လူအုပ်ကြီးထံမှ အံ့အားတကြီး ရေရွတ်လိုက်သံများ ထွက်ပေါ်လာသည်။ အားလုံး၏ အကြည့်သည် လုံချန် အပေါ်သို့ စုပြုံကျရောက်နေပြီး မင်သက်အံ့ဩသည့် အကြည့်များက မျက်လုံးအိမ်အတွင်း ပြည့်လျှံနေသည်။
“အရိုးနဂါးမျိုးနွယ်စု ခေါင်းဆောင်ရဲ့ မျက်နှာပေါ်က လက်ဝါးရာကြီးက သူ့လက်ချက်လား…”
လုံချန် က အခြားထွေထွေထူးထူး ရှင်းပြခြင်းမရှိဘဲ နဂါးဖြူမျိုးနွယ်စု ခေါင်းဆောင်နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် နဂါးဖြူမျိုးနွယ်စု များသည် နဂါးတပ်ဖွဲ့နှင့်အတူ အားလုံးကို ခေါ်ဆောင်ကာ ၎င်းတို့၏ နယ်မြေ အတွင်းပိုင်းသို့ ပြန်လည် ထွက်ခွာသွားကြသည်။ နဂါးဖြူမျိုးနွယ်စုသည် နဂါးတပ်ဖွဲ့အား မည်မျှအလေးထား ဆက်ဆံသည် ဆိုသည်မှာ ပြောစရာပင် မလိုအပ်ပေ။ ၎င်းတို့သည် နဂါးဖြူမျိုးနွယ်စု၏ အကောင်းဆုံး ကျင့်ကြံရေး အထောက်အကူပြုရာ နေရာဖြစ်သော နဂါးတစ်သောင်း အသိုက်ကိုပင် နဂါးတပ်ဖွဲ့အား အသုံးပြုခွင့် ပေးထားသည်။ ထို့အပြင် နဂါးဖြူမျိုးနွယ်စု၏ မရေမတွက်နိုင်သော ရင်းမြစ်များ၊ ဘဏ္ဍာတိုက်အတွင်းရှိ ရတနာများ အားလုံးကိုလည်း အကန့်အသတ်မရှိ သုံးစွဲခွင့် ပြုပေးထားသည်။ နဂါးဖြူ မျိုးနွယ်စုဝင်များ ရမှတ်များဖြင့် တိုက်ရိုက်လဲလှယ်ယူရသည့် ပစ္စည်းများစွာသည် နဂါးတပ်ဖွဲ့အတွက်တော့ ကန့်သတ်ချက်မရှိ ယူနိုင်သော ပစ္စည်းများ ဖြစ်လာခဲ့သည်။ သူတို့အားလုံး နဂါးတစ်သောင်း အသိုက်သို့ ပြန်လည် ရောက်ရှိလာသောအခါ နဂါးစစ်သည်များသည် လုံချန် နှင့် လူကွဲသွားသည့် အချိန်က သူဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအား ပြန်ပြောင်း နားထောင်လိုသော်လည်း ယခုအချိန်သည် လုံချန် နှင့် ပိုင်ရှီရှီ တို့ နှစ်ဦး လွတ်လွတ်လပ်လပ် စကားပြောရမည့် အချိန်ဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်ကြသည်။ သို့သော် အခြေအနေကို အလိုက်ကန်းဆိုးမသိသော ပိုင်ရှောင်လီ မှာမူ ရေပက်မဝင်သော မေးခွန်းပေါင်း သောင်းခြောက်ထောင်နှင့် လုံချန် ကို စိတ်လှုပ်ရှားစွာ ပြောဆိုနေဆဲ ဖြစ်သည်။ နောက်ဆုံးတွင် ကိုးမြီးလေးသည် သူ့၏ ဦးခေါင်းကို ကိုင်ကာ အပြင်သို့ အတင်းအကျပ် ဆွဲခေါ်သွားတော့သည်။ လုံချန် နှင့် ပိုင်ရှီရှီ တို့ နှစ်ဦးတည်းသာ ကျန်တော့သည့် အချိန်၌ ပိုင်ရှီရှီ ၏ ချယ်ရီရောင် နှုတ်ခမ်းလေးများ တဆတ်ဆတ် လှုပ်ခါလာသည်။ သူမ၏ မျက်လုံးဝိုင်းလေးများသည် တစ်ခဏချင်းမှာပင် နီမြန်းသွားပြီး ဖြူဖွေးသော ပုလဲလုံးလေးများကဲ့သို့ မျက်ရည်များ ကျဆင်းလာခဲ့သည်။ သူမ အိန္ဒြေမဆည်နိုင်စွာ လုံချန် ၏ ရင်ခွင်အတွင်းသို့ တိုးဝင်သွားပြီး ရှိုက်ကြီးတငင် ငိုချလိုက်မိသည်။
“ကျွန်မ… ကျွန်မ… သေမလောက်ကို ကြောက်နေမိခဲ့တယ်… အဲဒါ ရှင့်အတွက် စိုးရိမ်နေမိလို့ပဲ…”
ထိုစဉ်က လုံချန် သည် မိုးမြေဆေးမီးဖို၏ စွမ်းအားကို အသုံးချကာ သူတို့အားလုံးကို မဟာမြေရိုင်းဒေသ တစ်နေရာသို့ ဟင်းလင်းပြင် ခုန်ကူးပေးလိုက်စဉ် သူသည် ငွေရောင်ဆံပင်ပိုင်ရှင် ဟင်းလင်းပြင် ထွင်းဖောက်သူနှင့် နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ ယင်းက ပိုင်ရှီရှီ အား ရူးသွပ်လုနီးပါး အခြေအနေပင် ဖြစ်သွားစေသည်။ ဟင်းလင်းပြင် ခုန်ကူးသည့် ဦးတည်ချက် နေရာသို့ ရောက်ရှိသောအခါ ပိုင်ရှီရှီ သည် သူမအား စစ်မြေပြင်သို့ ပြန်လည်ပို့ဆောင်ပေးရန် မိုးမြေဆေးမီးဖိုအား ဒူးထောက် တောင်းပန်ခဲ့သည်။ သူမတစ်ဦးတည်း ရှင်သန်လိုခြင်း မရှိဘဲ လုံချန် နှင့်အတူ အသက်စွန့် တိုက်ခိုက်ခြင်းကိုသာ သူမ ရွေးချယ်လိုသည်။ နောက်ဆုံးတွင် ပိုင်ရှောင်လီ သည် မျက်လုံးပညာရပ် တစ်ခုဖြင့် သူမအား သတိလစ် မေ့မြောသွားစေခဲ့သည်။ သူမ ပြန်သတိရသောအခါ လုံချန် သည် ဘေးကင်းလုံခြုံစွာ ထွက်ခွာသွားနိုင်ကြောင်း နဂါးစစ်သည်များထံမှ သူမ ကြားသိခဲ့ရသော်လည်း ယင်းက မျက်စိနှင့် တပ်အပ်မြင်ရခြင်း မဟုတ်သောကြောင့် သေချာရေရာမှု မရှိသလို ခံစားရသည်။ ထိုအချိန်မှစ၍ သူမ၏ နှလုံးသားသည် အမြဲတမ်း လှောင်ပိတ်ခံထားရသလို မွန်းကြပ်သွားခဲ့သည်။ ဤနေ့ရက်များအတွင်း သူမ၏ အချိန်တိုင်းသည် နှစ်ကာလပေါင်း အလွန်ရှည်ကြာနေသလို ခံစားရသည်။ ဘဝတွင် ဤမျှလောက်အထိ နာကျင်စွာ ခံစားရခြင်းသည် သူမအတွက် ပထမဦးဆုံးအကြိမ်လည်း ဖြစ်သည်။ အခြားသူများက သူမ စိတ်သက်သာရာ ရစေရန် နှစ်သိမ့်အားပေး စကားများ ပြောဆိုကြသော်လည်း သူမ၏ စိတ်သည် အတိတ်တွင်သာ နစ်မြုပ်နေခဲ့ပြီး အနည်းငယ်မျှ ပြောင်းလဲနိုင်မှု မရှိခဲ့ပေ။ ယခု လုံချန် ကို ပြန်တွေ့ရသောအခါ သူမ၏ ရင်ထဲတွင် အတော်ကြာ ပျောက်ဆုံးနေခဲ့သည့် ပျော်ရွှင်မှု၊ အံ့ဩဝမ်းသာမှုတို့ ဖြစ်ပေါ်လာခဲ့သည်။ ယင်းနှင့်အတူ ဒေါသစိတ်များလည်း ပြန်လည်မွေးဖွားလာခဲ့သည်။ ပိုင်ရှီရှီ သည် သူမကိုယ်သူမ မည်သို့မျှ နားမလည်နိုင်တော့ပေ။ သူမအတွက် လုံချန် မရှိလျှင် ဤကမ္ဘာသည် အရောင်အဆင်း ကင်းမဲ့သွားပေမည်။ ကောင်းကင်ကြီးအား ထမ်းတင်ပေးထားသည့် ထောက်တိုင်ကြီး ပြိုလဲသွားသည့်အခါ ဘဝသည် လုံးဝအဓိပ္ပာယ် ကင်းမဲသွားသလို ဖြစ်လိမ့်မည်ဟုလည်း ခံစားရသည်။
“ညီမကို စိုးရိမ်ပူပန် စေမိတဲ့အတွက် အစ်ကို အများကြီး တောင်းပန်ပါတယ်…”
လုံချန် သည် သူ့ရင်ခွင်အတွင်း ခန္ဓာကိုယ်လေး တသိမ့်သိမ့်တုန်ကာ ပြင်းပြင်းထန်ထန် ငိုကြွေးနေသော ပိုင်ရှီရှီ အား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့သည်။ ကပိုကရို ကျဆင်းနေသော ဆံနွယ်လေးများအား ချစ်ခင်မြတ်နိုးစွာ နမ်းရှိုက်လိုက်ပြီး နူးညံ့စွာ နှစ်သိမ့်ပေးလိုက်မိသည်။ အတန်ငယ် ကြာသွားသည့် အခါမှသာ ပိုင်ရှီရှီ ၏ ရှိုက်သံလေးများ တဖြည်းဖြည်း ဖျော့တော့သွားသည်။ လုံချန် သည် သူမအား အပြင်သို့ သွားရန် ဆွဲခေါ်လိုက်သော်လည်း ပိုင်ရှီရှီ က အတင်း ငြင်းဆန်သည်။ ယခုအချိန်တွင် သူမ၏ မျက်လုံးသည် ငိုထားမှုကြောင့် နီရဲနေပြီး မျက်ခွံများမှာလည်း မို့အစ်နေသဖြင့် အခြားသူများ တွေ့မြင်သွားမည်ကို သူမရှက်ရွံ့နေသည်။ ပိုင်ရှီရှီ က လုံချန် အား သူ့ဘာသာသွားရန် ပြောဆိုလိုက်၏။
“ညီမ တကယ်မလိုက်ဘူးပေါ့… ညီမ မလိုက်ရင် အစ်ကိုလည်း ဒီမှာပဲ နေတော့မယ်…”
ပိုင်ရှီရှီ သည် ချက်ခြင်းပင် စိတ်ဆိုးလာပြီး လုံချန် အား အတင်းတွန်းလွှတ် ပစ်လိုက်သည်။ သူမ စိတ်ပြေသွားပြီ ဖြစ်ကြောင်း နှင့် ရှက်ရွံ့နေခြင်း ဖြစ်ကြောင်း လုံချန် သဘောပေါက်သွားပြီး သူမအား အတင်းအကျပ် မခေါ်တော့ဘဲ သူ့ဘာသာ ထွက်လာခဲ့သည်။ လုံချန် သည်အတိုင်း လျှောက်လာခဲ့ပြီး အချိန်အနည်းငယ် အကြာတွင် နဂါးစစ်သည်များ အားလုံးကို တွေ့လိုက်ရသည်။ ၎င်းတို့အားလုံးသည် နဂါးဖြူမျိုးနွယ်စု၏ လက်နက်များ ပြုလုပ်သည့် နေရာတွင် စုရုံးရောက်ရှိနေခြင်း ဖြစ်သည်။ အားလုံး၏ ရှေ့ဆုံးတွင် ကုယန် သည် ဓားရှည်တစ်လက်ကို ကိုင်ကာ လျှပ်စီးတန်း တစ်ခုကဲ့သို့ ဟင်းလင်းပြင်ကို ခုတ်ထစ်ပိုင်းဖြတ်နေ၏။ ၎င်း၏ ဓားချက်မှ ထွက်ပေါ်လာသော လေတိုးသံ တရွှီရွှီများမှာ ထူးဆန်းစွာ စူးရှနေခဲ့သည်။ ကုယန် ၏ ပါးစပ်သည် အမြှုပ်များ ထွက်လုနီးပါး အာပေါင်အာရင်း သန်သန်နှင့် ဓားအကြောင်း အော်ဟစ်ရှင်းလင်းနေပြီး သူသည် နဂါးစစ်သည်များ မကြားမည်ကို စိုးရိမ်သည့်အလား ရှင်းပြနေခြင်း ဖြစ်သည်။
