နဂါးကမ္ဘာ၏ ဗဟိုနေရာတွင် ကြီးမားသော နဂါးတစ်သောင်း အသိုက်ကြီးတစ်ခု ရှိနေသည်။ အခြား နဂါးတစ်သောင်း အသိုက်များနှင့် မတူသည်မှာ ၎င်းသည် မြေအောက်တွင် နက်ရှိုင်းစွာ တည်ရှိနေခြင်း ဖြစ်သည်။ ဤ နဂါးတစ်သောင်း အသိုက်သည် အလွန်ထူးခြားသော နဂါးတစ်သောင်း အသိုက်ဖြစ်ကာ နဂါးကမ္ဘာ တစ်ခုလုံးက ပိုင်ဆိုင်သည်။ ဤနေရာတွင် နဂါးကမ္ဘာ၏ ခေတ်အဆက်ဆက်မှ ကြောက်မက်ဖွယ် အကောင်းဆုံး ပါရမီရှင်များ တံခါးပိတ်ကျင့်စဉ် ဝင်နေကြသည်။ သို့သော် နဂါးကမ္ဘာ ကစဉ့်ကလျား ဖြစ်ပြီးနောက် ပဲ့တင်နဂါးမျိုးနွယ်၊ အရိုးနဂါးမျိုးနွယ် အစရှိသော အင်အားစုများသည် မိမိတို့မျိုးနွယ်ပိုင် ပါရမီရှင်များကို ဤနေရာမှ ခေါ်ဆောင်သွားခဲ့ကြသည်။ အခြားမျိုးနွယ်များ၏ ပါရမီရှင်များကတော့ ဤနေရာတွင် ဆက်လက် တံခါးပိတ်ကျင့်စဉ် ဝင်နေကြဆဲ ဖြစ်သည်။ နဂါးနက်မျိုးနွယ်၊ နဂါးနီမျိုးနွယ်၊ မိစ္ဆာနဂါးမျိုးနွယ် စသော မျိုးနွယ်များသည် အပေါ်ယံတွင် အချင်းချင်း မသင့်မြတ်ကြသော်လည်း သူတို့သည် ပါရမီရှင်များကို နိုးထစေကာ ထီးနန်းအာဏာကို လုယူရန် တစ်ကြိမ်တစ်ခါမျှ မစဉ်းစားခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ပြုလုပ်ပါက ပိုမိုရှုပ်ထွေးကုန်မည်ကို သိကြ၍ဖြစ်သည်။ သို့သော် ယခု ပဲ့တင်နဂါးမျိုးနွယ်၊ အရိုးနဂါးမျိုးနွယ် တို့သည် သူတို့၏ မျိုးနွယ်အသီးသီးမှ နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်စဉ်ဝင်နေကြသော ပါရမီရှင်များကို ပြန်နိုးထစေရန် ကြံရွယ်လာသောအခါ သူတို့၏ ရည်ရွယ်ချက်သည် ရှင်းလင်းနေပြီ ဖြစ်သည်။ ယင်းမှာ နဂါးကမ္ဘာ၏ ပလ္လင်ကို လုယူရန် ဖြစ်သည်။ လုံချန် ၏ အကြံဉာဏ်ကို တောင်းခံပြီးနောက် အားလုံးသည် နဂါးတစ်သောင်း အသိုက်သို့ ရောက်ရှိလာကြသည်။ အဆင့်ဆင့်သော စည်းများကို ဖြတ်ကျော်ပြီးနောက် နဂါးတစ်သောင်း အသိုက်ထဲသို့ ဝင်ရောက်လာသောအခါ လုံချန် သည် နံရံတွင်ကပ်ကာ ထွင်းထုထားသော မရေမတွက်နိုင်သော နဂါးဥများကို မြင်တွေ့လိုက်ရသည်။ စုစုပေါင်း အရေအတွက်မှာ သောင်းနှင့်ချီသည်။ နဂါးတစ်သောင်း အသိုက်၏ ပင်မခန်းမဆောင်ကြီးတွင် ပလ္လင်ကြီးတစ်ခု ရှိနေပြီး ပလ္လင်၏ အလယ်တွင် နဂါးလက်သည်းပုံစံ စင်မြင့်ကြီးတစ်ခု ရှိသည်။ နဂါးလက်သည်း၏ အလယ်တွင် ခရမ်းရောင် အကြေးခွံ တစ်ခုကို