“တည်ကြက် ဟုတ်လား… မင်းဆိုလိုတာက…”
မိုယင် အံ့အားသင့်သွားသည်။
“မှန်တယ်… ပဲ့တင်နဂါးမျိုးနွယ်နဲ့ အရိုးနဂါးမျိုးနွယ်ကို သုံးပြီး သူတို့ရဲ့ နောက်ကွယ်က ဆေးတောင်ကြားကို ဆွဲထုတ်ပြီး သူတို့နဲ့ အပြီးတိုင် စာရင်းရှင်းမလို့ပဲ...”
“ငါတို့ နဂါးကမ္ဘာရဲ့ လက်ရှိအခြေအနေနဲ့ ဆေးတောင်ကြားကို တိုက်ရိုက်ရင်ဆိုင် တိုက်ခိုက်တာ နည်းနည်း မသင့်တော်ဘူးနဲ့ တူတယ်…”
မျိုးနွယ်စု ခေါင်းဆောင်တစ်ဦးက စိုးရိမ်စွာ ပြောလိုက်သည်။
“ခင်ဗျားက ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်နေရတာလဲ… ဘာကို ကြောက်စရာ ရှိလို့လဲ… အလွန်ဆုံး သူတို့နဲ့ သူသေကိုယ်သေ တိုက်ခိုက်ရုံပဲပေါ့… ကျုပ်တို့ မသေရင် သူတို့သေရုံပဲ… ကျုပ်တို့ နဂါးကမ္ဘာ သူတို့ကြောင့် ဒီလို အခြေအနေရောက်ပြီး ပြိုကွဲလုနီးပါး ဖြစ်နေပြီ… ကျုပ်တို့ လက်စားမချေရတော့ဘူးလား…”
ရှဲ့ချန်ကျုံး က ချက်ခြင်း ဒေါသတကြီး ပြောလိုက်သည်။
“ခေါင်းဆောင်ချန်ကျုံး ကျုပ်ပြောတာက ဒီလိုအဓိပ္ပာယ်မျိုး မဟုတ်ပါဘူး… ကျုပ် ကြောက်တာလည်း မဟုတ်ဘူး… အကျိုးအပြစ်ကို ချိန်ဆကြည့်တာပါ… ကျုပ်တို့ရဲ့ လက်ရှိအခြေအနေနဲ့ ဆေးတောင်ကြားကို တိုက်ရိုက် ရင်ဆိုင်မယ်ဆိုရင် ဉာဏ်နည်းလွန်းရာ ကျသွားလိမ့်မယ်…”
ထိုခေါင်းဆောင်က ပြောလိုက်သည်။
“ဒါလည်း မှန်ပါတယ်…. လက်စားချေရမှာကတော့ သေချာတယ်… ဒါပေမဲ့ ကျုပ်တို့ နဂါးကမ္ဘာကို ပြန်လည် စုစည်းပြီး နဂါးကမ္ဘာမှာ အင်အားကောင်းတဲ့ စည်းလုံးညီညွတ်မှုကို ဖန်တီးပြီး မျိုးဆက်သစ် အစွမ်းထက် ကျင့်ကြံသူတွေကို အချိန်တစ်ခုလောက် ထပ်ပြီး ပျိုးထောင်ပေးပြီးမှ ဆိုရင် ပိုပြီးအောင်မြင်နိုင်ချေ များမယ်လို့ ထင်တယ်…”
အခြားနဂါးမျိုးနွယ်စု ခေါင်းဆောင်တစ်ဦးက သူ့အမြင်ကို ပြောသည်။ သူ့၏ စကားကို ကြားသောအခါ တရှူးရှူးတရှဲရှဲ ဒေါသထွက်နေသော ရှဲ့ချန်ကျုံး သည် အနည်းငယ် တည်ငြိမ်သွားသော်လည်း သူသည် စိတ်မြန်လက်မြန်သမား ဖြစ်သောကြောင့် ဤအမြင်ကို သဘောမတူသေးပေ။ ထိုအချိန်တွင် အားလုံးသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နောက်ဆုံးတွင် လုံချန် ကို ကြည့်လိုက်ကြသည်။ မိုယင် က ပြောသည်။
