"အစ်ကိုကြီး... ဒါက..."
ထိုစကားကို ကြားလိုက်ရသောအခါ ဝူလေး၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာပြီး ကျေးဇူး တင်စိတ်များ တဖွားဖွားပေါ်ပေါက်လာလေတော့သည်။
ယွမ်လီက သူ၏ပုခုံးကို ပုတ်ကာ ပြောလိုက်လေသည်။
"ဟူး... ကောင်းပြီလေ၊ မင်း မသွားချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့။ အမှန်တော့ ငါလည်း မသွား ချင်ပါဘူး။ ပြီးတော့ ညီမလေးဟုန်လင်းသာ သိသွားရင် ငါ့ကို အထင်လွဲသွားမှာလည်း စိုးရိမ်မိတယ်…။"
*တောက်…. ငါက ဘယ်တုန်းက မသွားချင်ဘူးလို့ ပြောမိလို့လဲ….*
ဝူလေးတစ်ယောက် စိတ်ထဲမှ ဆဲမိတော့မတတ် ဖြစ်သွားရသည်။
*ငါက အလိုက်သင့်လေး ငြင်းချင်ယောင်ဆောင်မလို့ ကြံကာရှိသေးတာ...။ ပထမဆုံးအကြိမ် ခေါ်သွား တာကို ချက်ချင်းကြီး ထခုန်နေရင် ကြည့်မကောင်းမှာစိုးလို့လေ….။*
"အစ်ကိုကြီး... ကျွန်တော့်အပေါ် အခုလို စဉ်းစားပေးတာ ကျေးဇူးတင်ပါတယ်။ အစ်ကိုကြီးရဲ့ စေတနာ ကို ကျွန်တော် မပယ်ရှားဝံ့ပါဘူး... အဲ... ညီမလေးဟုန်လင်း ကိစ္စကတော့ အစ်ကိုကြီးလည်း မပြော၊ ကျွန်တော်လည်း မပြော၊ နောက်ပြီး ဟိုဘက်ကလူကလည်း မပြောဘူးဆိုရင် ဘယ်သူသိမှာမို့လို့လဲ…"
ဝူလေးက ရိုးရိုးသားသားပင် ပြောလိုက်လေသည်။
"ကောင်းပြီ... ညီလေးက တကယ့်ကို လူတော်ပဲ…။"
ယွမ်လီက ကျေနပ်သည့် အကြည့်များဖြင့် ဝူလေး၏ ပုခုံးကို ပုတ်လိုက်သည်။
*မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီကောင်က အတွေ့အကြုံမရှိသေးတဲ့ လူသစ်လေးပဲ….*
ယွမ်လီ၏ အမြင်တွင်တော့ ထိုကိစ္စမျိုးကို တစ်ယောက်တည်းသာ လှုပ်ရှားရမည်ဟု ဝူလေးက ထင်နေပုံ ရသည်။
စီမံကိန်းကို ဆွေးနွေးပြီးနောက် သူတို့နှစ်ဦးသည် နှာခေါင်းသွေးယိုမတတ် ပြုံးဖြီးဖြီးမျက်နှာများဖြင့် ဟုန်အိမ်တော်မှ ထွက်လာခဲ့ကြသည်။ သူတို့တွင် ကိုယ်ဖျောက်နည်းစနစ်များ မရှိသော်လည်း မည်သူ၏ အာရုံစိုက်မှုကိုမျှ မခံရဘဲ ဟုန်အိမ်တော်မှ အလွယ်တကူ ထွက်ခွာနိုင်ခဲ့ကြသည်။
သို့သော် ထျန်ဖုန်း ကတော့ ချွင်းချက်ပေါ့…။
"ဒီကောင်စုတ်နှစ်ယောက် လှုပ်ရှားနေပြီလား… ညကြီးမင်းကြီး ဘယ်သွားကြမလို့လဲမသိဘူး….။"
ထျန်ဖုန်းသည် သူတို့နောက်မှ အဝေးကနေ ခပ်မြန်မြန် လိုက်ပါသွားသည်။ ဒီညတော့ သူတို့အတွက် နွေးထွေးမှု တစ်ခုခု ပေးရမည်ဟု သူ ခံစားနေရသည်။
