ဖုန်းဟွမ် ကုန်သည်သင်္ဘောမှာ အလွန်တရာဧရာမကြီးမားလှပြီး စုစုပေါင်းအလွှာ ဆယ်လွှာ ရှိလေသည်၊ ပထမအလွှာရှိ ခန်းမဆောင်တစ်ခုတည်းတင် လူပေါင်းရာနှင့်ချီ ဆံ့လေသည်။
ရန်ရှောက်ထျန်းနှင့် ဖုန်းဟွမ်ရှန့်မိန်းကလေးတို့ထိုင်ပြီးစကားပြောကြစဉ်မှာပင် ဖုန်းဟွမ် ကုန်သည် အသင်းသည် ပင်လယ်ရပ်ခြားတွင်ထိပ်တန်းအဆင့်ဝိညာဉ်ကြော တစ်ခုကိုရှာတွေ့ခဲ့သည် ဟူသော သတင်းကိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။
ထိပ်တန်းအဆင့် ဝိညာဉ်ကြောများမှာအလွန်တရာရှားပါးလှသည်ဖြစ်ရာ ၎င်း၏တန်ဖိုးမှာ ခန့်မှန်းကြည့်နိုင်လေသည်။
ထို့ကြောင့်လည်း ဖုန်းဟွမ်ရှန့်ကိုယ်တိုင်ဦးဆောင်ပြီးလူတိုင်းကိုထိုနေရာသို့ ခေါ်ဆောင်သွား ခြင်းဖြစ်လေသည်။
ဖုန်းဟွမ်ရှန့်က ရန်ရှောက်ထျန်းကိုထိပ်တန်းအဆင့်ဝိညာဉ်ကြောရှိနေသော ကျွန်းအကြောင်း ကိုပင် ဘာမှဖုံးကွယ်မထားဘဲပြောပြခဲ့လေသည်။
သူက ပြုံးလိုက်ပြီး ပြောလိုက်သည်။
“နတ်ဘုရားရန်... ရှင် အားရဲ့လား။ ကျွန်မတို့နဲ့အတူ နတ်သားရဲကျွန်းကိုလိုက်ခဲ့ရင် ဘယ်လို လဲ။ အဲဒီအချိန်ကျရင် ကျွန်မတို့ ထိပ်တန်းအဆင့်ဝိညာဉ်ကြောကို ခွဲယူကြတာပေါ့”
ဒါဟာ သေချာပေါက်ပင်ထိပ်တန်းအဆင့်ဝိညာဉ်ကြော၏တစ်ဝက်ကို ရန်ရှောက်ထျန်းအား ပေးအပ်ရန် ကမ်းလှမ်းခြင်းဖြစ်လေသည်။
ရန်ရှောက်ထျန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြုံးကာ…
“ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌဖုန်းဟွမ်... ဒါပေမဲ့ကျုပ်တို့မှာလုပ်စရာတွေ ရှိနေသေးလို့ နတ်သားရဲကျွန်းကိုတော့ မလိုက်နိုင်တော့ပါဘူး”
သူသည် မည်သည့်အကျိုးကျေးဇူးမျှမပြုဘဲ ဆုလာဘ်များကိုမယူချင်ပေ၊ ထို့အပြင် ရန်ရှောက်ထျန်းမှာ လောလောဆယ်တွင် စိန့်အဆင့်ဝိညာဉ်ကြောများကိုသာ လိုအပ်နေခြင်းဖြစ်ပြီး ထိပ်တန်းအဆင့် ဝိညာဉ်ကြောများကိုမလိုအပ်သေးပေ။
ဖုန်းဟွမ်ရှန့် က ရန်ရှောက်ထျန်းနှင့် သူ၏အဖော်များကို လှိုက်လှိုက်လှဲလှဲ ဧည့်ခံခဲ့လေသည်။
သို့သော်လည်း ရန်ရှောက်ထျန်းနှင့် ဖုန်းဟွမ်ကုန်သည်အဖွဲ့တို့မှာ လမ်းကြောင်းမတူကြ သဖြင့် ရန်ရှောက်ထျန်းသည် နောက်တစ်နေ့ မနက်စောစောတွင် ဖုန်းဟွမ်ရှန့် နှင့် လမ်းခွဲခဲ့ပြီး သူ၏ ခရီးကို ဆက်လက်ထွက်ခွာခဲ့လေသည်။
ဟွန်ချွမ်မိစ္ဆာဂိုဏ်းဘဏ္ဍာတိုက်မှာ ပင်လယ်ရပ်ခြားရှိမိစ္ဆာကျွန်း၏ တစ်နေရာတွင် ရှိနေခြင်း ဖြစ်လေသည်။
