“လိုက်ကြ... မြန်မြန်လိုက်ကြ...”
မြို့စောင့်တပ်သားများမှာ ဆီပူအိုးထဲမှ ပုရွက်ဆိတ်များကဲ့သို့ ပျာယာခတ်နေကြလေတော့သည်။ ထျန်အာဖုန်းမှာ သူတို့မျက်စိရှေ့တင် လွတ်မြောက်သွားခြင်း ဖြစ်ရာ အထက်မှ အပြစ်ပေးခြင်း ခံရပါက မည်သူမျှ တာဝန်ယူနိုင်ကြမည်မဟုတ်ပေ။
သို့သော်လည်း သူတို့ မြို့တံခါးကို ဖွင့်လိုက်ချိန်တွင် ထျန်ဖုန်း၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။
ထိုအချိန်တွင် ထျန်ဖုန်းမှာ မိုးတိမ်ခြေလှမ်း ကို အသုံးပြုကာ သာမန်လူသားများ မမြင်နိုင်လောက်သော ခြေရာများသာ ချန်ထားခဲ့ပြီး ဝေးရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အပြင်လောကကြီးမှာ ကျယ်ပြောလှ သည်ဖြစ်ရာ သူ့ကို အလွယ်တကူ ရှာဖွေနိုင်ရန်မှာ မဖြစ်နိုင်ပေ။
ခွေးများဖြင့် နောက်ယောင်ခံမလိုက်နိုင်စေရန် လမ်းခုလတ်ရှိ မြစ်တစ်ခုတွင် ကိုယ်လက်သန့်စင်လိုက်ပြီး မူလအဝတ်အစားများကို သိုလှောင်အိတ်ထဲသို့ ထည့်ကာ ဝတ်စုံသစ်တစ်စုံ လဲလှယ်ဝတ်ဆင်လိုက် လေ သည်။ ထို့ပြင် နတ်ဆိုးဝိညာဉ်ခန္ဓာ ၏ အစွမ်းဖြင့် သူ၏ ချီစွမ်းအင်လှိုင်းများကို အနည်းဆုံးဖြစ် အောင် လျှော့ချထားလိုက်လေသည်။
ကောင်းကင်တွင် ကြယ်တာရာများ စုံလင်နေပြီး ညအမှောင်ထုက မြေပြင်ပေါ်တွင် ငွေရောင်လွှမ်းနေစဉ် ထျန်ဖုန်းသည် နက်ရှိုင်းသောတောကြီးထဲ၌ လေးပင်စွာ လမ်းလျှောက်နေခဲ့သည်။ ယခုအချိန်တွင် သူ အနည်းငယ် လမ်းပျောက်နေသကဲ့သို့ ခံစားနေရသည်။ ဤကမ္ဘာတွင် သူ့အတွက် ကိုပိုင်အိမ်ဟူ၍ မရှိ သေးပေ။
နာရီဝက်ခန့် ကြာပြီးနောက် လှိုင်ဂူတစ်ခုကို သူ ရှာတွေ့သွားသည်။ မြင့်မားသော တောင်တန်းများနှင့် ထူထပ်သော တောအုပ်များရှိရာ ဤနေရာမှာ ပုန်းအောင်းရန် အကောင်းဆုံးနေရာပင် ဖြစ်သည်။ ဂူအဝင် ဝကို နွယ်ပင်များဖြင့် ဖုံးအုပ်ထားရာ ထျန်ဖုန်းသာ မျက်စိမရှင်ပါက ရှာတွေ့နိုင်မည်မဟုတ်ပေ။
ထျန်ဖုန်းသည် ခြေရာလက်ရာမကျန်စေရန် နွယ်ပင်များကို ဂရုတစိုက်ဖယ်ရှားကာ အတွင်းသို့ တိုးဝင် လိုက်သည်။ သူဝင်ပြီးနောက် နွယ်ပင်များမှာ မူလအတိုင်း ပြန်ဖြစ်သွားရာ အတွင်း၌ လူတစ်ယောက် ပုန်းနေသည်ဟု မည်သူမျှ ထင်မှတ်နိုင်မည်မဟုတ်ပေ။
