လုံချန် က နဂါးဧကရာဇ် အကြောင်းကို ထည့်သွင်းပြောဆိုလိုက်သည့် အခါ အားလုံး ရုတ်တရက် တိတ်ဆိတ်သွားကြပြီး ရှက်ရွံ့စွာ ခေါင်းများကို ငုံ့ချလိုက်မိကြသည်။ တစ်ချိန်က ကြီးမြတ်ခဲ့သော နဂါးမျိုးနွယ်သည် မိမိတို့၏ မျိုးနွယ်ကို အဆင့်မြှင့်တင်ရန် အတွက် လူသားမျိုးနွယ်၏ ဆေးများကို အားကိုး ရမည့် အခြေအနေသို့ ရောက်သွားလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ လောကဦး အချိန်ကာလ အစောပိုင်းတုန်းက လူသားမျိုးနွယ်သည် သောင်းနှင့်ချီသော မျိုးနွယ်များ၏ ကြားတွင် အသက်ရှင် ရပ်တည်နိုင်ရန် အသည်းအသန် ရုန်းကန်နေခဲ့ရသည်။ ထိုအချိန်က နဂါးမျိုးနွယ်သည် မျိုးနွယ်စုပေါင်း သောင်းချီ၏ ထိပ်ဆုံးတွင် ခန့်ညားစွာ ရပ်တည်နေခဲ့ပြီ ဖြစ်သည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်စုမှာ ဘုံကိုးဘုံနှင့် ကျွန်းကြီးဆယ်ကျွန်းလုံးကို လွှမ်းမိုးအုပ်စိုးနိုင်သော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခဲ့သည်။ ထိုအချိန်မှစကာ လူသားမျိုးနွယ်သည် နောင်မှရောက်လာသော်လည်း ထိပ်ဆုံးသို့ ကျော်တက်ကာ ဘုံကိုးဘုံနှင့် ကျွန်းကြီးဆယ်ကျွန်းလုံး၏ အုပ်စိုးသူများ ဖြစ်လာခဲ့သည်။ သို့သော် လူသားမျိုးနွယ်က ဘုံကိုးဘုံနှင့် ကျွန်းကြီးဆယ်ကျွန်းလုံးကို အုပ်စိုးနေသည့် အချိန်မှာပင် နဂါးမျိုးနွယ်၏ ဂုဏ်ဒြပ်ကို ယှဉ်ပြိုင်နိုင်သူ မရှိခဲ့ပေ။ ယနေ့ခေတ်တွင် လူသားမျိုးနွယ်သည် ကျဆင်း ဆုတ်ယုတ်သွားခဲ့ပြီ ဖြစ်သည်။ နဂါးမျိုးနွယ်သည် လူသားမျိုးနွယ်တို့၏ မောက်မာမှုနှင့် မိုက်မဲမှုတို့ကြောင့် ယနေ့ကဲ့သို့ အဆုံးသတ်မျိုး ကြုံတွေ့ရသည်ဟု အမြဲတစေ လှောင်ပြောင်ခဲ့ကြသည်။ သို့သော် ကံကြမ္မာ၏ ပြက်ရယ်ပြုမှုဟု ဆိုရမည်လော၊ မာနကြီးလှသော နဂါးမျိုးနွယ်သည် ယခုအခါ လူသားမျိုးနွယ်၏ ဆေးများကို တပ်မက်လာပြီး မိမိတို့၏ စွမ်းအားများကို မြင့်တက်လာစေရန်အတွက် အသုံးပြုချင် နေကြသည်။ လုံချန် ၏ စကားများသည် သူတို့ကို အချက်ပေး ခေါင်းလောင်း တစ်ခု၏ အသံအား ကြားလိုက်ရသကဲ့သို့ ဖြစ်သွားစေသည်။ မျိုးနွယ်စု ခေါင်းဆောင်များ ဖြစ်သော သူတို့ကိုယ်တိုင်၌ပင် ထိုကဲ့သို့ အတွေးမျိုး ရှိနေခဲ့သည်ဆိုလျှင် နဂါးမျိုးနွယ်သည် အမှန်တကယ် ကျဆုံးသွားပြီဟုသာ ဆိုရပေတော့မည်။ ဤအချက်က သူတို့ကို အလွန်အမင်း ရှက်ရွံ့သွားစေသည်။ ယခု သူတို့မှာ လူသားမျိုးနွယ်ကို လှောင်ပြောင်ရန် မည်သည့်အရည်အချင်းများ ရှိနေသေးသနည်း။ နိမ့်ကျသော လူသားမျိုးနွယ်ဟု အမြဲတမ်း လှောင်ပြောင်ခဲ့သည့် အရာများအတွက်ပင် သူတို့သည် အလွန် ရှက်ရွံ့သွားမိကြသည်။
“မင်းစကားက နားထောင်ရတာ မကောင်းဘူး… ငါ့နားထဲကို သံရည်ပူနဲ့ လောင်းချလိုက်သလိုပဲ… ဒါပေမဲ့ မင်း ပြောတာ သွေးထွက်အောင် မှန်လွန်းတယ်… ငါတို့မှာ ဘိုးဘေးတွေကို မျက်နှာမပြရဲတော့ဘူး… နဂါးဧကရာဇ်ကိုလည်း မျက်နှာ မပြဝံ့တော့ဘူး… တစ်နေ့နေ့မှာ ငါ စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ရင် နဂါးမျိုးနွယ်တွေရဲ့ ဘိုးဘေး ဘီဘင်တွေကို မျက်နှာ ပြရဲပါ့မလားတောင် မသိတော့ဘူး…”
ရှဲ့ချန်ကျုံး က ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ အခြားသူများကလည်း ခေါင်းညိတ်ကြသည်။ ယနေ့ လုံချန် ၏ စကားတစ်ခွန်းက သူတို့ကို အိပ်မောကျနေရာမှ လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ သူတို့သည် ခေါင်းဆောင်များ ဖြစ်ပါလျက် မိမိတို့ ကိုယ်တိုင်ပင် နဂါးမျိုးနွယ်ကို လမ်းမှားသို့ မသိမသာ တွန်းပို့မိနေသည်ကို သတိပြုမိသွားကြသည်။ ဤသို့ တွေးမိသောအခါ အားလုံးမှာ ကြောက်လွန်းသဖြင့် ဇောချွေးများပင် ပြန်ကုန်ကြ၏။
“နဂါးကမ္ဘာကို ရောက်လာတဲ့အခါ ကျုပ်ဟာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ အမုန်းတရား မကျေနပ်မှုနဲ့ ဝန်တိုမှုတွေကို တွေ့ခဲ့ရတယ်… ကျုပ်ညီအစ်ကိုရဲ့ ခန္ဓာကိုယ်ထဲမှာ နဂါးသွေးတွေ ရှိနေတယ်… နဂါးဝိညာဉ်တွေရဲ့ ကောင်းချီးပေးမှုကိုလည်း ရရှိထားကြတယ်… ဒါကို မျက်စိပါတဲ့ လူတိုင်း ကျုပ်တို့ဟာ နဂါးမျိုးနွယ် ဘိုးဘေးတွေရဲ့ အသိအမှတ် ပြုမှုကို ရရှိခဲ့လို့ ဒီလို ကောင်းချီးကို ရခဲ့မှန်း သိသာနိုင်တာပဲ… ဒါပေမဲ့ ဒါကို သူတို့က ဝန်မခံချင်ကြဘူး… ပိုပြီးတော့တောင် လက်မခံနိုင်ကြဘူး… ဘာဖြစ်လို့လဲဆိုတော့ ကြီးမြတ်လှတဲ့ နဂါးမျိုးနွယ်က သွေးဝိညာဉ် စွမ်းအားကို လူသားမျိုးနွယ်ကို ပေးအပ်ခဲ့တယ်ဆိုတာ သူတို့ လက်မခံနိုင်လို့ပဲ… ဒါကြောင့် သူတို့က ကျုပ်တို့ကို သတ်ချင်တယ်… ဒီအရှက်ရစရာ ကိစ္စကြီးကို