“မင်း သေချင်နေတာပဲ…။”
ဟုန်ကျန့်လင်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ ဤယုတ်မာသောကောင်သည် ဦးစွာ သူ၏သားဖြစ်သူကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့ပြီး ယခုအခါ ဘိုးဘွားသင်္ချိုင်းမှာပါ လာရောက် ပြဿနာရှာနေသည်မဟုတ်ပါလား။
ဤနာကျည်းချက်ကို သူ မည်သို့မျှ သည်းခံနိုင်မည်မဟုတ်ပေ။ တစ်ဖက်လူကို သတ်ပစ်လိုက်ရုံဖြင့် သူ၏ဒေါသက ပြေပျောက်သွားမည်မဟုတ်။
“ဝိုင်းထားလိုက်ကြစမ်း…။”
အစောင့်များမှာ ထျန်ဖုန်းကို ဝိုင်းထားပြီး ဖြစ်သလို ဟုန်ကျန့်ချင်းကလည်း ထျန်ဖုန်း၏ နောက်ကျော ဘက်မှ ပိတ်ဆို့ထားလိုက်လေသည်။ ထျန်ဖုန်းမှာမူ လုံးဝ ကြောက်ရွံ့နေခြင်းမရှိပေ။ ယနေ့တွင် သူသည် အသက်ရှင်လျက် ပြန်ရန် အစီအစဉ်မရှိတော့ပေ။
သူသည် ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။ ထိုဓားမှာ လွန်ခဲ့သော ခဏက အစောင့်တစ်ဦးထံမှ တိတ် တဆိတ် ငှားလာခဲ့ခြင်းဖြစ်ပြီး သူ သေသွားချိန်မှသာ ပြန်ပေးရန် စိတ်ကူးထားလေသည်။
“သွား... သူ့ကို ဖမ်းကြစမ်း…။”
ဟုန်ကျန့်လင်က ဓားကိုဆွဲထုတ်ကာ ရှေ့သို့ ပြေးထွက်လိုက်သည်။ အစောင့်များနှင့် ဟုန်ကျန့်ချင်းတို့ သည်လည်း လက်နက်မျိုးစုံကို ကိုင်ဆောင်ကာ တစ်ဟုန်ထိုး တက်လာကြတော့သည်။
“ဟာ... ခင်ဗျားတို့ကလည်း ဘာလို့ ဒီလောက်တောင် ညစ်ပတ်နေရတာလဲ…။”
တံမြက်စည်းမှာ အီးပေနေလျှင် လူဘူ ဝင်စားသလို ဘယ်သူမှ မထိဝံ့သကဲ့သို့ ယခုအခါ ဟုန်ကျန့်လင် ညီအစ်ကိုနှစ်ဦးမှာလည်း လူဘူတစ်ရာ ပူးကပ်နေသကဲ့သို့ ဖြစ်နေသဖြင့် ထျန်ဖုန်းမှာ တိုက်ခိုက်ရသည် မှာ အလွန်ပင် ခက်ခဲနေခဲ့သည်။
ဟုန်ညီအစ်ကိုမှာ လှုပ်ရှားမှုတိုင်းတွင် သူတို့ကိုယ်ပေါ်မှ ညစ်ပတ်သောအရာများကို ခါချနေသဖြင့် ထျန်ဖုန်းမှာ ကာကွယ်ရန်ပင် ခက်ခဲနေတော့သည်။
“တောက်... ငါတော့ ကိုယ့်တွင်းကိုယ်တူးမိပြီထင်တယ်…။”
ထျန်ဖုန်းက မကျေမနပ် ရေရွတ်လိုက်မိသည်။ မိမိလုပ်ခဲ့သော အကျိုးဆက်ကို မိမိကိုယ်တိုင် ပြန်ခံစား နေရခြင်း ဖြစ်သည်။
“ဟေ့... ငါ မင်းတို့နှစ်ယောက်နဲ့ စေ့စပ်ညှိနှိုင်းစရာရှိတယ်။ မင်းတို့ အိမ်ပြန်ပြီး အရင် ရေချိုးလိုက်ကြ ပါလား။ ပြီးမှ ငါတို့ နောက်ထပ် အချီပေါင်း (၃၀၀) လောက် ဆက်တိုက်ကြတာပေါ့…။”
