“အား...”
“သခင်မကြီး... သခင်မကြီး... ကျွန်မ အသက်ကို ချမ်းသာပေးပါရှင်…။”
အိမ်စေမလေးမှာ အသားအရေဖြူဝင်းကာ လှပသူလေး ဖြစ်သော်လည်း ယခုအချိန်တွင်မူ တစ်ကိုယ် လုံး ကြိမ်လုံးဒဏ်ရာများဖြင့် သွေးချင်းချင်းနီကာ တုန်ရီနေရှာသည်။ သူမသည် မျက်ရည်များ မိုးပေါက် ကဲ့သို့ ကျဆင်းနေပြီး ကြည့်ရသူအပေါင်းကို သနားစဖွယ် ဖြစ်နေစေသည်။
“နင်က ဘယ်လောက်တောင် အရှက်မရှိတဲ့ ဖာသည်မလဲ... ငါ့ယောက်ျားကို ဘယ်လိုတောင် မြူစွယ်ရဲ ရတာလဲ…။”
သခင်မကြီး ဟုန်လင်းရှီသည် ထိုမိန်းကလေး၏ မေးစေ့ကို ဆွဲညှစ်လိုက်ပြီး မျက်နှာတစ်ခုလုံးတွင် မနာလိုဝန်တိုမှုနှင့် နာကျည်းမှုများ ပြည့်နှက်စွာကြည့်လိုက်လေသည်။ သူမ၏ သားဖြစ်သူမှာ ကလေး မရနိုင်တော့သည့် အခြေအနေ ဖြစ်နေချိန်၌ သူမ၏ယောက်ျားဖြစ်သူမှာ ဤမိန်းကလေးနှင့် ဖောက်ပြန် နေလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့မိပေ။
ဤသည်ကို သူမ လုံးဝသည်းမခံနိုင်ပေ။ ဟုန်မိသားစုတွင် သူမ မဟုတ်သော အခြားသူထံမှ ဆင်းသက် လာမည့် မည်သည့်မျိုးဆက်ကိုမှ သူမ ခွင့်မပြုနိုင်ပေ။ တစ်စုံတစ်ယောက် မွေးဖွားလာမည်ဆို ပါက သူမကိုယ်တိုင် မွေးသည့်ကလေးသာ ဖြစ်ရပေမည်။
“သခင်မကြီး... ကျွန်မမှာ အပြစ်မရှိပါဘူးရှင်….။”
ဟုန်လင်းရှီက အေးစက်သော မျက်နှာပေးဖြင့် အမိန့်ပေးလိုက်သည်။
“သူ့လက်ခြေတွေကို ချိုးပြီး စွန့်ပစ်ထားတဲ့ ရေတွင်းဟောင်းထဲ ပစ်ချလိုက်ကြ…”
“ဟူး...”
ခပ်လှမ်းလှမ်းမှ ထောင့်တစ်နေရာတွင်ရှိနေသော ဟုန်ကျန့်လင်က သက်ပြင်းချလိုက်သည်။ သို့သော် လည်း သူ ဝင်ရောက်တားဆီးခြင်မရှိခဲ့ပေ။ အကြောင်းမှာ သူ၏ဇနီးမှာ သူ၏သမီးကို မွေးပေးထားသော မိခင်ဖြစ်နေသဖြင့် အိမ်စေမလေးတစ်ယောက်အတွက်နှင့် သူမကို ရန်မပြုချင်သောကြောင့် ဖြစ်၏။
ဟုန်ကျန့်လင်သည် ဟုန်မိသားစု၏ မျိုးဆက်ကို ဆက်ခံရန် ဟုန်ထော့အတွက် ညီလေးတစ်ယောက် ရအောင် ကြိုးစားရန် အမှန်တကယ် စီစဉ်နေခဲ့ခြင်းဖြစ်လေသည်။
ကံဆိုးစွာဖြင့် ဟုန်လင်းရှီမှာ မကြာသေးမီက စိတ်မကြည်မလင် ဖြစ်နေပြီး အရေးကြီးသော အချိန်များ တွင် ငိုယိုနေတတ်သဖြင့် သူသည် စိတ်ကုန်နေခဲ့ရသည်။
