ဓားသည် တုန်ခါနေပြီး ကြယ်အလင်းတန်းများသည် လူတိုင်း၏ မျက်နှာပေါ်သို့ ထိုးကျနေသည်။ ဓားမှ ဖြာထွက်လာသော စွမ်းအင်လှိုင်းများကြောင့် နဂါးတစ်သောင်း အသိုက်တစ်ခုလုံး အဆက်မပြတ် တုန်ခါနေသည်။ ဓား၏ စွမ်းအား အားလုံးသည် လုံချန် ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း နဂါးတစ်သောင်း အသိုက် ၏ အလိုအလျောက် ခုခံကာကွယ်မှုက အသက်ဝင်လာသည်။ ယင်းသို့ ဖြစ်ရသည်မှာ နဂါးတစ်သောင်း အသိုက်က လုံချန် ကို မယုံကြည်ခြင်းကြောင့် မဟုတ်ဘဲ အန္တရာယ်ကို ခံစားမိသောအခါ အလိုအလျောက် တုံ့ပြန်မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ လူတိုင်းသည် ဓားပေါ်မှ ရုန်းများ အဆက်မပြတ် လည်ပတ်လှုပ်ရှားနေသည်ကို မြင်တွေ့နေကြရသည်။ ယခင်နှင့် နှိုင်းယှဉ်လျှင် ၎င်းသည် အသက်ဝင်လာသကဲ့သို့ ဖြစ်နေသည်။ ဓားပေါ်မှ ကြယ်စွမ်းအင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဓားသည် တဖြည်းဖြည်း ငြိမ်သက်သွားသော်လည်း ယခင်က မြင်ကွင်းသည် လူတိုင်းကို အကြီးအကျယ် မင်သက်အံ့ဩသွားစေသည်။
“ဆရာ… ဆရာ့ရဲ့ စွမ်းအားကို အစွမ်းကုန်သုံးပြီး ဓားရဲ့ မာကျောမှုကို စမ်းသပ်ကြည့်လို့ရပြီ…”
ကုယန်က ပြောလိုက်သည်။ လုံချန် ကမူ ခေါင်းခါလိုက်သည်။
“ဓားက တော်တော်ကောင်းတယ် ဆိုတာကတော့ ဟုတ်တယ်… ဒါပေမဲ့ ငါ့ရဲ့ ကြယ်စွမ်းအင်တွေ အားလုံးကို စုစည်းနိုင်မှာ မဟုတ်ဘူး… ပျက်စီးသွားရင် နှမျောစရာကောင်းတယ်… ပြီးတော့ ဒီလိုစမ်းသပ်မှုက ဘာအဓိပ္ပာယ်မှလည်း မရှိဘူး… ဒီဓားကို နဂါးသွေးစွမ်းအင်နဲ့ သုံးမှ သူ့ရဲ့ အကြီးမားဆုံး စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်… နဂါးသွေးစွမ်းအင် ဘယ်လောက်ပဲ အားကောင်းနေသည်ဖြစ်စေ သူ့ရဲ့ ခံနိုင်ရည် ဘောင်အတွင်းမှာပဲ ရှိတယ်… ငါ ဒါကို နဂါးသွေးစွမ်းအင်နဲ့ မထိန်းချုပ်ပြတော့ဘူး… မင်းတို့အတွက် လျှို့ဝှက်ချက်လေး တစ်ခု ချန်ထားခဲ့မယ်… ကိုယ့်ဘာသာ ရှာဖွေစူးစမ်းကြတော့…”
လုံချန် သည် ဓားကို ကုယန်ထံသို့ ပေးလိုက်ပြီး လူတိုင်းကို ပြောလိုက်သည်။
“အားလုံး ဒီအချိန်အတွင်းမှာ ဒီမှာပဲနေကြ… အပြင်မထွက်ကြနဲ့… ကုယန် မင်းက နည်းနည်း အပင်ပန်းခံပြီး နဂါးဓား အားလုံးကို အမြန်ဆုံး ဝိညာဉ်သွင်းနိုင်အောင် လုပ်ပါ… မကြာခင်မှာ ငါတို့ တိုက်ပွဲကြီးတစ်ခု တိုက်ရတော့မယ်…”
