ကောင်းကင်နှင့် မြေကြီးတုန်လှုပ်သွားတော့သည်။
လူတိုင်းမှာ အလွန်တရာဧရာမကြီးမားလှသော ရွှေရောင်ကောင်းကင်ကံကြမ္မာကို ထိတ်လန့် တကြားကြည့်လိုက်ကြလေသည်။
“ဒါ ဘယ်လိုကောင်းကင်ကံကြမ္မာမျိုးလဲ”
တပည့်အမြောက်အမြားမှာ ထိတ်လန့်ပြီးမယုံကြည်နိုင်အောင် ဖြစ်နေကြလေသည်။
လူတိုင်း ထိတ်လန့်နေစဉ်မှာပင် ရုတ်တရက်နောက်ထပ်အလွန်တရာ ဧရာမကြီးမားလှသော ရွှေရောင်ကောင်းကင်ကံကြမ္မာတစ်ခု ထပ်မံပျံထွက်လာပြန်လေသည်။
၎င်းမှာလည်း တစ်သောင်းနှစ်ထောင်ကိုးရာခြောက်ဆယ်လီတာဖြစ်လေသည်။
ကောင်းကင်ကံကြမ္မာနှစ်ခုမှာ ကောင်းကင်ယံတွင်ရစ်ဝဲနေပြီး ပန်းပေါင်းတစ်ရာနတ်ဘုရား ဂိုဏ်း၏ ထောင့်တိုင်းကိုလင်းထိန်သွားစေတော့သည်။
ဒူမေသည် ကောင်းကင်ယံရှိအလွန်တရာဧရာမကြီးမားလှသော ကောင်းကင်ကံကြမ္မာ နှစ်ခုကိုကြည့်ကာ ကြောက်မက်ဖွယ်ကောင်းသော ထူးခြားသည့်စွမ်းအားကိုခံစားလိုက်ရသဖြင့် သူမ၏ လှပသောမျက်နှာမှာ သိသိသာသာပြောင်းလဲသွားပြီး အခုရက်ပိုင်းအတွင်း သူမ ခဏခဏ ကြားနေရသော ကောလာဟလတစ်ခုကို သတိရသွားကာ တုန်ယင်စွာ ပြောလိုက်သည်။
“ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ။ ဒါဟွန်ယွမ်ကောင်းကင်ကံကြမ္မာပဲ”
သူမသည် ရန်ရှောက်ထျန်းကို ကြည့်ကာ ထိတ်လန့်တကြား ပြောလိုက်သည်။
“ရှင်က... ရှင်က ဧကရာဇ် သုံးထောင် နတ်ဘုရားရန်ပဲ”
“ဘာ... ဧကရာဇ် သုံးထောင်နတ်ဘုရားရန်ဟုတ်လား”
“သခင်လေး နတ်ဘုရားရန်”
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှ တပည့်များအားလုံးမှာ ရန်ရှောက်ထျန်းကိုထိတ်လန့် တကြားကြည့်လိုက်ကြလေသည်။
ရန်ရှောက်ထျန်းကို တိုက်ခိုက်ခဲ့သော စိန့်အဆင့်အကြီးအကဲပင်လျှင် ထိတ်လန့်သွားတော့ သည်၊ ဘုရားရေ။ ဤသခင်လေးမှာ ဧကရာဇ်သုံးထောင်နတ်ဘုရားရန် ဖြစ်နေသည်တဲ့လား။
ယခုအခါ ချန်ဆန်းတိုက်ကြီးပေါ်တွင် ဧကရာဇ်သုံးထောင်နတ်ဘုရားရန်ကို မသိသူမည်သူ ရှိသနည်း။
မင်း ချန်ဆန်းစံအိမ်တော် အရှင်သခင်၏အမည်ကိုမသိလျှင်ရှိပေလိမ့်မည်၊ သို့သော် သခင်လေး ဧကရာဇ်သုံးထောင်နတ်ဘုရားရန်၏ အမည်ကိုမသိလျှင်မူ မင်းသည်အခြားသူများ၏ လှောင်ပြောင်မှုကို ခံရပေလိမ့်မည်။
ဒါဟာ ဧကရာဇ် သုံးထောင်နတ်ဘုရားရန်၏ ဩဇာနှင့်ဂုဏ်သတင်းပင်ဖြစ်လေသည်။
