ရန်ရှောက်ထျန်း၏လက်ထဲတွင် ချန်ဆန်းဓားရှိနေသည်ကိုသိရှိသွားသောအခါ မသေနိုင် သောသေမင်းနတ်ဘုရားနှင့် ယန်ဖျင်တို့နှစ်ဦးစလုံးမှာ ယင်ကောင်အသေတစ်ကောင်ကို မျိုချလိုက်ရ သလိုပင် ခံစားလိုက်ရတော့သည်။
သူတို့အတွက်ချန်ဆန်းဓားမှာ ရန်ရှောက်ထျန်း၏လက်ထဲသို့ ရောက်သွားခြင်းထက် အခြားသူတစ်ဦးဦး၏လက်ထဲသို့ ရောက်သွားခြင်းက ပို၍ကောင်းဦးမည်ဖြစ်လေသည်။
ရန်ရှောက်ထျန်းက ချန်ဆန်းဓားကိုရရှိသွားသည်ကို သူတို့အနည်းဆုံးမြင်တွေ့ချင်ခြင်း ဖြစ်သော်လည်း ၎င်းမှာသူ၏လက်ထဲသို့ အမှန်တကယ်ရောက်ရှိသွားခဲ့လေပြီ။
“အရှင်မသေနိုင်သောသေမင်း... ကျွန်တော်တို့ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာကိုပဲ လှုပ်ရှား ခိုင်းသင့်တယ်” ဟု ယန်ဖျင်က မှောင်မိုက်နေသောမျက်နှာအမူအရာဖြင့်ပြောလိုက်သည်။
မသေနိုင်သော သေမင်းနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်သည်။
“ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာရဲ့ဒဏ်ရာတွေက အပြည့်အဝမသက်သာသေးဘူး၊ သူ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာဖို့ နောက်ထပ်တစ်နှစ်လောက်လိုသေးတယ်”
“အခု ရန်ရှောက်ထျန်းက ဟွန်ယွမ်ကောင်းကင်ကံကြမ္မာနှစ်ခုကိုတောင် ကျင့်ကြံပြီးနေပြီ။ အကယ်၍ ကျွန်တော်တို့ကရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာထွက်လာဖို့ နောက်ထပ်တစ်နှစ်လောက် ထပ်စောင့်မယ်ဆိုရင် သူ့ကိုသတ်ဖို့ပိုတောင်ခက်ခဲသွားဦးမယ်” ဟု ယန်ဖျင်က စိုးရိမ်တကြီး ပြောလိုက်သည်။
“ရန်ရှောက်ထျန်းရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ကျင့်ကြံမှုအရှိန်နဲ့ဆိုရင် အဲဒီအချိန်ကျရင် သူက ဟွန်ယွမ်ကောင်းကင်ကံကြမ္မာခုနစ်ခု သို့မဟုတ်ရှစ်ခုလောက်တောင် စုစည်းပြီးသွားနိုင်တယ်”
ဟွန်ယွမ်ကောင်းကင်ကံကြမ္မာတစ်ခုမှာ တစ်သောင်းနှစ်ထောင်ကိုးရာခြောက်ဆယ်လီနှင့် ညီမျှလေသည်။
၎င်းမှာ မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာတစ်ဆယ့်လေးခုနှင့်ညီမျှခြင်းလည်း ဖြစ်လေသည်။
အကယ်၍ ရန်ရှောက်ထျန်းက ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ ခုနစ်ခု သို့မဟုတ် ရှစ်ခုလောက် စုစည်းနိုင်သွားမည်ဆိုပါက တွေးကြည့်ရုံနှင့်တင် ကြောက်စရာကောင်းလှပေသည်။
ယန်ဖျင်ပင်လျှင် သူ၏ကျောရိုးထဲအထိ အေးစိမ့်သွားသလို ခံစားလိုက်ရလေသည်။
မသေနိုင်သော သေမင်းနတ်ဘုရားလည်း စိတ်လေးလံသွားခဲ့လေပြီ။
ဟိုတုန်းက သူသည်နတ်ဘုရားအဆင့်ဆယ်ခုမြောက်အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သော ချန်ဆန်းအရှင်သခင်နှင့်ရင်ဆိုင်ခဲ့ရစဉ်ကပင် သူ၏စိတ်ခံစားမှုမှာ ယခုလောက်အထိ လေးလံခြင်းမရှိခဲ့ပေ။
ယခုအခါ ဧကရာဇ်အဆင့်ဒုတိယအလွှာမျှသာရှိသော ဂျူနီယာလေးတစ်ဦးနှင့် ရင်ဆိုင်ရချိန် တွင် သူ၏နှလုံးသားမှာ အတိုင်းအဆမရှိလေးလံနေခြင်း ဖြစ်လေသည်။
“အရှင်မသေနိုင်သောသေမင်း... ရန်ရှောက်ထျန်းနဲ့အမှောင်နဂါးတို့ ပင်လယ်ရပ်ခြားကို သွားနေကြတယ်လို့ ကျွန်တော်စုံစမ်းသိရပါတယ်” ဟု ယန်ဖျင်က ထပ်လောင်းပြောကြား လိုက် သည်။
“ဒါဟာ ရန်ရှောက်ထျန်းကို သတ်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပါပဲ”
“အကယ်၍ ကျွန်တော်တို့ဒီအခွင့်အရေးကိုလက်လွတ်လိုက်မယ်ဆိုရင် သူ ချန်ဆန်းစံအိမ် တော်ကို ပြန်ရောက်သွားတာနဲ့ သူ့ကိုသတ်ဖို့ ခက်သွားလိမ့်မယ်”
မသေနိုင်သောသေမင်းနတ်ဘုရား၏မျက်လုံးများတွင် အမျိုးမျိုးသောအတွေးများ လက် သွားတော့သည်။
“ငါ ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာဆီ သွားပြီး ရန်ရှောက်ထျန်းကို သတ်ဖို့အတွက် သူ အင်အား ထုတ်နိုင်မလားဆိုတာကြည့်လိုက်မယ်” ဟု ပြောပြီးနောက် သူ ပျောက်ကွယ်သွားခဲ့လေပြီ။
ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများဖြင့်မောင်းနှင်ထားသဖြင့် တွင်းနက်ကြီး ပျံသန်းရေး ယာဉ်မှာအလင်းတန်းတစ်ခုအလားပြောင်းလဲသွားပြီး ကောင်းကင်ယံတွင်အလွန်တရာ မြန်ဆန် သော အရှိန်ဖြင့် ပျံသန်းနေလေသည်။
ရန်ရှောက်ထျန်းသည် တွင်းနက်ကြီးပျံသန်းရေးယာဉ်၏အရှိန်ကိုခံစားမိပြီး ထိုအရှိန်မှာ နှေးနေသေးသည်ဟု ရုတ်တရက်ခံစားမိလိုက်သည်။
“ဟွန်ချွမ် ဘဏ္ဍာတိုက်ထဲမှာစိန့်အဆင့်ဝိညာဉ်ကျောက်တုံးများရှိမလားမသိဘူး” ဟု ရန်ရှောက်ထျန်းက ရုတ်တရက်ပြောလိုက်သည်။
ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများ၏အထက်တွင် စိန့်အဆင့်ဝိညာဉ်ကျောက်တုံးများ ရှိလေသည်။
အကယ်၍ တွင်းနက်ကြီးပျံသန်းရေးယာဉ်ကိုမောင်းနှင်ရန်အတွက် စိန့်အဆင့်ဝိညာဉ် ကျောက်တုံးများ ရှိခဲ့မည်ဆိုပါက ၎င်း၏အရှိန်မှာ ပို၍ပင်မြန်ဆန်လာပေလိမ့်မည်၊ အနည်းဆုံးတော့ ယခုထက် သိသိသာသာ ပို၍မြန်ဆန်ပေလိမ့်မည်။
တိန်းဖုန်းမှာ အံ့အားသင့်သွားပြီးနောက် ပြောလိုက်သည်။
“ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှာ ဟိုတုန်းကကောင်းကင်တုန်ခါ ဓားနတ်ဘုရားက စိန့်အဆင့်ဝိညာဉ်ကြောတစ်ခုကို ရရှိခဲ့တယ်လို့ ကျွန်တော်ဖတ်ဖူးပါတယ်”
“စိန့်အဆင့် ဝိညာဉ်ကြော ဟုတ်လား”
ရန်ရှောက်ထျန်း အလွန်တရာတက်ကြွသွားတော့သည်။