“ပါးစပ်ပိတ်ထားစမ်း….။”
“ဒီနေ့က မင်းရဲ့ သေနေ့ပဲ….။”
ဟုန်ညီအစ်ကိုမှာ နံစော်နေသော အနံ့ဆိုးများနှင့်အတူ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ တရားခံ က သူတို့ကို အိမ်ပြန်ရေချိုးရန် အကြံပေးလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားမိပေ။ ဒါက တကယ့်ကို အတင့်ရဲလွန်းနေသည်ပင်။
“ငါ ထွက်ပြေးမှာကိုတော့ စိတ်မပူနဲ့။ မင်းတို့ ရေချိုးပြီးတဲ့အထိ ငါ သေချာပေါက် အသင့်စောင့်နေ ပေးမယ်...။”
ထျန်ဖုန်းက တည်ငြိမ်သော မျက်နှာပေးဖြင့် အလေးအနက် ပြောလိုက်သည်။ တစ်ဖက်လူ၏ မျက်နှာ ပျက်ယွင်းသွားသည်ကိုလည်း သူ ဂရုမစိုက်သလို၊ ယခုအချိန်မှာ နောက်ပြောင်ရမည့်အချိန် မဟုတ် သည်ကိုလည်း သတိမထားမိပေ။
ကြည့်ရှုနေသူအားလုံးမှာ ဆွံ့အကုန်ကြသည်။
*သူတို့က မင်းကို သတ်တော့မှာလေ... အဲဒါကို မင်းက သူတို့ကို အိမ်ပြန်ရေချိုးခိုင်းပြီးမှ ပြန်လာတိုက်ဖို့ ပြောနေတာလား။*
“ချွမ်း... ချွမ်း... ချွမ်း... ”
ဓားချင်းရိုက်ခတ်သံများနှင့် ပြင်းထန်သော တိုက်ပွဲများအကြားတွင် ထျန်ဖုန်းမှာ လူအင်အား မမျှသဖြင့် နောက်ဆုံး၌ အရေးနိမ့်လာခဲ့တော့သည်။ ဟုန်ကျန့်လင်မှာ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၆) တွင် ရှိနေပြီး ထျန်ဖုန်းမှာမူ အဆင့် (၅) သာ ရှိသေးသဖြင့် ခဏအတွင်းမှာပင် သူ၏ တစ်ကိုယ်လုံး၌ ဒဏ်ရာ များ ပြည့်နှက်သွားတော့သည်။
အခြေအနေက တော်တော်လေး ဆိုးရွားလာချိန်တွင် ထျန်ဖုန်းက နောက်ဆုံးစကားကို ပြောလိုက်သည်။
“တောက်... ငါ သေသွားရင်တောင် မင်းတို့ကိုတော့ ဒုက္ခပေးသွားဦးမှာပဲ….။”
ထိုစကားကို ကြားသောအခါ ဟုန်မိသားစုဝင်များက သူ သေနတ်ဖြင့် တိုက်ခိုက်တော့မည်ဟု ထင်မှတ် ကာ အရှိန်လျှော့လိုက်ကြသည်။
“ငါ မင်းတို့ ဘိုးဘွားတွေရဲ့ ကျောက်စာတိုင်ပေါ်မှာပဲ သေပြမယ်။ ဒါမှ မင်းတို့ ဘိုးဘွားတွေကို ကန်တော့ တိုင်း ငါပါ အပူဇော်ခံရမှာ…။”
သူသည် ကျောက်စာတိုင်ဆီသို့ ဦးတည်ကာ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
“တောက်... သူ့ကို တားကြစမ်း….။”