လူတိုင်း ထိတ်လန့်နေစဉ်မှာပင် ရုတ်တရက်ရန်ရှောက်ထျန်း၏တစ်ကိုယ်လုံးမှ အနက်ရောင် အလင်းများဟိန်းဟောက်လာပြီး အမြင့်မြတ်ဆုံးဘုရင်အမှောင်ရွှေမီးလျှံနဂါးပျံထွက်လာကာ အနက်ရှိုင်းဆုံးငရဲတွင်းနက်ကြီးကဲ့သို့သော အရှိန်အဝါဖြင့် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းလိုက် တော့သည်။
အတိုင်းအဆမဲ့သော အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်၏ပုံရိပ်မှာ လူတိုင်း၏ရှေ့တွင် ပေါ်ထွက်လာခဲ့လေပြီ။
အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏အရှိန်အဝါအောက်တွင် ပန်းပေါင်းတစ်ရာ နတ်ဘုရား ဂိုဏ်းမှ ပညာရှင်များအားလုံးမှာ မြေပြင်ပေါ်သို့ ပြိုလဲကျကုန်ကြတော့သည်။
ရန်ရှောက်ထျန်းသည် ထိုစိန့်အဆင့်အကြီးအကဲဆီသို့ လက်သီးတစ်ချက်ကို ထိုးနှက်လိုက် လေသည်။
အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏စွမ်းအား၊ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ နှစ်ခုနှင့် ထာဝရနတ်ဘုရားခန္ဓာကိုယ်တို့မှာ တစ်ပြိုင်နက်တည်း ဟိန်းဟောက်ထွက်ပေါ်လာတော့သည်။
“ဘုန်း...”
ထိုစိန့်အဆင့် အကြီးအကဲ၏ဓားရှည်မှာတစ်လက်မချင်းစီ အစိတ်စိတ်အမြွှာမြွှာကြေမွ သွားခဲ့လေပြီ။
သူ၏ တစ်ကိုယ်လုံးမှာကြောက်မက်ဖွယ်ကောင်းသောစွမ်းအားတစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး ဥက္ကာခဲတစ်ခုအလားလွင့်ထွက်သွားကာ မရေမတွက်နိုင်သောတောင်တန်းများကို ဖောက်ထွက်သွားခဲ့လေသည်။
မရေမတွက်နိုင်သော နန်းတော်များပြိုလဲပျက်စီးသွားခဲ့လေသည်။
အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏စွမ်းအား၊ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာနှစ်ခုနှင့် ထာဝရနတ်ဘုရားခန္ဓာကိုယ်တို့မှာ ကမ္ဘာ့အစွန်းအထိဆက်လက်၍ တိုးဝင်သွားတော့သည်။
၎င်း ဖြတ်သန်းသွားရာနေရာတိုင်းရှိအရာအားလုံးမှာ ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားပြီး အရာအားလုံးမှာ အချိန်သဲမှုန်များအဖြစ် ပြောင်းလဲသွားကြတော့သည်။
လက်သီးတစ်ချက်တည်း။
စိန့်အဆင့် ပထမအလွှာပညာရှင်တစ်ဦးမှာလွင့်ထွက်သွားခဲ့လေပြီ။ သူသေလား၊ ရှင်လား ဆိုတာ မည်သူမျှမသိနိုင်တော့ပေ။
အတိုင်းအဆမဲ့သောစွမ်းအားကြောင့် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှ ပညာရှင်များ အားလုံးမှာ အသက်ရှူမှားသွားကြလေသည်။
လူတိုင်းမှာ အမှောင်ရွှေမီးလျှံနဂါးနှင့် အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင် ဝိညာဉ်ကွင်း ဆက်ကို ထိတ်လန့်တကြားကြည့်နေကြလေသည်။