“ကျုပ်တို့ ပဲ့တင်နဂါး မျိုးနွယ်တွေနဲ့ တိုက်ခိုက်ရတော့မှာလား…”
တိုက်ပွဲကြီးတစ်ခု တိုက်ရတော့မည်ဟု ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများ အရောင်တောက်လာကြသည်။ နဂါးကမ္ဘာတွင် နေထိုင်ခဲ့သည့် အချိန်အတွင်း သူတို့သည် ထိုလူစု၏ အနိုင်ကျင့်စော်ကားမှုကို အလုံအလောက် ခံစားခဲ့ကြရပြီး ဖြစ်သည်။ ယခု သူတို့ ဘောင်ချာစုတ်ရန် အခွင့်အရေး ရလာပြီ ဖြစ်သောအခါ သွေးများ ဆူပွက်လာကြသည်။
“ပဲ့တင်နဂါး မျိုးနွယ် တစ်ခုတည်းတော့ မဟုတ်ဘူး… ငါတို့တွေရဲ့ ပြိုင်ဘက်ဟောင်း တစ်ယောက်လည်း ပါလိမ့်မယ်…”
လုံချန်က ပြုံးကာပြောလိုက်သည်။
“ပြိုင်ဘက်ဟောင်း…”
အားလုံး အံ့ဩသွားကြ၏။
“ငွေရောင်ဆံပင် ပိုင်ရှင်လား…”
ယွဲ့ကျီဖုန်း က အံ့အားသင့်စွာ မေးလိုက်သည်။
“ဟုတ်တယ်… ဒီလူ ရောက်လာလိမ့်မယ်လို့ ငါထင်နေတယ်… သူ ဒီတစ်ခါ ငါတို့ကို တိုက်ခိုက်ရင် တိကျသေချာပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးနဲ့ တိုက်ခိုက်မှာ သေချာတယ်… ငါတို့ ဒီပွဲမှာ အရင်က သူနဲ့ အငြိုးအတေးတွေ အာဃာတတွေ အားလုံးကို အပြီးတိုင် ဖြေရှင်းကြမယ်…”
လုံချန် က ပြောလိုက်သည်။
“ဒီကောင်က တော်တော်တော့ ကြောက်စရာကောင်းတယ်…”
ပိုင်ရှောင်လီ သည် ငွေရောင်ဆံပင် ပိုင်ရှင်နှင့် တိုက်ခိုက်စဉ်တုန်းက အဖြစ်ကို ပြန်တွေးမိသောအခါ စိတ်ထဲတွင် ကြိတ်ကာ ကြက်သီးများ တဖြန်းဖြန်း ထနေမိဆဲ ဖြစ်သည်။
“ဘာကြောက်စရာရှိလဲ… အခုနဂါးတပ်ဖွဲ့က အရင်နဂါးတပ်ဖွဲ့ မဟုတ်တော့ဘူး… ဒီကောင် လာရဲရင်လာပေါ့… ဒီကောင့်အတွက် လာလမ်းရှိပြီး ပြန်လမ်းတော့ ရှိမှာမဟုတ်ဘူး…”
ပိုင်ရှောင်လီ ၏ ပုခုံးပေါ်မှ ကိုးမြီးလေးက မောက်မာစွာ ပြောလိုက်သည်။
“မှန်တယ်… ဒီတစ်ခါတော့ သူ လာလမ်းပဲရှိပြီး ပြန်လမ်းမရှိတော့အောင် လုပ်ရမယ်… ငွေရောင်ဆံပင် ပိုင်ရှင်ကို ငါကိုယ်တိုင် ရင်ဆိုင်မယ်… သူတစ်ယောက်တည်း လာမှာမဟုတ်ဘူးလို့ ငါထင်တယ်… စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူတွေ အများကြီး သူနဲ့အတူ ပါလာမှာ သေချာတယ်… သူနဲ့ အဆင့်တူတဲ့သူတွေတောင် ပါလာမလား မဆိုနိုင်ဘူး… ဒါကြောင့် ဒီတိုက်ပွဲဟာ တကယ်ကို ပြင်းထန်တဲ့ တိုက်ပွဲကြီး ဖြစ်မှာသေချာတယ်… ဒါကြောင့် ငါတို့ ဟာ ရသမျှ အချိန်ကို