ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို နောက်ဆုံးတော့ ရှာတွေ့ခဲ့လေပြီ။
အပင်ပန်းခံ ရှာဖွေနေရတဲ့အရာကို အခုတော့အလွယ်တကူပဲ ရလိုက်သလိုပါပဲ။
ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ရှိနေပြီဆိုလျှင် သူ ထာဝရကောင်းကင်ခေါင်းတလားကို သန့်စင် နိုင်တော့မည် ဖြစ်လေသည်။
သူ ဟွန်ချွမ်သရဲဘုရင်ကိုလည်း နှိမ်နင်းနိုင်တော့မည်ဖြစ်လေသည်။
ဤအချိန်တွင် သူသည်ဟွန်ချွမ်လက်စွပ်အတွင်း၌ ထူးဆန်းသောကျောက်စိမ်းပုလင်း တစ်လုံးကို ရှာတွေ့ခဲ့ပြန်လေသည်။
ထိုကျောက်စိမ်းပုလင်းမှာ ပုံသဏ္ဌာန်ထူးဆန်းလှပြီး ဦးခေါင်းခွံတစ်ခုကဲ့သို့ ပြုလုပ်ထားခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းမှာ ထူးဆန်းသည်ဟုခံစားမိသဖြင့် ထိုဦးခေါင်းခွံပုံသဏ္ဌာန် ကျောက်စိမ်းပု လင်းကိုထုတ်ယူလိုက်ပြီးနောက် အဖုံးကိုဖွင့်လိုက်လေသည်။
ရန်ရှောက်ထျန်း အဖုံးကိုဖွင့်လိုက်သည်နှင့် လျှပ်စီးချီစွမ်းအင်များမှာ ဟိန်းဟောက်ထွက်ပေါ် လာပြီး အမျိုးမျိုးသောဖြစ်ရပ်များကို ဖြစ်ပေါ်စေခဲ့လေသည်။
ရန်ရှောက်ထျန်းမှာ ကျောက်စိမ်းပုလင်းအတွင်းမှ အရာကို ကြည့်ကာ ဆွံ့အသွားတော့သည်။
“မိုးကောင်းကင်ကိုးလွှာ ဘေးဒုက္ခ မိုးကြိုးရေ”
ဤဦးခေါင်းခွံပုံသဏ္ဌာန် ကျောက်စိမ်းပုလင်းအတွင်း၌ရှိနေသည်မှာ သူ အသည်းအသန် ရှာဖွေနေခဲ့သော မိုးကောင်းကင်ကိုးလွှာ ဘေးဒုက္ခမိုးကြိုးရေအမှန်တကယ် ဖြစ်နေသည်တဲ့လား။
ထို့အပြင် ၎င်းမှာ တစ်ငုံသို့မဟုတ် နှစ်ငုံမျှသာမဟုတ်ဘဲ၊ ဆယ်ငုံသို့မဟုတ်ရှစ်ငုံမျှလည်း မဟုတ်ဘဲ၊ တစ်ရာကျော် ရှိနေခြင်းဖြစ်လေသည်။
ရန်ရှောက်ထျန်း၏ ခန့်မှန်းချက်အရဆိုလျှင် ကျောက်စိမ်းပုလင်းအတွင်း၌ မိုးကောင်းကင်ကိုး လွှာ ဘေးဒုက္ခမိုးကြိုးရေ အငုံပေါင်းတစ်ရာကျော် ရှိပေလိမ့်မည်။
အငုံတစ်ရာကျော် ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။
အငုံတစ်ရာကျော်ရှိနေပြီဆိုလျှင် သူသည်ယွန်းထျန်း၊ ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာ သို့မဟုတ် ယှဉ်လို့မရသော ငရဲနတ်ဘုရားတို့ထဲမှ မည်သူ့ကိုမဆို သတ်ပစ်နိုင်ပေလိမ့်မည်။
ရန်ရှောက်ထျန်းတွင် ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးများ သို့မဟုတ် ဝိညာဉ်ဆေးပင် များ မည်မျှပင်ရှိပါစေ၊ သူသည် အမှန်တကယ်ချမ်းသာသည်ဟု တစ်ခါမျှမခံစားခဲ့ရဖူးပေ၊ သို့သော် ယခုအချိန်တွင်မူ ဤမိုးကောင်းကင်ကိုးလွှာ ဘေးဒုက္ခမိုးကြိုးရေအငုံတစ်ရာကျော်ကို ကြည့်ကာ ရန်ရှောက်ထျန်းသည် သူ တစ်ညတည်းနှင့် ချမ်းသာသွားသလို ခံစားလိုက်ရလေသည်။