“လုံချန် မင်းကော ဒါကို ဘယ်လိုကြည့်မလဲ…”
“ကျွန်တော်က ဘယ်လိုကြည့်ရမှာလဲ… ရပ်ကြည့်ရမှာပေါ့…”
လုံချန် က စိတ်မရှည်သလို ပြောလိုက်သည်။
“ခင်ဗျားတို့အားလုံး ထိုင်ကြည့်နေမှတော့ ကျွန်တော်က ရပ်ကြည့်မှ ခင်ဗျားတို့ထက် ပိုဝေးဝေး မြင်နိုင်မှာပေါ့… နဂါးကမ္ဘာမှာ အတွင်းပိုင်း ပဋိပက္ခတွေ ဖြစ်တာ သိပ်ကြာသွားလို့လား မသိဘူး… ခင်ဗျားတို့ရဲ့ အမြင်တွေ ကျဉ်းမြောင်းပြီး ခင်ဗျားတို့ရဲ့ စိတ်ဓာတ်တွေလည်း တုံးကုန်ပြီ ထင်တယ်…”
အကယ်၍ လုံချန် သည် ယခင်က ဤကဲ့သို့ပြောလျှင် အားလုံး စိတ်ဆိုးကြမည်မှာ သေချာသည်။ သို့သော် ယခုအခါ သူတို့သည် လုံချန် ဆက်ပြောမည့် စကားကို စောင့်မျှော်နေကြ၏။
“ကျုပ် တစ်ခွန်းလောက် ကြားဖြတ်ပြောပါရစေ… ကျုပ်စိတ်ဓာတ်ကတော့ မတုံးသေးဘူးနော်… ကျုပ်တို့ မိစ္ဆာနဂါး မျိုးနွယ်က အခုထိ ထက်မြက်နေတုန်းပဲ…”
ရှဲ့ချန်ကျုံး က လက်ထောင်၍ ပြောလိုက်သည်။ လုံချန် က ခေါင်းညိတ်လိုက်သည်။
“အစ်ကိုကြီး ချန်ကျုံး ကတော့ စိတ်ထားဖြောင့်မတ်ပြီး အတွေးပေါ်လာသလို လုပ်ရတာကို ကြိုက်တယ်… ကြည့်လိုက်ရင် နည်းနည်း မဆင်မခြင် နိုင်တယ်လို့ ထင်ရပေမယ့် အခု နဂါးကမ္ဘာမှာ လိုအပ်နေတာ ဒီလို မဆင်မခြင် နိုင်မှုမျိုးပဲ… ဒီလို မိုက်ရူးရဲ ဆန်မှုမျိုးပဲ… နဂါးကမ္ဘာဟာ ကုသလို့ မရတဲ့ အခြေအနေကို စိုက်နေပြီ… သေမြေကြီး ရှင်ရွှေထီးလုပ်မှ ပြန်ပြီး ရပ်တည်နိုင်တော့မယ်… ကျွန်တော်ပြောတဲ့ ပြန်ရပ်တည်နိုင်ဖို့ ဆိုတာဟာ အခြားကို ဆိုလိုတာ မဟုတ်ဘူး… နဂါးကမ္ဘာရဲ့ အင်အား ဘယ်လောက်ကြီးမားတယ် ဆိုတာကို ပြသဖို့ ပြောတာမဟုတ်ဘူး… ရန်သူတွေ ဘယ်လောက်များများ ဓားကိုဆွဲကိုင်ပြီး အစွယ်ထုတ်ပြရဲတဲ့ သံန္နိဌာန်ကိုပြောတာ… အချိန်ဆွဲပြီး အခြေအနေ ကောင်းအောင် စောင့်မယ်လို့ မစဉ်းစားကြနဲ့… ရန်သူက ခင်ဗျားတို့ အားလုံးကို အဲဒီအချိန် ပေးမှာ မဟုတ်ဘူး… လက်ဦးမှု ရအောင်ယူပြီးမှ အောင်ပွဲခံ… နောက်ကျရင် ခံသွားရမယ်ဆိုတဲ့ စကားကိုတော့ အကြီးအကဲတို့ နားမလည်ဘဲ မနေလောက်ပါဘူးနော်… နောက်ပြီးတော့ အကြာကြီး အချိန်ဆွဲနေရင် ခင်ဗျားတို့ရဲ့ တိုက်ခိုက်လိုစိတ်တွေ ပျောက်ကွယ်သွားပြီး စိတ်ဓာတ်ပျော့ညံ့သွားလိမ့်မယ်… အခု မတိုက်ခိုက်ရဲဘူးဆိုရင် ကျုပ်စကားကို ယုံစမ်းပါ… နောက်ဆိုရင် ခင်ဗျားတို့ ပိုပြီးတောင် မတိုက်ခိုက်ရဲတော့ဘူး…. နဂါးမျိုးနွယ် အရင်အတိုင်း ပြန်ရပ်တည်ချင်တယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာအရ အရင်ဆုံး ပြန်ထနိုင်ရမယ်… ကြီးမြတ်တဲ့ နဂါးဝိညာဉ်ကို ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည် နေရာယူစေပြီးတော့ မာနနဲ့ ရဲစွမ်းသတ္တိကို ကျုပ်တို့ရဲ့ စိတ်နှလုံးထဲမှာ အမြဲတမ်း ပြည့်နှက်နေစေရမယ်… ကျုပ်တို့ ဆုံးရှုံးသွားတဲ့ ဂုဏ်သိက္ခာကို သွေးနဲ့ ပြန်ဆေးကြောရမယ်… ရန်သူက ကျုပ်တို့ကို လုပ်ခဲ့တဲ့ အရှက်ဂုဏ်သိက္ခာ ကျဆင်းခဲ့မှုကို အဆထောင်သောင်းများစွာ ပြန်ပေးဆပ်စေရမယ်…”
“ဟုတ်တယ် သူတို့ကို တိုက်ခိုက်ရမယ်… နဂါးမျိုးနွယ်ရဲ့ စစ်သည်တွေ အခြားနည်းနဲ့ သေလို့ရတယ်… အကြောက်တရားနဲ့တော့ ဘယ်တော့မှ သေလို့မဖြစ်ဘူး…”
နဂါးနီမျိုးနွယ်စု ခေါင်းဆောင်ကလည်း ပြောလိုက်သည်။
“မှန်တယ် ဘာကိုကြောက်စရာရှိလဲ… ငါတို့ နဂါးမျိုးနွယ်တွေအားလုံး တိုက်ပွဲမှာ ကျဆုံးသွားရင်တောင် နဂါးမျိုးနွယ်ရဲ့ ဒဏ္ဍာရီတစ်ခုကို ချန်ထားရစ်နိုင်တာပဲ… ဒါပေမဲ့ ငါတို့က မတိုက်ရဲဘဲ အခြားသူတွေရဲ့ အမြင်မှာ ငကြောက်တွေ ဖြစ်သွားရင် ငါတို့ နဂါးမျိုးနွယ်ဟာ အသက်ရှင်နေရင်တောင် ရယ်စရာ တစ်ခု ဖြစ်နေမှာပဲ… အဲဒီအစား သေလိုက်တာမှ ပိုကောင်းသေးတယ်…”
ရှဲ့ချန်ကျုံး ကလည်း ပြောသည်။ အခြားသူများလည်း လုံချန် ၏ စကားများကြောင့် စိတ်ဓာတ်များ တက်ကြွလာပြီး သွေးများ ဆူပွက်လာကြသည်။ နဂါးမျိုးနွယ်၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော သွေးသည် မူလကတည်းက တိုက်ခိုက်လိုစိတ် ပြင်းပြသော သွေးဖြစ်ရာ ယခုအခါ လုံချန် ကြောင့် ထိုစိတ်များ ပြန်လည်နိုးထလာကြသည်။ လုံချန် က အချိန်တန်ပြီဟု မြင်သောအခါ မီးလောင်ရာ လေပင့်လိုက်သည်။