သူတို့နှစ်ဦး၏ သံသယဖြစ်ဖွယ် အပြုအမူများကို ကြည့်ပြီး သူတို့ မကောင်းမှုတစ်ခုခု လုပ်တော့မည်ကို ထျန်ဖုန်း သိလိုက်သည်။
"ငါက အဲဒီလို ခိုးကြောင်ခိုးဝှက် လုပ်တဲ့သူတွေကို အမုန်းဆုံးပဲ….။"
ထျန်ဖုန်းက နောက်မှနေ၍ ကျိန်ဆဲနေခဲ့သည်။
"ငါ့အမြင်မှာတော့ ညဘက်ကြီး ဒီလို လျှောက်သွားနေတဲ့သူတွေဟာ လူကောင်းတွေ မဟုတ်ကြဘူး…။"
တဖြည်းဖြည်းနှင့် သူတို့သည် စည်ကားလှပသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ သန်းခေါင်ကျော် နေပြီဖြစ်သဖြင့် မကြာမီ လင်းကြက်တွန်တော့မည့် အချိန်ပင် ရောက်တော့မည်ဖြစ်သည်။
"ဟိုက်ရှားပါး... ဒီကောင်စုတ်နှစ်ယောက်က ကြည့်တော့ဖြင့် လူကြီးလူကောင်းလိုလိုနဲ့၊ ဒီလိုကိစ္စမျိုး လုပ်ကြတာလား…. အတူတူတောင် ထွက်လာကြသေးတယ်…။"
ယွမ်လီနှင့် သူ၏နောက်လိုက်သည် သူတို့နောက်တွင် ဘာဖြစ်နေမှန်း မသိဘဲ အမိုးများပေါ်မှ ဆက်လက် ခုန်ကူးနေကြသည်။ နောက်ဆုံးတွင် ဆိတ်ငြိမ်သော နေရာတစ်ခု၌ ရပ်ကာ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက် ကြလေသည်။ ယွမ်လီက သူ၏ သိုလှောင်အိတ်ထဲမှ မျက်နှာဖုံး အမည်းရောင်စနှစ်ခုကို ထုတ်လိုက်လေ သည်။
"သိုးကြီးကဝဖြီးနေတာပဲဟေ့…။ သူက သိုလှောင်အိတ်တောင် ရှိတာလား…။"
ထျန်ဖုန်း၏ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားပြီး ထိုသိုလှောင်အိတ်ကို သူ၏ ကိုယ်ပိုင်ပစ္စည်း အဖြစ် သတ်မှတ်လိုက်လေတော့သည်။
ယွမ်လီနှင့် ဝူလေးတို့သည် မျက်နှာဖုံးများ စွပ်လိုက်ကြပြီး ယီချွန်း ပြည့်တန်ဆာဆောင် ထဲသို့ အတူတူ လျှောက်ဝင်သွားခဲ့ကြလေသည်။
အဆောင်၏ အပြင်ဘက်တွင် စမ်းချောင်းလေးတစ်ခု စီးဆင်းနေပြီး တံတားလေးတစ်ခုက နှစ်ဖက်ကို ဆက်သွယ်ပေးထားလေသည်။ အနီရောင် မီးအိမ်များက စွဲမက်ဖွယ်ကောင်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပြီး တံတားပေါ်တွင် လူများ သွားလာလျက် ရှိ၏။
တံတား၏ တစ်ဖက်ကမ်းမှာတော့ ပို၍ပင် ဆွဲဆောင်မှု ရှိနေခဲ့သည်။ မိန်းမလှလေးများက အမျိုးမျိုး သော ပုံစံများဖြင့် မြူဆွယ်နေကြပြီး ရိုးရိုးရှင်းရှင်း မဟုတ်သော စကားများကို ပြောဆိုနေကြသည်။
ဝူလေးသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး သူ၏ အစ်ကိုကြီးယွမ်လီကို အလွန်ပင် ကျေးဇူးတင်မိ သွားလေသည်။
*ဒီလိုကောင်းတဲ့ အစ်ကိုကြီးမျိုးကို ဘယ်မှာ သွားရှာလို့ ရမှာလဲ…။*