လွန်ခဲ့သော ဆယ်ရက်ကျော်က ဆေးနံ့သာအိုး၏ဒေါသတကြီးတိုက်ခိုက်မှုအပြီးတွင် ရန်ရှောက်ထျန်း၏လက်ထဲ၌ မိုးကောင်းကင်ကိုးလွှာဘေးဒုက္ခမိုးကြိုးရေနှစ်ငုံသာ ကျန်ရှိတော့ သဖြင့် သူသည် ဆင်းရဲသားတစ်ယောက်လို ခံစားခဲ့ရခြင်း ဖြစ်လေသည်။
ထို့ကြောင့်ပင် မဟာဝက်ဝံကြယ်နတ်ဘုရားလန်ကျင်းဦးဆောင်သော ကြယ်နတ်ဘုရား လေးပါး၏မရပ်မနား လိုက်လံဖမ်းဆီးမှုကိုခံရချိန်တွင်ပင် ရန်ရှောက်ထျန်းမှာ ထိုမိုးကောင်းကင် ကိုးလွှာ ဘေးဒုက္ခ မိုးကြိုးရေ နှစ်ငုံကို အသုံးမပြုချင်ဘဲ နှမြောနေခဲ့ခြင်း ဖြစ်လေသည်။
ယခုမှာမူ ဘာကို ကြောက်နေရဦးမည်နည်း။
ထိုကြယ်နတ်ဘုရား လေးပါးကို သူ့နောက်ကို ထပ်ပြီး လိုက်ခိုင်းလိုက်စမ်းပါ။
ရန်ရှောက်ထျန်းသည် သူ၏ စိတ်လှုပ်ရှားမှုကို မနည်း ထိန်းချုပ်လိုက်ရလေသည်။
သူသည် မိုးကောင်းကင်ကိုးလွှာဘေးဒုက္ခမိုးကြိုးရေအငုံတစ်ရာကျော်ကို သေချာစွာ သိမ်းဆည်းလိုက်လေသည်။
ရန်ရှောက်ထျန်းနှင့် တခြားသူများ၏ကြိုးစားအားထုတ်မှုအောက်တွင် ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ ဘဏ္ဍာတိုက်မှာ နောက်ဆုံး၌ပြောင်သလင်းခါသွားခဲ့လေပြီ၊ ကျောက်တုံးတစ်တုံးပင် ကျန်ရှိခြင်း မရှိတော့ပေ။
“အရင် ထွက်သွားကြစို့” ဟု ရန်ရှောက်ထျန်းက အမှောင်နဂါးနှင့်တခြားသူများကို ပြောလိုက်ပြီးနောက် သူတို့သည် လာခဲ့သည့်လမ်းအတိုင်း အမြန်ဆုံးပြန်ထွက်လာခဲ့ကြလေသည်။
ဂူအတွင်းမှ ထွက်လာပြီးနောက်တွင် သူတို့သည်မိစ္ဆာကျွန်း၏မျက်နှာပြင်ပေါ်သို့ ရောက်ရှိ လာခဲ့ကြလေပြီ။
“သခင်လေး... အခုပဲချန်ဆန်းတိုက်ကြီးကိုပြန်ကြမလား” ဟု အမှောင်နဂါးက မေးလိုက် သည်။
“မလောပါဘူး”
ရန်ရှောက်ထျန်းက အရပ်မျက်နှာတစ်ခုဆီသို့ကြည့်လိုက်သည်၊ ၎င်းမှာကြယ်စုတန်း နတ် ဘုရားနိုင်ငံတော်ရှိရာ အရပ်မျက်နှာပင်ဖြစ်လေသည် ။
“ငါတို့ ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်ဆီကို သွားကြမယ်”
“ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်ကိုသွားမယ်ဟုတ်လား”
အမှောင်နဂါးနှင့် မိစ္ဆာမျောက်ဝံကြီးတို့ အားလုံး အံ့အားသင့်သွားကြလေသည်။
သူတို့သည် ယွန်းထျန်း ကို ရှောင်ရှားရန် ကြိုးစားနေကြခြင်းဖြစ်သော်လည်း သခင်လေးကမူ ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်ဆီသို့ အမှန်တကယ်ပြန်သွားချင်နေသည်တဲ့လား။
“ဟုတ်တယ်၊ ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်ဆီကိုပဲ” ဟု ရန်ရှောက်ထျန်းက အတည် ပြုလိုက်သည်။
အတိုင်းအဆမဲ့သော ပင်လယ်ပြင်ကြီးမှမထွက်ခွာမီတွင် သူသည်ကြယ်စုတန်း နတ်ဘုရား နိုင်ငံတော်ကို တိုက်ရိုက်တိုက်ခိုက်ရန် စီစဉ်ထားခြင်း ဖြစ်လေသည်။
