နတ်ဘုရားအင်ပါယာ သွေးရေစင်ဆိုသည်မှာ နတ်ဘုရားအင်ပါယာ အဆင့် ကျင့်ကြံသူ၏ သွေးမှ ထုတ်ယူထားသော နတ်ရေစင် ဖြစ်သည်။ နတ်ရေစင်သည် သွေးအနှစ်သာရမှ ထုတ်ယူထားသော အစွမ်းတစ်ခု ဖြစ်သည်။ ဤနတ်ရေစင်သည် အလွန်အစွမ်းထက်ပြီး နတ်လက်နက်အတွင်းသို့ ထည့်သွင်းပါက နတ်လက်နက်၏ ဝိညာဉ်ကို လှုံ့ဆော်မှု ပေးနိုင်သည်။ နတ်လက်နက်သည် နတ်ဘုရားအင်ပါယာ နတ်လက်နက် အဆင့်သို့ ရောက်ရှိသွားသော အခါ သာမန်ဝိညာဉ် လှုံ့ဆော်မှုများသည် အသုံးမဝင်တော့ပေ။ လက်နက်သည် ပိုမိုအားကောင်းလေလေ ပိုမိုအားကောင်းသော လက်နက်ဝိညာဉ် နှင့် လိုက်ဖက်ရန် လိုအပ်လေဖြစ်ပြီး ထိုအခါမှသာ နတ်လက်နက်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မည် ဖြစ်သည်။ စွမ်းအားကြီးမားသော လက်နက်ဝိညာဉ်သာလျှင် မိမိသခင်ဖြစ်သူ၏ စွမ်းအားကို ရုန်းတိုင်းဆီသို့ ထည့်သွင်းပေးနိုင်ပြီး နတ်လက်နက်၏ စွမ်းအား အကြီးမားဆုံး အခြေအနေကို လှုံ့ဆော်ပေးနိုင်သည်။ ယခု နဂါးဓားသည် အလွန်စွမ်းအား ကြီးမားသော်လည်း ၎င်း၏ စွမ်းဆောင်ရည် အပြည့်အဝသို့ မရောက်ရှိသေးပေ။ အကြောင်းမှာ လက်နက်ဝိညာဉ် မရှိသောကြောင့် ၎င်းသည် ကြမ်းတမ်းခက်ထန်သော်လည်း ပျော့ပြောင်းမှု မရှိဘဲ စွမ်းအားသည် အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသောအခါ ပေါက်ကွဲသွားခြင်းပင် ဖြစ်သည်။ ဤသည်မှာ သူတို့အတွက် အကြီးမားဆုံး အခက်တွေ့စရာ အချက်တစ်ခု ဖြစ်နေသည်။ ထို့အပြင် လက်နက်ဝိညာဉ် မရှိပါက အခြား အားကောင်းသော နတ်လက်နက်များနှင့် တိုက်ခိုက်သော အခါ ရုန်းစွမ်းအား၏ အနည်းငယ်သော အစိတ်အပိုင်းကိုသာ လှုံ့ဆော်ပေးနိုင်သောကြောင့် ဓားသည် အလွန်ကြွပ်ဆတ်ပြီး အလွယ်တကူ ကျိုးပဲ့သွားနိုင်သည်။ သို့သော် ဤ နတ်ဘုရားအင်ပါယာ သွေးရေစင်သည် အလွန်ရှားပါးပြီး ကုယန် ၏ လက်ထဲတွင် စိုးစဉ်းမျှ မရှိပေ။ နတ်ဘုရားအင်ပါယာ အဆင့် ကျင့်ကြံသူ၏ သွေးကို မည်သူမျှ ရယူနိုင်မည် မဟုတ်ပေ။
“ဒီပစ္စည်း သုံးလို့ရမလား ကြည့်စမ်း…”
လုံချန် သည် စကားပြောရင်း ပုလင်းငယ်လေး တစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုပုလင်းငယ်လေးထဲတွင် ရွှေတောင်ပံ မိစ္ဆာ၏ သွေးများ ရှိနေသည်။ ယခင်က လေပိုင်နက် စစ်မြေပြင်တွင် လုံချန် သည် ထိုရွှေတောင်ပံ မိစ္ဆာများ၏ ရုပ်အလောင်းများကို ရရှိခဲ့သည်။ ရုပ်သေးအဖြစ် အသုံးမပြုနိုင်သော