“မဖြစ်နိုင်တာ… အရင်က မင်းက ပဲ့တင်နဂါးမျိုးနွယ်စုကို သစ္စာဖောက်လို့ ပြောတော့ ငါတို့ နည်းနည်းယုံသေးတယ်… ဘာပဲဖြစ်ဖြစ် ငါတို့ကလည်း သူတို့ကို မုန်းတာကို… ဒါပေမဲ့ အရိုးနဂါးမျိုးနွယ်စုက ပဲ့တင်နဂါးမျိုးနွယ်စုနဲ့ ဂျင်းစိမ်းနဲ့ မိဿလင်လိုပဲ… တစ်ချိန်လုံး သူသေကိုယ်သေ တိုက်ခိုက်နေကြတာ… နှစ်ဖက် သေဆုံးတဲ့သူတွေလည်း နည်းတာ မဟုတ်ဘူး… အဲဒါကို သူက ဘယ်လို သစ္စာဖောက် ဖြစ်နိုင်မှာလဲ…”
ရှဲ့ချန်ကျုံး က သိချင်စွာဖြင့် မေးလိုက်သည်။ သို့သော် ဤနေရာတွင် ရှိနေသည့် ကျင့်ကြံသူများထဲတွင် ဒေါသကြီးသော ရှဲ့ချန်ကျုံး တစ်ဦးကသာ လုံချန် ကို ပို၍လေးစားဟန်တူသည်။ စရိုက်တူချင်းကြောင့်လား မသိ ရှဲ့ချန်ကျုံး သည် လုံချန် ကို အတော်ပင် မျက်စိကျနေပြီး စကားပြောသည့် လေသံမှာ အခြားမျိုးနွယ်စု ခေါင်းဆောင်များကဲ့သို့ ခက်ထန်ခြင်း မရှိပေ။
“ဒီအချက်ကိုတော့ မိုယင် ခေါင်းဆောင်က ရှင်းပြပါလိမ့်မယ်…”
လုံချန် က မိုယင် ကို ကြည့်ရင်း ပြောသည်။ မိုယင်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။
“လုံချန် ပြောတာ အမှန်ပဲ… ကျွန်မ သူတို့မျိုးနွယ်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာ ကြာပြီ… ရှင်တို့ မျိုးနွယ်တွေ အားလုံးကိုလည်း တိတ်တဆိတ် စောင့်ကြည့်နေတယ်လို့ ကျွန်မ ဝန်ခံရလိမ့်မယ်…”
အားလုံး မျက်စိမျက်နှာများ ပျက်ကုန်ကြသည်။ မိုယင် က အသာအယာ ပြုံးလိုက်ရင်း ပြောသည်။
“ရှင်တို့ စိတ်ထဲမှာ တခြား တောင်တောင်အီအီတွေ မတွေးကြပါနဲ့… ကျွန်မ ဒီလိုလုပ်တာဟာ နဂါးကမ္ဘာ တစ်ခုလုံး အတွက်ပဲ… ရှင်တို့ ဘုရင်လုပ်ချင်တာက ကိုယ်ကျိုးအတွက်လား နဂါးကမ္ဘာအတွက်လား ဆိုတာ ကျွန်မသိဖို့ လိုတယ်… ကျွန်မမှာ ဘုရင်လုပ်ချင်စိတ် မရှိဘူး… အာဏာပါဝါတွေကိုလည်း ကျွန်မ စိတ်မဝင်စားဘူး… ဒါပေမဲ့ ကျွန်မ မျိုးနွယ်ဝင် တွေကို ကျွန်မ ကာကွယ်ရမယ်… ကျွန်မ သေသွားလို့ရတယ်… ကျွန်မ မျိုးနွယ်ဝင်တွေ သေလို့တော့မရဘူး… ကျွန်မတို့ရဲ့ မျိုးဆက်ဟာ ဆက်လက်တည်တံ့နိုင်ရမယ်… နဂါးကမ္ဘာသာ ဒီထက်ပိုပြီး ရှုပ်ထွေးသွားရင် ကျွန်မက ကိုယ်ကျိုးအတွက် မလုပ်ဆောင်ဘူးလို့ ယူဆရတဲ့ အင်အားစု တစ်စုကို ရွေးချယ်ပြီး သူ့ကို နဂါးကမ္ဘာကို ပြန်လည် စုစည်းဖို့ ကူညီပေးရမှာပဲ… ရိုးရိုးသားသား ပြောရရင် ကျွန်မ မကြာသေးခင်ကပဲ နဂါးနီမျိုးနွယ်စုနဲ့ ပူးပေါင်းဖို့ စဉ်းစားနေတာ…”
