ထျန်ဖုန်းက လက်တစ်ဖက်တွင် ယွမ်လီနှင့် မိန်းကလေးနှစ်ယောက်၏ အဝတ်အစားများကို ကိုင် ထားပြီး အခြားလက်တစ်ဖက်က သိုလှောင်နေရာထဲမှ ကျောက်ခဲငယ်များကို ထုတ်ကာ သူဖြတ် သွားသည့် အိမ်ခေါင်မိုးများပေါ်သို့ မကြာခဏ ပစ်ချနေလေသည်။
"ဘန်း…."
ကျောက်ခဲတစ်လုံးက ခေါင်မိုးကို ထိမှန်သွားပြီး အိမ်နီးချင်းအတော်များများကို နိုးသွားစေခဲ့သည်။
"ဘယ်သူလဲကွ။ ညကြီးမိုးချုပ် ပြဿနာလာရှာနေတာလား…"
"ညဘက်တောင် ကောင်းကောင်းအိပ်ခွင့်မပေးတော့ဘူးလား…။"
သူတို့က ကျိန်ဆဲရင်း အခန်းထဲမှ နှစ်ယောက်တစ်စု သုံးယောက်တစ်စု ထွက်လာကြလေသည်။
အပြင်ကို ထွက်လိုက်သည်နှင့် ခေါင်မိုးပေါ်တွင် အမည်းရောင်ဝတ်စုံနှင့် မျက်နှာဖုံးစွပ်ထားသော လူတစ် ယောက် အရူးအမူး ပြေးလွှားနေသည်ကို မြင်လိုက်ရသည်။
ထိုလူ့နောက်တွင် အိပ်ရာခင်းကို ဖြစ်သလို ပတ်ထားသော လူတစ်ယောက်က လိုက်ဖမ်းနေခဲ့သည်။ လရောင်အောက်တွင် ဖြူဖွေးသော ခန္ဓာကိုယ်ကို ရံဖန်ရံခါ မြင်တွေ့နေရ လေသည်။
"ဒါဘယ်သူလဲဟ….။"
"ရှင် မရှက်ဘူးလား…။"
"အသားဖြူတိုင်း လုပ်ချင်တိုင်း လုပ်လို့ရလား….။"
"အရှက်မရှိတဲ့ကောင်….။ အဝတ်အစားမပါဘဲ ဒီလောက်မြင့်တဲ့နေရာမှာ ပြေးနေရလား…။"
အသက်ကြီးကြီး အမျိုးသမီးအချို့က မျက်လုံးများကို ကွယ်ထားရင်း လက်ချောင်းကြားမှ ချောင်းကြည့် ကာ ကျိန်ဆဲနေကြလေသည်။
ရိုးရိုးသားသားပြောရလျှင် ထိုအရှက်မရှိတဲ့ကောင်က ခန္ဓာကိုယ်အချိုးအစား တော်တော်လေး ကြည့် ကောင်းနေသည်ပင်။
"ဟူး... နှမြောစရာပဲ….။ မှောင်နေလို့ သေချာမမြင်ရဘူးရှင်…။"
ယွမ်လီက အကြားအာရုံ ထက်မြက်သူဖြစ်ရာ အဆိုပါစကားများကို သဘာဝကျကျ ကြားလိုက်ရသည်။
သူ ဒေါသထွက်သွားသည်။ ဤလူယုတ်မာက သူ၏အဝတ်အစားများကို ခိုးယူသွားသည်မှာ ဆိုးရွားလှ ပြီဖြစ်သော်လည်း ညနက်ပိုင်း လူသူကင်းမဲ့ချိန်ဖြစ်၍ အံကြိတ်ကိုက်ကာ သည်းခံနိုင်သေးသည်။
သို့သော် ဤလူယုတ်မာက အော်ဟစ်ရုံသာမက သူ၏ရှေ့တွင် ကျောက်ခဲများကိုပါ ပစ်ပေါက်နေသေး သည်။
"မင်းတို့ သေချာမမြင်ရဘူး မဟုတ်လား။ မင်းတို့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်…။"
ထျန်ဖုန်းက သူ၏နောက်သို့ မီးတောက်များ ပစ်လွှတ်လိုက်ရာ လင်းထိန်သွားပြီး ယွမ်လီ၏ ပုံပန်း သဏ္ဍာန်ကို အတော် လေးမြင်သာထင်သာရှိသွားစေခဲ့ သည်။
ချက်ချင်းပင် ယွမ်လီ၏ ခန္ဓာကိုယ်က မှောင်မိုက်နေသော ညကောင်းကင်ယံတွင် ပိုးစုန်းကြူးတစ် ကောင်ကဲ့သို့ တောက်ပသွားလေတော့သည်။
"ခွေးကောင်…။ မင်း... ခွေးကောင်…။"
ယွမ်လီမှာ ဒေါသထွက်လွန်း၍ ရပ်တန့်ကာ ပုန်းအောင်းချင်ခဲ့သော်လည်း သူ၏ သိုလှောင်အိတ်နှင့် လှေပျံကို လက်မလွှတ်နိုင်ပေ။
ခဏစဉ်းစားပြီးနောက် သူက အိပ်ရာခင်းဖြင့် ခေါင်းကိုသာ ပတ်ထားလိုက်ပြီး ကျန်သည်ကို လျစ်လျူရှု ထားလိုက်လေသည်။ မည်သို့ပင်ဆိုစေ လူတိုင်းက အတူတူလောက်သာဖြစ်ရာ သူ၏မျက်နှာကို မမြင်ရ သမျှ အဆင်ပြေသည်ပင်မဟုတ်ပါလား။
"ချီးတဲ့မှပဲ…။ ဒါက လရောင်အောက်မှာ ငှက်လေးလွှတ်ပြီးပြေးတဲ့ ကစားပွဲများလားကွ…။"
ထျန်ဖုန်းက သူ့ရှေ့တွင် လုံးဝပွင့်လင်းနေသော ယွမ်လီကို ကြည့်ကာ အံ့သြတကြီး ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ဟုန်အိမ်တော်ကို လှမ်းမြင်လိုက်ရသည်။
အချိန်ကျပြီဟု မြင်လိုက်သောအခါ ထျန်ဖုန်းက တံတိုင်းကို ကျော်တက်ကာ ဝင်သွားပြီး ယွမ်လီက လည်း ထပ်ချပ်မကွာ လိုက်ပါလာခဲ့လေသည်။
"ကောင်းကင်ဘုံကိုသွားဖို့ လမ်းရှိရက်နဲ့ မင်းက ငရဲပြည်သွားဖို့ ရွေးချယ်လိုက်တာပဲ….။"
ယွမ်လီက မျက်နှာပျက်ရမည်ကို ဂရုမစိုက်တော့ဘဲ လှေပျံကို အရင်ပြန်ရချင်နေသည်။ သူ၏ ဂျူနီယာ ညီမလေးနှစ်ယောက်စလုံး ဟုန်အိမ်တော်တွင် ရှိနေသဖြင့် ဤမျက်နှာဖုံးရှင်မှာ လွတ်မြောက်ရန် အခွင့် အရေး မရှိတော့ပေ။
ဟုန်အိမ်တော်တစ်ခုလုံးတွင် အသံကျယ်ကြီးတစ်ခု ပဲ့တင်ထပ်သွားပြီး ဂျူနီယာညီမလေး နှစ်ယောက် ကို အသိပေးလိုက်လေသည်။
သို့ရာတွင် ထျန်ဖုန်းက ခြေလှမ်းများကို မရပ်တန့်ဘဲ ပို၍ပင် မြန်ဆန်စွာ လျှောက်သွားလိုက်သည်။
သူက ကျင့်သားရနေသော အမူအကျင့်ဖြင့် ဟုန်ထို့၏ အခန်းတံခါးကို ကန်ဖွင့်လိုက်သည်။
