"မင်းတို့အားလုံး အဲဒီမှာ ဘာရပ်လုပ်နေကြတာလဲ။ သခင်လေးအတွက် အဝတ်အစားတွေ မြန်မြန် သွားယူချေ….။"
တံခါးအပြင်ဘက်သို့ ရောက်ရောက်ချင်းပင် ဟုန်ကျန့်လင်က အစေခံများကို အော်ဟစ်အမိန့်ပေးလိုက် လေသည်။
ခဏအကြာတွင် အခန်းထဲ၌ ဟုန်ထို့နှင့် ယွမ်လီတို့နှစ်ယောက်စလုံး အဝတ်အစားများ ပြန်လည်၍ ဝတ်ဆင်ပြီးသွားကြခဲ့လေ၏။
အကြောင်းစုံကို မသိသောသူများသာ မြင်ပါက သူတို့နှစ်ယောက်ကြားတွင် ပုံမှန်မဟုတ်သော ပတ်သက်မှုတစ်ခုခု ရှိနေသည်ဟုပင် ထင်မှတ်သွားနိုင်ပေသည်။
"မရှိဘူးလား... တကယ်ကို မရှိတော့တာလား…။"
သူ ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း အတည်ပြုလိုက်ရချိန်တွင်မူ ယွမ်လီမှာ လုံးဝ လက်မခံနိုင်အောင် ဖြစ်နေဆဲပင်။
ဆိုလိုသည်မှာ သူသည် အခြားသူများထံမှ ငှားရမ်းထားသော လှေပျံအပါအဝင် သူ၏ စုဆောင်းထား သမျှ ပိုင်ဆိုင်မှုအားလုံးနီးပါးကို ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
ထိုအချိန်တွင် ဟုန်ကျန့်လင်နှင့် အခြားသူများလည်း အခန်းထဲသို့ ဝင်လာကြသည်။ ယွမ်လီ၏ မှုန်ကုပ် နေသော မျက်နှာကို မြင်သောအခါ မည်သူမျှ စကားတခွန်းမျှမဟရဲကြဘဲ တိတ်ဆိတ်ကြလေသည်။
ဟုန်ထို့၏ မျက်နှာပေါ်တွင်လည်း မျက်ရည်စီးကြောင်းများ ကျန်ရှိနေဆဲဖြစ်ပြီး အေးစက်စက် မျက်နှာထား ဖြစ်နေသည်။
ထျန်ဖုန်းနှင့် စတင်တွေ့ဆုံခဲ့ချိန်မှစ၍ သူ၏ဘဝကြီး လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း သူ သဘော ပေါက်သွားသည်။ အရင်က မြင့်မြတ်ပြီး ဩဇာတိက္ကမ ကြီးမားခဲ့သော်လည်း ယခုအခါတွင်မူ လုံးဝ မျှော်လင့်ချက်မဲ့နေသလို ခံစားနေရသည်။
"အဲဒီလူက ဘယ်သူလဲဆိုတာ မင်း သိလား….။" ယွမ်လီက စိုးရိမ်တကြီး မေးလိုက်သည်။
ဟုန်ထို့က သူ့ကို တစ်ချက်စိုက်ကြည့်လိုက်သော်လည်း ဘာမှ ပြန်မပြောပေ။
"ထို့အာ... မင်းသိရင်လည်း ပြောပြလိုက်ပါကွာ….။"
ဟုန်ကျန့်လင်က အခြေအနေများသည် သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ကြောင်းနှင့် ယခုအချိန် သည် ယွမ်လီနှင့် ရန်ဖြစ်ရမည့်အချိန် မဟုတ်ကြောင်း ပြောကာ ဖျောင်းဖျလိုက်သည်။
သို့သော် ဟုန်ထို့က လုံးဝ ဂရုစိုက်မည့်ပုံ မပေါ်သေးပေ။ ဟုန်လင်း၏ လှောင်ပြောင်နေသယောင်ရှိသော အပြုံးကို မြင်သောအခါ စောစောက ဖြစ်ပျက်ခဲ့သည်များကို သူ ပြန်လည်သတိရသွားသည်။
ဤဝတ်လစ်စလစ်ဖြစ်နေသော လူသည်လည်း ထျန်ညီအစ်ကိုများ၏ လက်ချက်ဖြင့် ဒုက္ခရောက်ခဲ့ရပုံ ပေါ်လေသည်။ ဒါဆိုရင်လည်း သူတို့ကို ပြောပြလိုက်တာက ဘာများ နစ်နာသွားနိုင်မည်မို့လို့လဲ။
*သူတို့အချင်းချင်း ခွေးတွေလို ကိုက်ကြပါစေတော့။ ထျန်ဆန်းဖုန်းရဲ့ စရိုက်ကလည်း ထျန်အာဖုန်းထက် ပိုကောင်းမယ်လို့ ငါ မထင်ပါဘူး။ ထျန်ဆန်းဖုန်းက သူတို့ကို ဘယ်လိုများ ကစားဦးမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့….။*
ထိုသို့တွေးမိပြီးနောက် သူက နှုတ်ခမ်းဖြေးညင်းစွာဟကာ ပြောလိုက်သည်။
"အဲဒီလူက ထျန်ဆန်းဖုန်းပဲ….။"
"ဘာ…."