ဖျောက်ဖျက် ပစ်ချင်ကြတယ်… ဒါပေမဲ့ နဂါးမျိုးနွယ်ရဲ့ ဘိုးဘေးတွေ ဘာကြောင့် သူတို့ရဲ့ စွမ်းအားကို ကျုပ်တို့ကို ပေးခဲ့လဲ ဆိုတာကိုတော့ တစ်ခါမှ မစဉ်းစားခဲ့ကြဘူး… အကြောင်းအရင်းကတော့ သူတို့တွေဟာ သိပ်ကို အရည်အချင်းမရှိ စဉ်းစားဉာဏ် ကင်းမဲ့ကြလွန်းလို့ပဲ… နဂါးမျိုးနွယ်တွေရဲ့ ဘိုးဘေးတွေဟာ သူတို့ရဲ့ စွမ်းအားကို ကျုပ်တို့ကိုပေးပြီး နဂါးမျိုးနွယ်အတွက် တစ်ထောင့် တစ်နေရာကနေ ကူညီပေးနိုင်ဖို့ မျှော်လင့်ခဲ့ကြတာပဲ ဖြစ်တယ်…”
လုံချန် က ပြောလိုက်သည်။ နဂါးတပ်ဖွဲ့ နဂါးကမ္ဘာသို့ ရောက်လာသောအခါ နဂါးကမ္ဘာတစ်ခုလုံး ပွက်လောရိုက်သွားရသည့် အကြောင်းအရင်းမှာ ဤအချက်ကြောင့်ပင် ဖြစ်သည်။ အထူးသဖြင့် နဂါးကမ္ဘာမှ ပါရမီရှင်များ အတွက်မူ နဂါးစစ်သည်များသည် သူတို့ထက် ပို၍ ထူးချွန်သည်ကို သေသည့်တိုင်အောင် ဝန်ခံချင်ကြမည် မဟုတ်ပေ။
“တကယ်တော့ သူတို့ မဟုတ်ပါဘူး… ငါတို့ပါပဲ…”
မိုယင် က သက်ပြင်းမောကြီး တစ်ချက်ကို ချလိုက်သည်။ လုံချန် က တမင်တကာ သူတို့ဟု သုံးနှုန်းခဲ့သော်လည်း မိမိကိုယ်ကိုယ် ပြန်မေးကြည့်လျှင် မိုယင်၊ ချီယွဲ့၊ ရှဲ့ချန်ကျုံး တို့ပင် ဝန်တိုစိတ်များ ရှိနေခဲ့ကြပေသည်။ သူတို့သည် နဂါးတပ်ဖွဲ့ကို အသိအမှတ် မပြုချင်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကို အသိအမှတ် ပြုခြင်းသည် နဂါးမျိုးနွယ်၏ အရည်အချင်း မရှိမှုကို ဝန်ခံရာရောက်ပြီး အပြင်လူကို အားကိုး ကယ်တင်ခိုင်းရသည်ဟု ဝန်ခံရာ ရောက်သွားမည် ဖြစ်၍ ဖြစ်သည်။ အခြားသူများမှာလည်း ရှက်ရွံ့ကုန်ကြသည်။ ယနေ့တွင် လူတိုင်းသည် မိမိတို့၏ ဟန်ဆောင်မျက်နှာဖုံး များကို ဆွဲခွာပစ်လိုက်ကြ၏။ အားလုံးသည် လုံချန် အပေါ်တွင် မုန်းတီးစိတ်များ မရှိကြတော့ပေ။ ထိုကဲ့သို့ မုန်းတီးစိတ်များကို ဖယ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ ရင်ထဲ၊ အသည်းထဲအတွင်းမှ လုံချန် ၏ နဂါးမျိုးနွယ်အပေါ် ထားရှိသော ကောင်းမွန် သော စေတနာကို ခံစားမိကြသည်။ လုံချန်က သူ နဂါးသင်္ချိုင်းမြေသို့ ဝင်ရောက်ခဲ့ပုံ၊ နဂါးဧကရာဇ် သွေးကန်သို့ ဝင်ရောက်ခဲ့ပုံ၊ နဂါးဧကရာဇ်အဆင့် စွမ်းအားကြီး ကျင့်ကြံသူများ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပုံနှင့် နဂါးဝိညာဉ်ပေါင်း