မိုယင် ၏ စကားများသည် အားလုံးကို အကြီးအကျယ် အံ့အားသင့်သွားစေသည်။ နဂါးနီမျိုးနွယ်စု ခေါင်းဆောင် ချီယွဲ့ မှာမူ မျက်လုံးပြူးသွားသည်။
“မင်း ဘာတွေလျှောက်ပြောနေတာလဲ… အရင်တုန်းကကျ မင်းက ငါ့ကို ခွေးလို ဝက်လို ဆဲဆိုခဲ့ပြီးတော့…”
“ဒါကလည်း စမ်းသပ်မှု တစ်မျိုးပဲ… ရှင့်မှာ လူကို သည်းခံနိုင်တဲ့ စိတ်မရှိရင်… အရှက်ကွဲတဲ့ ဒဏ်ကို သည်းခံနိုင်တဲ့ စိတ်မရှိရင် ကျွန်မတို့ကို ဘယ်လို အုပ်ချုပ်နိုင်မှာလဲ… နောက်ပိုင်း ရှင်ဟာ အပြုအမူပိုင်းနဲ့ ပတ်သက်ရင် ပြဿနာ ရှိနေပေမယ့် မကောင်းတာတွေချည်းထဲက ကောင်းတာလေးကို ရွေးရသလိုပဲ… ကျွန်မမှာ ဒီထက်ပိုကောင်းတဲ့ ရွေးချယ်စရာ မရှိတော့ ရှင့်ကိုပဲ ရွေးချယ်ရတော့တာပဲပေါ့… တောင်းပန်ပါတယ် စကားလမ်းကြောင်းတွေ လွဲကုန်ပြီ… အရိုးနဂါးမျိုးနွယ်စု အကြောင်းပဲ ဆက်ပြောကြတာပေါ့… ကျွန်မ သူတို့ကို စောင့်ကြည့်နေတာ ကြာပြီ… အစပိုင်းမှာတော့ ကျွန်မလည်း သူတို့ကို သင်္ကာမကင်း မဖြစ်ခဲ့ဘူး… ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်သုံးထောင် အတွင်းမှာ ကူဟုန်ယောင် က ပဲ့တင် နဂါးမျိုးနွယ်စုကို လျှို့ဝှက်စွာ လေးကြိမ်သွားခဲ့တယ်… အကြိမ်တိုင်း သူဟာ ပုံဖျက်ပြီး ရုပ်ပြောင်းထားတယ်… သိပ်ကို ပိပိရိရိ လုပ်ခဲ့တာပဲ… နဂါးနက် မျိုးနွယ်စုရဲ့ လျှို့ဝှက်နည်းလမ်းကိုသာ မသုံးခဲ့ရင် သူ ဒီလို ပဲ့တင် နဂါးမျိုးနွယ်တွေနဲ့ ချိတ်ဆက်နေတာ ကျွန်မ သိမှာတောင် မဟုတ်ဘူး…”
“ဒီလိုကိစ္စ ရှိသေးတယ်ပေါ့…”
အားလုံး အကြီးအကျယ် အံ့အားသင့်သွားကြသည်။
“ပဲ့တင် နဂါးမျိုးနွယ်စုထဲကို ရောက်တဲ့အခါ သူက ပဲ့တင်နဂါး ဘိုးဘေးရှိတဲ့ လျှို့ဝှက်ခန်းထဲကို ဝင်သွားတယ်… သူ သတိထားမိသွားမှာစိုးလို့ ကျွန်မ သေချာတော့ မကြည့်ခဲ့ရဘူး… သူဘာသွားလုပ်တယ် ဆိုတာကို မသိဘူး… ဒါပေမဲ့ ဒီလောက် လျှို့လျှို့ဝှက်ဝှက် လုပ်နေတာကို လူပြိန်းအတွေးနဲ့ တွေးကြည့်ရင်တောင် လူမသိစေချင်တဲ့ ကိစ္စဖြစ်မယ် ဆိုတာ သိနိုင်တာပဲ… ဒါကြောင့် ဒီလူမှာ ပြဿနာ အကြီးအကျယ် ရှိတယ်ဆိုတာ ကျွန်မ တွက်ဆမိတယ်… ကျွန်မ ထင်တာကတော့ လုံချန် သူ့ကို ပါးပိတ်ရိုက်လိုက်တာ သူ့ကို ဒီနေရာကနေ ထွက်သွားစေချင်လို့ ဟုတ်တယ် မလား…”
