မနက်စောစော…။
မြို့ပြင်ရှိ လှိုင်ဂူတစ်ခုအတွင်း….။
ထျန်ဖုန်းသည် သူ၏ အလုပ်များကို အဆုံးသတ်ကာ မတ်တပ်ရပ်လိုက်သည်။ သူသည် ဖျင်ကျင်းမြို့ အတွင်း ဘာတွေဖြစ်နေသည်ကို ဘာမှမသိသေးပေ။
နှစ်လကြာ ကျင့်ကြံပြီးနောက် သူသည် ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၈) သို့ ရောက်ရှိသွားပြီ ဖြစ် သည်။ သူ၏ ကျင့်ကြံမှု နှေးကွေးသွားသည်ဟု မထင်ပါနဲ့။ သူ ဝယ်ယူထားသော ထာဝရစိမ်းလန်းခြင်း လက်စွဲကျမ်း ကို စနစ်က ကူညီသင်ပြပေးထားသဖြင့် အစပိုင်းတွင် သူ၏ မရီဒါန်များမှာ ကျင့်ကြံရန် အသင့်ပွင့်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခင်က အဆင့်တက်ရန်မှာ အလွန်လွယ်ကူခဲ့သည်။
သို့သော် ထိုစဉ်က ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၅) အထိသာ မရီဒါန်များ ပွင့်ခဲ့ခြင်း ဖြစ်သည်။ ထို အဆင့်ကျော်လွန်ပြီးနောက်တွင်မူ မိမိဘာသာ အားထုတ်ရသဖြင့် အရှိန်အနည်းငယ် နှေးကွေးသွားခြင်း မှာ သဘာဝပင် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ အားအင်များကို ခံစားရင်း ထျန်ဖုန်းမှာ အလွန်ကျေနပ်နေသည်။ လွန်ခဲ့သော နှစ်လအတွင်း သူသည် အပြေးဒင်္ဂါး (၁၀၀) သုံးကာ ချီစုဆောင်းဆေးလုံး တစ်ပုလင်းနှင့် အပြေးဒင်္ဂါး (၅၀) သုံးကာ ရုပ်ဖျက်အတတ် ကျမ်းတစ်အုပ်ကို ဝယ်ယူထားခဲ့သည်။
လက်ရှိ ပိုင်ဆိုင်မှုမှာ -
[အပြေးဒင်္ဂါး: (၂၀၀) ]
[တိုက်ပွဲဝင်အမှတ်: (၅၅၀)]
သူသည် ရုပ်ဖျက်နည်းစနစ်ကို အသုံးပြုကာ ဆယ်ရက်တစ်ခါခန့် ဖျင်ကျင်းမြို့ထဲသို့ သတင်းသွား စနည်း နာလေ့ရှိလေသည် ။ သူသည် ဟုန်မိသားစုကို နေ့တိုင်း ဒုက္ခမပေးတော့ပေ ။ သူတစ်ပါးကို နေ့တိုင်း နှိပ်စက်နေခြင်းမှာ မကောင်းသဖြင့် သူတို့၏ စိတ်နှလုံးကို အရင် အနာကျက်ခွင့် ပေးထားလိုက်ခြင်း ဖြစ်သည်။
ထျန်ဖုန်းသည် ဂူအတွင်းမှ ထွက်ကာ ဖျင်ကျင်းမြို့ဆီသို့ ဦးတည်လိုက်သည်။ ယနေ့သည် ဟုန်လင်း ပြန်ရောက်လာသည့် တတိယမြောက်နေ့ ဖြစ်သည်။ သူသည် ရုပ်ဖျက်ကာ မြို့ထဲသို့ ဝင်ရောက်ပြီး တည်းခိုခန်းတစ်ခုတွင် အစားအစာ မှာယူ၍ ထိုင်နေလိုက်သည်။ ဤကဲ့သို့သော နေရာများသည် သတင်းရရန် အလွယ်ဆုံးနေရာများ မဟုတ်ပါလား။