"ဪ... ဒီလိုကိုး….။"
"ထျန်ဆန်းဖုန်းက လက်စားချေဖို့ ပြန်ရောက်လာတာလား….။"
ဟုန်မိသားစုဝင်များ၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားကြလေ သည်။
မြစိမ်းတောင်ဂိုဏ်းမှ လူများသည်လည်း ဟုန်ကျန့်လင်တို့၏ တုံ့ပြန်မှုများကို ကြည့်ကာ တော်တော် လေး စပ်စုချင်စိတ်များ ဖြစ်ပေါ်လာခဲ့ကြသည်။
သူတို့သည် ထျန်အာဖုန်း၏ လုပ်ရပ်များကို ကြားဖူးထားသော်လည်း ဟာသများအဖြစ်သာ သဘော ထား ခဲ့ကြသည်။ ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ရသရွေ့ ထိုအရာက မည်မျှ ကြောက်မက်ဖွယ်ကောင်း ကြောင်း သူတို့ သိနိုင်မည်မဟုတ်ပေ။
ယွမ်လီကမူ တစ်ကြိမ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ထျန်ဆန်းဖုန်း၏ လုံးဝ ကိုယ်ကျင့်တရားမဲ့မှုများကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ တကယ်ကို ဒေါသထွက်စရာပင်။
"ဒါနဲ့ သခင်လေးယွမ်... စောစောက ဘာတွေဖြစ်ခဲ့တာလဲ။ အဲဒါကရော ထျန်ဆန်းဖုန်းရဲ့ လက်ချက်ပဲ လား….။"
ဟုန်ကျန့်လင်က မေးလိုက်သည်။
ယွမ်လီ၏ မျက်နှာမှာ တင်းမာသွားပြီး အေးစက်စွာ ပြောလိုက်သည်။
"ခင်ဗျားနဲ့ မဆိုင်ရင် ဝင်မပါနဲ့…။"
ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်သွားလေတော့သည်။
ဟုန်လင်းကလည်း ဟုန်ထို့ကို လှောင်ပြောင်သည့် အကြည့်ဖြင့် တစ်ချက်ကြည့်ကာ လှည့်ထွက်သွားခဲ့ သည်။
"ဒါနဲ့ စီနီယာအစ်ကိုဝူကရော ဘယ်ရောက်နေတာလဲ….။"
အနောက်မှ ဂျူနီယာညီမငယ်က မေးလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ယွမ်လီက ဆက်လျှောက်သွားသော်လည်း သူ၏မျက်နှာအမူအရာမှာ ပို၍ မှောင်မိုက်သွားလေသည်။
*မင်းတို့ရဲ့ စီနီယာအစ်ကိုဝူက အခုချိန်မှာ မိန်းမလှလေးတွေနဲ့ သာယာနေပြီလေကွာ….။ သောက်ကျိုး နည်း... ငါတို့ အတူတူသွားခဲ့ကြတာကို ဘာလို့ ငါကပဲ အကုန်ဆုံးရှုံးရပြီး သူကကျတော့ ဇိမ်ကျနေရ တာလဲ…။*
…………
အတော်ဝေးဝေးအထိ ပြေးလာပြီးနောက် ထျန်ဖုန်းက စိတ်မရှည်စွာဖြင့် မေးလိုက်သည်။
"စနစ်... ဆုလာဘ်တွေက ဘယ်မှာလဲ….။"
[ဂုဏ်ယူပါတယ် ပိုင်ရှင်... ။ အပြေးဒင်္ဂါး (၅၀၀) ရရှိပါတယ်။]
[ဂုဏ်ယူပါတယ် ပိုင်ရှင်...။ တိုက်ပွဲဝင် အမှတ် (၂၀၀) ရရှိပါတယ်။]