ဟွန်ချွမ်မိစ္ဆာဂိုဏ်းတွင် စိန့်အဆင့်ဝိညာဉ်ကြောရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
တိန်းဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်၊ အဲဒါကစိန့်အဆင့်ဝိညာဉ်ကြောဖြစ်ပြီး စိန့်အဆင့်မိစ္ဆာဝိညာဉ်ကြောတစ်ခု ဖြစ်ပါတယ်၊ အဲဒီစိန့်အဆင့်မိစ္ဆာဝိညာဉ်ကြောကြောင့်ပဲ ဟွန်ချွမ်မိစ္ဆာဂိုဏ်းက ပိုပိုပြီးအစွမ်းထက် လာခဲ့ပြီး နောက်ဆုံးမှာကျွန်တော်တို့ ချန်ဆန်းတိုက်ကြီးရဲ့ ပထမဆုံးမိစ္ဆာဂိုဏ်းကြီးဖြစ်လာခဲ့တာပါ”
အကယ်၍ စိန့်အဆင့်ဝိညာဉ်ကြောသာရှိမည်ဆိုပါက တပည့်များမှာစိန့်ဝိညာဉ်ချီများကို စားသုံးပြီးကျင့်ကြံနိုင်ကြမည်ဖြစ်ရာ အရှိန်မှာအလွန်တရာမြန်ဆန်လာပေလိမ့်မည်။ ဟိုတုန်းက ဟွန်ချွမ်မိစ္ဆာဂိုဏ်းချန်ဆန်းတိုက်ကြီး၏ ပထမဆုံးမိစ္ဆာဂိုဏ်းဖြစ်လာနိုင်ရခြင်းမှာ ဤစိန့်အဆင့် ဝိညာဉ်ကြောကြောင့်လည်း အများကြီး သက်ဆိုင်လေသည်။
“ဒါပေမဲ့ အဲဒီစိန့်အဆင့်မိစ္ဆာဝိညာဉ်ကြောကတော့ အကုန်နီးပါးသုံးပြီးသွားလောက်ပါပြီ။ ဟွန်ချွမ်ဘဏ္ဍာတိုက်ထဲမှာ အကြွင်းအကျန်များရှိမလားဆိုတာပဲကျွန်တော်မသိတာပါ” ဟု တိန်းဖုန်းက ပြောလိုက်သည်။
“အကယ်၍ သခင်လေးက စိန့်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို ရှာချင်တယ်ဆိုရင် တော့ ကံကြမ္မာနတ်ဘုရားနန်းတော်မှာရှိပါတယ်” ဟု အမှောင်နဂါးက ရုတ်တရက်ပြောလိုက်သည်။
“ကံကြမ္မာ နတ်ဘုရားနန်းတော် ဟုတ်လား”
ရန်ရှောက်ထျန်း အံ့အားသင့်သွားတော့သည်။
ယင်လေဂိုဏ်းမှ ရှေးဟောင်းဘိုးဘေးတန်ကျဲက လွန်ခဲ့သောနှစ်အနည်းငယ်က အဆိပ်နဂါး နန်းတော်၏ ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးကို ကံကြမ္မာနတ်ဘုရားနန်းတော်တွင် ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်ကို သူမှတ်မိလိုက်လေသည်။
“ဟုတ်ပါတယ်၊ ဒါဟာကံကြမ္မာနတ်ဘုရားမရဲ့ ကံကြမ္မာနတ်ဘုရားနန်းတော်ပါပဲ” ဟု အမှောင်နဂါးကပြောလိုက်သည်။
“ဒါပေမဲ့ ကံကြမ္မာနတ်ဘုရားနန်းတော်က ဆယ်နှစ်မှတစ်ကြိမ်သာပွင့်တာပါ၊ နောက်တစ် ကြိမ်ပွင့်ဖို့ကတော့ နောက်ထပ်တစ်နှစ်လောက်လိုပါသေးတယ်”
ကံကြမ္မာနတ်ဘုရားမမှာ ရှေးဟောင်းခေတ်က အလွန်တရာအစွမ်းထက်သော နတ်ဘုရားမ တစ်ဦးဖြစ်လေသည်၊ သူမမှာချန်ဆန်းအရှင်သခင်ထက်ပင်စောလေသည်။ ဟိုတုန်းက ချန်ဆန်း အရှင်သခင်ကိုယ်တိုင်လည်း ကံကြမ္မာနတ်ဘုရားနန်းတော်အတွင်းသို့ဝင်ရောက်ခဲ့ပြီး ကောင်းကင် ကံကြမ္မာ နတ်ဘုရားကျောက်တုံးတစ်ခုကို ရရှိခဲ့ဖူးလေသည်။