“အားလုံး သဘောပေါက်ထားရမှာက ဒီနတ်ဓားဟာ ရွှေအဆင့် မာကျောတဲ့ နတ်သတ္တု အတောင်ငါးဆယ်ကိုတောင် ပိုင်းဖြတ်ပစ်နိုင်စွမ်းရှိတယ်… သံမဏိလောက်ဆိုရင် ရွှံစေးလို အလွယ်တကူ ခုတ်ဖြတ်ပစ်နိုင်တယ်… ဒီဓားက လူသားအင်ပါယာ နတ်လက်နက်အဆင့် ဆိုပေမယ့် သိပ်ကို ကြောက်ဖို့ကောင်းတယ်လို့ ပြောလို့ရတယ်… ဒါပေမဲ့ ဒီဓားရဲ့ တစ်ခုတည်းသော ချို့ယွင်းချက်က ပစ္စည်းတစ်မျိုး လိုအပ်နေသေးတာပဲ… အဲဒီအရာကို ဖြည့်ဆည်းပေးနိုင်မယ် ဆိုရင် နတ်ဘုရားအင်ပါယာအဆင့် လက်နက်တွေနဲ့ တန်းတူယှဉ်နိုင်တဲ့ အဆင့်ထိကို ရောက်သွားလိမ့်မယ်…”
“ဟုတ်လှချည်းလား… ဘာပစ္စည်း လိုနေလို့လဲ…”
လုံချန် ၏ အသံက ကျယ်လောင်စွာ ကြားဖြတ် ဝင်ရောက်လာသည်။
“ဆရာ…. ဆရာရောက်လာပြီလား… ဟား… ဟား… ဟား…. ဒီမှာ ကြည့်ပါဦး… ဒီဓားက နဂါးကမ္ဘာကနေ ခဏငှားထားတဲ့ အင်မော်တယ်ရွှေနဲ့ ကျွန်တော် ကိုယ်တိုင် လုပ်ထားတာ… သူ့ကို နဂါးဓား လို့ ခေါ်ပြီး ကျွန်တော့်ရဲ့ ဖန်တီးမှုအသစ်လို့ ပြောလို့ရတယ်…”
ကုယန် သည် လုံချန် ကို မြင်သည်နှင့် ဓားကို လက်တစ်ဖက်မှဆွဲကာ အလျင်အမြန် ပြေးချလာပြီး ဓားကို သူ့ထံသို့ ကမ်းပေးလိုက်သည်။ လုံချန် က ဓားကိုကိုင်လိုက်သည်နှင့် ရုတ်တရက် သူ့၏ လက်သည် ရှေ့သို့နိမ့်ဆင်းသွားသည်။ လုံချန် အကြီးအကျယ် အံ့အားသင့်သွား၏။
“လေးလှချည်လား…”
ဤဓား၏ ဗျက်အကျယ်သည် လေးလက်မခန့်ကျယ်ပြီး စွမ်းအားကြီးမားသော ဆေဘာဓား အမျိုးအစားထဲတွင် ပါဝင်ကာ လက်ထဲသို့ ရောက်လာချိန်တွင် ထူးကဲသော လေးလံမှုကို ခံစားရစေသည်။ သာမန် လူသားအင်ပါယာအဆင့် နတ်လက်နက် တစ်ခုထက် အဆပေါင်း ရာနှင့်ချီ၍ ပိုလေးသည်။ ထိုကောင် ကုယန် သူလုပ်ထားသည့် လက်နက်အား မည်သည့်အတွက် ချပ်ကာဝတ်၍ ကိုင်ထားရခြင်း အကြောင်းအရင်းကို လုံချန် နားလည်သွားသည်။ ထိုချပ်ကာ၏ စွမ်းအားမပါပါက ထိုကောင်သည် ထိုဓားကို လုံးဝ မနိုင်မည် မဟုတ်ပေ။