ဟုန်ထို့၏ ထိတ်လန့်နေသော မျက်နှာနှင့် သက်တော်စောင့်၏ တည်ကြည်သော အကြည့်များကြားတွင် သူက အခန်းထဲရှိ တစ်ဦးတည်းသော ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၃) သက်တော်စောင့်အား ဓား တစ်ချက်တည်းဖြင့် ပေါ့ပေါ့ပါးပါး ခုတ်ချလိုက်လေသည်။
သူက မျက်နှာဖုံးကို ခွာချလိုက်ပြီး မယုံကြည်နိုင်ဖြစ်နေသော ဟုန်ထို့ကို ကြည့်ကာ ပြောလိုက်သည်။
"သခင်မလေး ဟုန်ထို့ …။ ငါက ထျန်ဆန်းဖုန်း ပဲ…။"
သူ၏ လက်များက တစ်ခဏမျှ မရပ်တန့်ဘဲ အလွန်ပြောင်မြောက်လှသော ဓားပညာဖြင့် ဟုန်ထို့ကို အနည်းငယ်မျှ ထိခိုက်ဒဏ်ရာ မရစေဘဲ သူ၏ အဝတ်အစားများကို "ရွှစ်၊ ရွှစ်၊ ရွှစ်" ဟူသော အသံနှင့် အတူ အစအနများဖြစ်အောင် ခုတ်ပိုင်းလိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်ထို့တစ်ယောက် ကိုယ်လုံးတီး ဖြစ်သွားတော့သည်။
"ဟုန်ထို့ သခင်မလေး၊ ဒီအဝတ်အစားတွေက မင်းလို မိန်းကလေးတစ်ယောက်နဲ့ သင့်တော်ပါတယ်…။"
ထျန်ဖုန်းက သူ၏လက်ထဲရှိ ပစ္စည်းများကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။ ၎င်းတို့မှာ ယွမ်လီနှင့် မိန်းကလေးနှစ်ယောက်၏ အဝတ်အစားများပင် ဖြစ်သည်။
သူက လက်တစ်ချက် ထပ်ဝှေ့ရမ်းလိုက်ပြီး စောင်များအားလုံးကို စနစ်သိုလှောင်ခန်းထဲသို့ ထည့်လိုက် သည်။
ပြောရလျှင် ဇာတ်လမ်းရှည်သော်လည်း အခန်းထဲသို့ သူဝင်လာချိန်မှစ၍ တစ်ခဏသာ ကြာသေးသည်။
ထိုအချိန်တွင် ယွမ်လီက အခန်းရှေ့ရှိ ကွက်လပ်သို့ ရောက်ရှိလာခဲ့သည်။
ဤတစ်ကြိမ်တွင် ထျန်ဖုန်းက ထွက်မပြေးတော့ပေ။ သူက မျက်နှာဖုံးကို ပြန်စွပ်လိုက်ကာ အခန်းထဲမှ ထွက်လာပြီး လက်တစ်ဖက်တွင် ဓားကိုကိုင်ကာ ယွမ်လီဆီသို့ ပြေးဝင်သွားလိုက်သည်။
ကိုယ်လုံးတီးဖြစ်နေဆဲဖြစ်သော ဟုန်ထို့အတွက် အချိန်ဆွဲပေးရန် သူ လိုအပ်သည်။ သူ၏အသက်ကို ပေးရမည်ဆိုလျှင်တောင် လူတိုင်းရှေ့တွင် ဟုန်ထို့ မျက်နှာမပျက်စေရန် သူ ကာကွယ်ရမည်။
"ငါ ထျန်ဖုန်း... ဟုန်ထို့ရဲ့ အပြစ်ကင်းစင်မှုကို ကာကွယ်ပေးရမယ်…။"
"ဟေ့ကောင် သူခိုးလေး… ဒီတစ်ကြိမ်တော့ မင်း လွတ်တော့မှာမဟုတ်ဘူး…။"
ထျန်ဖုန်း ပြေးဝင်လာသည်ကို မြင်သောအခါ ယွမ်လီက အံကိုကြိတ်လိုက်သည်။
