အချိန်တွေက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ရာ နှစ်လပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
နှစ်လဆိုသော အချိန်သည် ကမ္ဘာကြီးအတွက် များစွာသော ပြောင်းလဲမှုများကို မဆောင်ကြဉ်းနိုင် သော် လည်း သာမန်လူသားတို့နေထိုင်ရာ ဖျင်ကျင်းမြို့လေးအတွက်မူ ထူးခြားမှုအချို့ ရှိနေသည်။ မြို့အတွင်း၌ ယခင်ကကဲ့သို့ ဗိုလ်ကျစိုးမိုးနေသော သခင်လေးတစ်ယောက် မရှိတော့ဘဲ ပြောစမှတ်ပြု စရာ သတင်း စကားများသာ ပိုမိုများပြားလာခဲ့သည်။
လွန်ခဲ့သော နှစ်လနှင့် နှိုင်းယှဉ်ပါက ‘ထျန်အာဖုန်း’ ဆိုသည့် အမည်မှာ ပြောဆိုသူ နည်းပါးသွားခဲ့ပြီ။ အကြောင်းမှာ သူသည် သေဆုံးသွားသူတစ်ဦး ဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း ဟုန်မိသားစုကမူ သူတို့အပေါ် အဆုံးမရှိသော အရှက်ခွဲမှုများကို ပေးခဲ့သည့် ထိုယုတ်မာ သောကောင်ကို မေ့နိုင်ခြင်း မရှိကြသေးပေ။
ဟုန်ထော့မှာ ညတိုင်း အိပ်မက်ဆိုးများ မက်နေရပြီး သူ၏ မျိုးဆက်ပြန့်ပွားရေး အင်္ဂါကို အကန်ခံလိုက် ရသည့် မြင်ကွင်းကို အကြိမ်ကြိမ် ပြန်မြင်နေရသည်။ ထျန်အာဖုန်းမှာ သူ၏ဘဝအတွက် တကယ့်ကို အိပ်မက်ဆိုးကြီး ဖြစ်လာခဲ့ချေ၏။
သခင်မကြီး ဟုန်လင်းရှီမှာလည်း နေ့ရက်တိုင်းကို မျက်ရည်များနှင့် ဆဲဆိုခြင်းများဖြင့်သာ ကုန်ဆုံးနေပြီး မည်သူ့အပေါ်မှ ကြင်နာမှု မပြတော့ပေ။ အိမ်တော်အတွင်းရှိ အစေခံများမှာ သူမ၏ ဒေါသပုံချခြင်းကို အမြဲတစေ ခံနေကြရသည်။
ဟုန်ကျန့်လင်မှာမူ ကလေးရရန်အတွက် အလုပ်ရှုပ်နေတော့သည်။ အသက် (၅၀) ကျော်မှ မိသားစု မျိုးဆက်ကို ဆက်ခံရန်ဟူသော လေးလံသည့် တာဝန်ကြီးကို ထမ်းဆောင်နေရသော်လည်း သူသည် ထိုအလုပ်ကို ပျော်မွေ့နေပုံရပေသည်။