ထားရှိထားသည်။ ထိုခရမ်းရောင် အကြေးခွံသည် များစွာ ကြီးမားလှခြင်း မရှိဘဲ လူလက်ဖဝါးအရွယ်သာ ရှိပြီး မျက်နှာပြင်ထက်တွင် အပေါက်အပြဲများလည်း ရှိနေသည်။ သို့သော် ထို အကြေးခွံကို မြင်လိုက်သည်နှင့် အလွန် ပြင်းထန်သော အင်ပါယာ အရှိန်အဝါသည် ရှေ့သို့ တစ်ဟုန်ထိုး တွန်းကန် ထွက်ပေါ်နေသည်ကို လုံချန် သတိထားမိလိုက်သည်။ အကြေးခွံသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရှိနေပြီး အိပ်စက်နေသကဲ့သို့ ထင်ရသည်။ လုံချန် သည် ထိုအကြေးခွံကို မြင်လိုက်သည်နှင့် သူ့၏ ရင်သည် ပြင်းထန်စွာ ခုန်ပေါက်သွားပြီး သူ့၏ ခန္ဓာကိုယ်ထဲမှ နဂါးသွေးသည် အရှိန်အဟုန်ဖြင့် တက်ကြွလာသည်။ သူနှင့် ထိုအကြေးခွံအကြား ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်နေသည်ကို လုံချန် သတိထားမိလိုက်သည်။ ထိုအချိန်တွင် လုံချန် ကောင်းစွာ နားလည်သွားသည်။ ဤအကြေးခွံသည် နဂါးကျင့်ကြံသူ သူ့ကိုပြောခဲ့သည့် နဂါးဧကရာဇ်၏ ပြောင်းပြန်အကြေးခွံ ဖြစ်ရပေမည်။ ဘဝင်စိုက်နေသော ပြောင်းပြန် အကြေးခွံ တစ်ခုကသည်ပင် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ ရှိနေလျှင် ၎င်းကို နှိုးလိုက်ပါက မည်သို့သော ကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်စဉ်မျိုး ဖြစ်ပွားမည်နည်း။ လုံချန် သည် ထို နဂါးအကြေးခွံကို အံ့အားတကြီး ကြည့်နေသော်လည်း လောဘရမ္မက်ကြီးသော ပုံစံမျိုး မရှိသည်ကို မြင်သောအခါ မိုယင် တို့၏ တင်းမာနေသော စိတ်သည် အနည်းငယ် ပျော့ပြောင်းသွားသည်။
“ဒါက ငါတို့ နဂါးကမ္ဘာရဲ့ အမြင့်မြတ်ဆုံး ရတနာဖြစ်တဲ့ နဂါးဧကရာဇ်ရဲ့ ပြောင်းပြန် အကြေးခွံပဲ… တကယ်တော့ ဒါက ငါတို့မျိုးနွယ်တိုင်းက ကိုယ်ပိုင်အဖြစ် ပိုင်ဆိုင်ချင်တဲ့ ရတနာတစ်ခုပေါ့…”
မိုယင် က နဂါးဧကရာဇ် ၏ ပြောင်းပြန် အကြေးခွံကို ကြည့်ကာ ပြောလိုက်သည်။
“ဒီအကြေးခွံရဲ့ ပိုင်ရှင်က ဘယ်သူဆိုတာကိုတော့ သေသေချာချာ ပြောလို့မရတော့ဘူး… အကြေးခွံပေါ်မှာ လောကဦး အရှိန်အဝါတွေ စွန်းထင်းနေတယ်… ငါတို့ သိထားသလောက်တော့ ဒါဟာ လောကဦးခေတ်ကနေ လက်ဆင့်ကမ်းလာတဲ့ နဂါးဧကရာဇ် မျိုးနွယ်ရဲ့ ပြောင်းပြန် အကြေးခွံ တစ်ခုပဲ… ငါတို့ဟာ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပေမယ့် နဂါးဧကရာဇ် မျိုးနွယ်တွေ ပေါ်ထွက်မလာခဲ့ဘူး… နောက်ဆုံး ငါတို့အားလုံး သဘောတူညီချက်အရ တစ်စုံတစ်ယောက်ဟာ နဂါးဧကရာဇ် ရဲ့ ပြောင်းပြန် အကြေးခွံကို အောင်နိုင်ခဲ့ရင် အဲဒီအောင်နိုင်သူကို နဂါးဧကရာဇ် အဖြစ် သတ်မှတ်မယ်လို့ သဘောတူညီလိုက်ကြတယ်…”