ထို့ကြောင့် ရန်ရှောက်ထျန်းနှင့် သူ၏အဖော်များသည်ဖုန်းဟွမ်ရှန့် နှင့် လမ်းခွဲပြီးနောက် မိစ္ဆာကျွန်းဆီသို့ ခရီးဆက်ခဲ့ကြလေသည်။
ရန်ရှောက်ထျန်း မိစ္ဆာကျွန်းဆီသို့ ဦးတည်နေစဉ်မှာပင် ပင်လယ်ရပ်ခြား နိုင်ငံအသီးသီးတို့မှာ ရန်ရှောက်ထျန်း ပင်လယ်ရပ်ခြားသို့ ရောက်ရှိလာသည်ဟူသော သတင်းကို သိရှိသွားခဲ့ကြလေပြီ။
ပင်လယ်ရပ်ခြားရှိ ပင်လယ်ပြင်တစ်ခု၏အထက်တွင် ဧရာမကျွန်းကြီးတစ်ကျွန်း ပျံဝဲနေ လေသည်၊ ထိုကျွန်းမှာနတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာနှစ်ခုစာလောက်အထိ ကြီးမားလှပြီး ပင်လယ်ပြင်ပေါ်တွင် ပျံဝဲနေသောတိုက်ကြီးတစ်ခုနှင့် တူနေလေသည်။
ကျွန်းပေါ်တွင် ဂိုဏ်းပေါင်းစုံရှိနေကြပြီး မိသားစုပေါင်းမှာလည်း သောင်းနှင့်ချီ ရှိလေသည်။
ဒါဟာ ပင်လယ်ရပ်ခြားရှိ နံပါတ်တစ်နိုင်ငံဖြစ်သော ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော် ဖြစ် လေသည်။
ပင်လယ်ရပ်ခြားတွင် ကြီးကျယ်သောနိုင်ငံပေါင်းတစ်သိန်းရှိပြီး ချန်ဆန်းတိုက်ကြီးပေါ်မှာ ကဲ့သို့ပင် ဘုရင့်နိုင်ငံများ၊ အင်ပါယာနိုင်ငံများနှင့် အင်ပါယာများရှိကြသော်လည်း ဤပင်လယ်ရပ် ခြားရှိ နံပါတ်တစ်နိုင်ငံမှာမူ နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာကဲ့သို့ အင်ပါယာဟုမခေါ်ဘဲ နတ်ဘုရားနိုင်ငံတော်ဟု ခေါ်ဆိုခြင်းဖြစ်လေသည်။
ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်။
၎င်းမှာ အင်ပါယာတစ်ခု၏အထက်တွင် ရှိနေသည်ဟုဆိုလိုခြင်း ဖြစ်လေသည်။
နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာက သူတို့တွင်နတ်ဘုရားပေါင်းတစ်သောင်း ရှိသည် ဟု ကြွေးကြော်ထားကြလေသည်။
သို့သော် ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်မှာ နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာ ထက်ပင် ပိုမိုအစွမ်းထက်လှသည်၊ သူတို့တွင် နတ်ဘုရားအဆင့်ပညာရှင်ပေါင်း တစ်သောင်းကျော် ရှိလေသည်။
ဤအချိန်တွင် ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်၏နတ်ဘုရားဧကရာဇ်ယွန်းထျန်းမှာလည်း ရန်ရှောက်ထျန်း ပင်လယ်ရပ်ခြားသို့ ရောက်ရှိလာသည်ဟူသော သတင်းကို ရရှိခဲ့လေပြီ။
“ချန်ဆန်းဓား၊ နတ်ဘုရားအရိပ်ဓား၊ ကမ္ဘာမြေမီးလျှံမီးတောက်၊ ကိုးရောင်ခြယ်ဖီးနစ် ရွှေမီးလျှံမီးတောက်.”