သူမသည် ထျန်အာဖုန်း၏ အမည်ကိုပင် အော်ဟစ်နေတတ်ရာ ယောက်ျားတစ်ယောက်အနေဖြင့် သူ ဘယ်လိုသည်းခံနိုင်မည်နည်း။ ထို့ကြောင့်ပင် ကလေးရရန် အိမ်စေမလေးတစ်ဦးကို သူ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤမိန်းကလေးမှာ ဟုန်လင်းရှီ၏ သတ်ဖြတ်ခြင်းကို ခံရသော ပထမဆုံး အိမ်စေမလေး လည်းမဟုတ်တော့ပေ။
“ယုတ်မာတဲ့ ထျန်အာဖုန်း... မင်းကို ငါ ဖမ်းမိတဲ့နေ့ကျရင် သေချင်သွားအောင် ငါ နှိပ်စက်ပစ်မယ်…။”
ဟုန်ကျန့်လင်က အံကြိတ်ကာ ပြောလိုက်သော်လည်း သူ ဘာမှမတတ်နိုင်သေးပေ။ သူသည် ယခုအချိန် တွင် အခြားအရာများကို ဂရုမစိုက်နိုင်ဘဲ မနက်ဖြန် ကျင်းပမည့် ဟုန်မိသားစု၏ ဘိုးဘေးပူဇော်ပွဲ အတွက်သာ ပြင်ဆင်နေရခြင်းကြောင့်ပင်။
....................
နောက်တစ်နေ့ မနက်စောစောကတည်းက ဟုန်အိမ်တော်တစ်ခုလုံး အလုပ်ရှုပ်နေကြပြီ ဖြစ်သည်။ ယနေ့သည် ဟုန်မိသားစု၏ ဘိုးဘေးများကို ဂါရဝပြုရမည့် နေ့ထူးနေ့မြတ်ပင်ဖြစ်လေ၏။
လွန်ခဲ့သော ရက်အနည်းငယ်က ထျန်ဖုန်းက ဆူညံပွက်လောရိုက်အောင် လုပ်ခဲ့သော်လည်း ယခုရက်ပိုင်း အတွင်း အခြေအနေများမှာ ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်သည်။ ဖျင်ကျင်းမြို့အတွင်း၌လည်း ဟုန်မိသားစု၊ ဟုန်ထော့နှင့် ထျန်အာဖုန်းတို့အကြောင်းမှာ အဓိက ပြောစမှတ်ပြုစရာ ဖြစ်နေသည်။
ဟုန်မိသားစု၏ အစေခံများမှာလည်း မကြာသေးမီက ထိတ်လန့်စွာ နေထိုင်နေကြရသည်။ သခင်ကြီး၊ သခင်မကြီးနှင့် သခင်လေးတို့မှာ ဒေါသအလွန်ထွက်လွယ်နေပြီး သူတို့သဘောမကျပါက ရိုက်နှက် သတ်ဖြတ်နေကြသောကြောင့် ဖြစ်သည်။
ဟုန်ထော့မှာမူ လုံးဝစိတ်ပျက်အားငယ်နေပြီး သူ၏မျက်ဝန်းများမှာ အရောင်အဝါ ကင်းမဲ့နေသည်။ ဟုန်လင်းရှီမှာလည်း မျက်ရည်များနှင့်သာ အချိန်ကုန်ဆုံးနေပြီး သူမ၏ ဒေါသများကို အိမ်စေမလေး များအပေါ်သာ ပုံချနေတော့သည်။
မွန်းတည့်ချိန်သို့ ရောက်ရှိလာပြီ။
ညီအစ်ကိုနှစ်ဦးဖြစ်သော ဟုန်ကျန့်လင်နှင့် ဟုန်ကျန့်ချင်းတို့သည် ထွားကြိုင်းသော မြင်းကြီးများပေါ် တွင် စီးနင်းကာ ရှေ့ဆုံးမှ ဦးဆောင်လာကြ၏။ သူတို့နောက်တွင် လူအုပ်ကြီးက လိုက်ပါလာကြသည်။ အချို့က စည်နှင့် မောင်းများကို တီးခတ်နေကြပြီး အချို့က ဟုန်မိသားစု၏ အလံကို ကိုင်ဆောင်ထားကြ လေသည်။ အများစုမှာ ပူဇော်ပစ္စည်း ပစ္စည်းမျိုးစုံကို သယ်ဆောင်လာကြရာ ကြည့်ရသည်မှာ အလွန်ပင် ခမ်းနားလှပေသည်။