“ဒီလောက် နှစ်တွေကြာတာတောင် ဘယ်သူမှ မအောင်နိုင်သေးဘူးလား…”
လုံချန် က မေးလိုက်သည်။ မိုယင် က ခေါင်းညိတ်သည်။
“အမှန်ပဲ… ဘယ်သူမှ ခုချိန်ထိ နဂါးဧကရာဇ် ရဲ့ ပြောင်းပြန် အကြေးခွံကို အောင်နိုင်ခဲ့ခြင်း မရှိသေးဘူး… မဟုတ်ရင် နဂါးကမ္ဘာဟာ ဒီနေ့လို အခြေအနေထိ ရှုပ်ထွေးနေမှာ မဟုတ်ဘူး…”
မိုယင် က ထိုသို့ပြောပြီးနောက် လုံချန် ကို ကြည့်လိုက်သည်။
“တကယ်လို့ မင်းသာ နဂါးဧကရာဇ် ရဲ့ ပြောင်းပြန် အကြေးခွံကို အောင်နိုင်မယ်ဆိုရင် ငါတို့အားလုံး မင်းကို ဧကရာဇ်အဖြစ် တင်မြှောက်မယ်…”
လုံချန် သည် ပြောင်းပြန်အကြေးခွံပေါ်မှ အကြည့်ကို ရုတ်သိမ်းလိုက်ပြီး မိုယင် ကို ကြည့်ကာ မပွင့်တပွင့် ပြုံးလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင် မိုယင် က ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကို အခုထိ နားမလည်သေးဘူးနဲ့ တူတယ်… ကျွန်တော် လုံချန် က နဂါးသွေးကို ပိုင်ဆိုင်တယ် ဆိုပေမယ့် လူသားတစ်ယောက် သက်သက်ပါပဲ… ကျွန်တော့်မှာ နဂါးမျိုးနွယ်ကို အုပ်ချုပ်လိုတဲ့ ဆန္ဒမရှိဘူး… ဒါပေမဲ့ ကျွန်တော်ဟာ နဂါးသွေးကို ပိုင်ဆိုင်ထားတဲ့အတွက် နဂါးမျိုးနွယ်တွေကို အခက်အခဲ အကျပ်အတည်းတွေကနေ ကယ်တင်ပေးဖို့ တာဝန်နဲ့ ဝတ္တရားရှိတယ်… နဂါးမျိုးနွယ်တွေအတွက် အသက်စွန့် သွေးမြေကျဖို့ဆိုလည်း ဝန်မလေးပါဘူး… ဒါပေမဲ့ အကြီးအကဲတို့ကို သိစေချင်တာက ကျွန်တော် ဒီလို လုပ်တာဟာ နဂါးမျိုးနွယ်အပေါ် အကြီးအကျယ် အကြွေးတင်နေလို့ပဲ… ကျွန်တော် တင်နေတဲ့ အကြွေးကို ပြန်ဆပ်ချင်ရုံ သက်သက်ပဲ… အကြီးအကဲတို့ နဂါးကမ္ဘာကနေ ဘယ်လိုပစ္စည်းကိုမှ တပ်မက်လို့ မဟုတ်ဘူး…”
လုံချန် က ထိုသို့ပြောလိုက်လျှင် မိုယင် သည် မျက်နှာ မသိမသာ ပျက်သွားရာ နဂါးဖြူမျိုးနွယ်စု ခေါင်းဆောင်က အလျင်အမြန် ကြားဝင်ပြောလိုက်သည်။