များစွာ၏ ကောင်းချီးကို ရရှိခဲ့ပုံ အကြောင်းကို အကျဉ်းချုံး ပြောပြလိုက်သည်။ ပိုင်ယင်ရွှယ် သည် ထိုနေရာကို ဝင်ရောက်ခဲ့ဖူးသော်လည်း အထဲမှ ဖြစ်စဉ်များကို သူမ မသိခဲ့ပေ။ ထို့ကြောင့် နဂါးဖြူမျိုးနွယ်သည် အနည်းငယ် သိရှိထားသော်လည်း အသေးစိတ်ကိုမူ မသိရှိခြင်း ဖြစ်သည်။ ယခု လုံချန် က အသေးစိတ်ကို ရှင်းပြသောအခါ အားလုံး နားလည်သွားကြသည်။ လုံချန် တို့သည် သူသေကိုယ်သေ တိုက်ပွဲများကို ဖြတ်သန်း ကျော်ဖြတ်ခဲ့ပြီးမှ အသိအမှတ် ပြုမှုကို ရရှိခဲ့ခြင်း ဖြစ်ပြီး နဂါးတပ်ဖွဲ့ တစ်ခုလုံးသည် နဂါးဝိညာဉ် ကောင်းချီးကို ရရှိခဲ့ခြင်း ဖြစ်သည်။ နဂါးဝိညာဉ် ကောင်းချီးကို ရရှိခဲ့သည်ကို သိရှိသွားသောအခါ သူတို့၏ စိတ်ထဲတွင် လေးစားကြည်ညိုစိတ် များဖြင့် ပြည့်နှက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုဝိညာဉ်များသည် ရှေးဟောင်းနဂါးဝိညာဉ်များ ဖြစ်ပြီး သူတို့၏ အမြင်သည် အလွန်မြင့်မားကာ မာနကြီးလွန်း လှသောကြောင့် သူတို့၏ အသိအမှတ် ပြုမှုကို ရရှိရန်မှာ ကောင်းကင်သို့ တက်ရန်ထက်ပင် ခက်ခဲသည်ကို သိရှိထားကြသောကြောင့် ဖြစ်သည်။ နဂါးကမ္ဘာတွင်လည်း မရေမတွက်နိုင်သော နဂါးမျိုးနွယ်များ၏ အမွေအနှစ်များ ရှိနေသည်။ သို့သော် သူတို့သည် ရှေးဟောင်း နဂါးဝိညာဉ်များ၏ အသိအမှတ်ပြုမှုကို မရရှိနိုင်သောကြောင့် ထိုအမွေအနှစ်များကို မည်သည့်အခါကမျှ ဆက်ခံခွင့် ရခြင်း မရှိခဲ့ကြပေ။ ယင်းနှင့်ပတ်သက်လျှင် သူတို့သည် ဒူးထောက် တောင်းပန်ကာ အသနားခံကြသည့် တိုင်အောင် အရာမထင်ခဲ့ပေ။ နဂါးကမ္ဘာသည် အန္တရာယ်နှင့် ကြုံတွေ့နေရပြီး အကယ်၍ အမွေအနှစ်များကို လက်ဆင့် မကမ်းနိုင်ပါက နဂါးမျိုးနွယ်သည် ပျက်သုန်းမည့် အရေးနှင့် ကြုံတွေ့ရမည်ဟု ပြောဆိုခဲ့ကြသည်။ သို့သော် ဤသို့ ဒူးထောက်တောင်းပန်ကာ အသနားခံခြင်းက ခေါင်းမဖော်နိုင်အောင် ဆဲဆိုကြိမ်းမောင်း ခြင်းကိုသာ ခံစားခဲ့ရသည်။ သူတို့သည် သတ္တိမရှိကြဘဲ အကြပ်အတည်း တစ်ခုကိုပင် မဖြေရှင်းနိုင်ဘဲ ဘိုးဘေးများ၏ အရိပ်ကိုသာ ခိုလှုံရန် ကြိုးစားနေသည်ဟု ဆိုကြသည်။ နဂါးမျိုးနွယ်၏ အရှက်သိက္ခာသည် သူတို့ကြောင့် အလွန်အမင်း ကျဆင်းရပြီဖြစ်ရာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ပင် ထိုက်တန်သည်ဟု