ရုပ်အလောင်းများကို လုံချန် သည် အနက်ရောင် မြေဆီလွှာ အတွင်းသို့ ပစ်ထည့်ကာ ဖြိုခွဲပစ်ခဲ့သည်။ သို့သော် အချို့ကို ဖြိုခွဲပြီးနောက် သူသည် စိတ်ကူးတစ်ခု ရလာကာ ရွှေတောင်ပံ မိစ္ဆာများ၏ သွေးများကို ဦးစွာ ထုတ်ယူထားခဲ့သည်။ ထိုသွေးများ အသုံးဝင်မည်၊ မဝင်မည်ကို သူမသိသော်လည်း ကြိုတင်ထုတ်ယူထားခြင်းသည် များစွာ အချိန်ကုန်ခြင်း မရှိလှပေ။ အရေးအကြီးဆုံးမှာ အသုံးမဝင်ပါက အနက်ရောင် မြေဆီလွှာများထဲသို့ ပြန်လောင်းထည့်ကာ ဖြိုခွဲပစ်နိုင်ပြီး အခြား ဆုံးရှုံးမှု ကြီးကြီးမားမားလည်း ရှိမည်မဟုတ်ပေ။ ယခု ကုယန် သည် နတ်ဘုရားအင်ပါယာ သွေးရေစင် အကြောင်း ပြောလာသောအခါ လုံချန် သည် သူသိမ်းထားသော သွေးပုလင်းများကို ထုတ်ယူလိုက်သည်။ ကုယင် သည် ပုလင်းအတွင်းမှ မိစ္ဆာစွမ်းအင်များ တဟုန်းဟုန်း တောက်လောင်နေသော မိစ္ဆာအင်ပါယာ၏ သွေးများကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဆရာ… ဆရာက တကယ်ကို သိပ်တော်တာပဲ… ဒီလိုပစ္စည်းကိုတောင် ရအောင် ရှာလာနိုင်တယ် ဟုတ်လား…”
ကုယန် က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“ဒါကို သုံးလို့ကော ရလို့လား…”
လုံချန် က မေးလိုက်သည်။
“ရတယ်… ရတယ်… လုံးဝ ရတယ်… ကျုပ် အခုပဲ ဒီသွေးတွေကို ပြန်သန့်ပစ်လိုက်မယ်…”
ကုယန် သည် ပြောပြီးသည်နှင့် အချိန်တစ်ခဏမျှပင် မဆိုင်းဘဲ ချက်ခြင်း ပြေးထွက်သွားတော့သည်။
“ဆရာ… ကျုပ်တို့ နဂါးဖြူမျိုးနွယ်ကို တကယ် ကျေးဇူးတင်ရမယ်… ဒီနေရာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျုပ်တို့ရဲ့ နဂါးသွေးစွမ်းအင်တွေက ဒုတိယအကြိမ် လှုံ့ဆော်မှုကို ရရှိခဲ့တယ်… နဂါးဝိညာဉ်က ကျုပ်တို့နဲ့ ပိုပြီး နီးကပ်စွာ ပေါင်းစည်းသွားပြီး ကျုပ်တို့ရဲ့ စွမ်းအားက သိသိသာသာ အရှိန်အဟုန်နဲ့ တိုးတက်လာနေတယ်…”
ကုယင် က ပြောလိုက်သည်။ လုံချန် က ခေါင်းညိတ်လိုက်သည်။ သူသည် နဂါးစစ်သည် တစ်ဦးချင်းစီကို သေသေချာချာ ကြည့်လိုက်သည်။ သူတို့၏ နဂါးသွေးစွမ်းအင်သည် လှိုင်းတံပိုးထနေသော ပင်လယ်ပြင်ကြီးကဲ့သို့ လှုပ်ရှားနေပြီး သူတို့၏ ဝင်သက် ထွက်သက်နှင့်အညီ လည်ပတ်နေသည်။ နဂါးသွေးသည် သူတို့နှင့် လုံးဝ ပေါင်းစပ်သွားပြီ ဖြစ်သည်။ သူတို့သည် နဂါးသွေးစွမ်းအင်ကို ထိန်းချုပ်ရာတွင် စစ်မှန်သော နဂါးမျိုးနွယ်များနှင့် အလွန်နီးကပ်လာခဲ့ပြီး သူတို့၏ အရှိန်အဝါကလည်း နဂါးမျိုးနွယ်များနှင့် ပိုမိုနီးစပ်လာကာ စိတ်ဝိညာဉ်လှိုင်းများသည် နဂါးမျိုးနွယ်များ ထုတ်လွှတ်သော စိတ်ဝိညာဉ် လှိုင်းများနှင့် တဖြည်းဖြည်း တူညီလာသည်။ ယခု နဂါးတပ်ဖွဲ့သည် မဟာမြေရိုင်း ဒေသအတွင်းသို့ ဝင်ရောက်လာစဉ်ကနှင့် လုံးဝမတူတော့ပေ။ နဂါးဖြူမျိုးနွယ်သည် နဂါးစစ်သည်များ အတွက် အကောင်းဆုံး အရာအားလုံးကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းက ၎င်းတို့၏ သူတို့အပေါ်ထားသော ယုံကြည်မှုကို သူတို့အား လှိုက်လှိုက်လှဲလှဲ ခံစားရစေသည်။ ထို့ကြောင့်လည်း နဂါးကမ္ဘာမှ စိန်ခေါ်မှုများနှင့် အရှက်ခွဲမှုပေါင်း များစွာ ကြုံတွေ့ခဲ့ရသော်လည်း သူတို့ ထွက်ခွာမသွားရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သည်။ နဂါးဖြူမျိုးနွယ်သည် သူတို့အပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံသည့် တစ်ခုတည်းသော မျိုးနွယ်ဖြစ်သည်။ သို့သော် နဂါးကမ္ဘာမှ အင်အားစုများသည် နဂါးဖြူမျိုးနွယ်မှ နဂါးတပ်ဖွဲ့ကို အသက်စွန့် ကာကွယ်ခြင်းသည် သူတို့ကိုယ်တိုင်ကိုလည်း ကာကွယ်နေခြင်း ဖြစ်ကြောင်း မသိရှိကြပေ။ သူတို့သည် နဂါးတပ်ဖွဲ့ကို အမှန်တကယ် တိုက်ခိုက်ဝံ့သည်ဆိုလျှင် နဂါးတပ်ဖွဲ့သည် ပြန်လည် ခုခံတိုက်ခိုက်သောအခါ နဂါးကမ္ဘာကြီး တစ်ခုလုံး သွေးချောင်းစီး သွားနိုင်ပြီး နဂါးတပ်ဖွဲ့ ပျက်သုဉ်းသွားလျှင် နဂါးကမ္ဘာကြီး တစ်ခုလုံးလည်း စိစိညက်ညက် ကြေသွားမည် ဖြစ်သည်။ နဂါးဖြူမျိုးနွယ်စု ခေါင်းဆောင်၏ စေတနာသည် နဂါးကမ္ဘာအတွက် အကောင်းဆုံးသော မျိုးစေ့ကို ချပေးခဲ့ပြီး ဤကောင်းသော မျိုးစေ့သည် နဂါးတပ်ဖွဲ့နှင့် နဂါးဖြူမျိုးနွယ်တို့ကို တင်းကျပ်စွာ ချည်နှောင်ထားသည်။ နဂါးကမ္ဘာ ဤမျှ ရှုပ်ထွေး နေသည်ကို မြင်တွေ့ရသောအခါ သူတို့သည် မည်သို့ မျက်နှာပြောင်တိုက်ကာ ထွက်ခွာသွားနိုင်ပါမည်နည်း။
“ဒါပေမဲ့ နဂါးကမ္ဘာ ဒီလောက်ရှုပ်ထွေးနေတာ အံ့အားသင့်စရာပဲ… နဂါးမျိုးနွယ်တွေက သူတို့ရဲ့ မာနနဲ့ ဂုဏ်သိက္ခာကို အကုန်လုံး လွှင့်ပစ်လိုက်ကြပြီ…”
ပိုင်ရှောင်လီ ၏ ပုခုံးပေါ်မှ ကိုးမြီးလေး၏ ခရမ်းရောင် မျက်လုံးများအတွင်း နတ်အလင်းတန်းများ လှည့်ပတ်နေသည်။ သူသည် နဂါးမျိုးနွယ်ကို အလွန်အထင်သေးသည့် ပုံစံဖြင့် နှုတ်ခမ်းတလန် ပန်းတလန် ဖြင့် ပြောဆိုနေသည်။ လုံချန် က ခေါင်းခါလိုက်ပြီး ပြောသည်။