ထျန်ဖုန်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ ဤတစ်ကြိမ်တွင် လူတစ်ယောက်ကိုသာ ပြဿနာရှာနိုင်ခဲ့ပြီး ယွမ်လီကလည်း အလွန်အမင်း ဒေါသထွက်မနေသည့်တိုင် အပြေးဒင်္ဂါး (၅၀၀) ရရှိ သည်မှာ တော်တော်လေး များပြားသည်ဟု ဆိုရမည်။ အကယ်၍ သူသာ ယွမ်လီကို သွေးအန်မတတ် ဒေါသထွက်အောင် လုပ်နိုင်ခဲ့ပါက ဤထက်ပို၍ပင် ရရှိနိုင်သေးသည်။
ထို့အပြင် အပြေးဒင်္ဂါး ဆုလာဘ်များသည် လိုက်လံဖမ်းဆီးသူ၏ ကျင့်ကြံခြင်းအဆင့်နှင့် သက်ဆိုင်ရုံ သာမက နှစ်ဖက်အကြားရှိ ကျင့်ကြံခြင်းအဆင့် ကွာဟချက်နှင့်လည်း သက်ဆိုင်ပေသည်။
အကယ်၍ လိုက်ဖမ်းသူသည် မိမိထက် အားနည်းနေပါက ဆုလာဘ်ရရှိရန် အခွင့်ရေးနည်းလေသည်။ လိုက်ဖမ်းသူသည် မိမိထက် အားပိုကြီးနေမှ သို့မဟုတ် အဆင့်တူညီနေမှသာ ဆုလာဘ်ရရှိမည် ဖြစ် သည်။ လိုက်ဖမ်းသူ ပို၍ အားကြီးလေလေ ဆုလာဘ် ပိုများလေလေ ဖြစ်သည်။ ဤတစ်ကြိမ်တွင် ယွမ်လီသည် သူထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့်သာ ပိုမြင့်နေခြင်း ဖြစ်သည်။
ထျန်ဖုန်းက သူ၏ စနစ်လက်ကျန်စာရင်းကို တစ်ချက် ကြည့်လိုက်သည်။
[အပြေးဒင်္ဂါး : (၇၀၀)။]
[တိုက်ပွဲဝင်အမှတ် : (၇၅၀)။]
*အခုတော့ စုဆောင်းထားလိုက်ဦးမယ်။ နောက်မှ လိုအပ်လာရင် သုံးတာပေါ့…။*
[ထန်လေး... မင်းက တကယ် ယုတ်မာတဲ့ကောင်ပဲ။ လရောင်ကို အခွင့်ကောင်းယူပြီး သူများငှက်လေး ကို ပြစားအောင် လုပ်ရသလား။ ပြီးတော့ ဟုန်ထို့ကိုလည်း မင်း ထပ်ပြီး အကွက်ဆင်လိုက်ပြန်ပြီ။]
စနစ်၏ အငြိမ်မနေတတ်သော အသံက ထပ်မံထွက်ပေါ်လာသည်။
"မင်း ချီးကို ဘယ်လိုပဲ စားစား ရပေမယ့် စကားကိုတော့ လွယ်လွယ် မပြောနဲ့နော်။ နောက်တာတွေ ဘေးဖယ်ထား၊ ငါ့ကို လာစွပ်စွဲမနေနဲ့။ ငါက အဲဒီလိုကိစ္စမျိုး ဘယ်တော့မှ လုပ်မယ့်လူ မဟုတ်ဘူး။ မင်းက ငါ့ကို အကျင့်ပျက်အောင် လုပ်လိုက်လို့ မဟုတ်ဘူးလား….။"
သူ ဤကိစ္စကို လုံးဝ ဝန်ခံ၍မရပေ၊ အပြစ်ကို အခြားသူအပေါ်သို့ လွှဲချရမည်။
[ဟက်... မုမိသားစုရဲ့ သမီးပျိုအခန်းထဲကို ခိုးဝင်ဖို့ ငါက မင်းကို သင်ပေးခဲ့တာလား။]
စနစ်က လှောင်ပြောင်လိုက်လေသည်။ ထျန်ဖုန်း ချက်ချင်းပင် စကားပြောရပ်သွားလေသည်။
စနစ်၏ ပွစိပွစိ ပြောဆိုနေမှုများကြားတွင် ထျန်ဖုန်းသည် ချမ်းသာသော မိသားစုအိမ်တစ်အိမ်ကို ရှာတွေ့သွားပြီးနောက် အခန်းလွတ်တစ်ခုကို ရွေးချယ်ကာ ဝင်ရောက်အနားယူလိုက်လေသည်။
သူသည် အခြားသူတစ်ယောက်၏ အခန်းထဲမှ ခုလေးတင် ခိုးယူလာခဲ့သော ပိုင်ရှင်မဲ့ သိုလှောင်အိတ်ကို ထုတ်ယူလိုက်၏။
