိုးသမီးအဝတ်အစားများကို ကြည့်ကာ ကြောင်အမ်းသွား ရသည်။ ထိုအဝတ်အစားများမှာ သူ့ထက် နှစ်ဆခန့် ပိုကြီးနေပြီး သူ့မျက်နှာမှာလည်း ရှုံ့မဲ့သွားလေတော့ သည်။
သို့သော်လည်း သူသည် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိသည်။ ကံကောင်းထောက်မစွာဖြင့် မနေ့ညက သူသည် စည်းမလွတ်ဘဲ ကျင့်ကြံနေခဲ့ခြင်းဖြစ်ပြီး စနစ်ကလည်း စောင့်ကြည့်နေခဲ့သည်။ သို့မဟုတ်ပါက သူသည် တကယ့်ကို လမ်းမှားရောက်သွားနိုင်ပေသည်။
[ဟားဟားဟား... မင်းက ဒီလိုအရသာမျိုး ကြိုက်တတ်လိမ့်မယ်လို့ ငါမထင်ထားမိဘူး။ အသက်က ငယ်ငယ် ရည်မှန်းချက်ကတော့ တော်တော်ကြီးတာပဲ။]
စနစ်က အားရပါးရ ရယ်မောလွန်းနေသဖြင့် ထျန်ဖုန်းမှာ ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေလိုက်ရသည်။
[ခန္ဓာကိုယ်ကသာ သေးတာ... ရည်မှန်းချက်ကတော့ တကယ့်ကို ကြီးမားတာပဲ။ လေးစားပါတယ်... ငါ အရှုံးပေးပါတယ်]
စနစ်၏ လှောင်ပြောင်သံများမှာ မရပ်မနား ထွက်ပေါ်နေဆဲပင်။ ထျန်ဖုန်းသည် အခန်းကို မူလအတိုင်း ပြန်ဖြစ်အောင် တိတ်တဆိတ် ပြင်ဆင်လိုက်သည်။
အချိန်သာ နောက်ပြန်လှည့်နိုင်လျှင် သူသည် ဤအခန်းထဲသို့ လုံးဝဝင်မည်မဟုတ်ပေ။ မဟုတ်ဘူး... မူအိမ်တော်ထဲကိုတောင် သူ ခြေဦးလှည့်မည်မဟုတ်တော့။
*ဒီမူအိမ်တော်ကတော့ ပြဿနာပဲ။ တင့်ကားကြီးတွေက မြေအောက်ခန်းမှာ ရှိရမှာမဟုတ်ဘူးလား... ဘာလို့ တတိယထပ်မှာ လာရပ်ထားရတာလဲ…။*
(မှတ်ချက် - ဝနေသော အမျိုးသမီးကို တင့်ကားဟု တင်စားခြင်းဖြစ်သည်)။
*တောက်... မကြာသေးခင်ကမှ စနစ်ကို ပြန်ပြီး ငြင်းခုံဖို့ မဝံ့မရဲ ဖြစ်နေရတာ။*
“သခင်ကြီး... ကျွန်တော်တို့ ရှာတွေ့ပါပြီ။ ထျန်အာဖုန်းက မနေ့က ဟုန်အိမ်တော်မှာ ရှိနေခဲ့တာ သေချာ ပါတယ်…။”
“ဘာ... မင်း ဘာပြောလိုက်တာလဲ….။”
ဟုန်ကျန့်လင်မှာ မိမိနားကိုပင် မိမိ မယုံကြည်နိုင်ဖြစ်သွားရသည်။
“သခင်ကြီး... လူမနေတဲ့ အနောက်ဘက်ဆောင်နားမှာ ခြေရာတွေအများကြီး တွေ့ရပါတယ်။ အထဲကို ဝင်စစ်ကြည့်တော့ မနေ့က တစ်စုံတစ်ယောက် တည်းခိုသွားတဲ့ လက္ခဏာတွေ တွေ့ခဲ့ရပါတယ်။ ထျန်အာဖုန်းက မနေ့က အဲဒီမှာ ရှိနေခဲ့တာ ဖြစ်နိုင်ပါတယ်…။”
“ခွေးသူတောင်းစား... မင်းတို့အားလုံးက အသုံးမကျတဲ့ကောင်တွေပဲ။ ငါ မင်းတို့ကို ဘာအတွက် မွေးထားရမှာလဲ….။”