လမ်းတစ်လျှောက်တွင် ဖိတ်ကြားခံရသော ဧည့်သည်များလည်း ပူးပေါင်းပါဝင်လာကြရာ လူတန်းကြီး မှာ နဂါးကြီးတစ်ကောင်သဖွယ် ဖြစ်နေပြီး လမ်းပေါ်ရှိ လူတိုင်းက ဖယ်ပေးကြရလေသည်။ ဤ အခြင်းအရာက ဟုန်မိသားစုကို လှောင်ပြောင်နေကြသူများကို ဟုန်မိသားစု၏ အရှိန်အဝါအား ပြန်လည် ပြသလိုက်ခြင်းပင် ဖြစ်သည်။
မြို့တံခါးများမှာ ကျယ်ပြန့်စွာ ပွင့်နေပြီး မြို့တံခါးရှေ့ရှိ ဧရိယာကိုလည်း ရှင်းလင်းထားပြီး ဖြစ်သည်။ မြို့စားမင်းပင်လျှင် ဟုန်မိသားစုကို မပြစ်မှားဝံ့ပေ။ အင်ပါယာနန်းတော်က ဟုန်မိသားစုကို မကြောက် သလို မြစိမ်းတောင်ဂိုဏ်း ကိုလည်း မကြောက်ပေ။ မြို့စားမင်းတစ်ယောက်အတွက်နှင့်မူ မြစိမ်းတောင်ဂိုဏ်း ကို ရန်မလုပ်လိုပေ။
ဟုန်မိသားစုသည်လည်း အင်ပါယာနန်းတော်က မြစိမ်းတောင်ဂိုဏ်းကို ကြောက်ချင်မှ ကြောက်မည်ကို သိသဖြင့် မြို့အတွင်း၌ သူတို့ကိုယ်သူတို့ ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကြလေသည်။ သာမန်လူများကို နှိပ်စက်ခြင်း သို့မဟုတ် လူအနည်းငယ်ကို ရံဖန်ရံခါ သတ်ဖြတ်ခြင်းမှာ ပြဿနာမဟုတ်သော်လည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကိုမူ အင်ပါယာနန်းတော်က ခွင့်လွှတ်မည်မဟုတ်ပေ။
ထို့ကြောင့်ပင် လွန်ခဲ့သော ရက်ပိုင်းက မြို့ကို ပိတ်ရုံသာ ပိတ်ဝံ့ပြီး လူများကို စိတ်ထင်တိုင်း မသတ်ဖြတ် ဝံ့ခြင်း ဖြစ်သည်။
မြို့တံခါးမှ ထွက်ခွာပြီးနောက် လူအုပ်ကြီးမှာ မြောက်ဘက်သို့ ဦးတည်လိုက်ရာ မကြာမီ ဟုန်တောင်သို့ ရောက်ရှိသွားတော့သည်။ ဟုန်ကျန့်လင်သည် တောင်ကုန်းအလယ်ရှိ ဘိုးဘွားသင်္ချိုင်းကို ကြည့်ရင်း မျက်နှာပျက်နေသည်။ သူ၏ဘိုးဘွားများကို မည်သို့မျက်နှာပြရမည်နည်းဟု သူ တွေးနေမိသည်။
*ထားလိုက်ပါတော့လေ... ငါ ဘာမှမပြောတော့ဘူး။ သတင်းကောင်းကိုပဲ တင်ပြပြီး သတင်းဆိုးကို တော့ ဖုံးကွယ်ထားလိုက်မယ်….။*
တောင်ပေါ်သို့ တက်လာပြီးနောက် လူအုပ်ကြီးမှာ ရင်ပြင်ကျယ်တွင် ရပ်နားလိုက်ကြသည်။ အစေခံများ မှာ ပူဇော်ပစ္စည်းများကို ကျောက်စားပွဲပေါ်တွင် တင်ကြပြီး အမွှေးတိုင်နှင့် ဖယောင်းတိုင်များကို ထွန်းညှိလိုက်ကြလေသည်။
ဟုန်ကျန့်လင် ရှေ့သို့ လှမ်းတက်လိုက်စဉ်မှာပင် မျက်မှောင်ကြုတ်သွားသည်။ တစ်စုံတစ်ရာ နံစော်သော အနံ့ကို သူ ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ခြေရင်းရှိ ကျောက်ပြားကို စစ်ဆေးကြည့်လိုက် သည်။
“အနံ့က ဒီကလာတာလား….”