ယွန်းထျန်းက လှောင်ပြောင်လိုက်သည်။
“ဒီ ချန်ဆန်းအရှင်သခင်အသစ်က တကယ့်ကို ဘဏ္ဍာတွေနဲ့ ပြည့်နေတာပဲ”
“သူက အတော်လေး သတ္တိရှိတာပဲ၊ ငါ့ရဲ့ ပင်လယ်ရပ်ခြား နယ်နိမိတ်ထဲကိုတောင် လာရဲတယ်ပေါ့။ ပင်လယ်ရပ်ခြား နိုင်ငံအသီးသီးမှာ ဘယ်သူမှမရှိဘူးလို့ သူ ထင်နေတာလား”
သူ၏ အမြင်တွင် ရန်ရှောက်ထျန်း၏လုပ်ရပ်မှာ ပင်လယ်ရပ်ခြားနိုင်ငံအသီးသီးကို စိန်ခေါ် လိုက်ခြင်း ဖြစ်လေသည်။
ယွန်းထျန်း၏ အောက်တွင်ထိုင်နေသော မဟာဝက်ဝံကြယ်နတ်ဘုရားလန်ကျင်းက စဉ်းစား လိုက်ပြီး..
“ဒီ ချန်ဆန်းအရှင်သခင်အသစ်က ခေတ်အဆက်ဆက်မှာပါရမီအရှိဆုံးသူပါ၊ သူ၏ ပါရမီက ဟိုတုန်းကချန်ဆန်းအရှင်သခင်ထက်ပင် ပို၍ကြောက်စရာကောင်းလှပါတယ်။ သူက နတ်ဘုရားအဆင့် ရွှေအမြုတေဆေးလုံးနှစ်လုံးတင်မကဘဲ ထာဝရနတ်ဘုရားခန္ဓာကိုယ်၊ ဟွန်ယွမ် ကောင်းကင်ကံကြမ္မာနဲ့ နှစ်သန်းတန်ဝိညာဉ်ကွင်းဆက်ကိုပါ ပိုင်ဆိုင်ထားတာပါ”
“အကယ်၍ ဒီလိုပါရမီရှင်မျိုးသာ နတ်ဝိညာဉ်အဆင့်ကို တက်လှမ်းသွားမယ်ဆိုရင် သူက ပြိုင်ဘက်ကင်းဖြစ်သွားပြီး အရာအားလုံးကိုချေမှုန်းပစ်လိမ့်မယ်၊ အဲဒီအချိန်ကျရင် ငါတို့ပင်လယ် ရပ်ခြားနိုင်ငံတွေလည်း အန္တရာယ်ရှိလာနိုင်ပါတယ်”
ယွန်းထျန်းက အေးစက်စွာပြောလိုက်သည်။
“သူ ဒီတစ်ခေါက် ပင်လယ်ရပ်ခြားကို ရောက်လာမှတော့ သူ့ကိုပင်လယ်ရပ်ခြားမှာပဲ ထာဝရ ကျန်ရစ်စေရမယ်”
“အတိုင်းအဆမဲ့သော ပင်လယ်ပြင်ကြီးက သူ၏ သင်္ချိုင်းဂူ ဖြစ်လာစေရမယ်”
“နိုင်ငံအားလုံးရဲ့စစ်တပ်တွေကို ပင်လယ်ပြင်ကိုပိတ်ဆို့ဖို့ အမိန့်ပေးလိုက်စမ်း၊ ဘယ်ပျံသန်း ရေးယာဉ်မှ အဝင်အထွက်မလုပ်စေနဲ့”
“ရန်ရှောက်ထျန်းကို အသက်ရှင်လျက်ဖမ်းမိတဲ့သူကို အောက်ခြေအဆင့်ဝိညာဉ်ကျောက် တုံး ဘီလီယံနှစ်ရာ ဆုချမယ်။ ပြီးတော့မရေမတွက်နိုင်တဲ့ဆေးလုံးတွေနဲ့ ကျင့်စဉ်လျှို့ဝှက်ကျမ်း တွေကိုပါပေးမယ်”
“ရန်ရှောက်ထျန်းကိုသတ်တဲ့သူကို အောက်ခြေအဆင့် ဝိညာဉ်ကျောက်တုံး ဘီလီယံ တစ်ရာ ဆုချမယ်၊ ပြီးတော့မရေမတွက်နိုင်တဲ့ ဆေးလုံးတွေနဲ့ ကျင့်စဉ်လျှို့ဝှက်ကျမ်းတွေကိုပါပေးမယ်”
“ငါတို့ရဲ့ ပင်လယ်ရပ်ခြား နိုင်ငံကြီးတစ်သိန်းက သူတို့အနည်းငယ်ကိုမသတ်နိုင်ဘူးဆိုတာ ငါ မယုံဘူး”