ဟုန်ကျန့်လင်က စိုးရိမ်တကြီး အော်လိုက်သော်လည်း ထျန်ဖုန်းမှာ သူတို့နှင့် အလှမ်းဝေးနေပြီ ဖြစ်သည်။
“ငါ့ညီ ထျန်ဆန်းဖုန်းက ငါ့အတွက် လက်စားချေလိမ့်မယ်။ ဟုန်ထော့က ငါ့အစ်ကိုကြီးကို သတ်ခဲ့တယ်၊ အခု မင်းတို့က ငါ့ကို ထပ်သတ်ပြန်ပြီ။ ငါတို့ ညီအစ်ကိုတွေက နောက်မှ မွေးတဲ့သူက ပိုပြီး ပါရမီပါ တာကွ။ ဟားဟားဟား... ဟုန်မိသားစုတော့ ပျက်စီးတော့မှာပဲ…။”
“ငါ ဒီမှာပဲ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်မယ်။ ငါ့ရဲ့ အရိုးပြာတွေက ဒီသင်္ချိုင်းနဲ့ တစ်သားတည်း ဖြစ်သွား လိမ့်မယ်။ နောက်ဆို မင်းတို့ ဘိုးဘွားတွေကို လာကန်တော့ရင် ငါပါ ဒီမှာ ရှိနေတယ်ဆိုတာ မမေ့နဲ့ဦး။”
ပြောပြီးသည်နှင့် သူသည် ကျောက်စာတိုင်ကို ဦးခေါင်းဖြင့် အရှိန်ပြင်းစွာ ဆောင့်လိုက်တော့သည်။
“ခွပ်...။”
ကျောက်စာတိုင်၏ အစွန်းတစ်ဖက်မှာ ကျိုးထွက်သွားပြီး ထျန်ဖုန်း၏ ဦးခေါင်းခွံမှာလည်း ကြေမွသွား လေတော့သည်။ ထို့နောက် သူ၏ တစ်ကိုယ်လုံးမှာ မီးတောက်များဖြင့် ဝါးမြိုခြင်း ခံလိုက်ရသည်။ စက္ကန့် အနည်းငယ်အကြာတွင် မီးတောက်များ ပျောက်ကွယ်သွားပြီး အရိုးပြာ အနည်းငယ်သာ ကျန်ရစ်တော့ လေသည်။
တကယ့်ကို ကြေကွဲစရာ ကောင်းလှပေသည်။ ဤအရိုးပြာများမှာ ထျန်ဖုန်း၏ အရိုးပြာများ မဟုတ်ဘဲ သူ မသေဆုံးမီ သိုလှောင်အိတ်ထဲမှ ထုတ်လိုက်သော ပြာများသာ ဖြစ်လေသည်။
“မုန်းစရာကောင်းလိုက်တာကွာ…။”
ဟုန်ကျန့်လင်မှာ ထိုအရာများကို ကြည့်ကာ ဒေါသနှင့် ဝမ်းနည်းမှုများ ရောယှက်နေတော့သည်။ ထျန်ဖုန်း သေသွားသော်လည်း သူ စိတ်သက်သာရာ မရခဲ့ပေ။ သူသည် ထျန်ဖုန်း သေသွားသည့်အတွက် ဝမ်းနည်း နေခြင်း မဟုတ်ဘဲ တစ်ဖက်လူက လွယ်လွယ်ကူကူ သေသွားသဖြင့် သူ၏ အလောင်းကိုပင် မဖျက်ဆီး လိုက်ရသောကြောင့် ဖြစ်သည်။
“သူကတော့ လွယ်လွယ်လေး လွတ်သွားတာပဲ….။”
ဟုန်ကျန့်ချင်းက တစ်ကိုယ်လုံး နံစော်နေသည့် ကြားမှ အံကြိတ်ကာ ပြောလိုက်သည်။
“သူ့ပြာတွေကို ယူပြီး ခွေးကျွေးလိုက်ကြစမ်း…။”
ဟုန်ကျန့်လင်က အစေခံများကို အမိန့်ပေးလိုက်သည်။
“ပြီးတော့ ဟိုအောက်က အညစ်အကြေးတွေကိုလည်း ချက်ချင်း ရှင်းပစ်ကြ…။”