သူသည် ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်ကိုပြင်းထန်သောရိုက်ခတ်မှုတစ်ခု ပေးခဲ့ပေ လိမ့်မည်။
ထို့နောက်တွင် ရန်ရှောက်ထျန်းနှင့်တခြားသူများမှာ တွင်းနက်ကြီးပျံသန်းရေးယာဉ်ကို မောင်းနှင်ပြီး မိစ္ဆာကျွန်းမှထွက်ခွာခဲ့ကြကာ ကြယ်စုတန်းနတ်ဘုရားကျွန်းဆီသို့ ဦးတည်သွားကြ တော့သည်။
ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်မှာကြယ်စုတန်းနတ်ဘုရားကျွန်းပေါ်တွင်တည်ရှိခြင်း ဖြစ် လေသည်။
ရန်ရှောက်ထျန်း ထွက်ခွာပြီးမကြာမီမှာပင် မဟာဝက်ဝံကြယ်နတ်ဘုရားလန်ကျင်း ဦးဆောင် သော ကြယ်နတ်ဘုရားလေးပါးမှာ ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော် စစ်တပ်သန်းပေါင်းရာနဲ့ချီကို ဦးဆောင်ပြီး မိစ္ဆာကျွန်းသို့ ရောက်ရှိလာခဲ့ကြလေသည်။
မိစ္ဆာကျွန်းသို့ရောက်သည်နှင့် ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော် စစ်တပ်မှာ တစ်ကျွန်းလုံးကို နှံ့စပ်အောင် ရှာဖွေရေးစတင်ခဲ့ကြလေသည်။
နောက်ဆုံးတွင် မဟာဝက်ဝံကြယ်နတ်ဘုရားလန်ကျင်းသည် ကြယ်စုတန်းနတ်ဘုရားနိုင်ငံ တော် ပညာရှင်များအသတ်ခံလိုက်ရသည့် နေရာသို့ ရောက်ရှိလာခဲ့လေသည်။
ရန်ရှောက်ထျန်းနှင့် အမှောင်နဂါးတို့သည် အလောင်းများနှင့်အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းခဲ့သော်လည်း တိုက်ပွဲ၏ဖျက်ဆီးခြင်းစွမ်းအားများမှာ ထင်ရှားစွာကျန်ရှိနေဆဲ ဖြစ်လေ သည်။
မဟာဝက်ဝံကြယ်နတ်ဘုရားလန်ကျင်း သည် သူ၏ရှေ့မှမီးလောင်ကျွမ်းနေသော အရာအား လုံးကို ကြည့်ကာ သူ၏ မျက်နှာမှာ မှောင်မိုက်နေတော့သည်။
“အရှင်... ကျွန်တော်တို့မိစ္ဆာကျွန်းရဲ့ထောင့်တိုင်းကိုရှာဖွေပြီးပါပြီ၊ ဒါပေမဲ့အိမ်ရှေ့မင်း သားကို ရှာမတွေ့ခဲ့ပါဘူး” ဟု လဝက်ခန့် ကြာပြီးနောက်တွင် စစ်သူကြီးတစ်ဦးက လာရောက် သတင်းပို့လေသည်။
သို့သော်လည်း သူတို့၏အိမ်ရှေ့မင်းသားမှာမိစ္ဆာကျွန်းအတွင်းသို့ ဝင်သွားခဲ့သည်မှာ ရှင်းလင်း လှသည်၊ သို့သော် ယခု ရှာမတွေ့တော့ဘူးတဲ့လား။
၎င်းက ဘာကို ဆိုလိုသနည်း။
အဖြေမှာ ရှင်းလင်းလှပေသည်။
မဟာဝက်ဝံကြယ်နတ်ဘုရားလန်ကျင်း သည် သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး သူ၏ မျက်လုံးများတွင်သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။
“စုံစမ်းစမ်း။ သူတို့ကိုဆွဲထုတ်ခဲ့ကြစမ်း။ သူတို့ရဲ့မျိုးနွယ်စုတစ်ရာကိုပါ အမြစ်ပြတ် သတ်ပစ် ရမယ်”
“သူတို့ကို သေချင်စိတ် ပေါက်သွားအောင် လုပ်ပေးရမယ်”
တောင်ဘက် ကြယ်နတ်ဘုရားကတည်ငြိမ်သောအသံဖြင့်ပြောလိုက်သည် ။