မိုယင် က လုံချန် ကို ကြည့်ရင်း မေးလိုက်သည်။ လုံချန် က ခေါင်းညိတ်လိုက်သည်။ မိုယင် က အနည်းငယ် ထူးဆန်းစွာဖြင့် ပြောသည်။
“ငါ့အတွက် ထူးဆန်းနေတာက ကူဟုန်ယောင် မှာ ပြဿနာရှိတယ် ဆိုတာ ငါသိထားတာက ငါ သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့လိုပဲ… မင်းက နဂါးကမ္ဘာကိုတောင် တစ်ခါမှ မလာဘူးဘဲနဲ့ သူ့မှာ ပြဿနာရှိတယ်ဆိုတာ ဘယ်လို သိတာလဲ…”
လုံချန် က လေးနက်စွာဖြင့် ပြောသည်။
“ကျွန်တော်က ရူပကြန်အင်လက္ခာဏာ ဖတ်တတ်လို့ပါ…”
“ပေါက်တတ်ကရ မပြောနဲ့… စကားကို အကောင်းပြောစမ်း…”
မိုယင် က လုံချန် ကို မျက်စောင်း တစ်ချက် “ဒိုင်း”ခနဲ ထိုးရင်း ဆိုသည်။ လုံချန် က ပြုံးကာပြောသည်။
“လွယ်လွယ်လေးပါပဲ… ဘာဖြစ်လို့လဲဆိုတော့ အဲဒီကောင် ဆေးစားထားလို့ပဲ… ကျွန်တော်က ဆေးပညာကို နည်းနည်းပါးပါး နားလည်တယ်…”
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဆေးစားထားတာကို အာရုံခံနိုင်တယ်ဆိုတာ ယုံရခက်တယ်…”
ခေါင်းဆောင်တစ်ဦးက ခေါင်းခါရင်း ဆိုသည်။ သို့သော် ယခုအချိန်တွင် သူတို့သည် လုံချန် ကို သံသယ ဝင်နေသေးသော်လည်း အတိုင်းအတာ တစ်ခုအထိ ယဉ်ယဉ်ကျေးကျေး ပြောဆိုလာကြပြီ ဖြစ်သည်။ သူတို့အားလုံးသည် ဤမုန်းစရာကောင်းပြီး အလွန်မောက်မာသော ကောင်လေးသည် ရိုးစင်းမှု မရှိကြောင်း သိမြင်လာကြသည်။
“ဘာဖြစ်လို့လဲဆိုတော့ သူစားထားတဲ့ ဆေးက ဆေးတောင်ကြားက လာလို့ပဲ… ဆေးတောင်ကြားရဲ့ ဆေးတွေက ကျုပ်ဖော်စပ်တဲ့ ဆေးတွေနဲ့ ကွာခြားချက် ရှိတယ်… မယုံရင် အားလုံး ကြည့်ကြပါ…”
လုံချန် က ပြောရင်း ဆေးနှစ်လုံးကို ထုတ်ယူကာ လေပေါ်သို့ မြှောက်လိုက်ပြီး အားလုံးကို ကြည့်ရှုစေသည်။ သူတို့သည် ဆေးများကို သိသော်လည်း တစ်ခါမျှ မစားသုံးဘူးသောကြောင့် ဆေးများ၏ အရည်အသွေး ကောင်းမကောင်းကို အာရုံခံနိုင်သည့်တိုင် အနုစိတ် ခွဲခြားရန်မှာ အလွန်ပင် ခက်ခဲသည်။ သို့သော် အားလုံးသည် သေချာစွာ ကြည့်ရှုကြသည်။ မကြာမီ မိုယင် က ပြောသည်။