သူသည် တစ်စုံတစ်ယောက်ကို အံ့အားသင့်သွားအောင် လုပ်ပေးရန်နှင့် သူ၏ နွေးထွေးမှု များကို ဝေမျှပေးရန် အခွင့်အရေးရှိမလားဟု ကြည့်ရှုနေခြင်း ဖြစ်သည်။ စာနာစိတ်ရှိသော ကမ္ဘာကြီးဖြစ်ရန် လူတိုင်းက နွေးထွေးမှု အနည်းငယ်စီ ဝေမျှပေးသင့်သည်ဟု သူက ယူဆထားသည်။
“ငါလည်း ထျန်ဆန်းဖုန်းကို မတွေ့မိဘူး။ သူက သူ့အစ်ကိုအတွက် လက်စားမချေတော့ဘူးလား…။”
“ဘယ်သူသိမှာလဲ။ ထျန်အာဖုန်းက သူ့မှာ ညီတစ်ယောက်ရှိတယ်လို့ပဲ ပြောသွားတာလေ၊ အဲဒီညီက ဖျင်ကျင်းမြို့မှာ ရှိနေတယ်လို့မှ မပြောသွားတာ…။”
“အာဖုန်း ပြောသွားတာတော့ သူ့ညီက ပိုပြီး ပါရမီပါတယ်ဆိုပဲ…။”
“ဒါဆိုရင်ရော ဘာဖြစ်လဲ။ သူတို့က မြစိမ်းတောင်ဂိုဏ်းက တပည့်တွေထက် ပိုစွမ်းနိုင်ပါ့မလား….။”
“ဒါလည်း ဟုတ်တာပဲ။ အဲဒီ အဖြူရောင်ဝတ်စုံနဲ့ အင်မော်တယ်သခင်ဆိုရင် ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) တောင် ရှိတာတဲ့။ မကြာခင် အခြေခံအုတ်မြစ် တည်ဆောက်တော့မှာလို့ ပြောကြတယ်…။”
ထျန်ဖုန်းသည် ထိုစကားကို ကြားသောအခါ မျက်ခုံးများပင့်တက်သွားသည်။
*မြစိမ်းတောင်ဂိုဏ်းက လူတွေ ဖျင်ကျင်းမြို့ကို ရောက်နေတာလား။ ဒါဆိုရင် သူ သူတို့အတွက် နွေးထွေးမှုတွေ ပေးလို့ရပြီပေါ့…။*
“ငါ့အထင်တော့ ထျန်ဆန်းဖုန်း တကယ့်ကို ကြောက်သွားပြီ ထင်တယ်….။”
“ဒါပေါ့... နတ်မိမယ် ဟုန်လင်းက သူ့ဒုတိယအစ်ကိုရဲ့ အပြစ်တွေအတွက် လာပြီး အပြစ်ဆေးခိုင်းနေတာ လေ။ ဆူးခက်တွေထမ်းပြီး တောင်းပန်ရုံတင်မကဘဲ ဟုန်မိသားစု သင်္ချိုင်းကို သုံးနှစ်တောင် စောင့်ခိုင်းဦး မှာတဲ့…။”
“သူတို့ကမှ မစွမ်းတာလေ။ အဆင့် (၉) ကျင့်ကြံသူကတောင် ဟုန်လင်းဘက်ကနေ ကူညီပေးပြီး ထျန်ဆန်းဖုန်းကို လက်စားချေပေးမယ်လို့ ပြောထားတာ…။”
“ဟုန်လင်းကမှ အသားဖြူဖြူ ချောချောလှလှလေးလေ။ ပြီးတော့ သူမက ကြီးတယ်လေ... ဟဲဟဲ…။”
ထျန်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်သည်။
*အဖြူရောင်ဝတ်စုံနဲ့ အင်မော်တယ်သခင်တဲ့လား။ အဆင့် (၉)တဲ့လား…။*
သူသည် နတ်မိမယ်များကို အလကားနေရင်း မြှောက်ပင့်နေသော ကောင်များကို အမုန်းဆုံး ဖြစ်သည်။