“ဒီလိုလည်း ပြောလို့မရဘူး… ဘယ်မျိုးနွယ်မဆို ဘယ်လောက်ပဲ စွမ်းအားကြီးမားသည်ဖြစ်စေ အားနည်းချက်တွေကတော့ ရှိမှာပဲ… သူတို့ ထွန်းတောက်နေတဲ့ အချိန်က သူတို့ရဲ့ အားသာချက်တွေကို အမြင့်ဆုံးအထိ ထုတ်ဖော်နိုင်တဲ့ အချိန်ပဲပေါ့… သူတို့ ကျဆုံးသွားတဲ့အခါ သူတို့ရဲ့ အားနည်းချက်တွေ လုံးဝပေါ်လွင် လာတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ… နဂါးမျိုးနွယ်က ဒီလိုပဲ… လူသားမျိုးနွယ်တွေလည်း ဒီအတိုင်းပဲ… ကိုယ့်ရဲ့ အားနည်းချက်တွေ အဆမတန် ကြီးထွားလာတဲ့အခါ အဲဒါ မျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းတော့မယ့် ရှေ့ပြေးနိမိတ်ပဲ… နဂါးမျိုးနွယ်နဲ့ နှိုင်းယှဉ်ရင် လူသားမျိုးနွယ်ရဲ့ ပြဿနာက သူတို့ထက် ပိုပြီး ဆိုးရွားတယ်… ဒါပေမဲ့ ဘယ်လောက်ပဲ ဆိုးရွားနေပါစေ ရောဂါရင်းမြစ်ကို ရှာတွေ့နိုင်ရင် ဆေးတစ်ခွက်နဲ့ ပျောက်ကင်းအောင် ကုသနိုင်တဲ့ အခွင့်အရေးလည်း ရှိသေးတယ်…”
“ကျုပ်တို့လည်း ကိုယ့်ဘာသာကိုယ် တိတ်တဆိတ် လေ့လာကြည့်ဖူးတယ်… နဂါးမျိုးနွယ်ရဲ့ ရောဂါရင်းမြစ်က ဘယ်မှာ ဖြစ်နေတာလဲ… ဆေးတောင်ကြားကြောင့်လား…”
ရှချန် က မေးလိုက်သည်။ လုံချန် က ခေါင်းခါသည်။
“ဆေးတောင်ကြားဆိုတာ အကြောင်းအရင်း တစ်ခုပဲ… ပြင်ပရန်သူလို့ သတ်မှတ်လို့ရတယ်… ပြင်ပရန်သူ ဝင်ရောက် နိုင်တယ် ဆိုကတည်းက ကိုယ်ဟာ နဂိုကတည်းကိုက ကိုယ်ခံအား မကောင်းလို့ပဲ… ရှင်းရှင်းပြောရရင် ရောဂါ အရင်းမြစ်ဟာ နဂါးမျိုးနွယ်ရဲ့ အတွင်းပိုင်းက ပြဿနာပဲ… ပြဿနာတွေ အများကြီး ရှိပေမယ့် အကြီးဆုံး ပြဿနာတော့ တစ်ခုပဲ ရှိတယ်… အဲဒါဟာ ယုံကြည်လေးစားမှု ပျောက်ဆုံးသွားခြင်းပဲ…”
လုံချန် ပြောသော ယုံကြည်လေးစားမှု ပျောက်ဆုံးခြင်း ဆိုသည်မှာ သူတို့၏ နဂါးဧကရာဇ်အပေါ် ယုံကြည်လေးစားမှုသည် တဖြည်းဖြည်း လျော့ရဲလာပြီး ပြိုလဲတော့မည့် အခြေအနေကို ဆိုလိုသည်။ ယင်ချန်ခုန် ကဲ့သို့ သစ္စာဖောက်များကို မဆိုထားနှင့် မိုယင်၊ ရှဲ့ချန်ကျုံး၊ ချီယွဲ့ တို့၏ အမြင်တွင်ပင် လုံချန် သည် တွေဝေမှုနှင့် စိုးရိမ်ပူပန်မှုကို မြင်တွေ့ခဲ့ရသည်။ အဘယ်ကြောင့် တွေဝေမှုနှင့် စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်လာရသနည်း။ အကြောင်းမှာ သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် သည် မှားသည်၊ မှားသည်ကို