ကျန်ရှိသော ခရီးစဉ်တစ်လျှောက်တွင် ရန်ရှောက်ထျန်းမှာလျှို့ဝှက်အခန်းအတွင်း၌သာ အချိန်အများစု ကျင့်ကြံနေတော့သည်။
သူသည် ဧကရာဇ်အဆင့်ဒုတိယအလွှာအဆုံးပိုင်းသို့ရောက်ရှိနေပြီဖြစ်ရာ နောက်ထပ် တစ်ဆင့်တက်လှမ်းနိုင်လျှင်ပင် သူသည်ဧကရာဇ်အဆင့်တတိယအလွှာသို့ ရောက်ရှိသွားမည် ဖြစ်လေသည်။
ထိုအခါမှသာ သူသည်တတိယမြောက် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကို တောင့်ခံနိုင်ပေ လိမ့်မည်။
ယခုအခါ သူ၏လက်ထဲတွင်ချန်ဆန်းဓားရှိနေသည်ကို လူသိရှင်ကြားထုတ်ဖော်ခဲ့ပြီး ဖြစ်သဖြင့် မသေနိုင်သောသေမင်းနတ်ဘုရားနှင့် တခြားသူများမှာ သူ့ကိုသတ်ချင်စိတ် ပိုမို ပြင်းပြလာ ကြမည်သာ ဖြစ်လေသည်။
ထို့ကြောင့် သူသည် သူ၏အစွမ်းကိုတတ်နိုင်သမျှ မြန်မြန်တိုးတက်အောင် လုပ်ဆောင်ရမည် ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် ကောင်းကင်အဆင့်ဧကရာဇ်ဆေးလုံးတစ်လုံးကို မျိုချလိုက်လေ သည်။ ချက်ချင်းဆိုသလိုပင်ထိုဆေးလုံးမှာဟိန်းဟောက်နေသော အပူရှိန်လှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ကမ္ဘာဦးမူလနဂါးကျင့်စဉ်လည်ပတ်မှုအောက်တွင် ဆေးလုံး၏အာနိသင်များ မှာ သူ၏နတ်ဘုရားပင်လယ် စစ်မှန်သောချီစွမ်းအင်များအဖြစ်သို့ အဆက်မပြတ်ပြောင်းလဲသွား တော့သည်။
ရန်ရှောက်ထျန်း၏ နတ်ဘုရားပင်လယ်စစ်မှန်သောချီစွမ်းအင်များမှာ ပိုမို၍ပိုမို၍ အစွမ်း ထက်လာတော့သည်။
ညတစ်ည ကုန်ဆုံးသွားခဲ့ပြန်လေပြီ။
သူ ကျင့်ကြံခြင်းကိုရပ်တန့်လိုက်သောအခါ သူ၏နတ်ဘုရားပင်လယ် စစ်မှန်သောချီစွမ်း အင်များမှာ သိသိသာသာပို၍ သိပ်သည်းလာသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။
သို့သော်လည်း ကောင်းကင်အဆင့်ဧကရာဇ်ဆေးလုံးရှိနေလျှင်ပင် ဧကရာဇ်အဆင့် တတိယ အလွှာသို့တက်လှမ်းရန်မှာမလွယ်ကူလှပေ။ ရန်ရှောက်ထျန်း၏ခန့်မှန်းချက်အရဆိုလျှင် သူ ဧကရာဇ် အဆင့်တတိယအလွှာသို့ တက်လှမ်းနိုင်ရန် နောက်ထပ်အနည်းဆုံး တစ်လခန့်လိုအပ်ပေလိမ့်မည်။
မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်ဆိုသောအချိန်သည် ကုန်ဆုံးသွားခဲ့လေပြန်သည်။
သူတို့သည် ချန်ဆန်းတိုက်ကြီး၏ ကမ်းရိုးတန်းသို့ ရောက်ရှိလာခဲ့ကြလေပြီလည်းဖြစ်သည်။
ထိုနယ်နိမိတ်၏အလွန်တွင် အတိုင်းအဆမဲ့သောပင်လယ်ပြင်ကြီးလည်း ရှိလေသည်။
ကမ်းရိုးတန်းကျေးရွာတစ်ခုကိုဖြတ်ကျော်စဉ်တွင် ညချမ်းအချိန်သို့ရောက်ရှိလာပြီ ဖြစ် ကြောင်းရန်ရှောက်ထျန်းမြင်သဖြင့် သူနှင့်တခြားသူများမှာ ခဏ နားရန် ဆုံးဖြတ်လိုက်ကြလေသည်။