ဤကိစ္စကို သေချာစဉ်းစားရမည်။ ထိုအဖြူရောင်ဝတ်စုံဝတ် လူငယ်ကို မမေ့နိုင်စရာ အမှတ်တရတစ်ခု သူ ပေးရမည်ဖြစ်သည်။ သူသည် စားသောက်ပြီးနောက် တည်းခိုခန်းမှ ထွက်လာခဲ့သည်။ သူသည် အခွင့် အရေးကို စောင့်ကာ ကိုယ်ဖျောက်နည်းစနစ်ကို အသုံးပြု၍ ဟုန်အိမ်တော်အတွင်းသို့ ထပ်မံ ဝင်ရောက် လာခဲ့ပြန်လေသည်။
ယခု သူ၏ ကျင့်ကြံမှု အဆင့်ဖြင့်ဆိုပါက ကိုယ်ဖျောက်နည်းစနစ်မှာ ယခင်ကထက် များစွာ ပိုမိုစွမ်းအား ကြီးနေပြီ ဖြစ်သည်။ အမှန်တကယ်တော့ ကိုယ်ဖျောက်မနေလျှင်တောင် သူ ဟုန်အိမ်တော်ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်လေသည်။
ဟုတ်အိမ်တော်ထဲသို့ ရောက်သည်နှင့် ထျန်ဖုန်းသည် ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ သူသည် အင်မော်တယ်အာရုံခံနိုင်စွမ်း မရသေးသော်လည်း နတ်ဆိုးဝိညာဉ်ခန္ဓာ၏ အာရုံခံနိုင်စွမ်းမှာ အလွန် ကောင်းမွန်လှသည်။ သူ သည် အဝေးမှနေ၍ စွမ်းအားကြီးမားသော အငွေ့အသက် လေးခုကို ခံစား လိုက်ရလေသည်။
*အဲဒါ သူတို့ပဲ ဖြစ်ရမယ်…။*
ထျန်ဖုန်းသည် တစ္ဆေတစ်ကောင်ကဲ့သို့ ထိုလူလေးဦးရှိရာသို့ တိတ်တဆိတ် ချဉ်းကပ်သွားလိုက်လေ သည်။ သူတို့သည် ပန်းခြံအတွင်းရှိ မျှော်တစ်ခု၌ မုန့်များနှင့် သစ်သီးများစားကာ စကားပြောနေကြ လေသည်။ ထျန်ဖုန်းသည် သူတို့နှင့် အလွန်နီးကပ်စွာ မသွားဝံ့သဖြင့် သူတို့ ဘာပြောနေသည်ကို အဝေးမှ သာအကဲခတ်နေရသည်။
“ဂိုဏ်းတူညီမလေး... နောက်နှစ်ရက်နေလို့ အဲဒီ ထျန်ဆန်းဖုန်း ရောက်မလာရင်တော့ ငါတို့ ပြန်ရတော့ မယ်….။”
ယွမ်လီက ပြောလိုက်ခြင်းဖြစ်လေသည်။ သူသည် ဤနေရာတွင် စောင့်နေရသည်မှာ နှစ်ရက်ရှိပြီဖြစ်ရာ ပထမနေ့က အစားအသောက်ကောင်းသဖြင့် အဆင်ပြေသော်လည်း ဒုတိယနေ့တွင်မူ ပျင်းရိလာခဲ့ပြီ ဖြစ်၏။ ဟုန်လင်းကို ပိုးပန်းနေခြင်း မဟုတ်ပါက သူ လွန်ခဲ့သောအချိန်ကတည်းက ပြန်သွားလောက်ပြီ ဖြစ် သည်။
ဟုန်လင်းက မြှောက်ပင့်လိုက်သည်။
“စီနီယာအစ်ကို... လင်းအာလည်း အဲဒီလိုပဲ ထင်ပါတယ်။ အစ်ကို့ရဲ့ ကျော်ကြားမှုက ကြီးမားလွန်းလို့ သူ ကြောက်ပြီး ပုန်းနေတာ ဖြစ်မှာပါ…။”
“ဟားဟား... ညီမလေးကလည်း ချီးမွမ်းလွန်းနေပါပြီ…။”