သူသည် ကျောက်ပြားကို ခြေထောက်ဖြင့် အသာနင်းကြည့်လိုက်ရာ မထင်မှတ်ဘဲ သူ၏ခြေထောက်မှာ ချော်သွားပြီး ကျောက်ပြားမှာ အနည်းငယ် ရွေ့သွားလေသည်။
“ဒီသင်္ချိုင်းကို ပြင်ဆင်ခဲ့တာ နှစ်အနည်းငယ်ပဲ ရှိသေးတာ... ဒါက ဘယ်လိုဖြစ်တာလဲ။ ပြင်ဆင်တဲ့ သူတွေက ပစ္စည်းခိုးထားကြတာလား…။”
ဤသို့တွေးမိသည်နှင့် ဟုန်ကျန့်လင်မှာ ဒေါသထွက်သွားတော့သည်။
*မိသားစုရဲ့ ဘိုးဘွားသင်္ချိုင်း မှာတောင် ပစ္စည်းခိုးဝံ့တဲ့သူ ရှိနေတယ်ပေါ့... သူတို့က သေချင်နေကြတာ ပဲ…။*
“ဘာဖြစ်လို့လဲ အစ်ကိုကြီး…”
ဟုန်ကျန့်ချင်းက အနားသို့ ရောက်လာပြီး သူ၏အစ်ကိုဖြစ်သူ မျက်နှာပျက်နေသည်ကို ကြည့်ကာ သိချင် စိတ်ဖြင့် မေးလိုက်သည်။ ဟုန်ကျန့်လင်က ပြန်မဖြေဘဲ အနားရှိ အစေခံများကို အမိန့်ပေးလိုက်သည်။
“ဒီက ကျောက်ပြားတွေကို ဖယ်လိုက်စမ်း…။”
အကယ်၍ တစ်စုံတစ်ယောက်က ပစ္စည်းခိုးထားသည်မှာ မှန်ကန်ပါက ဤတစ်ကြိမ်တွင် အားလုံးကို သတ်ဖြတ်ပြီး ဟုန်မိသားစု၏ အစွမ်းကို ပြသရမည်ဖြစ်သည်။
“ဟားဟား... ဘာလို့ ဒီလောက်အလုပ်ရှုပ်ခံနေမှာလဲ အစ်ကိုကြီး…။”
ဟုန်ကျန့်ချင်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
“ဒီကျောက်ပြားကို ငါ ခြေတစ်ချက်တည်းနဲ့ မှုန့်မှုန့်ညက်ညက် ဖြစ်အောင် လုပ်ပြမယ်…။”
သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေးဖြင့် ရပ်နေသည်။
“ကောင်းပြီ... ဒါဆိုလည်း မင်းပဲ လုပ်လိုက်တော့။ ငါ့ဟုန်မိသားစု အလုပ်မှာ ဘယ်သူက ခိုးလုပ်ထားလဲ ဆိုတာ ကြည့်ရသေးတာပေါ့…။”
“ဟွန်း... ကျောက်ပြားလေး တစ်ပြားတည်းကို ငါ ခြေတစ်ချက်တည်းနဲ့ ဖျက်ဆီးပြမယ် ကြည့်နေ လိုက်…။”
ဟုန်ကျန့်ချင်းသည် သူ၏ညာဘက်ခြေထောက်ကို မြှောက်လိုက်ရာ အနက်ရောင်အလင်းတန်းများ ဝန်းရံ သွားပြီး ဝက်ဝံနက်ကြီးတစ်ကောင်၏ ပုံရိပ်က ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။ သူသည် သူ၏ အစွမ်းအားလုံးကို ထိုကန်ချက်တွင် ထည့်သွင်းလိုက်ပြီး ကိုယ်ခံပညာ နည်းစနစ်ကိုပါ အသုံးပြု လိုက်လေသည်။
သူသည် လူအများရှေ့တွင် သူ၏ အစွမ်းကို ပြသလိုနေခြင်း ဖြစ်သည်။
“ဒါ ဝက်ဝံနက်လက်သီး မဟုတ်လား။ ဒုတိယသခင်ကြီးက ခြေထောက်နဲ့တောင် ဒီလောက် စွမ်းအားကို ထုတ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး…။”