“ဆေးတစ်လုံးပေါ်မှာ ယုံကြည်ခြင်း စွမ်းအင် ရှိနေတယ်… ငါ နားလည်ပြီ…”
မိုယင်က ရုတ်တရက် သဘောပေါက် သွားသော်လည်း ပတ်ဝန်းကျင်မှ လူများမှာမူ နားဝေတိမ်တောင် ဖြစ်နေကြဆဲ ဖြစ်သည်။ နောက်ဆုံးမှသာ မိုယင် ၏ စကားကြောင့် သူတို့လည်း ဆေးနှစ်လုံး၏ ကြား ကွာခြားချက်ကို တွေ့ရှိသွားကြသည်။
“ဒါကြောင့် ကျုပ် သူ့ဘေးမှာ ထိုင်တော့ စိတ်မသက်မသာ ဖြစ်သလို ခံစားရတာကို… အခုမှ နားလည်တော့တယ်… အဲဒါက သူ ဆေးကို အချိန်ကြာမြင့်စွာ စားသုံးခဲ့လို့ ခန္ဓာကိုယ်ထဲမှာ ယုံကြည်ခြင်း စွမ်းအင် ကပ်ညှိနေတာပဲ…”
“ကျွန်မတို့ အားလုံးဟာ နဂါးဧကရာဇ်ရဲ့ သားသမီးတွေ… နဂါးဧကရာဇ်ကသာ ကျုပ်တို့ရဲ့ အမြင့်ဆုံး ယုံကြည်မှုပဲ… သူ့ကိုယ်ထဲမှာ တခြားသူရဲ့ ယုံကြည်ခြင်း စွမ်းအင် ရှိနေတယ်ဆိုတာ သူဟာ နဂါးဧကရာဇ်အပေါ် သစ္စာမရှိတော့ဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ… သူက လျှို့ဝှက်တဲ့ နည်းလမ်းတစ်ခုနဲ့ ဒီအရှိန်အဝါကို ဖိနှိပ်ထားပေမယ့် ကျွန်မက သူနဲ့ နီးနီးကပ်ကပ် ဆက်စပ်မှုလည်း ရှိတယ်… နောက်ပြီးတော့ ကျွန်မတို့ နဂါးနက်မျိုးနွယ်တွေက ဒီလို စွမ်းအင်လှိုင်းတွေ ပေါ်မှာ ပိုပြီး အာရုံခံစားမှု ကောင်းတဲ့အတွက် ဒီလို တုံ့ပြန်မှုကို သတိထားမိတာပဲ…”
မိုယင် က ဆိုသည်။ မိုယင် ရှင်းပြပြီးနောက် အားလုံးသည် နားလည်သဘောပေါက် သွားကြသော်လည်း သူတို့တွင် မိုယင် ကဲ့သို့ ထက်မြက်သော အာရုံခံစားနိုင်စွမ်း မရှိရာ အနည်းငယ် မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေဆဲ ဖြစ်သည်။
“နောက်ထပ် ပြဿနာ တစ်ခု ရှိသေးတယ်… အဲဒါက နဂါးတပ်ဖွဲ့နဲ့အတူ ရောက်လာတဲ့ မဟာမြေရိုင်းဒေသ အပြင်ဘက်က နဂါးနယ်မြေက ကျင့်ကြံသူတွေထဲမှာ အတော်များများဟာ ကျုပ်ဖော်စပ်တဲ့ ဆေးတွေကို စားထားတယ်… စားထားတဲ့ ပမာဏက အတော်များတယ်… ခင်ဗျားတို့ တစ်ခုခု ထူးခြားတာ တွေ့မိလား…”