ထျန်ဖုန်းသည် လက်သီးဆုပ်အရွယ်အစားသာရှိသော ထိုသိုလှောင်အိတ်ကို စိတ်လှုပ်ရှားစွာ ကြည့် လိုက် ပြီး ခဏမျှ စူးစမ်းလေ့လာပြီးနောက် ၎င်းကို မည်သို့အသုံးပြုရမည်ကို နားလည်သွားခဲ့သည်။
သူသည် မျှော်လင့်ချက်များစွာဖြင့် အိတ်ထဲရှိ အရာအားလုံးကို အပြင်သို့ သွန်ချလိုက်တော့သည်။
"ဝုန်း…"
ထျန်ဖုန်းကို ပထမဆုံး ဆွဲဆောင်သွားသည့်အရာမှာ လက်ဖဝါးထက် မကြီးသော လှေပျံငယ်လေး တစ်စင်း ဖြစ်သည်။ ထိုအရာပေါ်တွင် နာမည်လည်း မပါသလို အသုံးပြုနည်း လမ်းညွှန်ချက်လည်း မပါရှိပေ။
"ဒါက ဘယ်လို အချိုးမျိုးလဲကွ။ လမ်းညွှန်ချက်လည်း မပါဘူး၊ နာမည်တောင် မရှိဘူးလား….။"
ထျန်ဖုန်း ကျိန်ဆဲလိုက်သည်။
"မင်းကို ငါ... လှေပျံလေးလို့ပဲ နာမည်ပေးလိုက်မယ်….။"
၎င်းကို မည်သို့မောင်းနှင်ရမည်ကို နားလည်ရန် တစ်နာရီခန့် အချိန်ယူလိုက်ရသည်။ သို့သော် နေရာက ကျဉ်းလွန်းသဖြင့် အလေ့အကျင့်လုပ်ရန် အခြားနေရာတစ်ခုကို ရှာဖွေရဦးမည်။
ကျန်ရှိနေသော ပစ္စည်းများကို ကြည့်လိုက်ရာ ရောယှက်နေသော ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် လက်ချောင်းအရွယ်အစား စိန်ပုံစံ သလင်းကျောက်တုံး သုံးဆယ်ကျော်ကို တွေ့လိုက်ရသည်။
"ဒါက ဒဏ္ဍာရီထဲက စိတ်ဝိညာဉ်ကျောက်တုံး ဆိုတာများလား…။"
သူက စိတ်ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး ကျန်ရှိနေသော ပစ္စည်းများကို ဆက်ကြည့် လိုက်သည်။
စာအုပ်နှစ်အုပ်မှာ "မီးလုံးနည်းစနစ်ကျင့်စဉ်" နှင့် "လေဓားပျံနည်စနစ်ကျင့်စဉ်" တို့ ဖြစ်နေသည်။
ဤကျင့်စဉ်နှစ်ခုစလုံးက သူနှင့် ကိုက်ညီပေသည်။
သူ၏ နတ်ဆိုးဝိညာဉ်ခန္ဓာသည် ဒြပ်စင်ငါးပါး၏ နည်းစနစ်များနှင့် မှော်ကျင့်စဉ်များအားလုံးနီးပါးကို ကျင့်ကြံရန် သင့်လျော်လေသည်။
ဟင်းလင်းပြင်ဝိညာဉ်ခန္ဓာ သည် ရေခဲဝိညာဉ်ခန္ဓာနှင့် မီးဝိညာဉ်ခန္ဓာတို့ကဲ့သို့ အခြားသော ဝိညာဉ်ခန္ဓာ များနှင့် အဆင့်အတန်းတူညီသော ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်မျိုး ဖြစ်လေ သည်။ ဓာတ်သဘာဝ တစ်ခု တည်းအတွက်သာ သင့်လျော်သော အခြားဝိညာဉ်ခန္ဓာများနှင့်မတူဘဲ ဟင်းလင်းပြင်ဝိညာဉ်ခန္ဓာသည် ဓာတ်သဘာဝအားလုံးနီးပါးကို ကျင့်ကြံနိုင်စွမ်း ရှိပေသည်။