“အမြင့်မြတ်ဆုံး ဘုရင်”
“နှစ်သန်းတန် ဝိညာဉ်ကွင်းဆက်”
ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ။
ထာဝရနတ်ဘုရားခန္ဓာကိုယ်။
အမြင့်မြတ်ဆုံး ဘုရင်သိုင်းဝိညာဉ်။
နှစ်သန်းတန် ဝိညာဉ်ကွင်းဆက်။
အရာအားလုံး၊ အရာအားလုံးမှာ ဒဏ္ဍာရီများသာ ဖြစ်ကြလေသည်။
ထိုဒဏ္ဍာရီများ အားလုံးမှာသူတို့ရှေ့ရှိ အသက်ဆယ့်ငါးနှစ်အရွယ်လူငယ်လေး၊ ဧကရာဇ် သုံးထောင်နတ်ဘုရားရန်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
လူတိုင်း အလွန်တရာ တုန်လှုပ်သွားကြတော့သည်။
အမှောင်နဂါးနှင့်တိုက်ခိုက်နေသောယောင်ဖုန်းဟွေးပင်လျှင် သူ၏မျက်နှာပေါ်ရှိ ထိတ်လန့် မှုကို မဖုံးကွယ်နိုင်တော့ပေ။
မည်မျှပင် အစွမ်းထက်သောတည်ရှိမှုဖြစ်ပါစေ၊ နှစ်သန်းတန်ဝိညာဉ်ကွင်းဆက် အနက်ရှိုင်း ဆုံး ပင်လယ်အရှင်သခင်ကို မြင်တွေ့ရလျှင် ထိတ်လန့်သွားကြမည်သာဖြစ်လေသည်။
ဘာမှ တတ်နိုင်မည်မဟုတ်ပေ၊ အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်၏စွမ်းအားမှာ ချန်ဆန်း တိုက်ကြီးကို နှစ်ပေါင်းသန်းချီ၍ လွှမ်းမိုးထားခဲ့ခြင်းဖြစ်လေသည်။
မိုးပြာရောင် ဝက်ဝံပင်လျှင်အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်ကဲ့သို့သော တည်ရှိမှုနှင့် ရင်ဆိုင်ရလျှင် နောက်သို့ ဆုတ်ခွာရမည်သာဖြစ်လေသည်။
သူ့ရှေ့ရှိ လူငယ်လေးမှာဧကရာဇ်သုံးထောင် နတ်ဘုရားရန်ဖြစ်ကြောင်း သိရှိသွားသောအခါ ယောင်ဖုန်းဟွေးမှာ တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ထွက်ပြေးရန် ပြင်ဆင်လိုက်လေသည်။
ထိုစဉ်မှာပင် ရုတ်တရက် နောက်ထပ်ကမ္ဘာတုန်စေသောဟိန်းဟောက်သံတစ်ခု ထွက်ပေါ် လာပြန်လေသည်။
ထို့နောက်တွင် ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“ကျွန်တော်တို့ သခင်လေး နတ်ဘုရားရန်ကို ကူညီဖို့ ရောက်လာပါပြီ”
လူတိုင်း လှည့်ကြည့်လိုက်ရာ ယင်လေဂိုဏ်း၏အစွမ်းထက်ဆုံးရှေးဟောင်းဘိုးဘေးကြီး တိန်းဖုန်းက ယင်လေဂိုဏ်းစစ်တပ်ကို ဦးဆောင်ပြီး ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရလေသည်။
ယခုအကြိမ်တွင်မူ ယင်လေဂိုဏ်းမှပညာရှင်များအားလုံးနီးပါးကို စေလွှတ်လိုက်ခြင်း ဖြစ် လေသည်။
စစ်တပ်မှာ အတိုင်းအဆမရှိ များပြားလှပြီး သန်းနှင့်ချီသောအင်အားရှိပေလိမ့်မည်။