သူ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လက်သင်္ကေတများ ဆက်တိုက်လုပ်ကာ မီးလုံးအမြောက်အများ ကို ပစ်လွှတ်လိုက်လေသည်။
ချက်ချင်းပင် သူတို့နှစ်ဦးသည် အပြင်းအထန် တိုက်ခိုက်နေကြပြီး မည်သူကမျှ အသာစီး မရနိုင်ပေ။
သူတို့နှစ်ဦး၏ တိုက်ပွဲကြောင့် တံခါးအပြင်ဘက်ရှိ သက်တော်စောင့်များမှာ အနီးသို့ချဉ်းကပ်ရန်ပင် ကြောက်ရွံ့နေကြသည်။
ထျန်ဖုန်းက တံခါးဝတွင် စောင့်ကြပ်နေပြီး ဟုန်ထို့ကို ကာကွယ်ရန် မည်သူ့ကိုမျှ အခန်းထဲသို့ ဝင်ရောက်ခွင့် မပေးပေ။
ထျန်ဖုန်း၏ ထပ်မံချုံခိုတိုက်ခိုက်ခံရပြီးနောက် ဟုန်ထို့က နောင်တွင် ပြဿနာမဖြစ်စေရန် ပြတင်း ပေါက် များကို လုံးဝပိတ်ဆို့ထားရန် သူ၏လူများကို အမိန့်ပေးထားခဲ့လေသည်။
ကိုယ်လုံးတီးဖြစ်နေသော ဟုန်ထို့ကလည်း တံခါးအပြင်ဘက်မှ တိုက်ပွဲကို မြင်သော်လည်း လုံးဝ နားမလည်နိုင်ဖြစ်နေသည်။
"ဘာတွေဖြစ်နေတာလဲ….။"
သူ လုံးဝ ဇဝေဇဝါဖြစ်နေသော်လည်း ဝတ်စရာ အဝတ်အစားတစ်ခုခု ရှာရမည်ကိုတော့ သိပေသည်။ ထိုသို့မဟုတ်ပါက တစ်ယောက်ယောက် ဝင်လာပြီး သူ့ကို မြင်သွားလျှင် ဘာဖြစ်သွားမည်နည်း။
ဟိုဟာက မရှိတော့ဘူးလေ။ တစ်ယောက်ယောက်များ မြင်သွားရင် အလွန်ရှက်စရာ ကောင်းလှသည်။
ကံကောင်းထောက်မစွာဖြင့် ထျန်ဆန်းဖုန်းဆိုသော ကောင်က အဝတ်အစား အချို့ကို ချန်ထားရစ်ခဲ့ လေသည်။
*လူယုတ်မာ ထျန်အာဖုန်း၊ လူယုတ်မာ ထျန်ဆန်းဖုန်း….။*
သူ့အဝတ်အစားတွေကို ဖျက်ဆီးပြီး တခြားအဝတ်အစားတွေကို ဘာအတွက် ချန်ထားခဲ့ရလဲ ဆိုသည် ကို သူ နားမလည်နိုင်သေးချေ။
"ဟမ်... ဘာလို့ မိန်းမဝတ်တွေ ဖြစ်နေရတာလဲ….။"
ဟုန်ထို့ ချက်ချင်း သဘောပေါက်သွားသည်။
"ဒါဆို ဒီခွေးကောင်က ငါ့ကို လှည့်စားပြီး မိန်းမဝတ်တွေ ဝတ်ခိုင်းဖို့ ကြိုးစားနေတာပေါ့….။။"
အကြံအစည်ကို သူရိပ်မိသွားပြီဟု ထင်လိုက်သောကြောင့် သဘာဝကျကျပင် ထိုမိန်းမဝတ်များကို မဝတ်တော့ဘဲ ယွမ်လီ၏ အဝတ်အစားများကို ယူကာ ဝတ်ဆင်လိုက်သည်။
*ငါတို့ နည်းနည်းလောက် ထပ်ဆွဲထားလိုက်ရင် ဂျူနီယာညီမလေးတွေ ရောက်လာတဲ့အခါ ဒီကောင် လွတ်မှာမဟုတ်တော့ဘူး…။*
ခံစစ်ကို မဖောက်နိုင်သော ယွမ်လီကလည်း ဤအကြံကို စတင်စဉ်းစားမိလေသည်။