“အတိုင်းအဆမဲ့သော ပင်လယ်ပြင်ကြီးထဲမှာ နိုင်ငံကြီးတစ်သိန်းထဲက ဘယ်သူမှ အိမ်ရှေ့မင်း သားကို မသတ်ရဲပါဘူး”
မဟာဝက်ဝံကြယ်နတ်ဘုရားလန်ကျင်း သည် တောင်ဘက်ကြယ်နတ်ဘုရား၏ ဆိုလိုရင်းကို ကြားလိုက်ရသဖြင့် သူ၏မျက်လုံးများအတွင်းမှကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လာတော့သည်။
“အကယ်၍ ဒါဟာအမှန်တကယ်ပဲရန်ရှောက်ထျန်းရဲ့လက်ချက်ဆိုရင်တော့ ငါတို့ရဲ့ ပင်လယ်ရပ်ခြား နိုင်ငံကြီးတစ်သိန်းကချန်ဆန်းတိုက်ကြီးကို သွေးချောင်းစီးအောင် သေချာပေါက် လုပ်ပြမယ်”
“ချန်ဆန်းစံအိမ်တော် စစ်တပ်သန်းပေါင်းရာနဲ့ချီကို ငါတို့ အိမ်ရှေ့မင်းသားနဲ့အတူ မြှုပ်နှံပစ် ရမယ်”
မဟာဝက်ဝံကြယ်နတ်ဘုရားလန်ကျင်း ၏စကားများမှာ မိစ္ဆာကျွန်းတစ်ခုလုံးတွင် ပဲ့တင်ထပ် သွားတော့သည်။
ထို့နောက်တွင် ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်စစ်တပ်မှာ ပင်လယ်ပြင်ကို တင်းကျပ်စွာ ပိတ်ဆို့လိုက်ကြပြီး ရန်ရှောက်ထျန်း၏သဲလွန်စကို ရူးသွပ်စွာ ရှာဖွေနေကြတော့သည်။
ရန်ရှောက်ထျန်းမှာမူ တွင်းနက်ကြီးပျံသန်းရေးယာဉ်ကိုမောင်းနှင်ပြီး ကြယ်စုတန်း နတ်ဘုရားကျွန်းဆီသို့ ဆက်တိုက်ချဉ်းကပ်နေခဲ့လေသည်။
ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်စစ်တပ်ကို ရှောင်ရှားရန်အတွက် သူသည် တွင်းနက်ကြီး ပျံသန်းရေးယာဉ်ကို ပင်လယ်အောက်ခြေ ပေပေါင်းသောင်းနှင့်ချီသော နေရာတွင် မောင်းနှင်ခဲ့ခြင်း ဖြစ်လေသည်။
ပင်လယ်အောက်ခြေ ပေပေါင်းသောင်းနှင့်ချီသောနေရာတွင် ကြောက်မက်ဖွယ်ကောင်း သော ပင်လယ်သားရဲများစွာနေထိုင်ကြသော်လည်း ရန်ရှောက်ထျန်းကပျံသန်းရေးယာဉ်မှ အနက် ရှိုင်းဆုံးပင်လယ်အရှင်သခင်၏အရှိန်အဝါကို ထုတ်လွှတ်လိုက်သဖြင့် ထိုဧရာမပင်လယ်သားရဲကြီး များမှာ ကြောက်လန့်တကြားဖြင့် မတိုက်ခိုက်ရဲကြတော့ပေ။
တွင်းနက်ကြီး ပျံသန်းရေးယာဉ်မှာ ကြယ်စုတန်းနတ်ဘုရားကျွန်းဆီသို့ ဆက်တိုက်ချဉ်းကပ် လာသည်နှင့်အမျှ ရန်ရှောက်ထျန်းသည် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ထုတ်ယူပြီး သေချာစွာ စတင် ဖတ်ရှုနေတော့သည်။
အစမှ အဆုံးအထိဖတ်ပြီးနောက်တွင် ရန်ရှောက်ထျန်းက မျက်မှောင်ကြုတ်လိုက်မိသည်၊ ထာဝရကောင်းကင်ခေါင်းတလားကိုသန့်စင်ရန်အတွက် သူသည်ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို အနည်းဆုံး ဒသမအဆင့်အထိ ကျင့်ကြံရမည်ဖြစ်လေသည်။
ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို လျင်မြန်စွာတတ်မြောက်ရန်အတွက် ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီးများအတွင်းရှိ အလောင်းမြစ်အတွင်း၌သာကျင့်ကြံနိုင်ပြီး အလောင်းမြစ်အတွင်းရှိ ဟွန်ချွမ်အလောင်းချီစွမ်းအင်များကိုအသုံးပြုမှသာ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို လျင်မြန်စွာ တိုးတက်စေနိုင်မည် ဖြစ်လေသည်။