“အစ်ကိုကြီး... နောက်ဆိုရင် ငါတို့ ဒီကို ဘိုးဘွားလာကန်တော့ဦးမှာလား…။”
ဟုန်ကျန့်ချင်းက ထျန်ဖုန်း၏ စကားကို ပြန်သတိရသွားသည်။
“ဘာ... ဒါတွေက မင်းရဲ့ ဘိုးဘွားတွေ မဟုတ်လို့လား…။”
ဟုန်ကျန့်လင်က ဒေါသတကြီးဖြင့် ကျောက်စာတိုင်ကို ညွှန်ပြကာ ဆဲဆိုလိုက်သည်။
ဟုန်ကျန့်ချင်းက တိုးတိုးလေး ပြန်ပြောရှာသည်။
“ဒါပေမဲ့ အဲဒီ ယုတ်မာတဲ့ ထျန်အာဖုန်းကလည်း ဒီမှာ ရှိနေတာလေ…။”
ဟုန်ကျန့်လင်မှာ သူ၏စကားကြောင့် ကြောင်အမ်းသွားသည်။ ထျန်ဖုန်း ပြောသွားသော စကားနှင့် သူ ဤနေရာတွင် သေဆုံးသွားသည်မှာ အမှန်ပင် ဖြစ်သည်။ နောက်ဆိုရင် ဘိုးဘွားပူဇော်ပွဲ လုပ်တဲ့အခါ ဘာဖြစ်မလဲ။
သူတို့က အောက်မှာ ဒူးထောက် ကန်တော့ကြမည်။ တစ်ဖက်က မျိုးဆက်သစ်များ ဟု ဆိုချိန်တွင် အခြားတစ်ဖက်က ဘိုးဘွားများကို ကန်တော့ခြင်း ဟု ဆိုကြလိမ့်မည်။ ထိုအခါ ထျန်အာဖုန်းဆိုသည့် ကောင်ကလည်း အပူဇော်ခံရာတွင် ပါဝင်နေတော့မည် မဟုတ်ပါလား။
ဟုန်ကျန့်လင်သည် တွေးရင်းဖြင့် ပို၍ ဒေါသထွက်လာကာ ကျောက်စာတိုင်ခြေရင်းရှိ ပြာပုံပေါ်သို့ တံတွေးဖြင့် ထွေးချလိုက်သည်။
“အစ်ကိုကြီး...”
ဟုန်ကျန့်ချင်းမှာ ထိတ်လန့်သွားသည်။
*သူ၏အစ်ကို ရူးသွားပြီလား။ ဘိုးဘွားသင်္ချိုင်းရှေ့မှာ တံတွေးထွေးရဲတယ် ဟုတ်လား…။*
ဟုန်ကျန့်လင်လည်း သူ ဘာလုပ်လိုက်မိသည်ကို သတိရကာ ပျာယာခတ်သွားသော်လည်း တည်ငြိမ်ဟန် ဆောင်လိုက်လေသည်။
“ဒီပြာတွေကို မြန်မြန် ဖယ်ပစ်စမ်း။ ငါ ခုနက တံတွေးထွေးလိုက်သလို မင်းတို့အားလုံးလည်း ထွေးကြ။ ပြီးမှ ခွေးကျွေးလိုက်ကြ…။”
ဟုန်ကျန့်ချင်းက နားမလည်နိုင်စွာ မေးလိုက်သည်။
“အစ်ကိုကြီး... ခွေးက ပြာစားလို့လား…။”
ဟုန်ကျန့်လင်မှာ ဆွံ့အသွားပြီးနောက် စိုက်ကြည့်လိုက်သည်။
“ပြာထဲကို အီးပုံတစ်ပုံလောက် ထည့်ပေးလိုက်ရင် ရပြီမဟုတ်လား။ မင်းက စားဖို့ပဲသိပြီး အီးပါဖို့ မသိတဲ့ မိစ္ဆာသားရဲလား…။”
ကံကောင်းထောက်မစွာဖြင့် ထျန်ဖုန်းမှာ ဤအစီအစဉ်ကို မသိရှိခဲ့ပေ။ သို့မဟုတ်ပါက သူသည် ထိုပြာ များကို ဟုန်ကျန့်လင်၏ ဖခင်ဖြစ်သူ ပြာများနှင့် လဲလှယ်ထားမည်မှာ သေချာလှပေသည်။
“ငါတို့ ဘိုးဘွားသင်္ချိုင်းကို တခြားတစ်နေရာ ရွှေ့ဖို့ အချိန်တစ်ခုလောက် ညှိနှိုင်းရမယ်…။”