ထျန်ဖုန်း၏ စွမ်းအားကိုလည်း သူ အံ့သြနေမိသည်။ သူလို ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ရှိသူ တစ်ယောက်က ဤသူခိုးကောင်၏ ခံစစ်ကို ဤမျှလောက်ကြာသည်အထိ ဖောက်နိုင်ရပါသနည်း။
*ဟုန်ထို့ အဝတ်အစားဝတ်ပြီးလောက်ပြီ ထင်တယ်…*
ထျန်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
"စီနီယာအစ်ကို….။"
"စီနီယာအစ်ကို….၊ ကျွန်မတို့ ရောက်လာပြီ…။"
ယွမ်လီက ထိုအသံကို ကြားတော့ အလွန်ဝမ်းသာသွားခဲ့သည်။ အကြောင်းမှာ ထိုသူများမှာ တကယ်ပင် ဟုန်လင်းနှင့် အခြားတစ်ယောက် ဖြစ်နေသောကြောင့်တည်း။
ဟုန်လင်းနှင့် အခြားအမျိုးသမီးမှာလည်း ယွမ်လီ၏ ဖော်လွင်နေသော ဝတ်စားဆင်ယင်မှုကြောင့် လုံးဝ မျက်လုံးများ ပြူးသွားကြပြီး မျက်နှာများ အနည်းငယ် နီရဲသွားကြလေသည်။
"အိုး... မင်းမှာ သိမ်မွေ့တဲ့ ကူညီဖော်လေး နှစ်ယောက်တောင် ရှိနေတာပဲ…။"
မိန်းကလေးနှစ်ယောက် ရောက်လာသည်ကို မြင်သောအခါ ထျန်ဖုန်းက လှောင်ပြောင်ပြောဆိုလိုက်ပြီး ဟုန်ထို့၏အခန်းထဲသို့ ပြန်ဆုတ်သွားလေသည်။
ယွမ်လီ၏ အဝတ်အစားများ ဝတ်ဆင်ထားသော ဟုန်ထို့ကို မြင်သောအခါ ထျန်ဖုန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ရပ်တန့်နေခြင်းမရှိဘဲ ပြတင်းပေါက်တစ်ခုဆီသို့ အမြန်လျှောက်သွားကာ ဓားချက်နှစ်ချက်ဖြင့် ပေါ့ပေါ့ ပါးပါး ချိုးဖျက်လိုက်ပြီး အပြင်သို့ လစ်ထွက်သွားလေတော့သည်။
"ဟေ့ကောင် သူခိုး…၊ မပြေးနဲ့….။"
ယွမ်လီလည်း အခန်းထဲသို့ ကပ်လျက် လိုက်ဝင်လာပြီး ဟုန်ထို့ကို တစ်ချက်ကြည့်ကာ ကျိုးပျက်နေ သော ပြတင်းပေါက်ကြားမှ တိုးထွက်သွားလေသည်။
သို့သော် သူ လိုက်ဖမ်းချိန်တွင် ထျန်ဖုန်း၏ အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။
"ကျက်သရေတုံးလေး… ငါ့သိုလှောင်အိတ်ထဲမှာ လှေပျံ ပါသွားသေးတယ်ကွ….။"
ယွမ်လီ၏ နှလုံးသားမှာ သွေးထွက်မတတ် နာကျင်နေပြီး အလွန်အမင်း စိတ်မရှည်ဖြစ်နေသည်။