မကြာမီမှာပင် သတင်းများပျံ့နှံ့သွားသဖြင့် ပင်လယ်ရပ်ခြားကမ္ဘာကြီးမှာ ဆူပွက်သွားခဲ့ပြီး နိုင်ငံအားလုံး တုန်လှုပ်သွားကြလေသည်။
ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်မှာပင် မရေမတွက်နိုင်သောပညာရှင်များကို စေလွှတ် လိုက်ပြီး ရန်ရှောက်ထျန်းကို အလွန်အမင်းရှာဖွေခိုင်းလိုက်လေသည်။
ထို့ကြောင့် ရန်ရှောက်ထျန်းသည် ဖုန်းဟွမ်ရှန့် နှင့်လမ်းခွဲပြီး မကြာမီမှာပင် ပင်လယ်ရပ်ခြား နိုင်ငံအသီးသီးမှ ရှာဖွေရေးစစ်တပ်များနှင့် ကြုံတွေ့ခဲ့ရလေသည်။
ရန်ရှောက်ထျန်းသည် စစ်သူကြီးချုပ်တစ်ဦးကိုဖမ်းဆီးပြီးမေးမြန်းလိုက်မှသာ ပင်လယ် ရပ်ခြား နိုင်ငံအားလုံးက သူ့ကိုရှာဖွေနေကြကြောင်း သိရှိသွားခဲ့လေသည်။
“ငါ့ကို အသက်ရှင်လျက်ဖမ်းရင် ဘီလီယံနှစ်ရာ၊ သတ်ရင်ဘီလီယံတစ်ရာ ဟုတ်လား
ရန်ရှောက်ထျန်းက ရယ်မောလိုက်သည်။
“ဒီ ဧကရာဇ် ယွန်းထျန်းက အတော်လေးရက်ရောတာပဲ”
အောက်ခြေအဆင့် ဝိညာဉ်ကျောက်တုံး ဘီလီယံ နှစ်ရာ ဆိုသည်မှာ ချန်ဆန်းတိုက်ကြီးပေါ်ရှိ အင်ပါယာအမြောက်အမြားမှ ဘုရင့်မိသားစုများပင်လျှင်မထုတ်ပေးနိုင်သောပမာဏ ဖြစ်လေသည်။
ထိုမျှလောက် များပြားသောဆုကြေးငွေကြောင့် ပင်လယ်ရပ်ခြားနိုင်ငံအားလုံးမှ ပညာရှင် များ တပ်မက်နေကြသည်မှာမဆန်းတော့ပေ။
သို့သော်လည်း သူတို့က ငါ့ကိုသတ်ချင်တယ်ဟုတ်လား။
ဒါဆိုရင် သူတို့မှာဒီဝိညာဉ်ကျောက်တုံးတွေကိုယူဖို့ အသက်ရှိမလားဆိုတာ ကြည့်ရသေးတာ ပေါ့။
ရန်ရှောက်ထျန်း၏ မျက်လုံးများမှာ အေးစက်နေတော့သည်။
မိစ္ဆာမျောက်ဝံကြီးသည် သူတို့ရှေ့ရှိအတိုင်းအဆမရှိ များပြားလှသောခံတပ်ကိုကြည့်ကာ သူ၏မျက်လုံးများတွင် သွေးဆာနေသောသတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။
“သခင်လေး... တိုက်ရိုက်တိုးဝင်လိုက်ကြမလား။ သူတို့ရဲ့ အဘွားတွေကိုပါအကုန်သတ်ပစ် ကြတာပေါ့”
“ကောင်းပြီ... တိုက်ရိုက်တိုးဝင်မယ်” ဟု ရန်ရှောက်ထျန်းက အေးစက်စွာ ပြောလိုက်ပြီး လေထဲသို့ချက်ချင်းပျံတက်လိုက်ကာ အတိုင်းအဆမရှိများပြားလှသော ခံတပ်ဆီသို့ ဦးတည်သွားပြီး မိုင်ပေါင်းများစွာ အကွာမှပင် စွမ်းအားပြင်းလှသောလက်သီးနှစ်ဖက်ဖြင့် ထိုးနှက်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် နဂါးဟိန်းသံများမှာလည်း ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေ တော့သည်။