ဟုန်ကျန့်လင်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး လက်ထဲရှိ လက်ဖက်ရည်ခွက် ဖြင့် အိမ်စေဦးစီး၏ နဖူးကို တည့်တည့်ပစ်ပေါက်လိုက်လေသည်။
ဒီလို အရှက်ခွဲခံရမှုကို သူ ဘယ်လိုသည်းခံနိုင်မှာလဲ။ ဟုန်မိသားစုမှာ မကြာသေးမီနှစ်များအတွင်း တဟုန်ထိုး တိုးတက်လာခဲ့ခြင်းဖြစ်ရာ ယခုကဲ့သို့ အရှက်ခွဲခံရမှုကို ဘယ်တုန်းကမှ မကြုံခဲ့ဖူးပေ။ ယနေ့ တွင်မူ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၃) သာရှိသော ကောင်လေးတစ်ယောက်၏ လှောင်ပြောင်မှုကို ခံနေရပြီဖြစ်သည်။
မူအိမ်တော်မှ ထွက်လာပြီးနောက် ထျန်ဖုန်းသည် အခွင့်အရေးရှာကာ ဝတ်စုံအသစ် လဲလှယ်လိုက်ပြီး ကိုယ်ဖျောက်နည်းစနစ်ကို ရုပ်သိမ်းလိုက်လေသည်။
နတ်ဆိုးဝိညာဉ်ခန္ဓာ ကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအင် လှိုင်းများကို လုံးဝနီးပါး ဖုံးကွယ်ထားနိုင်သည်။ ယခုအခါ သူ၏အဆင့်ထက် အများကြီး ပိုမမြင့်ပါက မည်သူမျှ သူ၏ကျင့်ကြံမှုကို ခန့်မှန်းနိုင်မည်မဟုတ် ဘဲ သာမန်လူတစ်ယောက်ကဲ့သို့သာ မြင်တွေ့ရမည်ဖြစ်သည်။
သူသည် အရက်ဆိုင်တစ်ဆိုင်ကို ရှာဖွေတွေ့ရှိပြီး တစ်ဦးတည်း သောက်စားနေလိုက်သည်။ မြို့ထဲတွင် ဆူညံပွက်လောရိုက်နေသော်လည်း လူတိုင်းက အပြင်မထွက်ရဲကြသည်တော့မဟုတ်ပေ။
သတ္တိရှိသူများမှာ အပြင်ထွက်မြဲ ထွက်နေကြဆဲဖြစ်ပြီး ဟုန်မိသားစုက ကျင့်ကြံသူများကိုသာ ဖမ်းဆီး နေခြင်းဖြစ်သည်ဟု သူတို့က ယူဆထားကြသည်ပင်။
နောက်ခံရှိသောသူများမှာလည်း မကြောက်ကြပေ။ သူတို့က ဟုန်မိသားစုကို ပေါ်တင်မဆန့်ကျင်ရဲ သော်လည်း ဟုန်မိသားစုကလည်း လူတိုင်းကို လျှောက်သတ်၍မရပေ။
ဟုန်မိသားစုဝင်တစ်ယောက် မြစိမ်းတောင်ဂိုဏ်း သို့ ဝင်ခွင့်ရထားသော်လည်း အဝေးကရေက အနားက မီးကို မငြိမ်းနိုင်ပေ။ အကယ်၍ မြို့ထဲရှိ အင်အားကြီးမိသားစုများကို တကယ်တမ်း ဒေါသထွက်အောင် လုပ်မိပါက နှစ်ဦးနှစ်ဖက် ပျက်စီးသွားကြမည်သာဖြစ်ပြီး မြစိမ်းတောင်ဂိုဏ်းက အလောင်းလာ ကောက်ရုံ သာ ရှိတော့မည်။
ထျန်ဖုန်းသည် သတင်းမျိုးစုံကို တိတ်တဆိတ် နားထောင်နေလိုက်သည်။
“ဟုန်မိသားစုမှာ ဒီနှစ်ရက်အတွင်း ဘာတွေဖြစ်နေကြတာလဲ…။”
“တစ်စုံတစ်ယောက်က ဟုန်အိမ်တော်ထဲကို ဝင်ပြီး ဟုန်ထော့ကို ဒဏ်ရာရအောင် လုပ်သွားတယ်လို့ တော့ကြားတယ်…။”
“ဟဲဟဲ... ငါ့ဆီမှာတော့ အတွင်းသတင်းတစ်ခု ရှိတယ်။ ရိုးရိုးဒဏ်ရာရတာတင် မဟုတ်ဘူး... ဟုန်ထော့ရဲ့ မျိုးဆက်ပြန့်ပွားရေး အင်္ဂါကြီးကို တစ်စစီ အကန်ခံလိုက်ရတာတဲ့ဟေ့…။”