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှတပည့်များမှာ ယင်လေဂိုဏ်းစစ်တပ်တစ်ခုလုံး ရောက်ရှိလာသည်ကိုမြင်သောအခါ ပို၍ပင်ထိတ်လန့်သွားကြပြီး သူတို့၏မျက်နှာများမှာဖြူဖျော့ နေတော့သည်။
ယောင်ဖုန်းဟွေးမှာမူ တိန်းဖုန်းပင်ရောက်လာသည်ကိုမြင်သောအခါ ပို၍ပင်ထိတ်လန့်သွား ပြီး ထွက်ပြေးခဲ့လေသည်။
သို့သော်လည်း အမှောင်နဂါးက သူ့ကိုထွက်ပြေးရန်အခွင့်အရေးပေးပါ့မလား။ သူ၏ တစ်ကိုယ်လုံးမှ အမှောင်စွမ်းအားများမှာဧရာမထီးကြီးတစ်လက်အလားပြန့်ကားသွားခဲ့ပြီး ယောင် ဖုန်းဟွေးကို အထဲတွင် လုံးဝပိတ်လှောင်လိုက်လေသည်။
အမှောင်ကမ္ဘာအတွင်းတွင် အမှောင်နဂါး၏အစွမ်းမှာ အဆမတန်တိုးတက်လာခဲ့ပြန်ပြီး သူ၏ လက်သီးချက်များမှာယောင်ဖုန်းဟွေးကို တစ်လှမ်းချင်းစီ နောက်သို့ဆုတ်ခွာစေတော့သည်။
ထိုစဉ်မှာပင် ရုတ်တရက်ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှ ပုံရိပ်အချို့မှာ ဟင်းလင်းပြင်ကို ဖောက်ထွက်လာပြီး ရန်ရှောက်ထျန်းကို တစ်ပြိုင်နက်တည်းလုပ်ကြံလိုက်ကြလေသည်။
ထိုပုံရိပ်အချို့မှာ ယောင်ဖုန်းဟွေး၏လက်အောက်ရှိ စိန့်အဆင့်ဒသမအလွှာရှေးဟောင်းဘိုး ဘေးများဖြစ်ကြလေသည်။
ရန်ရှောက်ထျန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မည်မျှပင်အစွမ်းထက်ပါစေ၊ သူ၏ ဧကရာဇ် အဆင့် ဒုတိယအလွှာအစွမ်းဖြင့် စိန့်အဆင့်ဒသမအလွှာရှေးဟောင်းဘိုးဘေးတစ်ဦးနှင့် ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။
ထိုစိန့်အဆင့် ဒသမအလွှာရှေးဟောင်းဘိုးဘေးအချို့က ရန်ရှောက်ထျန်းကို တိုက်ခိုက် တော့မည့်ဆဲဆဲတွင် ရုတ်တရက်ပြင်းထန်သောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ပေတစ်သောင်း ရှည်သောသံကြိုးနှစ်ချောင်းမှာ ဥက္ကာခဲများအဖြစ်ပြောင်းလဲသွားကာ ထိုရှေးဟောင်းဘိုးဘေး အချို့ကို ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမြွှာမြွှာ ရိုက်ခွဲပစ်လိုက်လေသည်။
လှုပ်ရှားလိုက်သူမှာ အခြားသူမဟုတ်ဘဲ မိစ္ဆာမျောက်ဝံကြီးဖြစ်လေသည်။
ယင်လေဂိုဏ်းနှင့် မိစ္ဆာမျောက်ဝံကြီးတို့မှာ ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်း၏ မဟာအစီ ရင်ကိုချိုးဖောက်ပြီး ဒီရေအလားအထဲသို့စီးဝင်လာခဲ့ကြပြီဖြစ်သည်ကို သူတို့မြင်တွေ့လိုက်ကြရ လေသည်။
“သခင်လေး... အဆင်ပြေရဲ့လား”
မိစ္ဆာမျောက်ဝံကြီးမှာ ရန်ရှောက်ထျန်း၏ ရှေ့သို့ ရောက်လာခဲ့လေသည်။
“ကျုပ် အဆင်ပြေပါတယ်”
ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