စစ်မှန်သော ချီစွမ်းအားနဂါးတစ်သောင်းတို့မှာဟိန်းဟောက်ပြီး ပျံထွက်လာကြလေသည်။
ကောင်းကင်ယံရှိ စစ်မှန်သောချီစွမ်းအားနဂါးများမှာပင်လယ်ရပ်ခြား ခံတပ်အတွင်းသို့ ဝင်တိုက်လိုက်လေသည်။
သိပ်သည်းစွာ ရှိနေသော ပင်လယ်ရပ်ခြား ခံတပ်ကြီး၏အစိတ်အပိုင်း အတော်များများမှာ ချက်ချင်းဆိုသလိုပင် ချေမှုန်းခံလိုက်ရလေသည်။
“သတ်ကြစမ်း”
မိစ္ဆာမျောက်ဝံကြီးမှာလည်း သူ၏သံကြိုးကြီးကိုမထုတ်သေးဘဲ ပင်လယ်ရပ်ခြား ခံတပ်အတွင်းသို့ တိုက်ရိုက်ပြေးဝင်သွားကာ လက်သီးများကိုထိုးနှက်လိုက်လေသည်၊ သူ၏ လက်သီးစွမ်းအား ဖြတ်သန်းသွားရာနေရာတိုင်းရှိ ပင်လယ်ရပ်ခြား ခံတပ်သားအမြောက်အမြားမှာ လွင့်ထွက်သွားကြတော့သည်။
အမှောင်နဂါးကလည်း လက်ဝါးတစ်ချက် ရိုက်ချလိုက်ရာ အမှောင်ထုများ ကျဆင်းလာတော့ သည်။
တိန်းဖုန်းနှင့် ယင်လေဂိုဏ်းမှရှေးဟောင်းဘိုးဘေးငါးဦးတို့လည်း လှုပ်ရှားလိုက်ကြလေ သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သိပ်သည်းလှသောခံတပ်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲ သွားခဲ့လေပြီ။
ကျန်ရှိနေသော ပညာရှင်များမှာထိတ်လန့်တကြားထွက်ပြေးရန် ကြိုးစားသော်လည်း မိစ္ဆာမျောက်ဝံကြီးက တစ်ဦးချင်းစီကို လိုက်လံချေမှုန်းပစ်လိုက်လေသည်။
ထိုပင်လယ်ရပ်ခြား ခံတပ်ကိုကိုင်တွယ်ပြီးနောက် ရန်ရှောက်ထျန်းမှာအကြာကြီး မနေဘဲ မိစ္ဆာကျွန်းဆီသို့ ခရီးဆက်ခဲ့လေသည်။
သို့သော်လည်း ရန်ရှောက်ထျန်းနှင့် သူ၏အဖော်များကပင်လယ်ရပ်ခြား ခံတပ်သား အမြောက်အမြားကိုသတ်ဖြတ်လိုက်သည့်သတင်းမှာ ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်မှ ပညာရှင် များကို ချက်ချင်းသတိပြုမိသွားစေခဲ့လေသည်။
နတ်ဘုရား ဧကရာဇ်ယွန်းထျန်း၏မျက်လုံးများမှာ အေးစက်နေတော့သည်။
“ဝူစန်းကျွန်းရဲ့ ပတ်ဝန်းကျင်မိုင်သန်းပေါင်းရာနဲ့ချီကိုပိတ်ဆို့ထားလိုက်စမ်း။ ဒီတစ်ကြိမ် တော့ ငါကိုယ်တိုင်သူ့ကိုအသက်ရှင်လျက်ဖမ်းပြမယ်”