ခြစ်ကုပ်ပြီး ကျင့်ကြံရမယ်… ငါတို့ဘက်က အနိုင်ရနိုင်တဲ့ မျှချေကို ငါတို့ဘက်ပြောင်းလာအောင် စွမ်းအားကုန် ကြိုးစားကြရမယ်… အရင်တစ်ခေါက်က ငါတို့ နဂါးတပ်ဖွဲ့ တစ်ခုလုံး ငွေရောင်ဆံပင် ပိုင်ရှင် တစ်ယောက်တည်းရဲ့ လက်ချက်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတယ်… ဒါဟာ ငါတို့အတွက် သတိပေးမှုတစ်ခုပဲ… ရှေ့ဆက်လျှောက်ရမယ့် လမ်းဟာ ပိုပြီး ခက်ခဲလာလိမ့်မယ်… ငါတို့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး အင်အားကြီးထွား လာအောင် လုပ်ရမယ်…”
အားလုံးသည် ငွေရောင်ဆံပင် ပိုင်ရှင် လာမည်ဖြစ်ပြီး စွမ်းအားကြီးမားသော ကျင့်ကြံသူများစွာကိုလည်း ခေါ်ဆောင်လာမည်ဟု ကြားလိုက်ရသောအခါ လက်သီးများကို တင်းတင်းဆုပ်လိုက်ကြသည်။ ယခင်တစ်ခေါက်က လူတိုင်းသည် ငွေရောင်ဆံပင် ပိုင်ရှင်၏ တိုက်ခိုက်မှုကို အလူးအလဲ ခံစားခဲ့ကြရသည်။ လုံချန် သည် အသက်နှင့် ရင်းကာ အားလုံး၏ လုံခြုံမှုကို အာမခံပေးခဲ့သည်။ သူတို့သည် ထိုသို့သော အဖြစ်အပျက်မျိုး ထပ်မံ ဖြစ်ပွားရန်ကို မလိုလားကြတော့ပေ။ ကုယန် သည် ပထမဦးဆုံး အကြိမ်အဖြစ် သူ့၏ လက်နက်ပြုလုပ်ရာ နေရာသို့ ပြန်သွားပြီး အလုပ်စခန်း စဝင်သည်။ အခြားသူများကလည်း နဂါးဖြူမျိုးနွယ်၏ ကျင့်ကြံရေး အခန်းများအတွင်းသို့ ဝင်ရောက်ကာ တံခါးပိတ် ကျင့်ကြံကြပြီး ပိုမိုအားကောင်းသော စိန်ခေါ်မှုကို ရင်ဆိုင်ရန် အပတ်တကုပ် စတင်ကြိုးပမ်း ကြတော့သည်။
“လုံချန်… ရှင့်ကို မျိုးနွယ်စုခေါင်းဆောင်က ရှာနေတယ်…”
ထိုအချိန်တွင် ပိုင်ယင်ရွှယ် ရောက်လာသည်။ လုံချန် သည် ပိုင်ယင်ရွှယ် နှင့်အတူ အခြား နဂါးတစ်သောင်း အသိုက် တစ်ခုသို့ ရောက်ရှိသွား၏။ နဂါးဖြူမျိုးနွယ်စု ခေါင်းဆောင်၊ ချီယွဲ့၊ မိုယင်၊ ရှဲ့ချန်ကျုံးတို့ အားလုံး ရောက်ရှိနေကြသည်။ သို့သော် သူတို့သည် ဤတစ်ကြိမ်တွင် ပေါ်ပေါ်ထင်ထင် လာခြင်း မဟုတ်ဘဲ လျှို့ဝှက်စွာ ရောက်လာကြခြင်း ဖြစ်သည်။ လုံချန် ရောက်ရှိလာသည့်အခါ လူတိုင်း၏ မျက်နှာသည် လေးနက်နေပြီး မိုယင် က တိုက်ရိုက်ပြောလိုက်သည်။