“ရှူး... အဲဒီသတင်းက တကယ်ရော ဟုတ်ရဲ့လား….။”
“အပြင်က အခြေအနေကို ကြည့်ဦးလေ... မဟုတ်ရင် ဒီလောက်အထိ ဖြစ်ပါ့မလား…။”
အပြင်ဘက်တွင် တင်းမာနေသော ဟုန်မိသားစုဝင်များကို ကြည့်ကာ လူအများက ခေါင်းတညိတ်ညိတ် လုပ်နေကြသည်။
“ဒါဆိုရင်တော့ တကယ့်ကို ဟုတ်ပုံရတယ်….။”
“မနေ့ညကလည်း အဲဒီလူက ထပ်လာပြီး ဟုန်ထော့ကို အဲဒီနေရာကိုပဲ ထပ်ကန်သွားသေးတယ်တဲ့။ ငရုတ်သီးမှုန့်တွေပါ ပက်သွားသေးတယ်လို့ ကြားတယ်….။”
“အား... ကျွတ်ကျွတ်...။”
“ဒီလို သတင်းကောင်းမျိုးကိုတော့ ခွက်ကြီးကြီးနဲ့ သောက်ပြီး အောင်ပွဲခံရမယ်….။”
“နောက်ရက်အနည်းငယ်ဆိုရင် ဟုန်မိသားစုရဲ့ ဘိုးဘွားပူဇော်ပွဲနေ့ မဟုတ်လား။ ဟုန်မိသားစုက သူတို့ ဘိုးဘွားတွေကို ဘယ်လိုများ ရှင်းပြမလဲမသိဘူး…။”
“ဟားဟား... ငါတော့ အဲဒီနေ့ကို တကယ့်ကို မျှော်လင့်နေမိပြီ….။”
လူအချို့၏ မျက်နှာပေါ်တွင် ပြုံးစိစိဖြစ်နေကြပြီး သူတို့သည် ဟုန်မိသားစုအပေါ် မည်သည့် ခံစားချက် ကောင်းမှ ရှိမနေကြပေ။
*ဟုန်မိသားစု ဘိုးဘွားပူဇော်ပွဲလား….။*
ထျန်ဖုန်း၏ မျက်နှာပေးမှာ ပြောင်းလဲသွားပြီး ယုတ်မာသော အပြုံးတစ်ခု ပေါ်လာတော့သည်။
“ဟဲဟဲ... အဲဒီနေ့ကျရင်တော့ တကယ့်ကို ပျော်စရာကောင်းတော့မှာပဲ…။”
သူ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနေပြီဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် အကြီးအကျယ် ကစားပြမည်ဖြစ်သည်။
စားသောက်ပြီးနောက် သူသည် အစားအစာအချို့ကို ပါဆယ်ထုတ်လိုက်သည်။ ထို့နောက် ဟုန်မိသားစု ၏ ဘိုးဘွားသင်္ချိုင်း တည်နေရာကို စုံစမ်းလိုက်ရာ ဖျင်ကျန်းမြို့တွင် လူတိုင်းသိထားသော နေရာဖြစ်နေ သဖြင့် စုံစမ်းရသည်မှာ မခက်ခဲလှပေ။
ထို့ပြင် အခြားသူများ၏ အာရုံစိုက်မှုကိုလည်း မခံရပေ။ အကြောင်းမှာ နှစ်စဉ်နှစ်တိုင်း ဟုန်မိသားစု၏ ဘိုးဘွားပူဇော်ပွဲတွင် ဒေသခံ ထင်ရှားကျော်ကြားသူများကို ဖိတ်ကြားလေ့ရှိသောကြောင့် ဖြစ်သည်။
အရက်ဆိုင်မှ ထွက်လာစဉ်တွင် ဟုန်အိမ်တော်မှ လူများမှာ အပြင်ဘက်တွင် ကင်းလှည့်နေကြပြီး တစ်ခါ တစ်ရံ နေအိမ်များကို ဝင်ရောက်ရှာဖွေကာ သံသယဖြစ်ဖွယ်ရှိသူများကို တားဆီးစစ်ဆေးနေ ကြလေ သည်။ သံသယကြီးမားပါက တန်း၍ဖမ်းဆီးခေါ်ဆောင်သွားကြလေသည်။