“သခင်လေးကို ဂါရဝပြုပါတယ်”
တိန်းဖုန်းနှင့် ယင်လေဂိုဏ်းမှ ရှေးဟောင်းဘိုးဘေးများမှာ ရန်ရှောက်ထျန်း၏ ရှေ့သို့ လာကာ အမြန်ဆုံး ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
“ကျွန်တော်တို့ နောက်ကျသွားတဲ့အတွက် သခင်လေး ခွင့်လွှတ်ပေးပါ”
“ဒီလောက် ဂါရဝပြုဖို့ မလိုပါဘူး”
ရန်ရှောက်ထျန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီးပြောလိုက်သည်။
“ခင်ဗျားတို့ အချိန်မီရောက်လာတာပဲ၊ ယောင်ဖုန်းဟွေးနဲ့ပတ်သက်တဲ့ ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းတပည့်တွေအားလုံးကိုထိန်းချုပ်ထားလိုက်၊ အကယ်၍တစ်ယောက်ယောက်က ခုခံဖို့ ကြိုးစားရင် သတ်ပစ်လိုက်စမ်း”
ရန်ရှောက်ထျန်း၏စကားကြောင့် ယောင်ဖုန်းဟွေး၏လက်အောက်ရှိ ပညာရှင်အားလုံး၏ မျက်နှာမှာ သိသိသာသာပြောင်းလဲသွားတော့သည်။
ချက်ချင်းဆိုသလိုပင် ယင်လေဂိုဏ်းမှပညာရှင်အားလုံးမှာ ရှေ့သို့တိုးဝင်သွားကြတော့သည်။
“ရန်ရှောက်ထျန်း... မင်း အရမ်း မလွန်လာနော်”
ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမမတ်တပ်ရပ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ဒေါသများ တောက်လောင်နေတော့သည်။
“ဒါ ငါ့ရဲ့ ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းရဲ့ကိစ္စပဲ၊ မင်းနဲ့ယင်လေဂိုဏ်းက ဝင်ရောက် စွက်ဖက်ရမယ့် နေရာမဟုတ်ဘူး”
“ခင်ဗျားတို့ ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းရဲ့ကိစ္စ ဟုတ်လား”
ရန်ရှောက်ထျန်း၏မျက်လုံးများမှာ အေးစက်နေတော့သည်။
“ယောင်ဖုန်းဟွေးက မသေနိုင်သောသေမင်းနတ်ဘုရားဆီမှာခိုလှုံခဲ့တာပဲ၊ ခင်ဗျားက ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းချုပ်ဖြစ်နေပြီးတော့ အဲဒါကိုမကိုင်တွယ်တဲ့အပြင် သူ့ကိုပါ အားပေးအားမြှောက်လုပ်နေတာ၊ ခင်ဗျားမှာလည်း တာဝန်အပြည့်ရှိတယ်”
ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမ၏မျက်နှာမှာ နီမြန်းသွားပြီးနောက် ဖြူဖျော့သွားပြန်လေ သည်။
“ငါတို့ ရှေးဟောင်းဘိုးဘေးကြီးက မသေနိုင်သောသေမင်းနတ်ဘုရားဆီမှာ ခိုလှုံခဲ့တယ်လို့ မင်းပြောတာ၊ မင်းမှာသက်သေရှိလို့လား” ဟု ယောင်ဖုန်းဟွေး၏လက်အောက်ရှိ ရှေးဟောင်းဘိုး ဘေးတစ်ဦးက ဒေါသတကြီးမေးလိုက်သည်။
“သက်သေ ဟုတ်လား”
ရန်ရှောက်ထျန်းက လှောင်ပြောင်လိုက်သည်။