"အို... မြင့်မြတ်တဲ့ ဧည့်သည်တော်တို့… ကောင်းကောင်းမွန်မွန် မကြိုဆိုနိုင်ခဲ့တာ ခွင့်လွှတ်ပါနော်….။"
အသက် (၅၀) အရွယ် မိန်းမကြီးတစ်ဦး ထွက်လာခဲ့သည်။ သူတို့၏ မျက်နှာများကို သေချာမမြင်ရသော် လည်း ထိုမိန်းမကြီးလူကဲခတ်ကောင်းလှပေသည်။ သူတို့၏ အနေအထားနှင့် အဝတ်အစားများကို ကြည့်ရုံဖြင့် သာမန်လူများ မဟုတ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။
"ကောင်းပြီ... မင်းတို့ဆီက အတော်ဆုံး နတ်မိမယ်ကို ငါ့အတွက် စီစဉ်ပေး….။"
ယွမ်လီက လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းကို အသာငြိမ့်ပြလိုက်လေသည်။
"ဒါက... ဒါက... သခင်လေး။ တခြားတစ်ယောက်ကို ပြောင်းရွေးလို့ မရဘူးလားဟင်…။"
မိန်းမကြီးက အားနာနေသည့် ပုံစံဖြင့် တုံ့ဆိုင်းနေခဲ့သည်။
"ဟင်… တစ်ယောက်ယောက်က မှာထားပြီးပြီလား….။"
ယွမ်လီ၏ မျက်လုံးများ ပြူးသွားခဲ့သည်။
"ဟုတ်... ဟုတ်ပါတယ်…။"
"ဒါဆို မင်းက အဲဒီလူကိုတော့ မစော်ကားရဲဘဲ ငါ့ကိုကျတော့ စော်ကားရဲတယ်ပေါ့လေ….။"
ယွမ်လီ၏ အသံက အေးစက်သွားသည်။
မိန်းမကြီးက စိတ်ဒုက္ခရောက်နေပုံရသော်လည်း ဘာမှပြန်မပြောဘဲ သူ၏အပြုအမူက သဘောတူသည့် ပုံစံ ဖြစ်နေသည်။
"ဟား..ဟား…။"
ယွမ်လီက ဘာမှ ထပ်မပြောဘဲ ညာဘက်လက်ကို မြှောက်လိုက်သည်။ ရုတ်တရက် သူ၏ ဘယ်ဘက် လက်မှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး နွားခေါင်းခန့်ရှိသော မီးလုံးကြီးတစ်ခု သူ၏လက် ထဲတွင် ပေါ်လာကာ အပူရှိန်များ ဖြာထွက်လာတော့သည်။
ကာမစိတ်က နှိုးဆော်နေသည့်အပြင် အထင်သေးခံရသည်ဟု ခံစားရသဖြင့် သူသည် သူ၏ အထောက် အထား ပေါ်သွားမည်ကိုပင် ဂရုမစိုက်တော့ပေ။
*နောက်ပြီး မျက်နှာဖုံး စွပ်ထားတာကို ဘယ်သူက မင်းကို သိမှာလဲ…။*
*စိုးရိမ်စရာဆိုလို့ ဟုန်လင်း သိသွားမှာပဲ ရှိတာ ဒါပေမဲ့ မနက်ဖြန် မနက်ကျရင် သူ့ကို အရင်ဆုံး ခေါ်ထုတ်သွားမှာပဲလေ။ သူရော ဝူလေးရော ထွက်သွားချင်တယ်လို့ ပြောနေမှတော့ သူက တစ်ယောက် တည်းကျန်ခဲ့ပြီး နောက်မှ ပြန်ပြေးလာမှာတဲ့လား။*
*ပြီးတော့ သိသွားရင်ရော ဘာဖြစ်သေးလဲ…။ ယောက်ျားတွေ ဒီလိုလုပ်တာက သဘာဝပဲ မဟုတ် လား..။*
*နောက်ပြီး အဲဒီမိန်းကလေးကို ပိုးပန်းနေတာကိုလည်း ရပ်လိုက်တော့မယ်။ သူက မက်မွန်သီးတွေသာ ကြီးပြီး ရုပ်ချောတာကလွဲလို့ ဘာမှ အသုံးမကျတဲ့အပြင် အမြဲတမ်း မျက်နှာကဆူပုတ်နေတာ…။*