ပျံသန်းရေးယာဉ်ကို ကောင်းကင်ယံတွင်အဆက်မပြတ်မောင်းနှင်နေရသဖြင့် ရန်ရှောက် ထျန်းမှာ အမြဲတမ်းမသက်မသာဖြစ်နေခဲ့ခြင်းဖြစ်လေသည်။
မြေပြင်ပေါ်တွင် ရှိနေခြင်းက သူ့ကို ပို၍ စိတ်အေးစေလေသည်။
ညချမ်းအချိန်မှာ အေးချမ်းလှပေသည်။
ကျေးရွာရှိ မြက်ခင်းပြင်မှာ စိမ်းလန်းစိုပြည်နေတော့သည်။
အဝေးမှ လယ်ကွင်းများအတွင်းမှ ရံဖန်ရံခါတွင်ဖားအော်သံများတို့ကို ကြားနေရတတ်လေ သည်။
ရန်ရှောက်ထျန်းနှင့် တခြားသူများမီးပုံဘေးတွင်ထိုင်နေကြစဉ်မှာပင် ရုတ်တရက်အမှောင် ထုအတွင်းမှ လုံးဝဖုံးကွယ်ထားသောအဖိုးကြီးတစ်ဦးသည် အဝေးမှညအမှောင်ထုအတွင်းမှ ထွက်ပေါ်လာခဲ့လေသည်။ ထိုအဖိုးကြီးမှာ သာမန်မျက်နှာအမူအရာရှိလေသည်။
မိစ္ဆာမျောက်ဝံကြီးက သူ့ကိုတစ်ချက်ကြည့်လိုက်သော်လည်းဂရုမစိုက်ခဲ့ပေ၊ သို့သော် အမှောင်နဂါး၏မျက်လုံးများမှာကျဉ်းမြောင်းသွားပြီး သူသည်အင်အားကြီးရန်သူတစ်ဦးနှင့် ရင်ဆိုင် နေရသကဲ့သို့ သူ၏အမှောင်ချီစွမ်းအင်များမှာ ဒေါသတကြီးဟိန်းဟောက်လာရင်း ရုတ်တရက် မတ်တပ်ရပ်လိုက်လေသည်။
တိန်းဖုန်းနှင့် တခြားသူများမှာလည်း အမှောင်နဂါး၏တုံ့ပြန်မှုကိုမြင်သောအခါ အံ့အား သင့်စွာဖြင့် မတ်တပ်ရပ်လိုက်ကြပြီး ထိုအဖိုးကြီးကို စိုက်ကြည့်လိုက်ကြလေသည်။
ရန်ရှောက်ထျန်းလည်း မတ်တပ်ရပ်လိုက်လေသည်။
ထိုအဖိုးကြီးမှာ အမှောင်နဂါး၏ဟိန်းဟောက်နေသောအမှောင်ချီစွမ်းအင်များကို လုံးဝ ဂရုမစိုက်ပေ။ သူသည်အမှောင်နဂါးနှင့်တခြားသူများကိုမကြည့်ဘဲ ရန်ရှောက်ထျန်းကိုသာ ကြည့် လိုက်လေသည်။ ထိုအဖိုးကြီး၏မျက်လုံးများအတွင်းမှ အမှန်တကယ်ပင်အနက်ရောင်မိစ္ဆာချီစွမ်း အင်များ ထွက်ပေါ်နေလေသည်။
ထိုအနက်ရောင် မိစ္ဆာချီစွမ်းအင်များကို မြင်လိုက်ရသောအခါ ရန်ရှောက်ထျန်းသည် ထိုသူမှာ မည်သူဖြစ်ကြောင်း ချက်ချင်းသိလိုက်ရသည်။
“တာအိုနှလုံးသားမိစ္ဆာမျိုးစေ့။ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာ”
ရန်ရှောက်ထျန်း၏ မျက်လုံးများမှာ လေးနက်နေတော့သည်။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲလွန်ခဲ့သောရက်အနည်းငယ်က ဖန့်မိသားစု တားမြစ် နယ်မြေ၏အနက်ရှိုင်းဆုံးနေရာမှထွက်ပြေးသွားခဲ့သော ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာပင် ဖြစ်လေ သည်။
သူ၏ အစွမ်းမှာမသေနိုင်သောသေမင်းနတ်ဘုရားထက်ပင်သာလွန်နိုင်သော ရှေးဟောင်း နတ်ဘုရားတစ်ဦးဖြစ်လေသည်။
“ဟဲဟဲ... ကောင်လေး၊ မင်းရဲ့အမြင်အာရုံကမဆိုးပါဘူး” ဟု ရှေးဟောင်းစိတ်ဝိညာဉ် မိစ္ဆာကရယ်မောလိုက်သည်၊ သူ၏အပြုံးမှာထူးဆန်းနေပြီး သူ၏ရယ်သံမှာပို၍ပင် ထူးဆန်းနေ လေသည်။ သူ၏ အသံမှာလူတစ်ယောက်ကို အိပ်ချင်လာအောင် လုပ်ဆောင်နိုင်လေသည်။