ယွမ်လီမှာ အလွန်ကျေနပ်သွားပုံရသည်။
သူတို့ လေးဦးသည် စကားမျိုးစုံ ပြောနေကြပြီး ထျန်ဖုန်းကို လုံးဝ သတိမထားမိကြပေ။ သူတို့အတွက်မူ ဤသာမန်ကမ္ဘာမှ လူသားများမှာ ဂရုစိုက်စရာ မဟုတ်ပေ။ ထျန်ဖုန်းမှာမူ ထောင့်အကွယ်တစ်နေရာတွင် ပုန်းလျှိုး နေရသဖြင့် ခြေထောက်များပင် ထုံကျဉ်နေပြီ ဖြစ်သည်။
နောက်ဆုံးတွင် သူတို့ စကားပြောပြီး၍ ထမင်းစားချိန်သို့ ရောက်ရှိသွားကြသည်။
*တောက်... မင်းတို့ကို ငါ အဖော်မလုပ်ပေးနိုင်တော့ဘူး။ ငါကပဲ မင်းတို့ဆီကို နွေးထွေးမှုတွေ လာမျှ ပေးနေရတာလား…။*
ထျန်ဖုန်း ဒေါသထွက်သွားသည်။ သူသည် မီးဖိုချောင်သို့ ပြေးသွားကာ အစားအစာများကို ခိုးစားလိုက် ပြီး အရိုးများကို အခန်းလွတ်တစ်ခုရှိ ကုတင်ပေါ်တွင် ဂရုတစိုက် တင်ထားခဲ့ကာ စောင်ဖြင့် ပြန်ဖုံးပေး ထားလိုက်သည်။
“ဒါက ပိုကောင်းတယ်… သူ ညသန်းခေါင် ဗိုက်ဆာလို့ နိုးလာရင် စားလို့ရတာပေါ့….။”
ဗိုက်ဆာခြင်းသည် အလွန်ပင် ခံရခက်သည်ဟု ထျန်ဖုန်းက စေတနာ ရှေ့ထား၍ တွေးတောနေမိသည်။
....................
ညဉ့်နက်သောအခါ။
ကောင်းကင်ထက်တွင် လမင်းကြီးမှာ သာယာစွာ ထွန်းလင်းနေပြီး ညအလှမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။ ငွေရောင်လရောင်များမှာ လှပသောအမျိုးသမီးတစ်ဦး၏ ဝတ်ရုံပဝါကဲ့သို့ မြေပြင်ပေါ်သို့ ဖြာကျနေသည်။ သို့သော် လှပသော မြင်ကွင်းများမှာ ထျန်ဖုန်း၏ ပျင်းရိမှုကို မကုစားနိုင်ပေ။
*အား... ငါတော့ သေတော့မှာပဲ။ ပြဿနာမရှာရရင် သေတာထက် ပိုဆိုးတယ်…။*
သူသည် ထိုနေရာတွင် တစ်နေ့ခွဲခန့် ပုန်းနေသော်လည်း ပြဿနာရှာရန် အခွင့်အရေး လုံးဝမရသေးပေ။ ယခုအချိန်တွင် ယွမ်လီသည်လည်း အလွန်ပင် စိတ်မရှည် ဖြစ်နေပြီ ဖြစ်သည်။ သူသည် ငယ်ရွယ်သွက် လက်သူ ဖြစ်သော်လည်း ဂိုဏ်းအတွင်း၌ စည်းကမ်းများဖြင့် ချုပ်နှောင်ခံထားရသည်။
ထို့ပြင် ဟုန်လင်းကို ပိုးပန်းနေရသဖြင့် လူကြီးလူကောင်း ပုံစံဖမ်းနေရခြင်း ဖြစ်သည်။
ဂိုဏ်းပြင်ပသို့ ရောက်ရှိလာချိန်တွင်မူ သူ၏ စိတ်ဆန္ဒများကို မထိန်းချုပ်နိုင်တော့ပေ။ ဟုန်လင်း၏ လှပ သော ကိုယ်ဟန်ကို နေ့တိုင်း မြင်တွေ့နေရသော်လည်း ထိတွေ့ခွင့်မရသဖြင့် သူသည် တစ်ခုခုကို ဖောက်ထုတ်ချင်နေပြီ ဖြစ်သည်။