"အခုကော ဘယ်လိုလဲ…။"
ယွမ်လီက ကြောင်အသွားသော မိန်းမကြီးကို ကြည့်ကာ ဝင့်ကြွားစွာ မေးလိုက်လေသည်။
"ဒါ... ဒါက... သခင်ကြီး... ကြွပါ ခင်ဗျာ၊ အားလုံးကို အကောင်းဆုံး စီစဉ်ပေးပါ့မယ်…။"
မိန်းမကြီးမှာ ဆွံ့အသွားပြီး အလွန်ပင် ရိုကြိုး သွားလေတော့သည်။
"သုံးယောက်။ တစ်ယောက်ကတော့ ငါ့ဘေးက လူအတွက်။ ဘယ်သူကများ ပြဿနာရှိသေးလဲ ရှိရင် ငါ့ကို လာပြောလို့ရတယ်…။"
ယွမ်လီက လက်သုံးချောင်း ထောင်ပြလိုက်သည်။
လူအုပ်ကြီး၏ အံ့သြမှင်တက်နေသော အကြည့်များကြားတွင် ယွမ်လီသည် မီးလုံးကို ပြန်ရုပ်သိမ်း လိုက်ပြီး သူ၏ ဂျူနီယာညီလေးကို ခေါ်ကာ အတွင်းထဲသို့ ဝင်သွားတော့သည်။
ဝူလေးက ယွမ်လီ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။
"အစ်ကိုကြီး... ကျွန်တော်တို့က နှစ်ယောက်တည်းလေ ဘာလို့ သုံးယောက်မှာတာလဲ…။"
"ကလေးကလား မေးခွန်းတွေ မမေးစမ်းနဲ့။ ဒါတွေက မင်း ကိုင်တွယ်ဖို့ အရမ်းနက်နဲလွန်းတယ်…။"
ယွမ်လီက သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
ဝူလေးမှာ နောက်သို့ ဆုတ်သွားပြီး ဘာမှ ထပ်မမေးရဲတော့ပေ။
ခဏအကြာတွင် ဝူလေးသည် စိတ်လှုပ်ရှားမှုများဖြင့် ရင်ခုန်ကာ လှပသော အခန်းတစ်ခုထဲသို့ ဝင်သွား လေသည်။ ယွမ်လီကလည်း စိတ်လှုပ်ရှားစွာဖြင့် နောက်ထပ် အခန်းတစ်ခုထဲသို့ ဝင်သွားလိုက်သည်။
*ဒီနေ့တော့ ကြက် တွေ အနားမရကြတော့ဘူး….။*
နောက်ထပ် ဘာတွေဖြစ်မလဲဆိုတာကတော့ အားလုံး သိကြတဲ့အတိုင်းပါပဲ။
သို့ပေပေသော်လည်း ထျန်ဖုန်း တစ်ယောက်ကတော့ အကြီးအကျယ် ဒုက္ခရောက်နေခဲ့ရသည်။ သူသည် ကိုယ်ဖျောက်နည်းစနစ်ကို သုံးပြီး ယွမ်လီ၏ အခန်းထဲတွင် ပုန်းနေကာ ဘေးခန်းမှ ရယ်သံမောသံများကို နားထောင်ရင်း ဒေါသများ တလိပ်လိပ် ထွက်နေခဲ့လေသည်။
သူသည် ထိုတပည့်နှစ်ယောက်ကို အစိမ်းလိုက် ဝါးစားချင်စိတ် ပေါက်နေသော်လည်း မလုပ်နိုင်သေးပေ။ သူ၏ စရိုက်နှင့် ပြုစုပျိုးထောင်မှုအရ ထိုသို့လုပ်ခြင်းမှာ မှားယွင်းသည်ဟု ခံစားနေရလေသည်။
အခန်းတွင်းမှ အသံများ ပို၍ ကြည်နူးစရာကောင်းလာသောအခါ အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးစွပ် ထားသော ထျန်ဖုန်းသည် ပြတင်းပေါက်မှနေ၍ တိတ်တဆိတ် ဝင်လာခဲ့သည်။ သူတို့က ပြတင်းပေါက် ကို ဖွင့်ထားပြီး အလွန်ပင် ပျော်ရွှင်နေခဲ့ကြလေသည်။