သူတို့ကိုယ်တိုင် မသိသောကြောင့် ဖြစ်သည်။ သူတို့သည် နဂါးဧကရာဇ်အပေါ် ယုံကြည်မှု ခိုင်မာပြီး နဂါးဧကရာဇ် အသက်ရှင်နေသေးဟု ယုံကြည်ပါက ဤကဲ့သို့ အမူအရာမျိုး လုံးဝပေါ်ပေါက်မည် မဟုတ်ပေ။ သို့သော် ယင်းနှင့်ပတ်သက်၍ သူတို့ကို အပြစ်တင်၍လည်း မရပေ။ နဂါးဧကရာဇ် ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ယနေ့ခေတ်တွင် ဒဏ္ဍာရီတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ နဂါးဧကရာဇ် ၏ တည်ရှိမှုသည် စစ်မှန်သည်၊ မစစ်မှန်သည်ကိုပင် သက်သေပြရန် မလွယ်ကူတော့ပေ။ ထိုအပြင် နဂါးမျိုးနွယ်များ၏ ဧကရာဇ် ဖြစ်သော နဂါးဧကရာဇ်မျိုးနွယ်စုကြီး ပျောက်ဆုံးသွားသည်မှာလည်း နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာညောင်းခဲ့ပြီ ဖြစ်သည်။ ထိုနဂါးဧကရာဇ် မျိုးနွယ်ကြီး အပြီးတိုင် ပျောက်ကွယ်သွားပြီလား ဆိုသည်ကို မည်သူမျှ မသိကြပေ။ ဤအချိန်တွင် ယုံကြည်မှုကို ခိုင်မာစွာ ဆက်လက် ထိန်းသိမ်းထားနိုင်ရန် အလွန်ခက်ခဲလှသည်။ ဆေးတောင်ကြားသည် ဤနှစ်များအတွင်း နဂါးကမ္ဘာသို့ အဆက်မပြတ် စိမ့်ဝင်လာသောကြောင့်သာ နဂါးကမ္ဘာသည် လက်ရှိ အရှုပ်အထွေးများနှင့် ရင်ဆိုင် နေရသည်ဟု တရားသေ ပြောဆို၍တော့ မရပေ။ သို့သော် တစ်နည်းအားဖြင့် ပြောရလျှင် နဂါးကမ္ဘာသည် ဆေးတောင်ကြား၏ တိုက်စားမှုအောက်တွင် ဤအခြေအနေကို ထိန်းသိမ်းထားနိုင်ခြင်းသည် အလွန် မဆိုးဟု ဆိုရမည်။ အခြားမျိုးနွယ် ဖြစ်ပါက ကြာမြင့်စွာကတည်းက ပြိုကွဲသွားလောက်ပြီ ဖြစ်သည်။
“ဆရာ… ကျုပ်ရဲ့ ဒီနဂါးဓားကို ထပ်ပြီး စမ်းသပ်ကြည့်ပါဦး…”
ခဏအကြာတွင် ကုယန် သည် ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ စိတ်လှုပ်ရှားစွာ ပြေးလာသည်။
“မြန်လှချည်လား…”
အားလုံး အံ့အားသင့်သွားကြသည်။ ဓားသည် အားလုံး၏ ရှေ့မှောက်သို့ ရောက်လာသောအခါ အားလုံးသည် ရင်များ ပြင်းထန်စွာ ခုန်ပေါက်ကုန်ကြသည်။ ဓားပေါ်တွင် ရွှေရောင် အရည်များ စီးဆင်းနေသည်ကို မြင်တွေ့နိုင်ပြီး ဓားတစ်ခုလုံးသည် အသက်ဝင်လာသကဲ့သို့ ဖြစ်နေသည်။
“အုန်း…”
လုံချန် သည် ဓားကို နောက်တစ်ကြိမ် ကိုင်လိုက်ပြီး ကြယ်စွမ်းအင်ကို စုစည်းလိုက်သောအခါ အလွန်ပြင်းထန်သော အရှိန်အဝါကြီးတစ်ခု ပေါ်ထွက်လာပြီး နဂါးတစ်သောင်း အသိုက်သည် တဆတ်ဆတ် တုန်ခါသွားသည်။
“ကောင်းလိုက်တဲ့ဓား…”
အားလုံး အကြီးအကျယ် အံ့အားသင့်ကုန်ကြသည်။
***