ဟုန်ကျန့်ချင်းကမူ စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိသည်။ ဟုန်ထော့မှာ အသုံးမကျတော့သလို သူ၏အစ်ကိုဖြစ်သူမှာလည်း ဤအသက်အရွယ်တွင် ကလေးရနိုင်ပါဦးမည်လားဟု သူ သံသယဝင်နေ မိသည်။ နောက်ဆုံးတွင် သူ၏သားသမီးများသာ ဟုန်မိသားစု၏ လုပ်ငန်းများကို ဆက်ခံရဖွယ် ရှိနေသည်။ တစ်ခါတစ်ရံတွင် သူသည် ထျန်အာဖုန်းက သူ၏အစ်ကိုကြီးကိုပါ အဲဒီတုန်းက အနည်းငယ် ကန်ကျောက်သွားခဲ့လျှင် ပိုကောင်းမည်ဟုပင် တွေးမိနေသေးသည်။
*ခင်ဗျား အသက်ကြီးမှ ကလေးရဖို့ ဒီလောက်ကြိုးစားနေတာ... ခါးနာကုန်ဦးမယ်….*
ဟုပင် သူ စိတ်ထဲမှ ကျိတ်၍ လှောင်ပြောင်နေမိသည်။
ထျန်အာဖုန်း သေဆုံးသွားပြီဟု ယူဆထားသဖြင့် ဟုန်မိသားစုသည် မြို့ကို ပိတ်ဆို့ထားခြင်းနှင့် စစ်ဆေး မှုများကို ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။ သူ သေဆုံးပြီး နောက်တစ်နေ့ကတည်းက ဖျင်ကျင်းမြို့မှာ ယခင် က ကဲ့သို့ ပြန်လည်သက်ဝင်လာခဲ့ပြီး ယခုအခါ အရာအားလုံး ပုံမှန်အတိုင်း ဖြစ်နေခဲ့လေပြီ။
ယခုအချိန်တွင် နှစ်ထပ်အရက်ဆိုင်တစ်ခုအတွင်း၌ ဧည့်သည်များမှာ ခွက်ချင်းတိုက်ကာ ကောင်းကင် အောက်မှ အကြောင်းအရာမျိုးစုံကို စည်ကားသိုက်မြိုက်စွာ ပြောဆိုနေကြသည်။
“ဟေ့... မင်းတို့ ကြားပြီးပြီလား။ မနက်ဖြန်ကျရင် ဟုန်မိသားစုရဲ့ သမီးကြီး မြို့ကို ပြန်လာတော့မယ် တဲ့…။”
“သူက မြစိမ်းတောင်ဂိုဏ်းရဲ့ ထူးချွန်တဲ့ တပည့်တစ်ယောက်လေ။ ငါတို့လို သာမန်လူတွေနဲ့ မတူတဲ့ အင်မော်တယ်သခင်မလေး တစ်ပါးပဲ…။”
“ဟုတ်တယ်... ကြားရသလောက်တော့ သူက အသက် (၂၀) တောင်မပြည့်သေးဘဲ ချီစွမ်းအင်သန့်စင် ခြင်း နှောင်းပိုင်းကို ရောက်နေပြီတဲ့။ နောက်ထပ် နှစ်အနည်းငယ်ဆိုရင် အခြေခံအုတ်မြစ် တည်ဆောက် ခြင်းအဆင့်တောင်ရောက်တော့မယ်လို့ ပြောကြတယ်…။”
“အား... ကျွတ်ကျွတ်... ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၆) ရှိတဲ့သူတောင် ဖျင်ကျင်းမြို့ကို စိုးမိုးနိုင် တာလေ။ သူသာ အခြေခံအုတ်မြစ် တည်ဆောက်နိုင်သွားရင်တော့...”