“မကြာခင်ကမှ မင်းတို့ ဓားအသစ်တွေ လုပ်ထားတာ တစ်သုတ်ပြီးရုံပဲ ရှိသေးတယ် မဟုတ်လား… အဲဒါတွေကိုတောင် မသုံးရသေးဘူးလေ… အခုလို မြန်မြန်ဆန်ဆန်ကြီး အသစ်လဲမယ်ဆိုတာက သိပ်ကို တန်ဖိုးကြီးလွန်းတယ်လို့ ထင်တယ်… ဒါက မင်းနဲ့ ရှချန် တို့အတွက် ဘယ်လောက်တောင် စွမ်းအားတွေကို ကုန်ဆုံးစေခဲ့လဲ…”
လုံချန် က ပြောသည်။
“ဟဲ… ဟဲ… နောက်ဆုံးအကြိမ် ငွေရောင်ဆံပင်ပိုင်ရှင် ဟင်းလင်းပြင် ထွင်းဖောက်သူနဲ့ တိုက်ခိုက်တုန်းက ကျွန်တော်တို့မှာ လက်နက်ကောင်းတွေ မရှိဘူးဆိုတာ ဘယ်လောက်တောင် သိလာလဲ… မဟုတ်ရင် နဂါးတပ်ဖွဲ့က ညီအစ်ကိုတွေရဲ့ စုပေါင်းစွမ်းအားနဲ့ အဲဒီကောင်ကို သတ်လို့မရဘူးလို့ ကျုပ်တော့ ဘယ်လိုမှ မယုံဘူး…”
ကုယန် က မကျေမချမ်းဖြင့် ပြောသည်။ ယခင်တစ်ခေါက်က သူတို့အားလုံးသည် ငွေရောင်ဆံပင်ပိုင်ရှင် ၏ လက်ချက်ဖြင့် အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်ကို အလွန် မကျေမနပ် ဖြစ်နေဆဲ ဖြစ်သည်။ နဂါးစစ်သည်များတွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများ ရှိနေသော်လည်း ထိုစွမ်းအားများကို သယ်ဆောင်နိုင်သည့် ကောင်းမွန်သော လက်နက်များ မရှိသောကြောင့် ယခုလို ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်တည်းက သူသည် အကောင်းဆုံး နတ်လက်နက်နှင့် စွမ်းအားကို အကန့်အသတ်မရှိနီးပါး စုစည်းနိုင်သော ချပ်ကာတစ်ခု ပြုလုပ်မည်ဟု သန္နိဌာန်ပြုထားခဲ့သည်။ နဂါးစစ်သည်များ၏ အစွမ်းကို သူ့ထက်ပို၍ မည်သူမျှ သိသူမရှိပေ။ လူခုနှစ်ထောင်ကျော်၏ စွမ်းအားကို ပေါင်းစပ်လိုက်လျှင် ငွေရောင်ဆံပင်ပိုင်ရှင်သည် မိုးပျံသည်အထိ စွမ်းအားကြီးနေသည် ဖြစ်ပါစေ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ အဓိက အရေးကြီးသည့် အချက်မှာ ကုယန် သည် ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို သယ်ဆောင်ပေးနိုင်သည့် နတ်သတ္တုမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဘူးခြင်း ဖြစ်သည်။ မည်မျှပင် ကျွမ်းကျင်လွန်းသော စားဖိုမှူးတစ်ဦး ဖြစ်စေ အခြေခံလိုအပ်ချက် ဖြစ်သော အသားငါးများ မပါလျှင် ဟင်းမချက် နိုင်သကဲ့သို့ ဤသည်မှာ အခက်ခဲဆုံး အရာဖြစ်သည်။ သို့သော် နဂါးဖြူမျိုးနွယ်သို့ သူတို့ရောက်ရှိလာသောအခါ နဂါးဖြူမျိုးနွယ်များ၏ ရတနာတိုက်ထဲတွင် မရေမတွက်နိုင်သော နတ်သတ္တုများကို ကုယန် စတင်သတိထားမိခဲ့ပြီး နဂါးဓားများကို ချက်ခြင်းစတင် ပြုလုပ်ခဲ့သည်။ နဂါးဖြူမျိုးနွယ်များ၏ နတ်သတ္တုများသည် အရည်အသွေး လွန်စွာ မြင့်မားပြီး နဂါးမျိုးနွယ်အတွက် အထူးပြုလုပ်ထားသော နတ်သတ္တုများ ဖြစ်သောကြောင့် ကြီးမားသော စွမ်းအားကို သယ်ဆောင်ပေးနိုင်သည်။ ယမန်နေ့ကပင် ကုယန် သည် နတ်လက်နက် အားလုံးကို ပြုလုပ်ပြီးစီးခဲ့သည်။ ယနေ့တွင် ဖွင့်ပွဲအခမ်းအနားတစ်ခု ပြုလုပ်ရန် စီစဉ်ထားသော်လည်း လုံချန် ရောက်လာသောကြောင့် အစီအစဉ်က ပျက်ယွင်းသွားခဲ့၏။ မူလက ကုယန် သည် လုံချန် ထွက်လာမှသာ ကြွားဝါရန် စောင့်ဆိုင်းနေခဲ့သော်လည်း သူသည် စိတ်မထိန်းနိုင်ဘဲ ဓားကို ဦးစွာထုတ်ယူလာပြီး အကျယ်တဝံ့ ရှင်းပြရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။ ဓား၏ လက်မှုပညာမှာ ရှုပ်ထွေးသောကြောင့် တစ်နာရီ၊ နှစ်နာရီခန့်ဖြင့် ရှင်းပြမည် ဆိုလျှင်ပင် ပြီးဆုံးမည် မဟုတ်ဘဲ ထိုအချိန်တွင် လုံချန် ရောက်လာမည်မှာ သေချာသည်။ လုံချန် သည် ဤနဂါးဓား၏ အစိတ်အပိုင်း အများစုမှာ နဂါးဖြူမျိုးနွယ်များ၏ ပိုင်နက်မှရသော နတ်သတ္တုများဖြင့် ပြုလုပ်ထားကြောင်း ကြားလိုက်ရသောအခါ ဤမျှ လေးလံသည်မှာ အံ့ဩစရာမရှိဟု တွေးမိလိုက်သည်။ ဓားသွားထိပ်တွင် သွေးရောင် လှိုင်းတွန့်ပုံစံများ ရှိနေသည်။ လုံချန် သည် ဓားကို ကြည့်လိုက်သောအခါ မျက်စိထဲတွင် စူးရှသွားသလိုမျိုး ခံစားလိုက်ရသည်။ ဤသည်မှာ ၎င်း၏ အလွန် ထက်မြက်သော ဂုဏ်သတ္တိကို ပြသနေခြင်း ဖြစ်သည်။ ဓားကိုယ်ထည်၏ အလယ်တွင် ရှုပ်ထွေးစွာ ယှက်နွယ်နေသော ရုန်းများရှိနေပြီး သားရဲတစ်ကောင်၏ စေ့ထားသော သွားများသဖွယ် ဖြစ်နေသည်။ သူရေတွက်ကြည့်သောအခါ ဓားကိုယ်ထည်၏ တစ်ဖက်စီတွင် ရုန်းသုံးဆယ့်ခြောက်ခု ရှိနေသည်။ ယခင်က ထောင်ချီ၊ သောင်းချီသော ရုန်းများနှင့် နှိုင်းယှဉ်လျှင် ရိုးရှင်းမှုတစ်ခုကို သူ့စိတ်ထဲတွင် ခံစားရသည်။ ဤသည်မှာ ကုယန် ၏ ပန်းပဲပညာသည် အဆင့်သစ် တစ်ခုဆီသို့ တက်လှမ်းသွားပြီဖြစ်ကြောင်း ပြသနေသည်။
“ငါစမ်းကြည့်လို့ရလား…”
လုံချန် က မေးလိုက်သည်။
“ရတာပေါ့… ကျွန်တော် ဆယ်ချောင်း ပိုလုပ်ထားတယ်… ပျက်စီးသွားလည်း ကိစ္စမရှိဘူး…”