လုံချန် က မေးလိုက်သည်။ အားလုံး ကြောင်သွားကြသည်။ သူတို့သည် မဟာမြေရိုင်းဒေသ ပြင်ပမှ ရောက်ရှိလာသည့် ကျင့်ကြံသူများ၏ သွေးကို စစ်ဆေးခဲ့ကြသော်လည်း မည်သည့် ထူးခြားမှုကိုမျှ တွေ့ရှိရခြင်း မရှိပေ။
“ဒါကြောင့် ဆေးတွေမှာ ပြဿနာ ရှိတာမဟုတ်ဘူး… ဆေးတောင်ကြားရဲ့ ဆေးမှာကိုက ပြဿနာ ဖြစ်နေတာ… ခင်ဗျားတို့ တပည့်တွေကို စည်းကမ်းတင်းတင်းကျပ်ကျပ် ချထားပြီး ဆေးတောင်ကြားက ဆေးတွေကို မသုံးစွဲခိုင်းတာ သိပ်ကို ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုပဲ…”
သူက ပြောလိုက်သည်။ ယခုအချိန်အထိ လုံချန် သည် နဂါးကမ္ဘာတွင် သူတို့ကို စိတ်သက်သာရာ ရစေသော စကားတစ်ခွန်းကို ပထမဦးဆုံးအကြိမ် ပြောဆိုမိလိုက်ဟန် တူသည်။ အားလုံး ၏ မျက်နှာထားများသည် ချက်ခြင်းပင် အနည်းငယ် ကောင်းမွန်လာကြသည်။
“မင်း ဆိုလိုတာက ငါတို့ နဂါးမျိုးနွယ်စုတွေလည်း ဆေးစားလို့ ရတယ်ပေါ့…”
မိုယင် က မေးလိုက်သည်။
“မစားတာတော့ အကောင်းဆုံးပဲ…”
လုံချန် က ပြောသည်။
“ဘာကြောင့်လဲ…”
အားလုံး နားမလည် ဖြစ်သွားကြ၏။ အမှန်မှာ နဂါးမျိုးနွယ်များသည် ဆေးများကို အလွန်ပင် စိတ်ဝင်စားကြသော်လည်း ပဲ့တင်နဂါးမျိုးနွယ်စုသည် ရှေ့မှ နမူနာ ဖြစ်နေသည်။ အကြောင်းမှာ သူတို့သည် ဆေးများကို စားသုံးပြီးနောက် အရှိန်အဝါမှာ သိသိသာသာ ပြောင်းလဲသွားပြီး လူကို စိတ်မသက်မသာ ဖြစ်စေကာ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စေပြီး မုန်းတီးမှုများကို ပိုမိုတိုးပွား လာ၍ဖြစ်သည်။ ယင်းသို့ ဖြစ်ရသည်မှာ ဆေး၏ ပြဿနာဟု သူတို့က ယူဆကြပြီးနောက် နဂါးမျိုးနွယ်သည် ဆေးစားသုံးရန် မသင့်လျော်ဟု ယူဆကြသည်။ သို့သော် ယနေ့ လုံချန် က ဆေးစားသုံး၍ရကြောင်း သက်သေပြခဲ့ပြီး ဆေးတောင်ကြား၏ ဆေးကိုသာ မစားသုံးရန် တားမြစ်ခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ဆေးတောင်ကြား၏ ဆေးကို မစားသုံးသ၍ သူတို့သည်လည်း အခြားမျိုးနွယ်စုများကဲ့သို့ ဆေး၏ အာနိသင်ဖြင့် ကျင့်ကြံနိုင်စွမ်း ရှိသည်ဟု ဆိုနိုင်သည်။ လုံချန် က ပြောသည်။
“အကြောင်းအရင်း သုံးခုရှိတယ်…. တစ် ခင်ဗျားတို့တောင် ဒီဆေးမှာ ယုံကြည်ခြင်း စွမ်းအင် ရှိနေ မရှိနေကို သဲသဲကွဲကွဲ မခွဲခြားနိုင်ရင် ကျန်တဲ့ တပည့်တွေ ဘယ်လိုလုပ် ခွဲခြားနိုင်မှာလဲ… ဒီဟာကွက်ကို ဆေးတောင်ကြားက အသုံးချသွားရင် ဘယ်လိုလုပ်မလဲ…”