ထို့နောက် ဟုန်ထို့ ဝတ်ဆင်ထားသော အဝတ်အစားများမှာ သူ၏ အဝတ်အစားများ ဖြစ်ပုံရသည်ကို သတိရလိုက်သဖြင့် ဟုန်ထို့၏ အခန်းထဲသို့ ချက်ချင်း ပြန်လှည့်သွားလိုက်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ထို့၏ အခန်းထဲတွင် ဟုန်လင်းနှင့် သူမ၏ ဂျူနီယာညီမလေး၊ ဟုန်ကျန့်လင်နှင့် သူ၏ဇနီး၊ ထို့ပြင် ဟုန်ကျန့်ချင်းတို့ အပါအဝင် လူအများအပြား ရပ်နေကြပြီဖြစ်သည်။
လူတိုင်းက ယွမ်လီ၏ အဝတ်အစားများကို ဝတ်ဆင်ထားသော ဟုန်ထို့ကို နားမလည်နိုင်သော အမူ အရာများဖြင့် လုံးဝ ဇဝေဇဝါဖြစ်စွာ ကြည့်နေခဲ့ကြလေသည်။
ယွမ်လီက ပွင့်လင်းသော အဝတ်အစားများဖြင့် ပြန်ရောက်လာသောအခါ လူတိုင်းက ပို၍ပင် ရှုပ်ထွေး သွားကြသည်။ ဟုန်လင်းနှင့် အခြားအမျိုးသမီးနှစ်ဦးက အနည်းငယ် နီရဲနေသော မျက်နှာများဖြင့် လှည့်ထွက်သွားကြပြီး ဟုန်သခင်မ၏ မျက်နှာမှာလည်း နီမြန်းနေလေသည်။
"မင်းအဝတ်အစားတွေ ချွတ်လိုက်စမ်း….။"
ယွမ်လီက အော်ဟစ်လိုက်သဖြင့် လူတိုင်း လန့်သွားကာ အားလုံး အံ့အားသင့်သွားကြသည်။
"ငါလား။ ငါ့ကို ပြောတာလား….။"
ဟုန်ထို့ အနည်းငယ် တွေဝေသွားသည်။ ယွမ်လီကို သူ တစ်ခါမှ မမြင်ဖူးသလို ထိုအဝတ်အစားများမှာ သူ့အဝတ်အစားများမှန်းလည်း သူမသိပေ။
"မင်းမဟုတ်ရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ…။"
ယွမ်လီမှာ ဒေါသပေါက်ကွဲလုမတတ် ဖြစ်နေသည်။
"ငါက ဘာလို့ ချွတ်ရမှာလဲ။ ဒါက မင်းအဝတ်အစားတွေလား။ ရယ်စရာကောင်းလိုက်တာ…။"
ဟုန်ထို့က စိတ်အခြေအနေ မကောင်းဖြစ်နေပြီးသားပင်။ သူက ထျန်အာဖုန်း၏ ညီဖြစ်သူ ထျန်ဆန်းဖုန်း နှင့် တွေ့ကာ အဝတ်အစားများ ဖျက်ဆီးခံရပြီး စောင်ကိုပါ အခိုးခံလိုက်ရသည်။ ယခုလည်း နောက်ထပ် အရူးတစ်ယောက်က ရောက်လာပြီး ဒီအဝတ်အစားတွေက သူ့ဟာလို့ လာပြောနေသည်မဟုတ်ပါလား။
"ဒါပေါ့ ဒါက ငါ့ဟာလေ။ မင်း ချွတ်မှာလား၊ မချွတ်ဘူးလား…။ မချွတ်ရင် မင်းကို ငါသတ်မယ်…။"
ဤအချိန်တွင် ယွမ်လီမှာ တကယ်ပင် လူသတ်ရန် စီစဉ်နေပြီဖြစ်သည်။ ဤလူသာ ဟုန်လင်း၏ အစ်ကို အရင်း မဟုတ်ခဲ့လျှင် သူ တခါတည်းတန်း၍ တိုက်ခိုက်မိမည်ဖြစ်သည်။
သူ ကိစ္စရှင်းနေစဉ် အရှက်ခွဲခံရပြီး ဖျင်ကျင်းမြို့ တစ်ဝက်လောက် လှည့်လည်ပြသခံခဲ့ရသည်။ သူ၏ သိုလှောင်အိတ်နှင့် လှေပျံတို့ အခိုးခံရရုံသာမက သူ၏ အဝတ်အစားများကိုပင် အခြားသူတစ်ယောက် က ဝတ်ဆင်ထားသေးသည်။