ဂူအတွင်းမှာ မှောင်အတိကျနေသဖြင့် ထျန်ဖုန်းက မီးတုတ်တစ်ခု ထွန်းလိုက်ချိန်မှသာ ဂူအတွင်းပိုင်းကို မြင်တွေ့လိုက်ရသည်။ ဂူမှာ အတော်လေး ကျယ်ဝန်းပြီး စတုရန်းမီတာ (၂၀) မှ (၃၀) ခန့် ရှိလေသည်။
“ကောင်းပြီ... ဒီမှာပဲ ခဏလောက် အခြေချရမှာပေါ့…”
ထျန်ဖုန်း သက်ပြင်းချလိုက်မိသည်။ ချောင်ကျသော နေရာတွင် ရေကန်ငယ်လေးတစ်ခု ရှိနေသည်မှအပ အခြားဘာမှ ရှိမနေပေ။ စီနီယာကြီးများ၏ ရုပ်ကြွင်းများလည်း မရှိ၊ အဖိုးတန် ကျင့်စဉ်များလည်း မရှိ သလို၊ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်စမ်းရေများလည်း မရှိပေ။
ထျန်ဖုန်းသည် သန့်ရှင်းသော နေရာတစ်ခုကို ရွေးကာ တင်ပလ္လင်ခွေထိုင်၍ ကျင့်ကြံခြင်းကို စတင်လိုက် သည်။ မီးတုတ်ကို ငြှိမ်းသတ်လိုက်ပြီးနောက် သူသည် ကျင့်ကြံခြင်းကမ္ဘာအတွင်းသို့ နစ်မြုပ်သွားတော့ သည်။ ဖျင်ကျန်းမြို့နှင့် ဟုန်မိသားစု မည်မျှပင် ဆူညံပွက်လောရိုက်နေပါစေ သူ ဂရုမစိုက်တော့ပေ။
......
သုံးရက်ကြာပြီးနောက်...
ဂူအတွင်း၌ နှင်းခဲဓား မှာ လျှပ်စီးကဲ့သို့ လျင်မြန်ကာ လေပြင်းကဲ့သို့ ပြင်းထန်စွာ ဝှေ့ယမ်းနေသည်။ ထျန်ဖုန်းသည် ကျဉ်းမြောင်းသော နေရာလေးအတွင်း၌ လှုပ်ရှားနေပြီး တိုက်ကွက်တိုင်းတွင် သတ်ဖြတ် လိုသော စိတ်ဆန္ဒများ ပါဝင်နေသည်။
ဆေးလုံးများနှင့် ထာဝရစိမ်းလန်းခြင်းအတတ်၏ အကူအညီကြောင့် ယခုအခါ သူသည် ချီစွမ်းအင် သန့်စင်ခြင်းအဆင့် (၅) သို့ ရောက်ရှိသွားပြီဖြစ်သည်။ သူ၏ နက်နဲသတ်ဖြတ်ခြင်းဓားကျင့်စဉ်မှာလည်း အနည်းငယ် ပေါက်မြောက်သွားပြီဖြစ်လေသည်။
အကြိမ်ကြိမ် အလိုက်ခံရခြင်းကြောင့် သူ၏ မိုးတိမ်ခြေလှမ်းမှာလည်း အနည်းငယ် ပေါက်မြောက်သည့် အဆင့်သို့ ရောက်ရှိသွားသည်။ ယနေ့တွင် သူ၏ တိုက်ခိုက်နိုင်စွမ်းနှင့် ထွက်ပြေးနိုင်စွမ်း နှစ်ခုစလုံး တိုးတက်လာခဲ့ပြီး ပြဿနာရှာနိုင်စွမ်းမှာလည်း သိသိသာသာ မြင့်မားလာခဲ့လေသည်။
မကြာမီ ဖြစ်ပျက်လာမည့် အဖြစ်အပျက်များကို အကြီးအကျယ် ဖြစ်အောင်လုပ်ပြီး သူ၏ လုပ်ငန်း များကို ချဲ့ထွင်နိုင်မည်ဟု သူ ယုံကြည်နေသည်။ ငြိမ်သက်နေသော ရက်အနည်းငယ်အတွင်း ဖျင်ကျန်းမြို့ က သူ့ကို မေ့သွားလောက်ပြီ မဟုတ်ပါလား။