နောက်ဆုံးတွင် ထျန်ဖုန်းသည် အဝတ်အစားများနှင့် အခြား အသေးအဖွဲ ပစ္စည်းအချို့မှလွဲ၍ တန်ဖိုးရှိ သောအရာ ဘာမှမကျန်တော့ကြောင်း တွေ့လိုက်ရသည်။ ပျင်းရိသွားသဖြင့် ဂရုစိုက်မနေတော့ဘဲ အားလုံးကို သူ၏ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။
သူသည် သိုလှောင်အိတ်ကို ခါးတွင် ချိတ်ဆွဲလိုက်ရာ သူ၏အဆင့်အတန်းသည် ရုတ်တရက် ပိုမိုမြင့်မား သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
*တကယ်ကိုပဲ... အဆင်တန်ဆာတွေက လူတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ သတ္တိကို မြင့်တင်ပေးနိုင် တာပဲ…။*
သူ ထပ်မတွေးတော့ဘဲ ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။
ထိုညက ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ပေ။
နောက်တစ်နေ့တွင် ဂျူနီယာညီလေးဝူသည် သူ၏ သာယာဖွယ်ကောင်းသော အိပ်မက်ကမ္ဘာထဲမှ နိုးထလာခဲ့သည်။
မနေ့ညက ထျန်ဖုန်း၏ မာန်မဲသံကို သူ ကြားလိုက်ရသော်လည်း ထိုအချိန်တွင် သူသည် လူပျိုဘဝမှ ရင့်ကျက်သော ယောက်ျားတစ်ယောက်အဖြစ်သို့ ကူးပြောင်းခါနီးအချိန်ဖြစ်နေရာ သူ၏ဆရာကိုယ်တိုင် လာဆွဲလျှင်တောင် အာရုံလွှဲနိုင်မည်မဟုတ်ပေ။
သူတို့သည် ထိုမင်္ဂလာကိစ္စကို အပြည့်အဝ အာရုံစိုက်ကာ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီးနောက် အကြိမ်ပေါင်းများစွာ ထပ်မံ လုပ်ဆောင်ခဲ့ကြ၏။
ယခု သူ နိုးလာသည့်အချိန်တွင်လည်း နောက်တစ်ကြိမ် ထပ်ကြိုးစားလိုက်သေးသည်။
ထို့နောက်မှသာ သူတို့သည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
အဝတ်အစားများကို သေသပ်စွာ ဝတ်ဆင်ပြီးနောက် သူသည် တံခါးကို တွန်းဖွင့်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
"ဟေး... သခင်လေးဝူ၊ ခဏလောက် စောင့်ပါဦး….။"
အနောက်မှ ခေါ်သံကို ကြားလိုက်ရသောအခါ သူတို့က သူ့ကို မခွဲခွာရက်ဖြစ်နေသည်ဟု သူ ထင်လိုက် သည်။
"မိန်းကလေး... ငါ့ကို လိုက်ပို့စရာ မလိုပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ငါတို့ ပြန်ဆုံတွေ့ကြ တာပေါ့ကွာ….။"
ဂျူနီယာညီလေးဝူသည် အနောက်သို့ပင် လှည့်မကြည့်ဘဲ အလွန်တရာ အထာကျသော ပုံစံဖြင့် ပြော လိုက်လေသည်။
"သခင်လေး... ရှင်က သိပ်ကို ထူးချွန်ပြီး ရုပ်ချောပေမယ့် ဒီလုပ်ငန်းမှာလည်း စည်းကမ်းဆိုတာ ရှိပါ တယ်ရှင်။ ရှင် ငွေမရှင်းရသေးဘူးလေ….။"
"အဲဒါက..."