အခန်းထဲတွင် မီးမှိန်မှိန်သာ ရှိသော်လည်း ထျန်ဖုန်း၏ စူးစမ်းတတ်သော အကြည့်များကိုတော့ တားဆီး နိုင်ခဲ့ခြင်းမရှိပေ။ သူသည် မအောင့်နိုင်ဘဲ အကြိမ်အနည်းငယ် ခိုးကြည့်မိလိုက်သေးသည်။
ယွမ်လီနှင့် သူ၏ ဝန်ထမ်းနှစ်ဦးသည် အဝတ်အစားများကို ကြမ်းပြင်ပေါ်တွင် ပစ်ချထားကြပြီး ထိုအထဲ တွင် ယွမ်လီ၏ သိုလှောင်အိတ်လည်း ပါဝင်လေသည်။
အဆင့်မြင့် ချီစွမ်းအင်သန့်စင်သူ တစ်ယောက်က ကိုယ်ဖျောက်နည်းကို သုံးပြီး သူ၏ပစ္စည်းများကို ခိုးယူလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့ပေ။ သူ၏အမြင်တွင် ဤမြို့၌ အင်အားအကြီးဆုံးသူမှာ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၆) သာ ရှိသည်ဟု သူတို့ဝင်လာကတည်းက သိထားပြီးသားဖြစ်သည်။
ထျန်ဖုန်း၏ လောဘဇောနှင့် ပြဿနာရှာလိုသော စိတ်ဓာတ်ကို မည်သည့်အရာကမျှ တားဆီး၍ မရ နိုင်ခဲ့ပေ။ သူသည် သိုလှောင်အိတ်နားသို့ တိတ်တဆိတ် ကပ်သွားပြီး စနစ်၏ သိုလှောင်ခန်းထဲသို့ ထည့်လိုက်လေသည်။
ယွမ်လီမှာတော့ ဘာမှ မသိသေးဘဲ သူ၏ အတွေးကမ္ဘာထဲတွင် နစ်မြောနေဆဲဖြစ်သည်။
"ဒီကောင်စုတ်…၊ သူက တကယ်ကြီးကို ရေကုန်ရေခမ်း ကြိုးစားနေတာပါလား….။"
ယွမ်လီက ဘာမှ သတိမထားမိသေးသည်ကို တွေ့သောအခါ ထျန်ဖုန်း စိတ်မရှည်တော့ပေ။
*ငါက ပစ္စည်း ခိုးဖို့ သက်သက်လာခဲ့ မဟုတ်ဘူး၊ ပြဿနာရှာဖို့ လာတာလေ။ တစ်ဖက်လူက သတိ မထားမိရင် ဘယ်လိုလုပ် ပြဿနာဖြစ်မှာလဲ….။*
သူသည် ချက်ချင်းပင် ကိုယ်ဖျောက်နည်းကို ဖျက်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ အဝတ်အစား အားလုံးကို ပွေ့ယူလိုက်သည်။
ပြီးနောက် သူက အော်ပြောလိုက်လေသည် -
"ကျေးဇူးပဲ အစ်ကိုကြီးရေ… ဆက်ကြိုးစားလိုက်ဦးနော်…။"
ထိုသို့ ပြောပြီးသည်နှင့် သူသည် ပြတင်းပေါက်မှနေ၍ ခုန်ထွက်သွားလေတော့သည်။
ထိုအသံမှာ ပြည့်တန်ဆာဆောင် တစ်ခုလုံး၏ ထက်ဝက်ခန့်အထိ ကြားသွားရသည်။ တခြားသူများ ဘယ်လိုထင်မလဲတော့ မသိပေမဲ့ ယွမ်လီကတော့ ထိတ်လန့်သွားတော့သည်။
ထိုအခါမှသာ သူတို့၏ အဝတ်အစားများ မရှိတော့ကြောင်းနှင့် သိုလှောင်အိတ်ပါ ပျောက်နေကြောင်း သတိထားမိကြတော့သည်။ သူ၏ မျက်နှာမှာ အသက်မဲ့သကဲ့သို့ ဖြူလျော်သွားသည်။
"သွားပြီ... ငါ့ရဲ့ လှေပျံကြီး….။"
သူသည် သူတို့ကို လေထဲသို့ တွန်းပို့လိုက်ပြီး သူတို့က ကြောက်လန့်တကြား လက်ပစ်ကူးနေစဉ်မှာပင် ယွမ်လီသည် အိပ်ရာခင်းတစ်ခုကို ကောက်ယူကာ ဖြစ်သလို ပတ်လိုက်ပြီး ပြတင်းပေါက်မှ ခုန်ချလိုက် လေတော့သည်။