ဆိုကြသည်။ ယခုအခါ နဂါးကမ္ဘာသည် ပို၍ပင် ဖရိုဖရဲ ဖြစ်လာသော်လည်း ရှေးဟောင်း နဂါးဝိညာဉ်များသည် မြင်လျက်နှင့် မမြင်ချင်ယောင်ဆောင်ကာ နဂါးမျိုးနွယ်အား လျစ်လျူရှုထားသကဲ့သို့ နေနေကြသည်။ သို့သော် နဂါးတပ်ဖွဲ့မှ လူတိုင်းသည် ရှေးဟောင်းနဂါးဝိညာဉ်များ၏ အသိအမှတ် ပြုမှုကို ရရှိနိုင်သည်ဟု ဆိုလျှင် ထိုလူများသည် အလွန့်အလွန်ကို ပါရမီထူးချွန်သူများ ဖြစ်မည်မှာ သေချာပေသည်။
“ကျုပ်တို့ရဲ့ အရင်က မောက်မာမှုနဲ့ အသိဉာဏ်မဲ့မှုတွေအတွက် မင်းတို့အားလုံးကို တောင်းပန်ပါတယ်…”
နဂါးနီ မျိုးနွယ်စု ခေါင်းဆောင်သည် ရုတ်တရက် ထရပ်လိုက်ပြီး လုံချန် အား နဂါးမျိုးနွယ်၏ အရိုအသေ ပြုနည်းဖြင့် လေးလေးစားစား အရိုအသေပေးလိုက်သည်။
“အားနာစရာတွေ ဖြစ်ကုန်ပြီ အကြီးအကဲ… ကျွန်တော်ကလည်း အရင်က မောက်မာပြီး ရိုင်းစိုင်းခဲ့ပါတယ်… အကြီးအကဲက ဒါကို စိတ်ထဲမထားပါနဲ့…”
ခေါင်းမာလှသော နဂါးနီ မျိုးနွယ်စု ခေါင်းဆောင်ကပင် မိမိအား တောင်းပန်လာသောအခါ လုံချန် သည် အနည်းငယ် မျက်နှာပူသွားပြီး အလျင်အမြန် ပြန်လည် အရိုအသေပေးကာ တောင်းပန်လိုက်သည်။
“စိတ်ထဲ မထားဘဲ နေဖို့ကတော့ မဖြစ်နိုင်ဘူး… မင်းရဲ့ စကားတွေက အရမ်း လူကို စိတ်ဆိုးအောင် လုပ်နိုင်လွန်းတယ်…”
ချီယွဲ့ က ပြုံးရင်း ပြောလိုက်သည်။
“ဟား… ဟား… ဟား…”
ချီယွဲ့ ၏ စကားကို ကြားသောအခါ အားလုံး သဘောကျစွာ ရယ်မောလိုက်ကြသည်။ ဤရယ်သံများနှင့်အတူ လူတိုင်း၏ ကြားမှ အတားအဆီးများသည် လုံးဝပျောက်ကွယ်သွားပြီး သူတို့၏ စိတ်များသည်လည်း တစ်ခုတည်းအဖြစ် နီးကပ်စွာ ပေါင်းစပ်သွားကြသည်။ နဂါးမျိုးနွယ်များ၏ စိတ်ခံစားချက်သည် အလွန်ရိုးစင်းပြီး လူသားမျိုးနွယ်များကဲ့သို့ ရှုပ်ထွေးပွေလီခြင်း မရှိပေ။ သူတို့သည် မိမိကို အသိအမှတ် ပြုလိုက်သည်နှင့် မိမိအတွက် အသက်စွန့်ရန်ပင် ဝန်မလေးတော့ဘဲ မည်သည့်အခါမျှ သစ္စာဖောက်မည် မဟုတ်ပေ။ သဘောကျစွာ ရယ်မောပြီးနောက် လုံချန် က ပြောလိုက်သည်။
“အကြီးအကဲတို့ အားလုံး ကျွန်တော့်ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ကျွန်တော်လည်း တာဝန်တစ်ခုနဲ့ ဒီကိုလာခဲ့တာပါ… နဂါးမျိုးနွယ်တွေရဲ့ လက်ရှိ ရှုပ်ထွေးမှု အခြေအနေတွေရဲ့ တစ်ဖက်မှာ အပြင်လူတွေရဲ့ နှောင့်ယှက်မှုကြောင့် ဖြစ်သလို ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့်လည်း ဖြစ်တယ်…”