ကုယန် သည် လုံချန် ၏ ဆိုလိုရင်းကို နားလည်သည်။
“အုန်း…”
လုံချန် ၏ လက်တစ်ဖက် လှုပ်ရှားသွားပြီး ခရမ်းရောင် သွေးစွမ်းအင်သည် ဓားအတွင်းသို့ ချက်ခြင်း စီးဝင်သွားရာ ရုန်းများအားလုံး တစ်ပြိုင်နက် လင်းထိန်တောက်ပသွားသည်။ ထို့နောက် ဓားသည် သက်တန့်ရောင် နတ်အလင်းတန်းကြီးကို “ရွှီး”ခနဲ ထုတ်လွှတ်လိုက်သည်။ လုံချန် သည် သူ့၏ မျိုးဆက်သွေးကို သက်တန့်သွေးမှ တစ်ဆင့် နဂါးသွေးသို့ ပြောင်းလိုက်သည်။
“အုန်း… အုန်း… အုန်း…”
နဂါးသွေး စွမ်းအင်သည် ဓားအတွင်းသို့ ဝင်ရောက်သွားသောအခါ ဓားမှ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံမျိုး ထွက်ပေါ်လာပြီး ဟင်းလင်းပြင်သည် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ အလွန်စူးရှသော ဓားစွမ်းအင်ကြောင့် ဟင်းလင်းပြင်တွင် သေးငယ်သော အက်ကြောင်းကလေးများ ပေါ်ထွက်လာသည်။
“တော်တော်ကောင်းတဲ့ ဓားပဲ…”
လုံချန် သည် ကျယ်လောင်စွာ ချီးမွမ်းလိုက်ပြီး လက်တွင်းမှ ကြယ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ရာ ဓားပေါ်တွင် ကြယ်အလင်းတန်းများ ပေါ်ထွက်လာသည်။ ကြယ်အလင်းတန်းများ ပိုမိုသိပ်သည်းလာသည်နှင့်အမျှ ဓားသည် ပိုမို ပြင်းထန်စွာ တုန်ခါလာသည်။
အလွန်ပြင်းထန်သော ပေါက်ကွဲသံ တစ်ခုနှင့်အတူ ဓားသည် လုံချန် ၏ လက်ထဲတွင် အပိုင်းပိုင်းအစစ ပေါက်ကွဲ ထွက်သွားသည်။ နောက်ဆုံးတွင် ၎င်းသည် သူ့၏ ကြယ်စွမ်းအင်ကို ခံနိုင်ခြင်း မရှိတော့ပေ။
“အတော်ကို ကောင်းတဲ့ဓားလို့ ပြောရမှာပဲ… အနည်းဆုံး ငါ့ကြယ်စွမ်းအင်ရဲ့ သုံးပုံတစ်ပုံကို ခံနိုင်ရည်ရှိတယ်…”
ဓားသည် ပေါက်ကွဲသွားသော်လည်း လုံချန် ၏ ကြယ်စွမ်းအင်ကို ဤမျှလောက် ခံနိုင်ခြင်းသည် အလွန်ရှားပါးသည့် အဖြစ် ဖြစ်သည်။ ယခုအချိန်ထိ အီဗယ်မွန်း တစ်ခုတည်းကသာ သူ့ကြယ်စွမ်းအင်ကို အကန့်အသတ်မရှိ ခံနိုင်ရည်ရှိပြီး အခြား လက်နက်များသည် နဂါးဓား၏ အဆင့်သို့ လုံးဝရောက်ရှိခြင်း မရှိသေးပေ။
“ကျွန်တော် အဓိကပစ္စည်းတစ်ခု လိုနေသေးတယ်… အဲဒါသာရှိရင် နဂါးဓားက အခုအခြေအနေထက် နောက်တစ်ဆ ပိုပြီးတော့ စွမ်းအားကြီးလာလိမ့်ဦးမယ်…”
ကုယန်က အနည်းငယ် နှမျောတသစွာ ပြောလိုက်သည်။
“ဘာလိုနေတာလဲ…”
သူက မေးလိုက်သည်။
“နတ်ဘုရားအင်ပါယာ သွေးရေစင်…”
***