ဟုန်ကျန့်လင်ပင်လျှင် ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။
“ငါ့ညီလေးရဲ့ ဝက်ဝံနက်လက်သီးနည်းစနစ်က အထွတ်အထိပ်အဆင့်ကို ရောက်နေပြီပဲ…။”
လူအုပ်ကြီး၏ ဝိုင်းကြည့်ခြင်းကို ခံစားရသဖြင့် ဟုန်ကျန့်ချင်းမှာ စိတ်ထဲမှ တိတ်တဆိတ် ကျေနပ်နေ သည်။ သို့သော်လည်း သူတို့မသိသည်မှာ လူအုပ်ထဲမှ တစ်စုံတစ်ယောက်က တိတ်တဆိတ် ထွက်ခွာ သွားပြီ ဖြစ်သည်ကိုပင်။
“ဟေ့...”
ဟုန်ကျန့်ချင်းက အော်ဟစ်ကာ ကျောက်ပြားပေါ်သို့ ပြင်းထန်စွာ နင်းချလိုက်တော့သည်။
“ဝုန်း...။”
“ခွပ်...။”
ကျောက်ပြားမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ကျည်ဆန်များသဖွယ် လွင့်ထွက် ကုန်တော့သည်။ သို့သော်လည်း မိမိကိုယ်ကို အစွမ်းထက်သည်ဟု ယူဆထားကြသော ဟုန်ကျန့်လင်နှင့် အပေါင်းအပါများမှာ နောက်သို့မဆုတ်ဘဲ သူတို့၏ ချီစွမ်းအင်များဖြင့် ကာကွယ်လိုက်ကြကာ ဆရာကြီး များကဲ့သို့ ရပ်နေကြသည်။
“ဗုန်း...။”
အနက်ရောင်အရာများက ပေါက်ကွဲထွက်လာပြီး အနှံ့အပြားသို့ စင်ထွက်သွားတော့သည်။
“အား... ကျွတ်ကျွတ်...”
“ဒုတိယသခင်ကြီးရဲ့ ဝက်ဝံနက်လက်သီးက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား…။”
အစပိုင်းတွင် အနက်ရောင်အစင်းကြောင်းများကို ဝက်ဝံနက်လက်သီးကြောင့်ဟု ထင်မှတ်ကာ အချို့က ချီးကျူးနေကြသေးသည်။ သို့သော်လည်း နံစော်သော အနံ့ဆိုးကြီးက သူတို့နှာခေါင်းထဲသို့ ရောက်ရှိလာ ချိန်တွင်မူ တစ်ခုခုမှားနေပြီမှန်း သူတို့ သဘောပေါက်သွားကြသည်။
“ဒါ... ဒါက ဝက်ဝံနက်လက်သီး မဟုတ်ဘူး….။”
“ဒါ... ဒါက အီးတွေလေ... မစင်တွေလေ…။”
“တောက်... ဟုန်မိသားစုရဲ့ ဘိုးဘွားသင်္ချိုင်းမှာ ဘာလို့ ဒီလိုအရာတွေ ရှိနေရတာလဲ…။”
ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပြီး လူတိုင်းက အသက်ဘေးမှ လွတ်မြောက်ရန် ကြိုးစားနေကြသကဲ့သို့ ထွက်ပြေးကုန်ကြလေသည်။ မည်သူမျှ ထိုအရာများနှင့် မထိမိစေရန် ရှောင်ရှားနေခဲ့ကြသည်။