“ကျုပ်တို့တွေ လုပ်တဲ့ အမှားတွေလည်း ပါတာပါပဲ… အတို့ချုပ်ပြောရရင် အကြောင်းအရင်းပေါင်း များစွာကြောင့် ဖြစ်လာတာပါ… အခုချက်ခြင်း လုပ်ရမယ့် အလုပ်က လှိုက်စားနေတဲ့ အပိုင်းကို လှီးထုတ်ပစ်ဖို့ပဲ… ပြီးရင် နဂါးကမ္ဘာကို ပြန်လည် စုစည်းရမယ်… ဒါမှ နဂါးကမ္ဘာဟာ အရင်လို ပြန်လည် ထွန်းကားတိုးတက်လာလိမ့်မယ်… ညီလေး… ညီလေး ပြောသာပြောပါ… မင်း အမိန့်ပေးတာနဲ့ ငါတို့ ခြောက်ဖွဲ့လုံး… မဟုတ်ဘူး… ခုနှစ်ဖွဲ့လုံး မင်းရဲ့ အမိန့်ကို နာခံဖို့ အသင့်ပဲ…”
ရှဲ့ချန်ကျုံး က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ရှဲ့ချန်ကျုံး သည် အလွန်ရိုးရိုးစင်းစင်း စဉ်းစားတတ်သူ ဖြစ်သည်။ သူသည် လုံချန် ကို ရှေးဟောင်းနဂါးဝိညာဉ်၏ အသိအမှတ်ပြုမှုကို ရရှိထားသောကြောင့် လုံးဝ ယုံကြည်နိုင်သူဟု ထင်သည်။ ထို့အပြင် လုံချန် ၏ စဉ်းစားတွေးခေါ်ပုံနှင့် ဉာဏ်ပညာစူးရှ ထက်မြက်မှုကို သူတို့ထဲတွင် ယှဉ်ပြိုင်နိုင်သူ မည်သူမျှ မရှိပေ။ လုံချန် က သူတို့ကို အမိန့်ပေးလျှင် သူတို့က အကောင်အထည် ဖော်လိုက်ရုံသာ ဖြစ်သည်။ လုံချန် က ပြုံးကာ ပြောသည်။
“စိတ်မလောပါနဲ့ဦး အကြီးအကဲ…”
“ဘာအကြီးအကဲလဲ… မင်း ငါ့ကို ရင်းရင်းနှီးနှီး ဆက်ဆံချင်တယ်ဆိုရင် အစ်ကိုကြီးလို့ ခေါ်…”
ရှဲ့ချန်ကျုံး က ပြောလိုက်သည်။ လုံချန် မှာလည်း ဟန်ဆောင်တတ်သူ မဟုတ်ပေ။ သူက တိုက်ရိုက်ပြောလိုက်သည်။
“ကောင်းပါပြီ အစ်ကိုကြီး ချန်ကျုံး… အခုတော့ စိတ်မလောပါနဲ့ဦး…”
လုံချန် ၏ အစ်ကိုကြီး ချန်ကျုံး ဟူသော စကားတစ်ခွန်းက ရှဲ့ချန်ကျုံး ကို အလွန်အမင်း ပျော်ရွှင် စိတ်လှုပ်ရှား သွားစေသည်။
“ကျွန်တော်တို့ ခုချက်ခြင်း မလှုပ်ရှားသေးတာ ပိုကောင်းမယ်… ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ တည်ကြက် ထားစရာ မရှိသေးဘူး… ဒါပေမဲ့ ဒီတစ်ခါ ကျွန်တော် တည်ကြက်တစ်ကောင်ကို စောင့်နေတာ… သူနဲ့ ရှင်းစရာ စာရင်းတစ်ခု ရှိသေးတယ်…”
တည်ကြက်အကြောင်းကို ပြောမိသောအခါ လုံချန် ၏ နှုတ်ခမ်းထောင့်သည့် အပေါ်သို့ တွန့်ကွေးတက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
***