မနက်ဖြန်သည် ဟုန်မိသားစု၏ ဘိုးဘွားပူဇော်ပွဲနေ့ ဖြစ်သည်။ ဟုန်မိသားစုနှင့် ရန်သူတော်ဖြစ်နေသော သူက ထိုပွဲအတွက် ကြီးကျယ်သော လက်ဆောင်တစ်ခု ပြင်ဆင်ပေးရမည် မဟုတ်ပါလား။
ဂူအတွင်းကို ကြည့်ရင်း ထျန်ဖုန်း၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာသည်။ ဤ သုံးရက်မှာ သူ ဤကမ္ဘာသို့ ရောက်လာကတည်းက အငြိမ်သက်ဆုံးနှင့် အအေးချမ်းဆုံး အချိန်များပင် ဖြစ်သည်။
နောက်တစ်ကြိမ် ဤနေရာသို့ သူ ပြန်လာဖြစ်တော့မည် မဟုတ်ပေ။ ဤနေရာလေးသည် သူ၏ မှတ် ဉာဏ်ထဲ၌သာ ကျန်ရစ်တော့မည် ဖြစ်သည်။ သို့သော်လည်း ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ခြေချလိုက် သည်နှင့် တစ်သက်လုံး ကြုံတွေ့ရမည့်အရာမှာ ခွဲခွာခြင်းနှင့် ထာဝရနှုတ်ဆက်ခြင်းများသာ ဖြစ်ကြောင်း သူ နားလည်ထားလေသည်။
သက်ပြင်းသဲ့သဲ့ချကာ ထျန်ဖုန်းသည် ဂူအပြင်သို့ လှမ်းထွက်လိုက်သည်။ သူသည် ဂူအတွင်းရှိ မည်သည့် အရာကိုမျှ မထိခိုက်စေရန်နှင့် မပြောင်းလဲစေရန် ကြိုးစားခဲ့သည်။ သူ ပထမဆုံး ရောက်ရှိလာစဉ်က အတိုင်း ဖြစ်နေသော ဂူအဝင်ဝကို ကြည့်ရင်း သူသည် တိတ်ဆိတ်စွာပင် လှည့်ထွက်လာခဲ့တော့သည်။
ဤသည်မှာ သာမန်လူသားတစ်ဦးမှ ကျင့်ကြံသူတစ်ဦးအဖြစ် ပြောင်းလဲချိန်တွင် ဖြတ်သန်းရမည့် စိတ်ပိုင်းဆိုင်ရာ ခရီးစဉ်တစ်ခုပင် ဖြစ်ပေလိမ့်မည်။ သူသည် သာမန်လူသားဘဝမှ လာခဲ့သော်လည်း အဆုံးသတ်က မည်သည့်နေရာမှန်း သူ မသိပေ။
လေပြေလေးက တောအုပ်အတွင်း ဖြတ်သန်းတိုက်ခတ်သွားပြီး သစ်ကိုင်းများနှင့် ထျန်ဖုန်း၏ ဆံပင် ရှည် များကို လှုပ်ခတ်သွားစေသော်လည်း သူ၏ ဝမ်းနည်းမှုကိုမူ တိုက်ထုတ်မသွားနိုင်ခဲ့ပေ။ ပြဿနာ ရှာခြင်း ဖြင့်သာ သူ၏ သောကများကို မေ့ပျောက်နိုင်ပေလိမ့်မည်။
[ မင်း တကယ့်ကို ရူးနေတာလား ပိုင်ရှင်။ စိတ်မနှံ့ရင် ဆရာဝန်သွားပြပါလား... ဘာလို့ ငါ့ကို လာပြီး နှောင့်ယှက်နေတာလဲ]
စနစ်၏ အသံမှာ ဒေါသများဖြင့် ပြည့်နှက်နေသည်။ အကယ်၍ စနစ်သာ လှုပ်ရှားနိုင်ပါက ထျန်ဖုန်းကို သေချာပေါက် လည်ပင်းညှစ်သတ်မိပေလိမ့်မည်။
“သိုလှောင်ခန်းဆိုတာ ပစ္စည်းတွေ ထည့်ဖို့ မဟုတ်ဘူးလား…။”
ထျန်ဖုန်းက အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