“စိတ်မပူပါနဲ့... သူလို မြင့်မြတ်တဲ့သူက ဖျင်ကျင်းမြို့လို နေရာသေးသေးလေးမှာ ဘယ်နေပါ့မလဲ။ ဒါပေမဲ့ ဒါကြောင့်လည်း ဟုန်မိသားစုကို ဘယ်သူမှ မထိဝံ့ကြတာပေါ့…။”
“ဟူး... ‘လူတစ်ယောက် နတ်ဖြစ်ရင် သူ့အိမ်က ကြက်နဲ့ ခွေးတွေတောင် အကျိုးရှိတယ်’ ဆိုတာ တကယ်ပဲ….။”
“ဟုတ်ပါ့... ဒါပေမဲ့ ငါ သိချင်တာက ဟုန်ထော့က သူ့အစ်မ ပြန်လာပြီး မြင်သွားတဲ့အခါ အစ်မ လို့ ခေါ်မလား အစ်ကိုလို့ ခေါ်မလား ဆိုတာပဲ…။”
မြို့တစ်ခုလုံးမှာ ဟုန်မိသားစု၏ သမီးကြီးဖြစ်သူ ဟုန်လင်း ပြန်လာမည့် သတင်းဖြင့် ဆူညံနေတော့ သည်။ လွန်ခဲ့သော အချိန်က ထျန်ဖုန်းကြောင့် ဟုန်မိသားစု အရှက်တကွဲ ဖြစ်ခဲ့ရသဖြင့် လူအချို့က ဟုန်မိသားစုကို ကြောက်ရွံ့ခြင်း နည်းပါးလာခဲ့ကြသည်။ သို့သော် ယခု သတင်းကြောင့် လူတိုင်းက ပြန်လည် ငြိမ်သက်သွားကြပြီး မည်သူမျှ မရဲတင်းဝံ့ကြတော့ပေ။
နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့ပြီ။
မြို့တံခါးအပြင်ဘက်တွင် ဟုန်ညီအစ်ကိုနှစ်ဦးနှင့် ဟုန်မိသားစုဝင် အများအပြား အပါအဝင် ဖျင်ကျင်းမြို့ ရှိ ထင်ရှားကျော်ကြားသူအားလုံးမှာ စောင့်ဆိုင်းနေကြသည်။ လူတိုင်းက မတ်တပ်ရပ်နေကြပြီး မည်သူ မျှ ထိုင်ရန် မဝံ့ရဲကြပေ။
“အစ်ကိုကြီး... လင်းအာ ဘာလို့ အခုထိ ရောက်မလာသေးတာလဲ။ ကျွန်တော်တို့ စောင့်နေတာ တစ်နာရီ တောင် ရှိနေပြီ…။”
ဟု ဟုန်ကျန့်ချင်းက ပြောလိုက်သည်။
“မင်း မစောင့်နိုင်ရင်လည်း ထွက်သွားလေ။ ငါ ပြောပြမယ်... ဒီတစ်ခါ လင်းအာ တစ်ယောက်တည်း ပြန်လာတာ မဟုတ်ဘူး၊ သူ့ရဲ့ ဂိုဏ်းတူ ညီအစ်ကို မောင်နှမတွေကိုပါ ခေါ်လာတာ။ မင်း သူတို့ကို စော်ကားမိရင်တော့ ငါလည်း မတတ်နိုင်ဘူး…။”
ဟု ဟုန်ကျန့်လင်က စိုက်ကြည့်ကာ ပြောလိုက်သည်။
ဟုန်ကျန့်ချင်းမှာ ချက်ချင်းပင် အသံတိတ်သွားတော့သည်။ နောက်ထပ် အမွှေးတိုင် တစ်တိုင်စာခန့် ကြာပြီးနောက် လူတိုင်း စိတ်မရှည် ဖြစ်နေကြစဉ်မှာပင်။
“ဟိုမှာ ကြည့်စမ်း... ကောင်းကင်မှာ ပျံနေတာ ဘာကြီးလဲ…။”
မျက်စိရှင်သူတစ်ဦးက ကောင်းကင်ပေါ်မှ အရာတစ်ခုကို လှမ်းမြင်လိုက်သည်။
“ဒါ... ဒါက ဘာကြီးလဲ…။”
“ဒါက... လှေပျံကြီးလား….။”
ထိုလှေကြီးမှာ အရှိန်အဟုန်ဖြင့် နီးကပ်လာသောအခါ လူတိုင်းက အထဲမှ လူများကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ ၎င်းမှာ (၁၀) ပေခန့် ရှည်လျားသော လှေငယ်လေးတစ်စင်းပင်ဖြစ်ပြီး လှေ၏ ကိုယ်ထည် မှ စိမ်းဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်နေသည်။