“အကြီးအကဲတို့ ပြောတာ အားလုံး အမှန်တွေချည်းပဲ… လောကဦးခေတ်က နဂါးမျိုးနွယ်တွေ ဆိုတာ အငြိုးအတေး မထားဘူး… ချက်ခြင်း လက်တုံ့ပြန်တတ်တဲ့ မျိုးနွယ်တွေ… လူသားမျိုးနွယ်တွေ ပြောတဲ့ ပညာရှိသူဟာ ကလဲ့စားချေဖို့ ဆယ်နှစ်မက စောင့်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ်တဲ့ အပေါစား စကားပဲ… အစွမ်းရှိရင် ဘယ်သူက ဆယ်နှစ် စောင့်စရာ လိုလဲ… ကျုပ်တို့က နဂါးမျိုးနွယ်တွေလေ… အခြားသူတွေက ခေါင်းပေါ်တက်ပြီး ချီးပါနေတာကို ကျုပ်တို့က ငြိမ်ခံနေရမှာလား… ဒီလိုလုပ်နေတာတောင် သည်းခံနေမယ်ဆိုရင် အခြားသူတွေ ကျုပ်တို့ကို ဘယ်လိုမြင်မလဲ… ကျုပ်တို့ရဲ့ သားစဉ်မြေးဆက်တွေ ကျုပ်တို့ကို ဘယ်လိုမြင်ကြမလဲ… အခု နဂါးကမ္ဘာ ရှုပ်ထွေးနေတာ နဂါးမျိုးနွယ်ရဲ့ သမိုင်းမှာ အကြီးမားဆုံး အရှက်ရမှုကြီး တစ်ခုပဲ… တကယ်လို့ ကျုပ်တို့ မျိုးဆက်မှာ ဒါကို အဆုံးမသတ်နိုင်ဘူး ဆိုရင် ကျုပ်တို့အားလုံးဟာ သားစဉ်မြေးဆက် အဆက်ဆက်မှာ လက်ညှိုးထိုး လှောင်ပြောင်စရာ ဘိုးဘေးတွေအဖြစ် သမိုင်း မော်ကွန်းထိုးပြီး ကျန်ရစ်ခဲ့လိမ့်မယ်… နောက်ပြီး ကျုပ်တို့ ကိုယ်တိုင် ပါခဲ့တဲ့ ဒီချီးတွေကို ကျုပ်တို့ကိုယ်တိုင် ပြန်မကျုံးဘဲ သားစဉ်မြေဆက် လက်ထဲ ချီးထုပ်ကြီး ထည့်ပေးခဲ့ရမှာလား… ကျုပ်တို့ သေမှာကြောက်လို့ သားစဉ်မြေးဆက်တွေကို အသေခံခိုင်းရမှာလား…”
လုံချန် ၏ စကားများသည် တစ်ခုထက်တစ်ခု ပို၍လေးနက်လာပြီး စကားလုံးတိုင်းသည် လူတိုင်း၏ နှလုံးသားကို တုကြီးတစ်ခုဖြင့် ထုနေသကဲ့သို့ စိုက်ဝင်သွားသည်။ ရှဲ့ချန်ကျုံး၊ ချီယွဲ့ တို့ကို မဆိုထားနှင့် နဂါးဖြူမျိုးနွယ်စု ခေါင်းဆောင်ကဲ့သို့ အလွန်တည်ငြိမ်ကာ အိန္ဒြေရသူ တစ်ဦးသည်ပင် လက်ထဲမှတောင်ဝှေးကို တင်းတင်းဆုပ်ကိုင်မိပြီး သွေးများ ဆူပွက်လာကာ ယခုချက်ခြင်းပင် အပြင်ထွက်၍ တိုက်ပွဲကြီး တစ်ပွဲ ဆင်နွှဲချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။
“လုံချန် ပြောတာ မှန်တယ်… ကျုပ်တို့ သိပ်ဉာဏ်နည်းခဲ့တာကို… ဒီမျိုးဆက်ရဲ့ အငြိုးအတေးတွေကို ဒီမျိုးဆက်မှာပဲ အဆုံးသတ်ရမယ်…”