“အခြေအနေက ငါတို့ ထင်ထားတာထက် ပိုပြီး ဆိုးရွားနေတယ်… ပဲ့တင်နဂါးမျိုးနွယ်နဲ့ အရိုးနဂါးမျိုးနွယ်တို့က သူတို့ လှုပ်ရှားမှုတွေကို စနေကြပြီ…. သူတို့မျိုးနွယ်မှာ နှစ်ထောင်သောင်းကြာအောင် တံခါးပိတ်ကျင့်စဉ် ဝင်နေတဲ့ ပါရမီရှင်တွေကို ပြန်နှိုးနေကြပြီ… ဒါ သူတို့ ငါတို့နဲ့ အပြတ်စာရင်းရှင်းတော့မယ့် သဘောပဲ… ငါတို့လည်း နှစ်ပေါင်း ထောင်သောင်းချီ ကျင့်စဉ်ဝင်နေတဲ့ ပါရမီရှင်တွေကို ပြန်ခေါ်သင့် မခေါ်သင့် စဉ်းစားနေတာ… အဲဒီတော့ မင်းရဲ့ အကြံဉာဏ်ကို လိုချင်တယ်…”
လုံချန် က ပြောသည်။
“သူတို့ စောစောစီးစီး ဒီလောက် လှုပ်ရှားလာတယ်ဆိုရင် အမိန့်ရသွားပြီ ဆိုတဲ့ သဘောပဲ… စစ်ကူတွေ ရောက်လာတာနဲ့ ချက်ခြင်း တိုက်ခိုက်ကြလိမ့်မယ်… ဒါက နဂါးကမ္ဘာရဲ့ သေရေးရှင်ရေး တိုက်ပွဲပဲ… ကျုပ်တို့ စွမ်းအားကုန် ထုတ်သုံးမှ ဖြစ်တော့မယ်…”
မိုယင် က ပြောသည်။
“ဒါပေမဲ့ ဒီနေရာမှာ အဓိကပြဿနာ တစ်ခုရှိနေတယ်… အဲဒါက ကျင့်စဉ်ဝင်နေတဲ့ ပါရမီရှင် တစ်ယောက်ချင်းစီ တိုင်းဟာ မာနကြီးပြီး မောက်မာကြတယ်… အဲဒီတော့ ငါ စိုးရိမ်နေတာက…”
“သူတို့ နိုးထလာတဲ့အခါ နဂါးကမ္ဘာကြီး တစ်ခုလုံး ဒီလောက်ရှုပ်ထွေးပြီး ဗရမ်းဗတာ ဖြစ်နေတာကို လက်မခံနိုင်မှာကို စိုးရိမ်တာလား…. ဒါမှမဟုတ် နဂါးကမ္ဘာက လူသားမျိုးနွယ်နဲ့ ပူးပေါင်းနေတာကို မြင်ပြီး ပေါက်ကွဲကုန်ကြမှာကို စိုးရိမ်တာလား… ပြင်ပမီးကို မငြှိမ်းရသေးခင် အတွင်းမီး ထတောက်မှာကိုလား…”
လုံချန် က ပြုံးကာ မေးလိုက်သည်။ မိုယင် တို့ ခေါင်းညိတ်လိုက်ကြသည်။ စဉ်းစားမြော်မြင်တတ်သူနှင့် စကားပြောရသည်မှာ များစွာ အချိန်မကုန်လှကြောင်း ဝန်ခံရပေမည်။ သူတို့ အနည်းငယ် ပြောပြရုံဖြင့် လုံချန် က အားလုံးကို နားလည်သဘောပေါက်သည်။ ဤသည်မှာ သူတို့ အစိုးရိမ်ဆုံး အရာဖြစ်သည်။ နဂါးကမ္ဘာမှ မျိုးနွယ်တိုင်းသည် ထိပ်သီးပါရမီရှင် အဆင့်ရှိသော ကျင့်ကြံသူပေါင်း များစွာကို တိတ်တဆိတ် လက်သပ် မွေးမြူထားကြသည်။ ရှေးခေတ်မှ ယခုခေတ်အထိ ခေတ်အဆက်ဆက်မှ ထိပ်သီးပါရမီရှင်များသည် တိတ်တဆိတ် ကျင့်စဉ်ဝင်ရင်း မဟာခေတ်ကြီး ရောက်ရှိလာမည့် အချိန်ကို မျှော်လင့်စောင့်ဆိုင်း နေကြသည်။ အင်အားစု ခြောက်ခုမှ တံခါးပိတ် ကျင့်စဉ်ဝင်နေသော ပါရမီရှင်များသည် သောင်းချီရှိပြီး ဤ ပါရမီရှင်များသည် ထိုခေတ်က ပြိုင်ဘက်ကင်းသော သူများ ဖြစ်ကြသည်။ ထိုစဉ်က သူတို့သည် အလွန်ထူးချွန် ပြောင်မြောက်ကြကာ အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းခဲ့သူများ ချည်းသာ ဖြစ်ခဲ့ကြသည်။ ၎င်းတို့နှင့် ထိပ်တိုက်တွေ့ခြင်းသည် အလွန် အန္တရာယ်များသော ကိစ္စဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မတူညီသော ခေတ်များမှာ စွမ်းအားကြီးမားသော ကျင့်ကြံသူများ အနေဖြင့် တူညီသော အဆင့်ရှိ ကျင့်ကြံသူများနှင့် တွေ့ဆုံသောအခါ တိုက်ပွဲကို ဆာလောင် တောင့်တ တတ်ကြ၍ ဖြစ်သည်။ ဂူတစ်ဂူတွင် ခြင်္သေ့နှစ်ကောင် မအောင်းဟူသော စကားပုံကဲ့သို့ ခေတ်တစ်ခေတ်၊ မျိုးနွယ် တစ်ခုတွင် စစ်မှန်သော ခေါင်းဆောင်တစ်ဦးသာ ရှိနိုင်သည်။ ထို့ကြောင့် ဤကျင့်ကြံသူများ အားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း နှိုးလိုက်မည် ဆိုပါက ရန်သူ ရောက်ရှိမလာမီ အတွင်းမီး လောင်မည့် အရေးနှင့် ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့် ယင်းကိစ္စနှင့် ပတ်သက်ပြီး မိုယင်တို့လည်း အလွန်ခေါင်းခဲ နေကြခြင်း ဖြစ်သည်။ သူတို့သည် ထို ပါရမီရှင်များကို အရေအတွက် မည်မျှ ပြန်လည် နိုးထစေရန် မသိ ဖြစ်နေကြသည်။ သူတို့၏ အစောပိုင်း အစီအစဉ်များအရ ဤတစ်ကြိမ်တွင် ပါရမီရှင်အချို့ကိုသာ နှိုးမည်ဖြစ်သည်။ ပါရမီရှင်များသည် စိတ်နေစိတ်ထား အတော်အတန် နူးညံ့ကာ ဉာဏ်ပညာကြီးသူများ ဖြစ်ရမည်။ ဤမျိုးနွယ်စုများ အားလုံးထဲတွင် ထိုသို့သော ပါရမီရှင်မျိုးသည် အလွန်နည်းပါးသော အစိတ်အပိုင်း ကိုသာ နေရာယူထားသည်။ အဘယ်ကြောင့်ဆိုသော် ပါရမီရှင် အများစုသည် မောက်မာကြသူများ၊ မာနကြီးသူများ ဖြစ်ကာ မိမိကိုယ်ကိုယ် အထင်ကြီးသူများ၊ တစ်ကိုယ်ကောင်း ဆန်သူများနှင့် တစ်ဇောက်ကန်းများသာ ဖြစ်နေတတ်ကြ၍ ဖြစ်သည်။ လုံချန် ၏ ဆိုစကားအရ သူတို့အားလုံးကို ကျင့်စဉ်မှ နှိုးလိုက်မည်ဆိုလျှင် ဤမောက်မာသော ပါရမီရှင်များကြောင့် နဂါးကမ္ဘာကြီး တစ်ခုလုံး ဇောက်ထိုး ဖြစ်သွားနိုင်ပြီး ဤသည်မှာ သူတို့ အစိုးရိမ်ရဆုံး အချက်ဖြစ်သည်။
“ပဲ့တင်နဂါးမျိုးနွယ်နဲ့ အရိုးနဂါး မျိုးနွယ်က သူတို့ရဲ့ ပါရမီရှင်တွေကို တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက်နိုင်အောင် ဘယ်လိုလုပ်ထားလဲ ဆိုတာကိုတော့ ငါတို့ မသိဘူး… ဒါပေမဲ့ ငါတို့ မျိုးနွယ်တွေထဲမှာ နှစ်ပေါင်းများစွာ ကျင့်စဉ်ဝင်နေတဲ့ ပါရမီရှင်တွေကို နှိုးလိုက်လို့ တစ်ပြိုင်နက်တည်း အကုန်ထလာမယ်ဆိုရင် ငါတို့ သူတို့အားလုံးကို ထိန်းချုပ်နိုင်စွမ်း မရှိဘူးနဲ့တူတယ်…”