“မျိုးနွယ်စု ခေါင်းဆောင် မိုယင် က စနောက်နေတာ မဟုတ်ပါဘူး… လုံချန် မင်းသာ တကယ် နဂါးဧကရာဇ် ရဲ့ ပြောင်းပြန် အကြေးခွံကို အောင်နိုင်မယ်ဆိုရင် ငါတို့အားလုံးက မင်းကို နဂါးဧကရာဇ်အဖြစ် တင်မြှောက်မှာပါ… မင်းက ရှေးဟောင်းနဂါးဝိညာဉ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိထားမှတော့ ငါတို့က မိသားစု တစ်စုတည်းကပဲပေါ့… ငါတို့ နဂါးမျိုးနွယ်တွေအတွက် အသက်စွန့်မယ်ဆိုရင် ငါတို့ နဂါးမျိုးနွယ်ကလည်း ဓားတောင်ကိုပဲ ကျော်ရကျော်ရ… မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ် မင်းအတွက် အမြဲ အသင့်ရှိနေရမှာပေါ့…”
“နဂါးဖြူမျိုးနွယ်စု ခေါင်းဆောင် ပြောတဲ့စကားက မှန်တယ်… ငါတို့ နဂါးမျိုးနွယ်ဟာ ဆိုခဲစေမြဲစေ စကားတစ်ခွန်းကို ပြောပြီးရင် တည်မှ ကြိုက်တယ်… မင်းသာ နဂါးဧကရာဇ် ရဲ့ ပြောင်းပြန် အကြေးခွံကို အောင်နိုင်မယ်ဆိုရင် ငါ ရှဲ့ချန်ကျုံး ပထမဦးဆုံး မင်းရဲ့ရှေ့မှာ ဒူးထောက်မယ်…”
ရှဲ့ချန်ကျုံးက ပြောလိုက်သည်။ နဂါးနီမျိုးနွယ်စု ခေါင်းဆောင်ကလည်း ပြောလိုက်သည်။
“မှန်တယ်… ဒီစကားကို ကျုပ်လည်း အပြည့်အဝ ထောက်ခံတယ်…”
အခြားနဂါးမျိုးနွယ်စု ခေါင်းဆောင်များကလည်း လုံချန် သည် နဂါးဧကရာဇ် ၏ ပြောင်းပြန် အကြေးခွံကို အောင်နိုင်မည် ဆိုပါက သူတို့သည် လုံချန် ကို နဂါးဧကရာဇ်အဖြစ် အသိအမှတ်ပြုကာ လုံချန် ၏ လက်အောက်တွင် သစ္စာရှိရှိ အမှုတော်ထမ်းမည်ဟု ဆိုကြသည်။ သူတို့ ဤသို့ ပြုလုပ်ရခြင်းမှာ တစ်ဖက်တွင် လုံချန် ၏ အမြော်အမြင်နှင့် ဉာဏ်ပညာကို လေးစားခြင်းကြောင့် ဖြစ်ပြီး အခြားတစ်ဖက်တွင် လုံချန် ၏ အမူအယာများမှတစ်ဆင့် သူသည် သံယောဇဉ်ကြီးကာ ကတိတည်သူ ဖြစ်ကြောင်း သိနေသောကြောင့် ဖြစ်သည်။ နောက်တစ်ချက်မှာ နဂါးကမ္ဘာ၏ မည်သို့မျှ ဖြေရှင်းမရနိုင်အောင် ဖြစ်နေသော ဤရှုပ်ထွေးမှုများသည် လုံချန် ပေါ်ပေါက်လာမှုနှင့် အတူ ပြေလည်မည့်လမ်းစ စတင်ပေါ်ပေါက်လာသလို ဖြစ်နေသည်။ လုံချန် သာ နဂါးကမ္ဘာ၏ အရှင်သခင် ဖြစ်လာပါက ယာယီ ဖြစ်သည်ဆိုလျှင်ပင် နဂါးကမ္ဘာ၏ ရှုပ်ထွေးမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ဤသည်မှာ နဂါးကမ္ဘာ တစ်ခုလုံးအတွက် အကျိုးအမြတ် ဖြစ်ထွန်းမည့်ကိစ္စ ဖြစ်သည်။ စင်စစ်တွင် သူတို့သည် ဤမျှ နှစ်များစွာအတွင်း ခေါင်းများ ထူပူသည်အထိ စဉ်းစားခဲ့သော်လည်း အကောင်းဆုံး နည်းလမ်း တစ်စုံတစ်ရာကိုမျှ စဉ်းစားတွေးတောနိုင်ခြင်း မရှိခဲ့ပေ။ လုံချန် သည် နဂါးကမ္ဘာ၏ အရှင်သခင် ဖြစ်လာမည်ဆိုလျှင် ရဲဝံ့သော စမ်းသပ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ သူတို့၏ စဉ်းစားတွေးခေါ် မြော်မြင်နိုင်စွမ်းသည် မိုယင် လောက် မြင့်မားခြင်း မရှိဘဲ ဝေးဝေးလံလံ တွေးခေါ်နိုင်ခြင်း မရှိစေကာမူ သူတို့တွင် တူညီသော အကျင့်စရိုက် တစ်ခုတော့ ရှိသည်။ ယင်းမှာ သူတို့သည် သူတို့၏ ကိုယ်ပိုင် ခံစားချက်အပေါ် လွန်စွာ ယုံကြည်သူများ ဖြစ်ကြသည်။ သူတို့၏ စိတ်ထဲမှ လုံချန် ကို သဘောကျ နှစ်ခြိုက်သည်ဟု ဆိုပါက လုံချန် သည် လူကောင်းတစ်ယောက် ဖြစ်ရမည်ဟု အားလုံးက ယူဆကြသည်။ လုံချန် က ပြောလိုက်သည်။
“နဂါးဧကရာဇ် ရဲ့ ပြောင်းပြန် အကြေးခွံကို အောင်နိုင်တဲ့ကိစ္စကို ခဏထားလိုက်ပါဦး… လက်ရှိ ကျွန်တော်တို့မှာ အရေးအကြီးဆုံးက နဂါးကမ္ဘာရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ပဲ… အားလုံးကို ဒုက္ခပေးရဦးမယ်… ဒီခေတ်အဆက်ဆက်က ကျင့်စဉ်ဝင်နေတဲ့ ပါရမီရှင်တွေကို အရင်ဆုံး နှိုးပေးကြပါ… ကျွန်တော်တို့ ဒီအကျပ်အတည်းကနေ ဖောက်ထွက်တဲ့နေရာမှာ သူတို့ မပါလို့ မဖြစ်ဘူး…”
“တစ်ယောက်ချင်းစီကိုလား… ဒါမှမဟုတ် အားလုံးကို တစ်ပြိုင်တည်း နှိုးပေးရမှာလား…”
ရှဲ့ချန်ကျုံး က မေးသည်။
“တစ်ပြိုင်တည်းပဲ အားလုံးကို နှိုးလိုက်ပါ… ကျွန်တော်တို့မှာ အချိန်သိပ်မရှိတော့ဘူး… အချိန်ဖြုန်းလို့လည်း မရဘူး…”
လုံချန် က ပြောလိုက်သည်။ လုံချန် ဤသို့ ပြောသည်ကို ကြားသောအခါ အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ မိုယင် က နဂါးဖြူမျိုးနွယ်စု ခေါင်းဆောင်ကို ကြည့်ကာ ပြောလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင် ရှင်ပဲ အရင်စလိုက်ပါလား…”
မိုယင် ဤသို့ ရွေးချယ်ရခြင်းမှာ နဂါးဖြူမျိုးနွယ်၏ ကျင့်ကြံသူများသည် စိတ်နေစိတ်ထား နူးညံ့သောကြောင့် သူတို့ကို ဦးစွာ နှိုးလိုက်ပါက အခြေအနေကို ထိန်းချုပ်ရန် လွယ်ကူမည် ဖြစ်၍ဖြစ်သည်။ မျိုးနွယ်တစ်ခုစီ၏ ပါရမီရှင်များကို နှိုးရန် မျိုးနွယ်စုခေါင်းဆောင် ကိုယ်တိုင် ပြုလုပ်ရန် လိုအပ်သည်။ နဂါးဖြူမျိုးနွယ်စု ခေါင်းဆောင်သည် ပလ္လင်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး လက်ကို ပလ္လင်၏ နဂါးလက်သည်းပေါ်သို့ ဖြည်းညင်းစွာ ဖိချလိုက်သည်။
“အုန်း…”
ရုတ်တရက် နဂါးတစ်သောင်း အသိုက်တစ်ခုလုံး တုန်ခါသွားပြီး နံရံတွင် ကပ်ကာ ထွင်းထုထားသော နဂါးဥများသည် နံရံပေါ်မှ ဖြည်းညှင်းစွာ အောက်သို့ လျောဆင်းလာကြသည်။ တစ်ကြိမ်လျောဆင်းလာလျှင် ထောင်နှင့်ချီသော အရေအတွက် ဖြစ်သည်။
“ဖုန်း… ဖုန်း… ဖုန်း…”
ထို့နောက် နဂါးဥများသည် တဖုန်းဖုန်း ပေါက်ကွဲသွားကြပြီး နဂါးဥများ အတွင်းမှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ အားလုံးမှာ ကောင်းကင်သူတော်စင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ လုံချန် သည် ထိုသူများကို မြင်သောအခါ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ မတူညီသော ခေတ်များမှ ပါရမီရှင်များ ဖြစ်သည်နှင့်အညီ တစ်ဦးချင်းစီ၏ စွမ်းအားများသည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှသည်။
“နဂါးဖြူမျိုးနွယ်ရဲ့ သူရဲကောင်းတွေ အားလုံး လာခဲ့ကြ… နဂါးကမ္ဘာမှာ အကျပ်အတည်းတစ်ခု ဖြစ်နေပြီ… မင်းတို့အားလုံးရဲ့ အကူအညီလိုတယ်…”
ထိုကျင့်ကြံသူများ၏ တွေဝေနေသော အမူအရာကို မြင်သောအခါ နဂါးဖြူမျိုးနွယ်စု ခေါင်းဆောင်က ပြောလိုက်သည်။ နဂါးဖြူမျိုးနွယ်စု ခေါင်းဆောင်၏ ခေါ်ဆောင်မှုနှင့်အတူ နဂါးဖြူမျိုးနွယ်၏ ပါရမီရှင်များသည် နဂါးဖြူမျိုးနွယ်စု ခေါင်းဆောင်၏ ဘေးသို့ လျှောက်သွားကြသည်။ သို့သော် သူတို့သည် လုံချန် ကဲ့သို့ လူသားတစ်ဦးကို မြင်သောအခါ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာကြသည်။
“ကဲ… ဒါဆိုရင် ဒီတစ်ခါ ကျုပ်လုပ်မယ်…”
နဂါးဖြူမျိုးနွယ်၏ ပါရမီရှင်များသည် လုံချန် ကို မြင်ပြီးနောက် ထူးခြားမှု မရှိသည်ကို မြင်သောအခါ အခြား နဂါးဖြူမျိုးနွယ်စု ခေါင်းဆောင်တစ်ဦး က ရှေ့ကို ထွက်လာသည်။ နောက်ထပ် ထောင်နှင့်ချီသော နဂါးဥများသည် နဂါးတစ်သောင်း အသိုက်၏ နံရံများမှ လျှောဆင်းလာပြီး နဂါးဖြူမျိုးနွယ်၏ ကျင့်ကြံသူများသည် နဂါးဥများ အတွင်းမှ ထွက်ပေါ်လာကြသည်။ ထိုအထဲမှ နဂါးဖြူမျိုးနွယ်၏ ကျင့်ကြံသူ တစ်ဦးသည် လုံချန် ကို မြင်သောအခါ ရုတ်တရက် မျက်ဝန်းများ မှေးကျဉ်းသွားပြီး သတ်ဖြတ်ခြင်း အသိများ သိပ်သည်းလာကာ အလင်းတန်း တစ်ခုကဲ့သို့ သူ့ဆီကို လျှပ်တပြက် ပြေးဝင်လာသည်။
“နိမ့်ကျတဲ့ လူသားကောင် သေစမ်း…”
***