ဤအခိုက်အတန့်တွင် သူ၏အနောက်၌ ဟုန်လင်းနှင့် သူ၏ ဂျူနီယာညီမလေးတို့ ရှိနေသည်ကို သူ အနည်းငယ်မျှ ဂရုမစိုက်နိုင်တော့ပေ။
ဟုန်ကျန့်လင်လည်း သဘောပေါက်သွားသည်။ သူ့သားက ယွမ်လီ၏ အဝတ်အစားများကို အဘယ် ကြောင့် ဝတ်ဆင်ထားသည်ကို သူ မသိသော်လည်း အရေးအကြီးဆုံးအချက်မှာ အဝတ်အစားများကို အရင်ပြန်ပေးရန်ဖြစ်သည်။ အကြောင်းမှာ ဤလူများမှာ စကားပြောရလွယ်ကူသူများ မဟုတ်သော ကြောင့်ပင်။
"ထို့အာ.. ပြဿနာမရှာနဲ့တော့။ အဝတ်အစားတွေကို မြန်မြန် ပြန်ပေးလိုက်….။"
ဟုန်ကျန့်လင်က အကြံပြုလိုက်သည်။
"သူက ဒီအဝတ်အစားတွေကို သူ့ဟာလို့ ပြောရုံနဲ့ သူ့ဟာဖြစ်သွားရောလား။ ဒီမှာ တခြား မိန်းမဝတ်စုံ နှစ်စုံလည်း ရှိသေးတယ်။ အဲ့ဒါတွေကမှ သူ့ဟာ ဖြစ်မယ်လို့ ငါထင်တယ်….။"
ဟုန်ထို့က လုံးဝ မယုံကြည်ပေ။
"မင်း... မင်း သေချင်နေတာပဲ…။"
ယွမ်လီမှာ ဒေါသထွက်သွားပြီး ချက်ချင်းပင် လှုပ်ရှားချင်သွားသည်။
မမျှော်လင့်ဘဲ ဟုန်ကျန့်လင်က သူ့ထက်အရင် လက်ဦးသွားသည်။
"ဖြန်း…"
ပြတ်သားသော ပါးရိုက်သံတစ်ခု ထွက်ပေါ်လာသည်။ ဟုန်ကျန့်လင်က အေးစက်စက် အသံဖြင့် ပြောလိုက်သည်။
"မြန်မြန် ချွတ်ပြီး သူတို့ကို ပြန်ပေးလိုက်။ ငါ့ကို လက်ပါရအောင် ဖိအားမပေးနဲ့…။"
"အဖေ..."
ဟုန်ထို့က ကောင်းကင်ကြီး ပြိုကျသွားသလို ခံစားလိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာပြီး သူ၏ နှလုံးသားထဲတွင် ကြီးမားသော နာကြည်းမှု ခံစားချက်ကြီး ပေါ်ပေါက်လာသည်။
သူ၏ နှုတ်ခမ်းများ တုန်ယင်နေပြီး ပြောလိုက်သည်။
"ကောင်းပြီ၊ ကျွန်တော် ချွတ်ပေးမယ်၊ ကျွန်တော် ချွတ်ပေးပါ့မယ်…။"
ဟုန်ကျန့်လင်လည်း စိတ်မကောင်းဖြစ်သွားပြီး ယွမ်လီကို အကြံပြုလိုက်သည်။
"သခင်လေး ယွမ်၊ ကျွန်တော်တို့ အပြင်ထွက်ပြီး စောင့်နေကြရအောင်…။"
"ငါ ဒီမှာပဲ စောင့်မယ်…။"
သို့သော် ယွမ်လီက အနည်းငယ်မျှ ကျေးဇူးမတင်ခဲ့ပေ။ အကြောင်းမှာ သိုလှောင်အိတ်ကို မတွေ့သေး ဘဲ တစ်ခုတည်းသော မျှော်လင့်ချက်မှာ အဝတ်အစားများတွင်သာ ရှိနေသောကြောင့်ဖြစ်သည်။
"မင်း..."