အစောပိုင်းက အင်အားကောင်းလာချိန်ကို စောင့်ဆိုင်းလိုသော နဂါးမျိုးနွယ်စု ခေါင်းဆောင်သည် အလွန်ရှက်ရွံ့သွားပြီး ချက်ခြင်း သဘောထားပြောင်းသွားသည်။
“လုံချန် မင်းမှာ ဘာတိုက်ပွဲ အစီအစဉ်ရှိလဲ… ငါတို့ ဘယ်လို ပူးပေါင်းဆောင်ရွက် ပေးရမလဲ… ပြောသာပြောပါ…”
မိုယင် ကမူ တည်ငြိမ်မှုကို ထိန်းထားနိုင်ဆဲဖြစ်ပြီး အရေးအကြီးဆုံး မေးခွန်းကို မေးလိုက်သည်။ တိုက်ပွဲကြီး တစ်ပွဲသည် ဖြစ်ကတတ်ဆန်း လုပ်၍ မရပေ။ အဆင့်ဆင့် အစီအစဉ်များဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုအခါမှသာ အသာစီးရရှိမှုကို အများဆုံးရရှိပြီး ထိခိုက်သေဆုံးမှုကို အနည်းဆုံး လျှော့ချနိုင်မည် ဖြစ်သည်။ သို့သော် တိုက်ပွဲ အစီအစဉ် ရေးဆွဲရေးသည် နဂါးကမ္ဘာ၏ အကြီးမားဆုံး အားနည်းချက်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သူတို့သည် ထင်းစည်းပြေသကဲ့သို့ ဖြစ်နေပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် အလွန်ခက်ခဲသောကြောင့် ဖြစ်သည်။ ကြိုတင် စီစဉ် ရေးဆွဲထားလျှင်ပင် အနည်းငယ်သော အံမဝင် ဖြစ်မှုများ ဖြစ်ပေါ်လာမည်မှာ သေချာသည်။ သို့သော် အစီအစဉ် ရေးဆွဲ မထားလျှင်မူ ပို၍ပင် အံမဝင်ဖြစ်ကာ မိမိတို့ အချင်းချင်း သတ်ဖြတ်သည့် အခြေအနေမျိုးပင် ဖြစ်ပေါ်လာနိုင်ချေ ရှိသည်။
“စိတ်မလောပါနဲ့… ကျွန်တော့်ရဲ့ နဂါးတပ်ဖွဲ့မှာ ကုယန် ဆိုတဲ့ သူတစ်ယောက်ရှိတယ်… သူက တိုက်ပွဲ မဟာဗျူဟာတွေမှာ ပါရမီရှင် တစ်ဦးပဲ… ကျွန်တော်တို့ သူ့ကို အစီအစဉ်တစ်ခု အမြန်ဆုံး ရေးဆွဲခိုင်းပြီး အကြီးအကဲတို့ဆီကို ပို့ပေးလိုက်ပါမယ်…”
လုံချန် ကိုယ်တိုင် တိုက်ပွဲအစီအစဉ်ကို ရေးဆွဲပေးနိုင်သော်လည်း သူ့တွင် ထိုမျှလောက် အချိန်မရှိပေ။ အရေးအကြီးဆုံးမှာ တိုက်ပွဲကို ဦးဆောင်ကွပ်ကဲရာတွင် ကုယန် ၏ အတွေ့အကြုံသည် အလွန်ကြွယ်ဝသည်။ ထို့အပြင် ဤကဲ့သို့ အများရှေ့တွင် ထင်ရှားရမည့် အလုပ်မျိုးကို သူသည် အလွန်ကြိုက်နှစ်သက်သူဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် စိတ်ရောကိုယ်ပါ နှစ်ကာ ဆောင်ရွက်မည်မှာ သေချာပေသည်။