ဂျူနီယာညီလေးဝူမှာ အလွန်အမင်း ရှက်သွားလေသည်။
"ငါ့ရဲ့ စီနီယာအစ်ကိုက အနီးအနားမှာ ရှိပါတယ်။ သူ့ကို ရှင်းခိုင်းလိုက်မယ်လေ….။"
သူ ဘေးခန်းသို့ ရောက်သွားသောအခါ သူ၏ စီနီယာအစ်ကိုမှာ မနေ့ညကတည်းက ထွက်သွားပြီဖြစ် ကြောင်း သိလိုက်ရ၏။
ထို့အပြင် ယွမ်လီကို ပြုစုပေးခဲ့သော ဝန်ထမ်းအမျိုးသမီးနှစ်ဦးက သူ့ကို ယွမ်လီ၏ ကုန်ကျစရိတ်များ သာမက အဝတ်အစားဖိုး၊ အိပ်ရာခင်းဖိုးနှင့် ဆေးကုသစရိတ်များကိုပါ ပေးချေခိုင်းခဲ့ပြန်လေသည်။
မည်သို့ပင်ဆိုစေကာမူ ယွမ်လီက သူတို့ကို လေထဲသို့ မြှောက်တင်ခဲ့သဖြင့် သူတို့မှာ အတော်လေး ဆိုးရွားစွာ ပြုတ်ကျခဲ့ရသည် မဟုတ်ပါလား။
ပိုက်ဆံတစ်ပြားမှ မပါဘဲ ရှက်လည်းရှက်၊ အကြောင်းစုံ ပေါက်ကြားသွားမည်ကိုလည်း ကြောက်ရွံ့နေ သဖြင့် ဂျူနီယာညီလေးဝူသည် သူ၏ ကျောက်စိမ်းဆွဲသီးကို အပေါင်ထားခဲ့ရုံမှလွဲ၍ အခြားရွေးချယ် စရာ မရှိတော့ပေ။
ယွမ်လီကို ရင်ဆိုင်ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ဒေါသတကြီး ဟုန်အိမ်တော်သို့ ပြန်ရောက်လာချိန်မှ မနေ့ညက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာအချို့ကို သူ သိရှိလိုက်ရလေသည်။
မနေ့ညက စီနီယာအစ်ကိုယွမ် ဓားပြတိုက်ခံခဲ့ရပြီး သူခိုးကို တစ်ညလုံး လိုက်ဖမ်းနေခဲ့ရသည်တဲ့။ သို့ပေမယ့် အဲဒီလောက် ဒုက္ခရောက်နေတာတောင် စီနီယာအစ်ကိုယွမ်က သူ့ကို လာပြီး အနှောင့် အယှက် မပေးခဲ့ဘူးလေ။
'စီနီယာအစ်ကိုယွမ်... ခင်ဗျားက ကျွန်တော့်အပေါ် ဘာလို့ ဒီလောက်တောင် ကောင်းရတာလဲ…။'
ဂျူနီယာညီလေးဝူမှာ ချက်ချင်းပင် မျက်ရည်ဝဲသွားပြီး သူ၏ရင်ထဲတွင် နွေးထွေးမှုများ ပြည့်နှက်သွား လေသည်။
သို့သော် ယွမ်လီက ဂျူနီယာညီလေးဝူကို မြင်သောအခါတွင်မူ အကြီးအကျယ် ဒေါသထွက်သွား၏။
*မင်းက ကောင်းကောင်းကြီး သာယာခဲ့ရုံတင်မကဘဲ အခုတောင် ဝမ်းသာမျက်ရည်တွေ ကျနေသေး တယ်ပေါ့လေ….။*
*မင်း ငါ့ရဲ့ ခံစားချက်တွေကို နည်းနည်းလေးတောင် ထည့်မစဉ်းစားဘူးလား။ ငါတော့ ဒေဝါလီခံရပြီကွ၊ ပြီးတော့ သူများဆီက လှေပျံကိုတောင် အကြွေးတင်သွားသေးတယ်…*
မနေ့ညက သူလုပ်ခဲ့သည့်ကိစ္စများကို ဟုန်လင်း သိရှိသွားမည်ကို ရှောင်ရှားရန် ယနေ့ပင် ထွက်ခွာရန် သူ မူလက စီစဉ်ထားခဲ့လေသည်။
သို့သော်လည်း ယခုမူ သူ ထွက်ခွာရန် အစီအစဉ် မရှိတော့ပေ။ သူက လက်စားချေပြီး လှေပျံကို ပြန်လည်ရယူချင်နေသေးသည်။
***