ထိုသို့ ပြောပြီးနောက် သူသည်လေထဲသို့ချက်ချင်းပျံတက်လိုက်ပြီး နတ်ဘုရားအလင်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရန်ရှောက်ထျန်းနှင့်တခြားသူများဆီသို့ အလွန်တရာ မြန်ဆန်သော အရှိန်ဖြင့် ဦးတည်သွားလေတော့သည်။
နတ်ဘုရား ဧကရာဇ်ယွန်းထျန်း မှာ ပင်လယ်ရပ်ခြား နိုင်ငံများကြားတွင် ခေတ်အဆက်ဆက်၌ အစွမ်းအထက်ဆုံး ဧကရာဇ်အဖြစ် လူသိများလေသည်။
သူ၏ အစွမ်းမှာကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်၏ ယခင်ဧကရာဇ်များထက် များစွာ သာလွန်လေသည်။
ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်မှ မရေမတွက်နိုင်သောပညာရှင်များမှာ တစ်ယောက်ပြီး တစ်ယောက် လေထဲသို့ ပျံတက်လိုက်ကြပြီး ဝူစန်းကျွန်းဆီသို့ ဦးတည်သွားကြတော့သည်။
ညချမ်းအချိန်သို့ ရောက်ရှိလာခဲ့လေပြီ။
မိုးသည်းထန်စွာ ရွာသွန်းနေတော့သည်။
ရန်ရှောက်ထျန်းနှင့် တခြားသူများမှာ လူသူကင်းမဲ့သောကျွန်းတစ်ခုပေါ်သို့ ဆင်းသက် လိုက်ကြပြီး အဝေးမှပြိုပျက်နေသောဘုရားကျောင်းတစ်ခုကိုမြင်သဖြင့် ထိုနေရာသို့ဝင်ရောက်ခဲ့ ကြလေသည်။ ပြိုပျက်နေသောဘုရားကျောင်းအတွင်း၌ပျက်စီးနေသော နတ်ရုပ်များကိုသာ မြင်တွေ့ ရလေသည်။
“တောက်... ဒီ ပင်လယ်ရပ်ခြားနိုင်ငံတွေက သွေးနံ့နံတဲ့အရူးခွေးတွေလိုပဲ”
မိစ္ဆာမျောက်ဝံကြီး၏ တစ်ကိုယ်လုံးတွင်သတ်ဖြတ်လိုစိတ်များ ဟိန်းဟောက်နေတော့သည်။
တစ်နေ့တာလုံး ခရီးသွားစဉ်အတွင်း သူတို့သည်ပညာရှင်များနှင့် ခံတပ်ပေါင်းရာနှင့်ချီ၍ ကြုံတွေ့ခဲ့ရသည်၊ ဤပင်လယ်ရပ်ခြားပညာရှင်များမှာအဆုံးမရှိသလိုပင်၊ လုံးဝသတ်၍ မကုန်နိုင် အောင် ဖြစ်နေလေသည်။
မိစ္ဆာမျောက်ဝံကြီးမှာ သတ်ဖြတ်မှုများများပြားလွန်းသဖြင့် သူ၏သွေးချီစွမ်းအင်များမှာ ဟိန်းဟောက်နေတော့သည်။
ခုနလေးတင် သူတို့သည် ဂိုဏ်းတစ်ခုမှ ပညာရှင်ထောင်ပေါင်းများစွာကို သတ်ဖြတ်ပြီးခဲ့ခြင်း ဖြစ်လေသည်။
“အားလုံး... ခဏနားကြပါဦး၊ ပြီးမှ ငါတို့ခရီးဆက်ကြတာပေါ့” ဟု ရန်ရှောက်ထျန်းက ပြောလိုက်ပြီး ခြောက်ဆင့်မိုးကြိုးဘေးဒုက္ခမိုးကြိုးရေကိုထုတ်ယူကာ တစ်ယောက်ကိုတစ်ငုံစီ တိုက် လိုက်လေသည်။
လမ်းတောက်လျှောက် တိုက်ခိုက်လာခဲ့သဖြင့် မိစ္ဆာမျောက်ဝံကြီးနှင့် တခြားသူများမှာလည်း နတ်ဘုရားစွမ်းအားများစွာ ကုန်ဆုံးသွားခဲ့ကြခြင်း ဖြစ်လေသည်။