သို့သော်လည်း အလောင်းမြစ်အတွင်းရှိဟွန်ချွမ်အလောင်းချီစွမ်းအင်များ၏ အကူအညီ ရှိလျှင်ပင် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကိုဒသမအဆင့်အထိကျင့်ကြံရန်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။
ဒါဟာ အလွန်တရာကောင်းမွန်သောပါရမီရှိသူအတွက်ပင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့် ဦးမည်ဟု ဆိုလိုခြင်း ဖြစ်လေသည်။
အကယ်၍ သာမန်ပါရမီရှိသော ပါရမီရှင်တစ်ဦးသာဆိုလျှင် နှစ်ပေါင်း ထောင်နှင့်ချီ သို့မဟုတ် နှစ်ပေါင်း သောင်းနှင့်ချီ၍ပင် ကြာမြင့်နိုင်လေသည်။
ရန်ရှောက်ထျန်း ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်မှာပင် သူသည်ဟွန်ချွမ်ဘိုးဘေး၏ ဂူဗိမာန်မှ ရရှိခဲ့သော သေမင်းနတ်ဘုရားအသီး ဆယ်လုံးကျော်ကို ရုတ်တရက်သတိရသွားလေသည်။
သေမင်းနတ်ဘုရားအသီးမှာ မိစ္ဆာဂိုဏ်း၏အမြင့်မြတ်ဆုံး ရတနာတစ်ခုဖြစ်သဖြင့် ၎င်းမှာ သူ၏ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်အဆင့်ကို လျင်မြန်စွာတိုးတက်စေရန်အတွက် အကူအညီ ပေးနိုင်ပေလိမ့်မည်။
ရန်ရှောက်ထျန်းသည် သေမင်းနတ်ဘုရားအသီးတစ်လုံးကို ချက်ချင်းထုတ်ယူလိုက်လေ သည်။
ယခင်က သူသည် ဤသေမင်းနတ်ဘုရားအသီးကို မသန့်စင်နိုင်ခဲ့သော်လည်း ယခုအခါ သူ၏ လက်ထဲတွင် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ် ရှိနေပြီဖြစ်သဖြင့် သန့်စင်ရန်မှာ မခက်ခဲတော့ပေ။
ထို့ကြောင့် ရန်ရှောက်ထျန်းသည် သေမင်းနတ်ဘုရားအသီးတစ်လုံးကို မျိုချလိုက်ပြီးနောက် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို လည်ပတ်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် သေမင်းနတ်ဘုရား အသီးအတွင်းမှ လိမ့်တက်နေသောသေမင်းစွမ်းအားများမှာ ရန်ရှောက်ထျန်း၏သွေးကြောများ အတွင်းသို့စီးဝင်သွားပြီး ဟွန်ချွမ်စစ်မှန်သောစွမ်းအားများအဖြစ်သို့ ဆက်တိုက်ပြောင်းလဲသွား တော့သည်။
ရန်ရှောက်ထျန်း၏ တစ်ကိုယ်လုံးမှာလိမ့်တက်နေသော ဟွန်ချွမ်ချီစွမ်းအင်များဖြင့် ဖုံးလွှမ်း သွားခဲ့လေသည်၊ အဝေးမှကြည့်လျှင်ရန်ရှောက်ထျန်းမှာ ငရဲမှတက်လာသောသေမင်းတစ်ပါးနှင့် တူနေလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်ကျော်ကုန်ဆုံးသွားခဲ့လေပြီ။
ရန်ရှောက်ထျန်းသည် နောက်ဆုံး၌ထိုသေမင်းနတ်ဘုရားအသီးကို အပြည့်အဝသန့်စင်ပြီး သွားခဲ့လေပြီ။