[ဒါပေမဲ့ မင်းထည့်နေတာက ပစ္စည်းမှ မဟုတ်တာ။ ငါ့ကိုဖြေစမ်း... ဒါက ဘာကြီးလဲ။ ဒါက မစင်တွေ လေ... အီးတွေလေ…။]
ယခုအချိန်တွင် ထျန်ဖုန်းမှာ ကျေးရွာတစ်ခုရှိ အိမ်သာတစ်ခုအတွင်း ရောက်ရှိနေပြီး ညစ်ပတ်သောအရာ များကို သူ၏ သိုလှောင်ခန်းထဲသို့ ထည့်နေခြင်း ဖြစ်သည်။
“ငါက ဒါတွေကို ထွက်ပြေးခြင်းစနစ်ရဲ့ သိုလှောင်အိတ်ထဲ ထည့်နေတာလေ... မင်းက ဘာလို့ ပျာယာ ခတ်နေတာလဲ။ ဒါကို မင်းအိမ်နားက အိမ်သာလို့ပဲ သဘောထားလိုက်ပေါ့။ ကမ္ဘာပေါ်မှာ အိမ်သာရှိတဲ့ အိမ်တွေ အများကြီးပဲ... သူတို့တောင် မင်းလို ဒီလောက် ဒေါသတကြီး မဖြစ်ကြဘူး။ မင်းက ဇီဇာ ကြောင်လွန်းတာပါ….။”
[ငါက ဇီဇာကြောင်တာ ဟုတ်လား။ ဒါဆို အဲဒီလူတွေကို သူတို့အိမ်သာတွေကို ဖျက်ခိုင်းပြီး အဲဒါတွေကို အိမ်သာပေါ်မှာပဲ ပြန်ဖြန့်ခိုင်းလိုက်ပါလား။]
ထျန်ဖုန်းက ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့်
“အော်... အခုမှ နားလည်တော့တယ်။ စိတ်မပူပါနဲ့... နောက်တစ်ခါကျရင် ဒါတွေထည့်ဖို့ အိုးအကြီးကြီး တစ်လုံး ဝယ်ထားပါ့မယ်…။”
[မင်းက နောက်တစ်ခါတောင် လုပ်ဦးမလို့လား။]
စနစ်သာ သွေးရှိလျှင် ယခုအချိန်တွင် သွေးအန်နေလောက်ပြီ ဖြစ်၏။
ထျန်ဖုန်းသည် စနစ်ကို ဂရုမစိုက်တော့ပေ။ ကြီးကျယ်သောအလုပ်ကို လုပ်မည့်သူမှာ သေးမွှားသော အရာများကို ဂရုစိုက်နေ၍ မဖြစ်ပေ။
*မင်းက ဂုဏ်သိက္ခာရှိတဲ့ စနစ်တစ်ခုဖြစ်ပြီး ဒီလောက်လေးကို စိတ်ထဲထားနေတာလား…။*
အဝတ်အစားများ ပြည့်စုံအောင် စုဆောင်းပြီးနောက် ထျန်ဖုန်းသည် လှည့်ထွက်လာခဲ့သည်။ ထိုနေ့က ကျေးရွာအတွင်း၌ ‘မစင်သူခိုး’ ပေါ်နေသည်ဟူသော ကောလာဟလများ ပြန့်နှက်သွားပြီး ရွာသားများမှာ ဒေါသထွက်နေကြသည်။ ဤအရာများမှာ သီးနှံများ အထွက်တိုးစေရန် အဖိုးတန်လှသည် မဟုတ်ပါ လား…။
ထျန်ဖုန်းသည် ဟုန်တောင်သို့ ရောက်ရှိလာခဲ့လေပြီ။ ဤနေရာသည် ဟုန်မိသားစု၏ ဘိုးဘွားသင်္ချိုင်းရှိ ရာ နေရာဖြစ်သည်။ မူလက ဟုန်တောင်ဟု အမည်မတွင်သော်လည်း ဟုန်မိသားစု အင်အားကြီးလာချိန် တွင် တောင်၏အမည်ကို ပင်ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်လေသည်။