“အင်မော်တယ်သခင်တွေ ကြွလာပြီ….။”
တစ်စုံတစ်ယောက်က အော်ဟစ်ကာ ဒူးထောက် ဦးချလိုက်တော့သည်။
“အင်မော်တယ်သခင်တို့... ကျွန်တော်တို့ရဲ့ ဦးချမှုကို လက်ခံပေးတော်မူပါ…။”
အခြားသူများလည်း လိုက်လံ ဦးချကြပြန်သည်။
ခဏအတွင်းမှာပင် လူအုပ်ကြီးမှာ အင်မော်တယ်သခင်များဟု အော်ဟစ်နေကြပြီး ဦးချသံများမှာလည်း မပြတ် တောက်တော့ပေ။ လှေကြီးမှာ အရှိန်လျှော့ကာ လူအုပ်ကြီး၏ ရှေ့တွင် ဆင်းသက်လိုက်သည်။
“အားလုံး ထကြပါ…။”
နူးညံ့သောအသံလေးတစ်ခုက ထွက်ပေါ်လာလေသည်။
လူတိုင်း မော့ကြည့်လိုက်သောအခါ ကျောက်စိမ်းကဲ့သို့ ဖြူစင်ချောမောသော အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရသည်။ သူ့နောက်တွင် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား တစ်ဦး ရှိနေလေသည်။
ဒူးထောက်နေသော လူအုပ်ကြီးမှာ လျင်မြန်စွာ ထရပ်လိုက်ကြသည်။ ဟုန်ညီအစ်ကိုနှင့် အရေးကြီး ပုဂ္ဂိုလ်များမှာမူ ဒူးမထောက်သော်လည်း ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြသည်။
“အဖေ... ဒါက သမီးရဲ့ ဂိုဏ်းတူအစ်ကို ယွမ်လီ ပါ…။”
မိန်းကလေးငယ်တစ်ဦးက ဟုန်ကျန့်လင်တို့ကို မိတ်ဆက်ပေးလိုက်ပြီးနောက် ယွမ်လီ ကိုလည်း
“ဒါက ကျွန်မရဲ့ မိဘတွေပါ….”
ဟု မိတ်ဆက်ပေးလိုက်သည်။
သူမမှာ အသက် (၁၆) နှစ်အရွယ် လှပချောမောသော ဟုန်လင်း ပင် ဖြစ်သည်။ သူမသည် အရပ်ရှည်ပြီး ကိုယ်ဟန်မှာလည်း ပြေပြစ်လှပသော်လည်း သူမ၏ မျက်နှာမှာမူ ရေခဲကဲ့သို့ အေးစက်နေသည်။ သူမ သည် နူးညံ့သော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်မိမယ်လေးတစ်ပါးကဲ့သို့ ကျော့ရှင်းလှသည်။
“နှုတ်ခွန်းဆက်ပါတယ် သခင်ကြီး ယွမ်လီ…။”
ဟုန်ကျန့်လင်မှာ မဝံ့မရဲဖြင့် သူ၏ဇနီးကို ဆွဲကာ ဦးညွှတ်လိုက်သည်။
စီနီယာအစ်ကို ယွမ်လီက အနည်းငယ် ပြုံးပြလိုက်ပြီး
“နှုတ်ခွန်းဆက်ပါတယ် ဦးလေးနဲ့ ဒေါ်လေး…။”
ဟု ပြောလိုက်သည်။ ထို့နောက် သူသည် လူအုပ်ကြီးကို ကြည့်လိုက်သည်။
“ကျွန်တော် လမ်းမှာ လှပတဲ့ မြင်ကွင်းတစ်ခု တွေ့လို့ ဂိုဏ်းတူ ညီအစ်ကို မောင်နှမတွေကို ခေါ်ပြီး ခဏကြည့်နေတာနဲ့ နောက်ကျသွားတာပါ။ စောင့်ခိုင်းမိတာ တောင်းပန်ပါတယ်…။”