သူ အသက်ပြင်းပြင်း ရှူထုတ်လိုက်မိသည်။
သူ့ကို အလွန်တရာဝမ်းသာသွားစေသည်မှာ ဤသေမင်းနတ်ဘုရားအသီး၏ အကူအညီဖြင့် သူသည် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကိုပထမအဆင့်အထိအောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်လေ သည်။
၎င်းတင်မကဘဲ သေမင်းနတ်ဘုရားအသီး၏နတ်ဘုရားဆေးစွမ်းအားကြောင့် သူသည် ဧကရာဇ်အဆင့် တတိယအလွှာသို့အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ဧကရာဇ်အဆင့်တတိယအလွှာ အစောပိုင်း အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်လေသည်။
သေမင်းနတ်ဘုရားအသီး၏အာနိသင်မှာ ရန်ရှောက်ထျန်း၏မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေခြင်း ဖြစ်လေသည်။
“သခင်လေး... ကြယ်စုတန်းနတ်ဘုရားကျွန်းကိုရောက်ပါပြီ” ဟု ဤအချိန်တွင် အမှောင် နဂါး၏ အသံထွက်ပေါ်လာလေသည်။
ကြယ်စုတန်း နတ်ဘုရားကျွန်းသို့ ရောက်ရှိလာခဲ့လေပြီ။
ရန်ရှောက်ထျန်းသည် လျှို့ဝှက်အခန်းအတွင်းမှ အမြန်ထွက်လာခဲ့ပြီး ပင်လယ်ရေအလွှာ များကြားမှတစ်ဆင့် တိုက်ကြီးတစ်ခုကဲ့သို့ပျံဝဲနေသောကြယ်စုတန်းနတ်ဘုရားကျွန်းကို သူ၏ရှေ့ တွင် မြင်တွေ့လိုက်ရလေသည်။
“ခင်ဗျားတို့ အားလုံးဒီမှာပဲ စောင့်နေကြပါ” ဟု ရန်ရှောက်ထျန်းက အမှောင်နဂါးနှင့် တခြားသူများကို ပြောလိုက်သည်။
“သခင်လေး... ကျွန်တော်တို့...”
အမှောင်နဂါး စကားပြောတော့မည့်ဆဲဆဲတွင် ရန်ရှောက်ထျန်းက ခေါင်းခါပြလိုက်ပြီး
“အဆင်ပြေပါတယ်၊ ခင်ဗျားတို့ ဒီမှာပဲ စောင့်နေကြပါ။ ဆယ်ရက်အတွင်း ကျုပ် ပြန်လာခဲ့မယ်” ဟု ပြောပြီးနောက် သူသည်လုံးဝဖုံးကွယ်ခြင်းစွမ်းရည်ကိုအသုံးပြုပြီး ကြယ်စု တန်း နတ်ဘုရားကျွန်းဆီသို့ ပျံသန်းသွားခဲ့လေတော့သည်။
ကြယ်စုတန်းနတ်ဘုရားကျွန်း၏အထက်တွင် ဧရာမကြယ်စင်ဥက္ကာခဲများ ပျံဝဲနေကြလေ သည်။
ဤကြယ်စင်ဥက္ကာခဲများကို အထူးပြုပြင်မွမ်းမံထားခြင်းဖြစ်ပြီး ကြယ်စင်အလင်းတန်းများ ကို အလွှာလိုက်ကျဆင်းစေကာ ကြယ်စုတန်းနတ်ဘုရားကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းထားခြင်း ဖြစ်လေသည်။
နတ်ဘုရားကျွန်း၏ အထက်တွင် မရေမတွက်နိုင်သော ဂိုဏ်းများနှင့် မိသားစု ပညာရှင်များမှာ အဝင်အထွက် လုပ်နေကြလေသည်။
ဝိညာဉ်သားရဲများနှင့် ပျံသန်းရေးယာဉ်များမှာ ကောင်းကင်ယံတွင် ပြည့်နှက်နေပြီး စည်ကား သိုက်မြိုက်သော မြင်ကွင်းတစ်ခု ဖြစ်နေလေသည်။
ရန်ရှောက်ထျန်းသည် ဆေးနံ့သာအိုးကို သူ၏အရှိန်အဝါကို ကာကွယ်ခိုင်းလိုက်ပြီး ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်၏ နတ်ဘုရားမြို့တော်ဆီသို့ ပျံသန်းသွားခဲ့လေတော့သည်။
***