ရန်ရှောက်ထျန်းသာမက အမှောင်နဂါး၊မိစ္ဆာမျောက်ဝံကြီးနှင့် တိန်းဖုန်းတို့ပင်လျှင် အိပ်ချင် စိတ်များ ဖြစ်ပေါ်လာခဲ့လေပြီ။
ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာမှာစကားတစ်ခွန်းသာပြောရသေးသော်လည်း ရန်ရှောက် ထျန်းနှင့် တခြားသူများအားလုံးမှာ စိတ်ကူးယဉ်အာရုံချောက်ခြားမှုစိတ်ကမ္ဘာအတွင်းသို့ ကျရောက် သွားခဲ့ကြလေပြီ။
၎င်းက ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာ၏ တာအိုလုံးသားမိစ္ဆာကျမ်းစာ၏ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကိုပြသနေလေသည်။
ရန်ရှောက်ထျန်း၏ မျက်လုံးများရှေ့တွင် မရေမတွက်နိုင်သောမိစ္ဆာပုံရိပ်များမှာ တစ်လွှာပြီး တစ်လွှာပေါ်လာလေးပြီး ပို၍ပို၍များပြားလို့လာကာ အဆုံးမရှိသလိုပင်ဖြစ်လို့နေတော့သည်။
ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာသည် ရန်ရှောက်ထျန်း၏ရှေ့သို့ရောက်လာပြီး မိစ္ဆာပုံရိပ် များကြားတွင် ပိတ်မိနေသောရန်ရှောက်ထျန်းကိုကြည့်ကာ သူ၏ မျက်လုံးများတွင် သွေးဆာနေသော အမူအရာများပေါ်လာတော့သည်။
“ထာဝရနတ်ဘုရားခန္ဓာကိုယ်၊ နှစ်သန်းတန်ဝိညာဉ်ကွင်းဆက်နှမြောစရာပဲ။ ဒီနေ့တော့ ဒီဒဏ္ဍာရီတွေအားလုံးက ငါ့ရဲ့လက်ထဲမှာပဲအဆုံးသတ်သွားတော့မှာပါ”
ထိုသို့ ပြောပြီးနောက် သူ၏လက်တွင်ဓားချီစွမ်းအင်တစ်ခုပေါ်လာပြီး ရန်ရှောက်ထျန်း၏ လည်ပင်းသို့ ထိုးစိုက်တော့မည့်ပုံပင်။
ထိုစဉ်မှာပင် ရုတ်တရက်ဆေးနံ့သာအိုး၏ရွှေရောင်အလင်းတန်းများမှာ ရန်ရှောက်ထျန်း၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့လေသည်။
၎င်းမှာ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာ၏ဓားချီစွမ်းအင်ကို တားဆီးလိုက်ခြင်းဖြစ်လေသည်။
ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာမှာ ဆွံ့အသွားတော့သည်။
ချက်ချင်းဆိုသလိုပင် ရန်ရှောက်ထျန်း၏နတ်ဘုရားပင်လယ်ကမ္ဘာရှိ ဟွန်ယွမ်ကောင်းကင်ကံ ကြမ္မာမှ ရွှေရောင်အလင်းများပေါက်ကွဲထွက်လာပြီး မိစ္ဆာပုံရိပ်များကြားတွင်ပိတ်မိနေသော ရန်ရှောက်ထျန်းမှာ ချက်ချင်းဆိုသလိုပင် သတိပြန်ဝင်လာခဲ့လေသည်။
သူ သတိပြန်ဝင်လာသည်နှင့် ရန်ရှောက်ထျန်းက ဟိန်းဟောက်အော်ဟစ်လိုက်သည်။
“ဆေးနံ့သာအိုး”
ချက်ချင်းဆိုသလိုပင် ဧရာမအိုးကြီးတစ်လုံးသည် ကောင်းကင်ယံသို့ ချက်ချင်းပျံတက်သွား ပြီး ဥက္ကာခဲတစ်ခုအလား ရိုက်ချလိုက်လေတော့သည်။
***