ဖြတ်သွားသော ဟုန်မိသားစုမှ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၁) ကျင့်ကြံသူတစ်ဦးမှာ ထျန်ဖုန်းကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမမေးမြန်းတော့ပေ။
သူသည် အဆင့်မြင့်ကျင့်ကြံသူများ၏ စွမ်းအားကို မမြင်နိုင်သော်လည်း ကျင့်ကြံသူတစ်ယောက်မှာ သာမန်လူတစ်ယောက်ကဲ့သို့ သူ၏ရှေ့တွင် ပေါ်လာလိမ့်မည်မဟုတ်ဟု သူက ယူဆထားသည်။
ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၈) သို့မဟုတ် (၉)၊ သို့မဟုတ် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့် လောက်ရှိမှသာ စွမ်းအင်ကို ဖုံးကွယ်နိုင်မည်ဖြစ်ပြီး အကယ်၍ တရားခံက ထိုအဆင့်ရှိပါက ဘာလို့ ပုန်းအောင်းနေစရာ လိုမည်နည်း။
သူကြားထားသည်မှာ တရားခံက ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၃) သာ ရှိသည်ဟူ၍ ဖြစ်သည်။
ထျန်ဖုန်းမှာ လုံးဝမတုန်လှုပ်ပေ။ သို့သော်လည်း အကယ်၍ ဟုန်မိသားစုက ယနေ့တွင်လည်း မည်သူ့ကို မှ ဖမ်းမမိပါက မနက်ဖြန်တွင် ရှာဖွေမှုမှာ ပိုမိုတင်းကျပ်လာမည်ကို သူ သိရှိထားလေသည်။
ညရောက်သောအခါ...
လရောင်မှာ ရေကဲ့သို့ ကြည်လင်နေပြီး ဖျင်ကျန်းမြို့တစ်ခုလုံး ငွေရောင်လွှမ်းခြုံနေလေသည်။
ထျန်ဖုန်းသည် လူသူကင်းဝေးသော ထောင့်တစ်ခုမှ ထွက်လာပြီး သူ၏ပုံရိပ်ကို ဖုံးကွယ်ကာ မြို့တံခါးဆီ သို့ ဦးတည်လိုက်သည်။ မြို့တံခါးမှာ မီးရောင်များဖြင့် လင်းထိန်နေပြီး လုံခြုံရေး အလွန်တင်းကျပ်နေ လျက်ရှိသည်။ သို့သော်လည်း ထိုတင်းကျပ်သော လုံခြုံရေးမှာ သာမန်လူများအတွက်သာ ဖြစ်သည်။
ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၄) ရှိပြီး မိုးတိမ်ခြေလှမ်း နှင့် ကိုယ်ဖျောက်နည်းစနစ် ကို ပိုင်ဆိုင်ထား သော ထျန်ဖုန်းအတွက်မူ ဤနေရာမှာ နဂါးဂူတစ်ခု မဟုတ်ပေ။
ခဏအတွင်းမှာပင် ထျန်ဖုန်းသည် သူ၏ကိုယ်ဖျောက်စွမ်းအားကို ရုပ်သိမ်းလိုက်ပြီး မိုးတိမ်ခြေလှမ်းကို အစွမ်းကုန်အသုံးချကာ အမည်းရောင် ဝတ်စုံဖြင့် အမှောင်ထဲမှ လင်းယုန်တစ်ကောင်ကဲ့သို့ သောအရှိန် အဟုန်ဖြင့် ပြေးထွက်လိုက်လေ၏။
အစောင့်များမှာ အံ့အားသင့်နေစဉ်မှာပင် သူသည် ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၂) ရှိသော အစောင့် တစ်ဦး၏ ခေါင်းကို နင်းလိုက်ပြီး အရှိန်ယူကာ မြို့ရိုးလှေကားဆီသို့ ပျံတက်လိုက်သည်။
“ရန်သူ...”