ဟုန်တောင်မှာ ဖျင်ကျန်းမြို့၏ မြောက်ဘက် မိုင် (၃၀) ခန့်တွင် တည်ရှိသည်။ ဟုန်မိသားစုသည် တောင်ခြေတွင် သာမန်လူသား အစောင့်နှစ်ဦးကိုသာ ထားရှိပြီး သင်္ချိုင်းကို ကြည့်ရှုစစ်ဆေးခိုင်းထား သည်။ လူအင်အား အများကြီးသုံးခြင်းမှာ ဖြုန်းတီးရာရောက်သည်ဟု သူတို့က ယူဆထားကြသည်။ ထို့ပြင် ဟုန်မိသားစု၏ အရှိန်အဝါကြောင့် မည်သူကမှ သူတို့၏ ဘိုးဘွားသင်္ချိုင်းကို လာရောက်၍ နှောင့်ယှက်ဝံ့လိမ့်မည် မဟုတ်ပေ။
ဘိုးဘွားသင်္ချိုင်းကို ထိပါးခြင်းမှာ အလွန်ကြီးမားသော ရန်ငြိုးဖွဲ့ခြင်းဖြစ်ရာ မည်သူမျှ အကျိုးအမြတ်မရှိ သော ဤကဲ့သို့ အလုပ်မျိုးကို လုပ်မည်မဟုတ်ပေ။ အရူးတစ်ယောက်မှလွဲလျှင်ပေါ့။
ထျန်ဖုန်းမှာမူ ထိုကဲ့သို့သော အရူးမျိုးပင် ဖြစ်သည်။
ညဉ့်နက်သည်အထိ တောင်ခြေတွင် စောင့်ဆိုင်းနေပြီး အစောင့်များ အိပ်ပျော်သွားချိန်မှသာ ထျန်ဖုန်း သည် စတင်လှုပ်ရှားလေတော့သည်။ အစောင့်များမှာ နှစ်ပေါင်းများစွာ ဘာပြဿနာမှ မကြုံခဲ့ဖူးသဖြင့် သတိမရှိကြဘဲ နှစ်ခြိုက်စွာ အိပ်ပျော်နေကြသည်။
ထျန်ဖုန်းသည် ကိုယ်ဖျောက်နည်းစနစ် ကို အသုံးပြုကာ တောင်ပေါ်သို့ တိတ်တဆိတ် တက်လာခဲ့သည်။ ဟုန်မိသားစု၏ ဘိုးဘွားသင်္ချိုင်းမှာ တောင်ကုန်းအလယ်တွင် ခမ်းနားထည်ဝါစွာ တည်ရှိနေသည်။ စတုရန်းမီတာ တစ်ထောင်ခန့် ကျယ်ဝန်းသော ရင်ပြင်ကျယ်ကြီးရှိပြီး မြေပြင်ကို ကျောက်ပြားများ ခင်းကျင်းထားသည်။
ရင်ပြင်ရှေ့တွင် (၃) မီတာခန့် မြင့်သော ကျောက်စာတိုင်ရှိပြီး ကွယ်လွန်သူများ၏ အမည်များကို ရေးထိုး ထားလေသည်။ ကျောက်စာတိုင်ရှေ့တွင် အမွှေးတိုင်အိုး တင်ထားသော ကျောက်စားပွဲရှည်ကြီးတစ်ခု ရှိနေသည်။
*တကယ့်ကို ခမ်းနားတာပဲ... အတွင်းထဲမှာ ရတနာတွေ ရှိမလားမသိဘူး…*
ထျန်ဖုန်းသည် တိတ်တဆိတ် စဉ်းစားနေမိသော်လည်း သင်္ချိုင်းတူးရန်မှာ မလွယ်ကူပေ။ အချိန်လည်း မလုံလောက်သလို ဆူညံသံများ ထွက်ပေါ်လာနိုင်သည်ပင်။
သို့သော်လည်း သူသည် သင်္ချိုင်းတူးရန် လာခဲ့ခြင်း မဟုတ်ပေ။ သူသည် ယဇ်ပလ္လင်ရှေ့ရှိ ကျောက်ပြား နှစ်ချပ်ကို မလိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ ပေါက်ပြားနှင့် ဂေါ်ပြားကို ထုတ်ကာ လုပ်ငန်းစတင် လေတော့သည်။
***