“သူ ကျင့်ကြံထားတဲ့ ရှေးဟောင်းနတ်နဂါးကျင့်စဉ်ကသက်သေပဲ။ ဘာလို့လဲဆိုတော့ ရှေးဟောင်းနတ်နဂါးကျင့်စဉ်ကို သူ့အားမသေနိုင်သော သေမင်းနတ်ဘုရားနဲ့ အလောင်းမိစ္ဆာတို့က ပေးခဲ့တာမို့လို့ပဲ”
“ရန်ရှောက်ထျန်း... မင်း ငါ့ကို မဟုတ်မတရား စွပ်စွဲနေတာပဲ”
ယောင်ဖုန်းဟွေးမှာ နောက်ဆုံးအထိ အားထုတ်ပြီး ခုခံနေရင်း ဒေါသတကြီး ပြောလိုက်သည်
“ဒီ ရှေးဟောင်းနတ်နဂါးကျင့်စဉ်ကို ငါကရှေးဟောင်းနဂါးမျိုးနွယ် ပညာရှင်တစ်ဦးရဲ့ ဂူဗိမာန် ထဲကနေ ရခဲ့တာပါ”
“ဟုတ်လား”
ရန်ရှောက်ထျန်းက အတည်မပြုဘဲ ပြောလိုက်သည်။
ယောင်ဖုန်းဟွေး၏ အစွမ်းမှာအံ့ဩဖွယ်ကောင်းသော်လည်း ရှေးဟောင်းခေတ် ဖူထုအင် ပါယာ၏အစွမ်းအထက်ဆုံးပညာရှင်ကြီးဖြစ်သော အမှောင်နဂါးနှင့်နှိုင်းယှဉ်လျှင်မူ သူသည်အလွန် တရာ နိမ့်ကျနေဆဲ ဖြစ်လေသည်။
နောက်ဆုံးတွင် သူသည် အမှောင်နဂါး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလေပြီ။
တစ်ချိန်တည်းမှာပင် ယောင်ဖုန်းဟွေးနှင့်ပတ်သက်သော တပည့်အားလုံးမှာလည်း ယင်လေ ဂိုဏ်း၏ဖမ်းဆီးခြင်းကို ခံလိုက်ရလေသည်။
“ရန်ရှောက်ထျန်း... မင်းကငါ့ကိုသတ်ရဲတယ်ဟုတ်လား”
ယောင်ဖုန်းဟွေးက ရူးသွပ်သလိုရယ်မောလိုက်သည်။
“ငါက ချန်ဆန်းစံအိမ်တော်အကြီးအကဲများရဲ့အုပ်ချုပ်သူ အကြီးအကဲတစ်ယောက်ပဲ၊ မင်း ငါ့ကို သတ်ရဲလို့လား”
ချန်ဆန်းစံအိမ်တော်သည် အကြီးအကဲများအုပ်ချုပ်သူအဖွဲ့ကြီးကို တည်ထောင်ထားခဲ့ပြီး ယောင်ဖုန်းဟွေးမှာ ထိုအဖွဲ့ကြီးမှ အကြီးအကဲတစ်ဦးပင် ဖြစ်နေလေသည်။
ချန်ဆန်းစံအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများအရ အရှင်ချန်ရှုံး၊ စံအိမ်တော်အရှင်သခင် နှင့် နတ်ဘုရားလေးပါးတို့သာလျှင် အကြီးအကဲများအဖွဲ့မှ မဟာအကြီးအကဲများကို ကိုင်တွယ်ခွင့် ရှိကြခြင်း ဖြစ်လေသည်။
“မသတ်ရဲဘူး ဟုတ်လား”
ရန်ရှောက်ထျန်းသည် ယောင်ဖုန်းဟွေးဆီသို့ လမ်းလျှောက်သွားလေသည်။
“ဟုတ်တယ်၊ အရှင်ချန်ရှုံး၊ စံအိမ်တော်အရှင်သခင်နဲ့နတ်ဘုရားလေးပါးတို့ပဲ ငါ့ကိုကိုင် တွယ်နိုင်တာ”
ရန်ရှောက်ထျန်း၏ မျက်နှာအမူအရာမှာတည်ငြိမ်နေပြီး သူ၏လက်ထဲတွင် နတ်ဘုရားဓား တစ်စင်း ရုတ်တရက်ပေါ်လာခဲ့လေသည်။
ထိုနတ်ဘုရားဓားပေါ်လာသည့်တစ်ခဏမှာပင်ယောင်ဖုန်းဟွေး၊ ပန်းပေါင်းတစ်ရာဓားနတ် ဘုရားမ သို့မဟုတ်ယင်လေဂိုဏ်း၏အစွမ်းအထက်ဆုံးရှေးဟောင်းဘိုးဘေးကြီး တိန်းဖုန်းတို့ အားလုံး၏ မျက်နှာများမှာ သိသိသာသာပြောင်းလဲသွားတော့သည်။
***