ဟုန်ကျန့်လင် ချက်ချင်း ဒေါသထွက်သွားချင်သော်လည်း တစ်ဖက်လူ၏ စွမ်းအားကို တွေးမိသောအခါ သူ၏ ဒေါသကို မြိုသိပ်လိုက်ရသည်။
တစ်ဖက်လူကသာ လှုပ်ရှားလိုက်လျှင် ယနေ့တွင် ဟုန်မိသားစုဝင် အနည်းငယ်မျှသာ အသက်ရှင်ကျန် ရစ်လိမ့်မည်ဟု သူ စိုးရိမ်နေမိသည်။
သို့ရာတွင် သူက သည်းခံနိုင်ရုံဖြင့် သူ၏ဇနီးသည်က သည်းခံနိုင်မည်ဟု မဆိုလိုပေ။
"ဘာလို့လဲ။ ရှင်တို့က ကျွန်မရဲ့ ထို့အာ ကို ဘာလို့ အနိုင်ကျင့်နေရတာလဲ…။"
ဟုန်သခင်မမှာ ဒေါသထွက်နေသည်။ သူမ ဘယ်တုန်းကများ ဒီလိုမျိုး ဆက်ဆံခံခဲ့ရဖူးလို့လဲ။
"ငါက ဘာလို့ အနိုင်ကျင့်ရမှာလဲ ဟုတ်လား။ ငါက မင်းတို့ မိသားစုတစ်ခုလုံးကို အလွယ်လေး သတ်ပစ်နိုင်လို့ပဲ…။"
ယွမ်လီ၏ သတ်ဖြတ်လိုစိတ်များက အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး မည်သည့်အချိန်တွင်မဆို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကို စတင်ရန်ပင် အဆင်သင့်ဖြစ်နေသည်။
ဟုန်သခင်မက တစ်ခုခု ထပ်ပြောချင်နေသည်ကို မြင်သောအခါ ဟုန်ကျန့်လင်က သူမကို အမြန်ဆွဲဖယ် လိုက်သည်။
"ကျွန်မကို လွှတ်စမ်းပါ၊ ကျွန်မ ထပ်ပြောချင်သေးတယ်…။"
ဟုန်သခင်မက ရုန်းကန်ရင်း ထပ်ခါတလဲလဲ ပြောနေသည်။
"သူက ဘာမို့လို့လဲ...။"
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သူမကို ပါးရိုက်ပြီးနောက် ဟုန်ကျန့်လင်က မာန်မဲလိုက်လေ သည်။
"ပါးစပ်ပိတ်ပြီး ထွက်သွားစမ်း…။"
*ဒီမိန်းမက မိသားစုတစ်ခုလုံး သေရမယ့်အဖြစ်ကို ဖန်တီးမိတော့မလို့ပဲ…။
သူ့သမီး၏ မျက်နှာကို ထောက်ထားနေရခြင်း မရှိပါက ထိုလူများက လှုပ်ရှားနေလောက်ပြီဖြစ်သည်။ စွမ်းအားက အရာအားလုံးပင်မဟုတ်ပါလား။
ပါးတစ်ချက် အရိုက်ခံရပြီးနောက်တွင်တော့ ဟုန်သခင်မသည် နောက်ဆုံးတွင် ငြိမ်ကျသွားတော့သည်။
သူမ လုံးဝ အံ့အားသင့်သွားသည်။ ဟုန်ကျန့်လင်၏ ပါးရိုက်ခြင်းကို တစ်ကြိမ်တစ်ခါမျှ မခံခဲ့ရဖူးသဖြင့် တစ်ခဏမျှ သူမ လက်မခံနိုင်ဖြစ်နေသည်။ ဟုန်ကျန့်လင်က သူမကို ခေါ်ဆောင်သွားပြီး သူမမှာ လုံးဝ ဝမ်းနည်းဆွံ့အမိနေလေတော့သည်။
***