ဟုန်ကျန့်ချင်းမှာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှာ ညစ်ပတ်ပေရေနေပြီ ဖြစ် သည်။ သူသည် အိမ်သာကျင်းထဲမှ တက်လာသူတစ်ဦးနှင့်ပင် တူနေတော့သည်။ ဘေးတွင်ရှိနေသော ဟုန်ကျန့်လင်မှာလည်း အခြေအနေ သိပ်မထူးပေ။ သူသည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သော်လည်း သူ၏ ကိုယ်ပေါ်တွင် အတော်များများ ပေကျံနေပြီ ဖြစ်သည်။
“ဘယ်သူလဲ... ဘယ်သူလုပ်တာလဲ…။”
“ထွက်လာခဲ့စမ်း…။”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ မည်သူမျှ အသံမထွက်ဝံ့ကြပေ။ ဟုန်ညီအစ်ကိုများက သူတို့အပေါ် ဒေါပုံချမည်ကို လူတိုင်းက စိုးရိမ်နေကြလေသည်။ ဟုန်မိသားစုဝင် မဟုတ်သူအချို့မှာမူ ရယ်ချင်နေကြသော်လည်း မျက်နှာတွင်တော့ မဖော်ပြဝံ့ကြပေ။
*ဒါက ဘိုးဘွားသင်္ချိုင်း မဟုတ်တော့ဘူး။ အခုကစပြီး အီးသင်္ချိုင်းလို့ အမည်ပြောင်းရတော့မယ်…။*
*ဒီလောက် ညစ်ပတ်တဲ့အရာတွေကို ဘယ်လိုလူစားက ဒီအပေါ်အထိ သယ်လာတာလဲမသိဘူး…။*
“ဟော... ဒါက ပူဇော်ပစ္စည်းလား။ ခင်ဗျားတို့ ဘိုးဘွားတွေက တကယ့်ကို ထူးဆန်းတဲ့ အကြိုက်တွေ ရှိတာပဲနော်…”
ထျန်ဖုန်းက လူအုပ်ထဲမှ ရှေ့သို့ ထွက်လာပြီး အနက်ရောင် ရေကန်ကြီးကို ကြည့်ကာ အံ့အားသင့်ဟန်ဖြင့် ပြောလိုက်သည်။
“ပူဇော်ပစ္စည်းတဲ့လား…။”
လူအများအပြားမှာ ထိုစကားကို ကြားသောအခါ မရယ်ဘဲ မနေနိုင်ဖြစ်သွားကြသည်။ ဤကဲ့သို့အရာကို ပူဇော်ပစ္စည်းဟု မည်သူက ပြောဝံ့မည်နည်း။
“မင်းက ဘယ်သူလဲ။ ဒါတွေက မင်းလုပ်တာလား….။”
ဟုန်ကျန့်လင်က ထျန်ဖုန်းကို စူးစိုက်ကြည့်ကာ သတ်ဖြတ်လိုသော အရှိန်အဝါများကို ထုတ်ဖော်လိုက် သည်။
“ခင်ဗျားဆီက တော်တော်နံတာပဲ။ အနားမလာနဲ့ဦး…။”
ထျန်ဖုန်းက သူ၏နှာခေါင်းကို ပိတ်ကာ နောက်သို့ တရွေ့ရွေ့ ဆုတ်လိုက်လေသည်။
“အစ်ကိုကြီး... ဒီကောင်က ထျန်အာဖုန်းပဲ…။”
ဟုန်ကျန့်ချင်းက သူ၏ကိုယ်မှ ထွက်နေသော အနံ့ဆိုးများကို ဂရုမစိုက်နိုင်ဘဲ အော်ပြောလိုက်သည်။ လွန်ခဲ့သော အကြိမ်က ထျန်ဖုန်း၏ မျက်နှာကို ဖုံးထားသော်လည်း သူ၏အသံကိုမူ မှတ်မိနေဆဲပင် ဖြစ်သည်။
“မင်းက တကယ့်ကို ပါးနပ်တာပဲ။ ဒါကိုတောင် ခန့်မှန်းမိတယ်ပေါ့…။”
ထျန်ဖုန်းက လက်မထောင်ကာ ချီးကျူးလိုက်ပြီးနောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြေညာလိုက်သည်။
“ငါက နာမည်ကိုလည်း မပြောင်းဘူး၊ မျိုးရိုးကိုလည်း မပြောင်းဘူး... ဟုတ်တယ်... ငါက ထျန်အာဖုန်း ပဲ…။”
***