ယွမ်လီ က ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူ၏ လေသံတွင် တောင်းပန်သည့် အရိပ်အယောင် မရှိဘဲ အထက်စီးဆန်နေမှုသာ ရှိနေသည်။
ေဟုန်ကျန့်လင်မှာမူ မာန်မာန မပြရဲပေ။ သူသည် ရှေ့မှ လူလေးဦး၏ စွမ်းအားကို မခံစားနိုင်သဖြင့် သူတို့အားလုံးမှာ အလွန်စွမ်းအားကြီးသူများ ဖြစ်ကြောင်း သိရှိထလေသည်။
“ရပါတယ်…။ အင်မော်တယ်သခင်တို့က အဝေးကလာရတာ ဆိုတော့ ပင်ပန်းနေကြမှာပေါ့။ ခရီးပန်း တာတွေ ပြေပျောက်ဖို့ အစားအစာနဲ့ ဝိုင်တွေကို ကျွန်တော် ပြင်ဆင်ထားပါတယ်…။”
“အင်း”
ယွမ်လီက ခေါင်းညိတ်လိုက်၏။
သူတို့ လှမ်းထွက်လိုက်စဉ်မှာပင် အခြေအနေမသိသော လူတစ်ဦးက လူအုပ်ထဲမှ ပြေးထွက်လာသည်။ ဝဝဖိုင်ဖိုင်နှင့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။
ထိုလူမှာ ဒူးထောက်လျက် တောင်းပန်တိုးလျှိုးလိုက်သည်။
“အင်မော်တယ်သခင်တို့... ကျွန်တော့်ရဲ့ သားကို ဂိုဏ်းထဲကို ဝင်ခွင့်ပြုပါဦး။ ကျွန်တော့်သားက ပါရမီ အရမ်းပါ တာမို့ ကျင့်ကြံရင် သေချာပေါက် အောင်မြင်မှာပါ…။”
“မင်း...”
ဟုန်ကျန့်လင်မှာ ဤသည်ကို မြင်သောအခါ ဒေါသထွက်သွားပြီး တစ်ခုခုလုပ်ရန် ပြင်လိုက်သည်။
စီနီယာအစ်ကို ယွမ်လီ က လက်ကာလိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“အော်... ဒါဆိုလည်း ငါ့ကို ကြည့်ခွင့်ပေးဦးလေ….။”
ဟုန်ကျန့်လင်မှာ မျက်နှာပျက်သွားသော်လည်း မတားဝံ့ပေ။
ထိုအမျိုးသားမှာ ယွမ်လီ၏ လေသံအတွင်းမှ အေးစက်မှုကို သတိမပြုမိဘဲ (၁၅) နှစ် (၁၆) နှစ်အရွယ် ခပ်မိုက်မိုက် ကောင်လေးတစ်ယောက်ကို ဆွဲထုတ်လာလေသည်။
“အင်မော်တယ်သခင်... ဒါ ကျွန်တော့်သားပါ။ သူက ပါရမီ အရမ်းပါတာပါ…။”
ယွမ်လီ က စိတ်ထဲမှ ဆဲဆိုလိုက်သည်။
*ပါရမီ ပါတယ် ဟုတ်လား…။ဒီလို အမှိုက်ကောင်ကို ပါရမီပါတဲ့သူလို့ ခေါ်တာလား…*
သူ၏ မျက်နှာမှာ အေးစက်သွားပြီး လက်ချောင်းတစ်ချက် တောက်လိုက်ရာ အလင်းစတစ်ခုမှာ ထို ကောင်လေး၏ နဖူးတည့်တည့်သို့ ပြေးဝင်သွားပြီး ဦးခေါင်းခွံကို ဖောက်ထွက်သွားလေတော့သည်။ ကောင်လေးမှာ ဘာမှမသိလိုက်ခင်မှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့လေသည်။
“ကြည့်ရတာ သူက ပါရမီ မရှိတဲ့ပုံပဲ…။”
ယွမ်လီ က ဘာမှမဖြစ်သကဲ့သို့ ပြောလိုက်သည်။
“ဒါ... ဒါက…”