သူသည် ဖြေဖျောက်ရန် လိုအပ်နေသော်လည်း ဟုန်အိမ်တော်အတွင်း၌မူ ဟုန်လင်း သိသွားမည်စိုး သဖြင့် မလုပ်ဝံ့ပေ။ ယောက်ျားများမှာ ထိုကဲ့သို့သော ကိစ္စများတွင် အလွန်ပင် ပြတ်သားကြသည်။ သူသည် အခန်းထဲမှ ထွက်လာပြီး ဂိုဏ်းတူညီလေး၏ တံခါးကို သွားခေါက်လိုက်သည်။
“ညီလေးဝူ... အိပ်ပြီလား….။”
ယွမ်လီက တံခါးကို အသာခေါက်ရင်း တိုးတိုးလေး မေးလိုက်သည်။
အခန်းအတွင်းမှ လှုပ်ရှားသံများ ကြားလိုက်ရပြီးနောက် ရိုးသားဖြောင့်မတ်သော မျက်နှာရှိသည့် ညီလေးဝူက တံခါးဖွင့်ပေးလိုက်လေသည်။
“စီနီယာအစ်ကို... ဒီလောက် ညဉ့်နက်မှ ဘာကိစ္စရှိလို့လဲ….။”
ယွမ်လီသည် ညီလေးဝူ၏ အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေခြင်းနှင့် သူ၏ ညာဘက်လက်ကို နောက်ပစ် ထားခြင်းကို မြင်သောအခါ အတွေ့အကြုံရှိသူတစ်ဦးအနေဖြင့် အခြေအနေကို ချက်ချင်း သဘောပေါက် သွားသည်။
*ဒါဟာ ကောင်းကင်ဘုံက ကူညီလိုက်တာပဲ…။*
“ညီလေး... မင်းလည်း ကြီးလာပြီပဲ။ စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ မင်းကို သင်ပေးရမယ့်အရာတွေ ရှိသေးတယ်။ ဒါက ငါ့ရဲ့ တာဝန်ပဲ….။”
ယွမ်လီက တည်ကြည်ဖြောင့်မတ်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
ညီလေးဝူမှာ မျက်နှာနီမြန်းသွားပြီး စကားတစ်လုံးမှ မဟဝံ့ဘဲ ထစ်အငေါ့ ဖြစ်နေတော့သည်။
“ဂိုဏ်းထဲမှာတော့ ငါတို့ မလုပ်နိုင်တဲ့အရာတွေ အများကြီး ရှိတယ်၊ ဒါပေမဲ့ အခုလို အပြင်ရောက်နေချိန် မှာတော့ ဒါတွေက ပြဿနာမဟုတ်တော့ဘူး…။”
ယွမ်လီက လက်နှစ်ဖက်ကို နောက်ပစ်ကာ လေးနက်စွာ ပြောလိုက်သည်။
“ခဏနေရင် ငါ မင်းကို နေရာတစ်ခုဆီ ခေါ်သွားမယ်။ ငါ ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်... ငါက သွားချင်လွန်းလို့ သွားတာ မဟုတ်ဘူး။ မင်းလည်း မငယ်တော့ဘူးဆိုတော့ အပြင်လောကရဲ့ ဗဟုသုတ တွေ ရအောင် ခေါ်သွားတာ။ ငါက မင်းအတွက်နဲ့ ငါ့အသက်ကိုတောင် ရင်းပြီး အဖော်လိုက်ခဲ့မှာ။ ဒီအခွင့် အရေး လက်လွတ်သွားရင် နောက်တစ်ခါ ဘယ်တော့ရမလဲ မသိဘူးနော်…။”
***