ဟုန်ကျန့်လင်က တိုးတိုးလေး ပြောလိုက်သည်။
“ဒါနဲ့ အစ်ကိုကြီး... ခုနက ကောင်လေးပြောတာ သူ့မှာ နောက်ထပ် ညီတစ်ယောက် ရှိသေးတယ်ဆို တာ... အဲဒါ အဆင်ပြေပါ့မလား….။”
ဟုန်ကျန့်ချင်းမှာ အနည်းငယ် စိုးရိမ်နေသည်။ သူသည် ထျန်အာဖုန်းဆိုသည့် ယုတ်မာသောကောင်ကို တကယ့်ကို ကြောက်လန့်နေပြီ ဖြစ်သည်။
ဟုန်ကျန့်လင်၏ နှုတ်ခမ်းများ တုန်ရီသွားပြီး ပြောလိုက်လေသည်။
“အဲဒီကောင်လို မယုတ်မာသရွေ့တော့ အဆင်ပြေပါတယ်….။”
သူသည် သူ၏တုံးအသော သားဖြစ်သူကို တကယ့်ကို ပါးရိုက်ချင်နေမိသည်။
*ဘာလို့ အစ်ကိုဖြစ်သူကို သွားနှိပ်စက်မိတာလဲ၊ အခုတော့ သတ်တောင် သတ်ပစ်လိုက်ရပြီ…။*
....................
“စနစ်... ဆုလာဘ်က ဘယ်မှာလဲ…။”
[ ဂုဏ်ယူပါတယ် ပိုင်ရှင်... ပိုင်ရှင်သည် အပြေးဒင်္ဂါး (၅၀) ရရှိပါတယ်။]
[ဂုဏ်ယူပါတယ် ပိုင်ရှင်... ပိုင်ရှင်သည် လူအများရှေ့တွင် အရှက်ခွဲနိုင်ခဲ့ပါသည်။ သင်္ချိုင်းမှာ အညစ် အကြေးများဖြင့် ပြည့်နှက်သွားစေပြီး ဟုန်မိသားစု ဘိုးဘွားများနှင့် တစ်သားတည်း ဖြစ်အောင် လုပ်နိုင် ခဲ့ပါသည်။ ဘိုးဘွားများကို ပူဇော်ခြင်းသည် သင့်ကို ပူဇော်ခြင်းပင် ဖြစ်သည်။ ဆုလာဘ် တိုက်ပွဲဝင် အမှတ်(၅၀၀)။ ]
ထျန်ဖုန်းသည် သူ၏ လက်ကျန်ကို စစ်ဆေးကြည့်လိုက်သည်။
[အပြေးဒင်္ဂါး: (၃၅၀) ]
[တိုက်ပွဲဝင်အမှတ်: (၅၅၀) ]
ထျန်ဖုန်း မျှော်လင့်ထားသည့်အတိုင်းပင် သူသည် အပြေးဒင်္ဂါး (၅၀) သာ ရရှိခဲ့သည်။ အကြောင်းမှာ သူသည် ထွက်မပြေးဘဲ ရှောင်တိမ်းရုံသာ လုပ်ခဲ့သောကြောင့် ဖြစ်သည်။ တိုက်ပွဲဝင်အမှတ် (၅၀၀) မှာမူ လုပ်ရသည်နှင့် တန်ပေသည်။
သူသည် တိုက်ပွဲဝင်အမှတ်များကို စုဆောင်းထားရန် ဆုံးဖြတ်လိုက်သည်။ နောင်တွင် လိုအပ်မည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ သို့မဟုတ် ရှားပါးရတနာများအတွက် အသုံးပြုရပေမည်။
ပြဿနာကြီးကြီးမားမား ရှာရန်မှာ အချိန်၊ နေရာနှင့် လူ အခြေအနေများ ကိုက်ညီရန် လိုအပ်ပေသည်။
[ ဝိုး... ထန်လေး... မင်းကတော့ တကယ့်ကို ပြဿနာရှာတဲ့နေရာမှာ ဆရာကြီးပဲ။ ဟုန်မိသားစုတော့ တော်တော် ဒေါသထွက်နေမှာပဲ။ ဟားဟားဟား...]