“သူ့ကို တားကြစမ်း”
“အဲဒါ ထျန်အာဖုန်းပဲ…။”
“သူ့ကို အလွတ်မပေးကြနဲ့…”
အစောင့်များမှာ အော်ဟစ်လိုက်ကြပြီး သူ့ကိုတားဆီးရန် ရှေ့သို့ တိုးလာခဲ့ကြသည်။ ထျန်ဖုန်းမှာ မရပ် မနားဘဲ လှေကားများကို နင်းကာ လျင်မြန်ပေါ့ပါးစွာဖြင့် ကျော်လွှားသွားတော့သည်။ လမ်းတွင်ရှိသော အစောင့်များကို သူ ဂရုမစိုက်ဘဲ တတ်နိုင်သမျှ ရှောင်တိမ်းသွားခဲ့လေသည်။
“သေစမ်း...”
ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၃) ရှိသော အစောင့်တစ်ဦးမှာ လှေကားတွင် စောင့်နေပြီး ဓားကိုဝှေ့ယမ်း ကာ ထျန်ဖုန်းကို တားဆီးလိုက်သည်။ ထျန်ဖုန်းမှာ ရှောင်တိမ်း၍ မရနိုင်တော့သဖြင့် သူ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်ရတော့သည်။ သူ၏ခါးရှိ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ခုတ်ချလိုက်သည်။
“ချန်း...။”
ထိုအစောင့်မှာ ဓားမှတစ်ဆင့် အားပြင်းသော ရိုက်ခတ်မှုတစ်ခုကို ခံစားလိုက်ရပြီး ခြေလှမ်းအတော်များ များ နောက်သို့ ဆုတ်သွားရကာ မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားလေသည်။
“ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၄) လား…”
သူတို့ အပြန်အလှန် တိုက်ခိုက်လိုက်သည်နှင့် ထျန်ဖုန်း၏ အဆင့်ကို သူ သိရှိသွားတော့သည်။ ထျန်ဖုန်း မှာ ဘာမှပြန်မပြောဘဲ မြို့ရိုးပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် တိုက်ခိုက်လိုစိတ်မရှိဘဲ လျင်မြန် သော ခြေလှမ်းအနည်းငယ်ဖြင့် ပြေးသွားကာ မြို့ရိုးပေါ်မှ ခုန်ချပြီး မြို့ပြင်သို့ ရောက်ရှိသွားတော့သည်။
“ဟားဟားဟား... ဟုန်မိသားစု၊ ငါ ထျန်အာဖုန်း တစ်နေ့ သေချာပေါက် ပြန်လာခဲ့မယ်….။”
ထိုသို့ပြောပြီးနောက် သူသည် ထွက်ပြေးသွားတော့သည်။ မြို့ပြင်ရောက်သောအခါ သူသည် လူအများ ရှိရာသို့ မသွားဝံ့ပေ။ အကယ်၍ လူအုပ်ကြီးက မြင်းများစီးကာ သူ့ကို လိုက်လံဖမ်းဆီးပါက အခြေအနေ မကောင်းနိုင်ပေ။
***