ထိုဝဝဖိုင့်ဖိုငံ အမျိုးသားမှာ ကြက်သေသေသွားတော့သည်။ အဖြူရောင်ဝတ်စုံဝတ် လူငယ်က ရုတ် တရက် လူသတ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားမိခြင်းပေ။
သူ၏ အမြင်တွင် သူ၏သားကို ခေါ်လာပြီး ကံစမ်းခြင်းသာ ဖြစ်သည်။ အကယ်၍ အောင်မြင်ပါက သူ သည် ချမ်းသာသွားမည်ဖြစ်ပြီး ဟုန်မိသားစုကိုလည်း ကြောက်စရာမလိုတော့ပေ။ အကယ်၍ မအောင် မြင်ပါကလည်း အိမ်ပြန်ရုံသာ ရှိသည်ဟု သူ ထင်ထားခဲ့သည်။ ကံဆိုးစွာဖြင့် ကျင့်ကြံခြင်း လောက က သာမန်လူများကို မည်သို့မြင်သည်ကို သူ မသိခဲ့ပေ။
“ဒီ... ဒီကျင့်ကြံမှု အဆင့်က…။”
ထိုအချိန်တွင် ခပ်တည်တည် မျက်နှာထားနှင့် အမျိုးသားတစ်ဦးက တုန်လှုပ်စွာ ကြည့်နေသည်။
သူသည် ဖျင်ကျင်းမြို့ရှိ ကျောက်မိသားစု၏ ခေါင်းဆောင် ဖြစ်ပြီး ဟုန်မိသားစုထက်ပင် အခြေခံ ပိုမို ခိုင်မာသူ ဖြစ်သည်။ သို့သော် ကျောက်မိသားစုမှာ စည်းကမ်းတင်းကျပ်သဖြင့် မကောင်းမှုလုပ်သူ နည်းပါးသည်။ သူသည် ဖျင်ကျင်းမြို့၏ နံပါတ်တစ် ကိုယ်ခံပညာရှင်လည်း ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် ဟုန်ကျန့်လင်က သူ၏သမီးဆီမှ အကူအညီများ ရရှိခဲ့သဖြင့် သူတို့နှစ်ဦးအနက် မည်သူက ပိုစွမ်းသည်မှာ မသေချာတော့ပေ။ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၆) ရှိသော သူပင်လျှင် ရှေ့ မှ လူငယ်များ၏ အဆင့်ကို မခံစားနိုင်သဖြင့် သူတို့မှာ အနည်းဆုံး အဆင့် (၇) ရှိကြမည်မှာ သေချာ ပေသည်။
အထူးသဖြင့် အဖြူရောင်ဝတ်စုံဝတ် လူငယ်မှာ အနည်းဆုံး အဆင့် (၈) သို့မဟုတ် အဆင့် (၉) ထိပင် ဖြစ်နိုင်ပေသည်။ အဆင့် (၉) ဆိုသည်မှာ အခြေခံအုတ်မြစ် တည်ဆောက်ရန် နီးကပ်နေသူ ဖြစ်သဖြင့် ဖျင်ကျင်းမြို့လေးတွင် အလွန်ဩဇာကြီးမားသော ပုဂ္ဂိုလ် ဖြစ်ပေလိမ့်မည်။
ထိုဝဝဖိုင့်ဖိုင့် အမျိုးသားမှာ အခြေအနေကို သဘောပေါက်သွားပြီး တစ်ဖက်လူမှာ အလွယ်တကူ ဆက်ဆံ၍ရသောသူ မဟုတ်ကြောင်း သိလိုက်ရသည်။
သူသည် ဒေါသကို မြိုသိပ်ကာ တုန်ရီစွာဖြင့် ပြောလိုက်လေသည်။
“ကျွန်တော့်သားက ပါရမီ မရှိရင်တောင် ခင်ဗျား ဒီလောက် လွယ်လွယ်နဲ့ မသတ်သင့်ဘူးလေ…။”
ယွမ်လီ က စိတ်ဝင်စားသွားဟန်ဖြင့်
“အော်... ဒါဆို မင်းက ဘာလုပ်ချင်လို့လဲ…။”
“ကျွန်တော်... ကျွန်တော်... ခင်ဗျား ကျွန်တော့်သားကို ပြန်တောင်းပန်ဖို့ လိုတယ်…။”
ထိုအမျိုးသားမှာ သတ္တိမွေးကာ စကားများ ထစ်အငေါ့လျက် ပြောလိုက်သည်။
“ဟားဟားဟား….”