“သခင်လေး... ဒါက အရမ်းအဖိုးတန်လွန်းပါတယ်”
တိန်းဖုန်းနှင့် တခြားသူများမှာခြောက်ဆင့်မိုးကြိုးဘေးဒုက္ခမိုးကြိုးရေဖြစ်နေသည်ကို မြင် သောအခါ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြလေသည်။
ရန်ရှောက်ထျန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး အားလုံးကိုယဉ်ကျေးမနေရန် ပြောလိုက်ကာ သောက်ခိုင်းလိုက်လေသည်။
၎င်းကို မြင်သောအခါ တိန်းဖုန်းနှင့်တခြားသူများမှာ ထပ်မံ၍တုံ့ဆိုင်းမနေတော့ဘဲ ခြောက် ဆင့် မိုးကြိုးဘေးဒုက္ခ မိုးကြိုးရေကို သောက်လိုက်ကြလေသည်။
သို့သော်လည်း သူတို့ခြောက်ဆင့်မိုးကြိုးဘေးဒုက္ခမိုးကြိုးရေကို သောက်ပြီးကာစမှာပင် ရုတ်တရက် ကမ္ဘာပျက်မတတ် ပြင်းထန်သောစွမ်းအားတစ်ခုမှာ ပြိုပျက်နေသော ဘုရားကျောင်းကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့လေပြီ။
“သခင်လေး... မြန်မြန်၊ ထွက်သွားကြစို့”
အမှောင်နဂါးမှာ ချက်ချင်းထိတ်လန့်သွားပြီး ရန်ရှောက်ထျန်းကိုခေါ်ကာ လေထဲသို့ပျံတက် လိုက်လေသည်။
မိစ္ဆာမျောက်ဝံကြီး၊ တိန်းဖုန်းနှင့် တခြားသူများလည်း လေထဲသို့ ပျံတက်လိုက်ကြလေသည်။
“ဘုန်း...”
သူတို့ ပျံတက်လိုက်သည်နှင့်တစ်ပြိုင်နက် ပြိုပျက်နေသောဘုရားကျောင်းမှာ ကြောက်မက် ဖွယ်ကောင်းသော လက်သီးချက်တစ်ခုကြောင့်ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားသည်ကို မြင်တွေ့ လိုက်ရပြီး မြေပြင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော တွင်းနက်ကြီးတစ်ခုပေါ်လာတော့သည်။
နတ်ဘုရားဝတ်စုံ ဝတ်ဆင်ထားသောလူလတ်ပိုင်းအမျိုးသားတစ်ဦးသည် ပင်လယ်ပြင် ပေါ်မှတစ်ဆင့် လေထဲမှလမ်းလျှောက်လာလေသည်။ သူသည် အလွန်တရာ ဝေးကွာသော နေရာတွင် ရှိနေလျှင်ပင် အမှောင်နဂါးနှင့် တခြားသူများမှာ သူ၏ဆီမှထွက်ပေါ်နေသော ဟိန်းဟောက်နေသော နတ်ဘုရားအရှိန်အဝါနှင့် ဧကရာဇ်အရှိန်အဝါများကို ခံစားနေရဆဲ ဖြစ်လေသည်။
“နတ်ဘုရား ဧကရာဇ်ယွန်းထျန်း”
အမှောင်နဂါး၏ မျက်နှာအမူအရာမှာအင်အားကြီးရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ လေးနက်နေတော့သည်။
***