“နောက်ပြီးတော့ အကြီးအကဲတို့ ကိုယ့်နေရာကိုယ် ပြန်ရောက်တဲ့ အခါကျရင် ဒေါသတကြီးနဲ့ မကျေမနပ်ဖြစ်ပြီး ပြန်တဲ့ ပုံစံမျိုး ဟန်ဆောင်ရမယ်… ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းက ဆက်ကနေရဦးမှာဆိုတော့ အခြားသူတွေ သတိမထားမိတာ အကောင်းဆုံးပဲ…”
လုံချန် က ပြောလိုက်သည်။ အားလုံး ခေါင်းညိတ်လိုက်ကြသည်။ တိုက်ပွဲ အစီအစဉ် ရေးဆွဲရန် အချိန်အနည်းငယ် လိုအပ်မည်ဖြစ်သောကြောင့် အချိန်များများ ရလေလေ သူတို့အတွက် အကျိုးရှိလေလေ ဖြစ်သည်။ နန်းဆောင်မှ တံခါးများ “ဝုန်း”ခနဲ ပွင့်ထွက်လာသည်။ နန်းဆောင်အပြင်ဘက်တွင် မရေမတွက်နိုင်သော နဂါးကမ္ဘာမှ ထိပ်သီးကျင့်ကြံသူများသည် စိုးရိမ်သော မျက်နှာထားများဖြင့် စောင့်ဆိုင်းနေကြသည်။ သူတို့ စိုးရိမ်နေရသည့် အကြောင်းအရင်းမှာ အစောပိုင်းက မျက်လုံးများ မီးဝင်းဝင်း တောက်မတတ်ဖြစ်နေသော အရိုးနဂါးမျိုးနွယ်စု ခေါင်းဆောင်သည် နန်းတော်အတွင်းမှ “ဝုန်း”ခနဲ ထွက်လာသောကြောင့် ဖြစ်သည်။ အဆိုးဆုံးမှာ သူအပြင်သို့ ထွက်လာသောအခါ သူ့၏ မျက်နှာပေါ်တွင် အညိုအမည်း စွဲနေသော လက်ဝါးရာကြီးတစ်ခု ပါလာခြင်းပင်။ ထိုလက်ဝါးရာသည် အရိုက်ခံထားရမှန်း အားလုံး သိသော်လည်း မည်သူရိုက်သည်ကိုမူ မည်သူမျှ မသိကြပေ။ သို့သော် သူတို့သည် မျိုးနွယ်စု ခေါင်းဆောင် အသီးသီးက တင်းမာခက်ထန်သော မျက်နှာထားများဖြင့် ထွက်လာသည်ကို မြင်သောအခါ သူတို့အားလုံး၏ ရင်သည် အေးစက်ကုန်ကြပြီး မည်သည့်စကားမျှ မပြောဝံ့ကြဘဲ မိမိတို့၏ မျိုးနွယ်စု ခေါင်းဆောင်များနှင့်အတူ လိုက်ပါသွားကြသည်။ လုံချန် ထွက်လာသောအခါ နဂါးတပ်ဖွဲ့က အသင့်စောင့်ကြိုနေသည်။ ကုယန်ကမူ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“ဆရာက ဆရာပဲ… ဒီရိုက်ချက်ကတော့ တော်တော်ကို ကောင်းလွန်းတယ်…”
ကုယန် ၏ အသံသည် အလွန်ကျယ်လောင်ပြီး နဂါးမျိုးနွယ်မှ ထိပ်သီး ခေါင်းဆောင်များကလည်း မလှမ်းမကမ်းသို့သာ ရောက်ရှိကြသေးသည်။ သူ့၏ စကားကို ကြားသောအခါ မျိုးနွယ်စု ခေါင်းဆောင် အနည်းငယ်မှလွဲလျှင် ကျန်သူများ အားလုံး အကြီးအကျယ် အံ့အားမင်သက်ကုန်ကြ၏။
“ဟင်….”
***