ယွမ်လီ က လှောင်ပြောင်ရယ်မောလိုက်သည်။
“ဝမ်ကြီး... မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ…။”
ဟုန်ကျန့်လင်လည်း ဒေါသထွက်သွားတော့သည်။ သူ၏သမီးက ဂိုဏ်းတူ ညီအစ်ကို မောင်နှမတွေကို ခေါ်လာချိန်တွင် သူက အားလုံးကို ဖိတ်ကြားပြီး ကြိုဆိုခိုင်းခြင်းမှာ မျက်နှာပွင့်ရန် ဖြစ်သော်လည်း ဤ ဝဝဖိုင်ဖိုင် လူကြီးကြောင့် အားလုံး ပျက်စီးသွားရလေပြီ။
“အင်မော်တယ်သခင်... ကျွန်တော့်ကိုပဲ လုပ်ခွင့်ပေးပါ။ ဒီလို အမှိုက်ကောင်ကို သတ်ရတာ ခင်ဗျားရဲ့ ဂုဏ်သိက္ခာ ကို ညှိုးနွမ်းစေပါလိမ့်မယ်…။”
ယွမ်လီ က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ…။”
ဟုန်ကျန့်လင် လှည့်လိုက်သောအခါ သူ၏ မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
“ဝမ်ကြီး... မင်း ဒီနေ့ မြင်းသေးတွေ အသောက်များပြီး မူးနေတာလား…။”
“ဟုန်ကျန့်လင်... ခင်ဗျား... ခင်ဗျား ဘာလုပ်မလို့လဲ။ အနားမလာနဲ့နော်…။”
ဝမ်ကြီးမှာ ထိတ်လန့်ကာ နောက်သို့ တရွေ့ရွေ့ ဆုတ်နေတော့သည်။
ဟုန်ကျန့်လင်မှာ အမြန်ဆုံး ပြီးပြတ်အောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ ဤတုံးအသော လူကြောင့် အင်မော်တယ်သခင်များ စိတ်အနှောင့်အယှက် ဖြစ်မည်ကို သူ မလိုလားသောကြောင့် ဖြစ် သည်။ သူ သည် လေပြေကဲ့သို့ မြန်ဆန်သော ခြေလှမ်းဖြင့် ရှေ့သို့ တိုးလိုက်ပြီး ဝမ်ကြီး၏ ဦးခေါင်းကို သူ၏ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။
ဝမ်ကြီးမှာ မျက်လုံးများ ပြူးထွက်သွားပြီး ကိုယ်တွင်းအင်္ဂါ ခုနစ်သွယ်မှ သွေးများ စီးကျလာကာ အသက် ပျောက်သွားတော့သည်။ ဟုန်ကျန့်လင်သည် သူ၏ လက်ကို အဝတ်အစားဖြင့် သုတ်လိုက်ပြီး အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို ဦးညွှတ်ကာ ပြောလိုက်သည်။
“အင်မော်တယ်သခင်... မျက်စိနောက်စရာတွေကို ရှင်းပြီးပါပြီ။ မြို့ထဲကို ကြွကြရအောင်ပါ….။”
ယွမ်လီ က ခေါင်းညိတ်လိုက်ပြီး လက်ဟန်တစ်ခု လုပ်ကာ လှေပျံကို ညွှန်ပြလိုက်သည်။ လှေကြီးမှာ လက်ဝါးခန့် အရွယ်အစားရှိသော လှပသည့် လှေငယ်လေးအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခါးရှိ အိတ်ထဲသို့ ပျံသန်းဝင်ရောက်သွားတော့သည်။
သူသည် လူအုပ်ကြီး၏ ထိတ်လန့်အံ့ဩနေသော အကြည့်များကို ကျေနပ်စွာ ကြည့်လိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရှေ့မှ ဦးဆောင်ထွက်ခွာသွားတော့သည်။
***