သူ့စကားကို တစ်ပြိုင်နက်တည်း အားလုံး ခေါင်းညိတ်လိုက်ကြသည်။ သူပြောသည့် စကားသည် သွေးထွက်အောင် မှန်ကန်ပေသည်။ လုံချန် က လက်နှစ်ချောင်းထောင်ရင်း ဆက်ပြောသည်။
“နံပါတ်နှစ်… နဂါးမျိုးနွယ်တွေဟာ ဆေးမဖော်စပ်နိုင်ဘူး… ခင်ဗျားတို့ လူသားမျိုးနွယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်… ပူးပေါင်းဆောင်ရွက်တာက ပြဿနာတော့ မရှိဘူး… တစ်နှစ်နှစ်နှစ်က ဘာမှ ပြဿနာ မဟုတ်ဘူး… နှစ်တစ်ရာလည်း ပြဿနာ မရှိသေးဘူး… ဒါပေမဲ့ နှစ်ထောင်ပေါင်းများစွာ သောင်းပေါင်းများစွာ ကြာပြီးတဲ့ နောက်မှာကော ပြဿနာ မရှိဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ… လူသားတွေနဲ့ နဂါးမျိုးနွယ် ရန်သူတွေ ဖြစ်သွားကြရင် နဂါးမျိုးနွယ်က ဆေးတွေအပေါ်မှာ အကြီးအကျယ် မှီခိုနေရပြီဆိုရင် ခင်ဗျားတို့က ကိုယ့်ရဲ့ ကံကြမ္မာကို လူသားမျိုးနွယ်တွေ လက်ထဲ အပ်လိုက်တာနဲ့ အတူတူပဲ… အဲဒါ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ ခင်ဗျားတို့ သိလား…”
သူ့စကားကို ကြားသောအခါ အားလုံးသည် စိတ်ထဲတွင် တုန်လှုပ်သွားကြပြီး တစ်ချိန်တည်းမှာပင် လုံချန် အပေါ် ချက်ခြင်းပင် ကောင်းမွန်သော ခံစားချက်များ ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် သူတို့သည် လုံချန် ၏ နဂါးမျိုးနွယ် အပေါ် ထားရှိသော ခံစားချက်ကိုပါ ခံစားမိလိုက်ကြ၏။ လုံချန် သည် လက်သုံးချောင်း ထောင်လိုက်ပြီး သူ့၏ မျက်နှာသည် ပိုမိုလေးနက်လာသည်။
“နံပါတ်သုံးအချက်… ခင်ဗျားတို့ အားလုံးဟာ နဂါးဧကရာဇ်ရဲ့ မျိုးဆက်တွေ…. နဂါးဧကရာဇ်က ခင်ဗျားတို့အတွက် ထားခဲ့တဲ့ အရာတွေကို ကောင်းကောင်း မကျင့်ကြံဘဲ ဆေးဝါးတွေ အသုံးပြုတာဟာ လမ်းမှားလိုက်သွားတာနဲ့ အတူတူပဲ… ပိုပြီး အရေးကြီးတာက နဂါးဧကရာဇ် အပေါ်ကို ခင်ဗျားတို့ မယုံကြည်တာပဲ… ဒါဟာ သူ့အပေါ် အကြီးမားဆုံး စော်ကားတာပဲ မဟုတ်လား…”
လုံချန် ၏ စကားဆုံးသောအခါ မိုယင်၊ ရှဲ့ချန်ကျုံး၊ ချီယွဲ့တို့သည် တဒင်္ဂ ကြက်သေ သေသွားကြတော့သည်။
***