ချီယွဲ့က ပြောလိုက်သည်။
“သူတို့ကို ထိန်းချုပ်ဖို့ နည်းလမ်းက ရိုးပါတယ်… ပဲ့တင်နဂါးမျိုးနွယ်နဲ့ အရိုးနဂါးမျိုးနွယ်က နဂါးကမ္ဘာ တစ်ခုလုံးကို အုပ်စိုးတော့မယ်လို့ သူတို့ကို ပြောလိုက်ရင် သူတို့မှာ ဘုံရည်မှန်းချက်တစ်ခု ရသွားပြီး အလွယ်တကူ ငြိမ်ဝပ် ပိပြား သွားပါလိမ့်မယ်…”
“ဟုတ်သားပဲ… ငါတို့မှာ ဒီလိုလုပ်လို့ ရတာပဲ…”
ချီယွဲ့ ၏ မျက်လုံးများ အရောင်တောက်လာသည်။
“ဒီနည်းလမ်းကို သူတို့ သုံးလို့ရပေမယ့် ကျွန်မတို့တော့ မရဘူး…”
မိုယင် က ခေါင်းခါလိုက်သည်။
“ဘာဖြစ်လို့လဲ…”
အားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။ မိုယင် က ရှင်းပြသည်။
“ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘက်က ကြည့်ရင် သူတို့က နဂါးကမ္ဘာ တစ်ခုလုံးကို စိုးမိုးဖို့ ရည်မှန်းချက် ရှိတဲ့အတွက် ဒီလောက် အင်အားကို စုစည်းရမှာက မေးခွန်းထုတ်စရာ မလိုဘူး… ကျွန်မတို့ဘက်မှာ ကြည့်ရင် ကျွန်မတို့မှာ အင်အားစုကြီး ခြောက်ခုရှိတယ်… အင်အားစုကြီး ခြောက်ခုကနေ ထွက်လာမယ့် ပါရမီရှင်တွေဟာ သိပ်များတယ်… အဲဒီတော့ ဒီ ပါရမီရှင် အကုန်လုံးကို နဂါးကမ္ဘာကို စိုးမိုးဖို့ဆိုတဲ့ ကိစ္စကို ရှေ့တန်းတင်လိုက်မယ်ဆိုရင် သူတို့အတွက် ရယ်စရာ ဖြစ်ကုန်လိမ့်မယ်… အဲဒီတော့ ဘယ်လိုဖြစ်လာနိုင်လဲဆိုရင် ကျွန်မတို့ရဲ့ အမိန့်အာဏာကို ကလန်ကဆန် လုပ်ပြီးတော့ အချင်းချင်း ပြန်တိုက်ခိုက်ပြီး နဂါးကမ္ဘာရဲ့ နောက်ဆုံး ဦးဆောင်မှုကို ရယူဖို့ ကြိုးပမ်းကြမှာ စိုးရိမ်နေတာပဲ… ကျွန်မတို့ အစိုးရိမ်ရဆုံးက သူတို့ လုံချန် ကို မြင်တာနဲ့ ပထမဦးဆုံး တိုက်ခိုက်မှာကိုပဲ… ရှင်တို့အားလုံး ပြန်စဉ်းစားကြည့်စမ်းပါ… နဂါးတပ်ဖွဲ့ နဂါးကမ္ဘာကို ရောက်လာတုန်းက ကျွန်မတို့ နဂါးတပ်ဖွဲ့အပေါ် ဘယ်လို သဘောထားခဲ့ကြလဲ… သူတို့ရဲ့ သဘောထားက ကျွန်မတို့ထက် ပိုကောင်းနေမယ်လို့ ထင်လို့လား…”
မိုယင် ဤသို့ ပြောလိုက်သောအခါ အားလုံး နှုတ်ဆိတ်သွားကြသည်။
“ကိစ္စမရှိပါဘူး… ခေါင်းဆောင် မိုယင် က သူတို့အားလုံးကို နှိုးသာနှိုးလိုက်ပါ…”
လုံချန် ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ကျုပ် သူတို့နဲ့ တွေ့ကြည့်ပါရစေ…”
***