ထို လှေပျံမှာ မိန်းကလေးများကို အထင်ကြီးစေဖို့အတွက် သူ ခေတ္တငှားထားခဲ့ခြင်း ဖြစ်သောကြောင့် သူ အလွန်ပင် စိုးရိမ်နေမိသည်။
အပြင်ဘက်မှ လေအေးများက သူ၏ ပေါင်ကြားထဲသို့ တိုက်ခတ်နေသော်လည်း ထိုအရသာကို ခံစားဖို့ စိတ်မကူးနိုင်ပေ။ သူသည် ရှေ့နားမှာ စောင့်နေသည့် မျက်နှာဖုံးစွပ်ထားသူကို တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်ရသည်။
"မပြေးနဲ့... ဒီသူခိုး….။"
သူ၏ အထောက်အထား ပေါ်သွားမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နောက်မှနေ၍ အတင်းလိုက်တော့ သည်။
"မပြေးဘဲ ရပ်နေတဲ့သူက လိပ်ပဲဟေ့…။"
ယွမ်လီ လိုက်လာသည်ကို တွေ့သောအခါ ထျန်ဖုန်းကလည်း သူ၏ အရှိန်ကို မြှင့်လိုက်ပြီး အမိုးများပေါ် သို့သာ ဦးတည်ပြေးလေတော့ သည်။
သူတို့နှစ်ဦး အပြန်အလှန် လိုက်လံနေကြစဉ်တွင် ယွမ်လီမှာ ခြေတစ်လှမ်း လှမ်းတိုင်း အရှက်ရနေမိ သည်။ ဖြူဖွေးနေသော ပေါင်နှစ်လုံးကြောင့်သာမက သူ၏ ဟိုဒင်းကြီးကလည်း လှုပ်ရမ်းနေ သော ကြောင့် ဖြစ်လေသည်။
"ဟေ့လူတို့... လာကြည့်ကြပါဦး….။"
"ညကြီးမင်းကြီး အဝတ်မပါဘဲ ပတ်ပြေးနေတဲ့သူ ရှိတယ်ဟေ့…။"
ထျန်ဖုန်းက ပြေးရင်း အော်နေခဲ့သည်။
သူသည် ဖျင်ကျင်းမြို့အကြောင်းကို ကောင်းကောင်းသိသော်လည်း အဝတ်အစား ရောင်းသည့်နေရာ သို့မဟုတ် အဝတ်လှန်းသည့် နေရာများသို့ မသွားပေ။ ရလဒ်အနေဖြင့် ယွမ်လီသည် မျက်နှာဖုံးစွပ်ထား သူနောက်သို့ အကြာကြီး လိုက်နေသော်လည်း အဝတ်တစ်စပင် မတွေ့ရပေ။
သို့သော် သူက ရပ်ပစ် လိုက်ရန်လည်း မဝံ့ရဲပေ၊ အကြောင်းမှာ သူရပ်လိုက်သည်နှင့် ထိုမျက်နှာဖုံးစွပ် ထားသူက ထွက်ပြေးပုန်း ရှောင်သွားမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။
"တောက်…. အဲဒီကောင်စုတ်…။"
ယွမ်လီက အံကြိတ်ကာ လိုက်နေသော်လည်း တစ်ဖက်လူက ပြေးရင်း လွှားရင်း အော်ဟစ်နေသဖြင့် လူအများ၏ အာရုံစိုက်မှုကို ခံနေရတော့သည်။
သို့သော် ထျန်ဖုန်းကလည်း သူ့ကို အမိဖမ်းနိုင်ခါနီးလေး ပွတ်ခါသီကာလေး ဖြစ်အောင် အမြဲလုပ်ပေး နေသည်။ စနစ်၏ ပံ့ပိုးမှုနှင့် မိုးတိမ်ခြေလှမ်းကြောင့် ထျန်ဖုန်း၏ အမြန်နှုန်းမှာ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ရှိသော ယွမ်လီထက် များစွာ ပိုမြန်နေလေတော့သည်။
***