စနစ်မှာ အားရပါးရ ရယ်မောနေတော့သည်။
“ဒါပေါ့... ငါက ပါရမီရှင်ပဲလေ…။”
ထျန်ဖုန်းက ကျောက်တုံးပေါ်တွင် ခြေတစ်ဖက်တင်ကာ ဂုဏ်ယူနေစဉ် လေပြေလေးက သူ၏ ဝတ်စုံကို လှုပ်ခတ်သွားစေသည်။
*ဟင်... ငါ့အဝတ်အစားတွေ ဘယ်ရောက်သွားတာလဲ…။*
ခဏအကြာတွင် ထျန်ဖုန်းသည် အဝတ်အစားများ ပြန်လည်ဝတ်ဆင်လိုက်သည်။ ယနေ့တွင် လူအများ အပြားက သူ့ကို မြင်တွေ့ခဲ့သဖြင့် မြို့ထဲသို့ ချက်ချင်းပြန်ဝင်ရန် မသင့်တော်ပေ။ သူသည် ဆေးလုံးများ လုံလောက်စွာ ရှိနေပြီဖြစ်သဖြင့် ခဏတာ တောထွက်ကာ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
သူ၏ လုပ်ရပ်များမှာ နောက်တစ်နေ့တွင် ဖျင်ကျင်းမြို့တစ်ခုလုံးသို့ ပြန့်နှက်သွားတော့သည်။
“ဘုရားရေ... ဟုန်မိသားစုကတော့ တကယ့်ကို ကံဆိုးတာပဲ…။”
“ဟုန်မိသားစုက သင်္ချိုင်းကို ရွှေ့ဖို့ စီစဉ်နေတယ်လို့ ကြားတယ်….။”
“ဒါပေါ့... မဟုတ်ရင် နောက်ဆို ဘိုးဘွားပူဇော်တိုင်း ထျန်အာဖုန်းကိုပါ ဒူးထောက်နေရမှာလေ…။”
“ဒီထျန်အာဖုန်းကတော့ တကယ့်ကို မကြောက်ရွံ့တတ်တဲ့သူပဲ။ ဟုန်မိသားစု သင်္ချိုင်းမှာတောင် ဒီလို လုပ်ရဲတယ်…။”
“ကြားရသလောက်တော့ ထျန်အာဖုန်းက ဒါတွေအားလုံးကို သူ၏အစ်ကိုကြီးအတွက် လုပ်ပေးတာတဲ့။ သူ၏အစ်ကိုကြီး ထျန်ဖုန်းက ရိုးသားအေးဆေးတဲ့ သာမန်လူတစ်ယောက်ပါပဲ။ ဒါပေမဲ့ ဟုန်ထော့ကို နှုတ်မဆက်မိလို့ မြို့ပြင်ကို ဆွဲထုတ်ခံရပြီး နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့တာ။ အဲဒါကို သိသွားတဲ့ ထျန်အာဖုန်းက သူ၏အစ်ကိုကြီးအတွက် လက်စားချေဖို့ ကတိပြုခဲ့ရာကနေ အခုလို ဖြစ်လာတာတဲ့..။”
“ဟုန်ထော့က ဘာလို့ ထျန်ဖုန်းကို နှိပ်စက်ရတာလဲ။ ထျန်ဖုန်းက သူ့အစ်ကိုအပေါ် တကယ့်ကို သစ္စာ ရှိတာပဲ…။”
“ဟူး... ဒီလိုညီမျိုး တစ်ယောက်ရှိရင်ပဲ ဒီဘဝအတွက် လုံလောက်ပါပြီ…။”
“ထျန်အာဖုန်း... ဖြောင့်မတ်တည်ကြည်လှတဲ့ ယောက်ျားကောင်းတစ်ယောက်ပဲ။ ဒီဘွဲ့နဲ့ တကယ့်ကို ထိုက်တန်ပါတယ်….။”
***