ထိုနဂါးမျိုးနွယ်ကျင့်ကြံသူသည် လုံချန် ကို မြင်သည်နှင့် သူ့ဆီသို့ တစ်ရှိန်ထိုး ပြေးဝင်လာသည်။ နဂါးမျိုးနွယ်ကျင့်ကြံသူ ခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်ပြီး တားဆီးရန် ပြင်လိုက်သည်။
“ရပါတယ်… ကျုပ်တာဝန် ထားလိုက်ပါ…”
လုံချန် က ထိုနဂါးမျိုးနွယ်ကျင့်ကြံသူ ခေါင်းဆောင်ကို လှမ်းအော်ပြောလိုက်သည်။ နဂါးမျိုးနွယ်များသည် ခွန်အားကြီးမားသူကိုသာ လေးစားတတ်သူများ ဖြစ်ကြောင်း သူကောင်းစွာသိသည်။ ၎င်းတို့နှင့် ဆက်ဆံလိုလျှင် ၎င်းတို့ကို လေးစားအသိအမှတ် ပြုလာစေမည့် စွမ်းအားကို ထုတ်ပြရန် လိုအပ်သည်။ လုံချန် ၏ စကားကို ကြားသောအခါ ထိုနဂါးမျိုးနွယ်စု ခေါင်းဆောင်သည် တစ်ချက်တွေဝေသွားပြီး နောက်ဆုံးတွင် ခြေတစ်လှမ်း နောက်ဆုတ်ကာ ဘေးသို့ ဖယ်ပေးလိုက်သည်။ သို့သော် ထိုအပြုအမူက လုံချန် ကို တိုက်ခိုက်ရန် ပြေးဝင်လာသည့် နဂါးမျိုးနွယ်ကျင့်ကြံသူကို ပို၍ပင် ဒေါသထွက်သွားစေသည်။
“ကြီးမြတ်တဲ့ နဂါးမျိုးနွယ်ထဲမှာ ယုတ်နိမ့်တဲ့ လူသားတစ်ယောက်က ဘယ်လိုလုပ် ရှိနေရတာလဲ… ခင်ဗျားတို့က သူ့စကားတောင် နားထောင်နေကြသေးတယ်… ဟုတ်လား… ကျုပ် ဒေါသထွက်လွန်းလို့ သေတော့မှာပဲ…”
“အုန်း…”
ထို နဂါးမျိုးနွယ်ကျင့်ကြံသူသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့၏ နဂါးလက်သည်းများပေါ်တွင် သွေးရောင် နတ်အလင်းတန်းများ လွှမ်းခြုံဖြစ်ပေါ်လာရာ သူသည် နဂါးမျိုးနွယ်၏ နတ်တန်ခိုးကို ထုတ်သုံးလိုက်ပြီဖြစ်ကြောင်း ထင်ရှားနေသည်။
ထို နဂါးမျိုးနွယ်ကျင့်ကြံသူ၏ အလွန်ပြင်းထန်သော တိုက်ခိုက်မှုကို လုံချန် က ရှောင်တိမ်းခြင်း၊ သို့မဟုတ် ခုခံခြင်း မပြုဘဲ လက်တစ်ဖက်ကို နောက်ပစ်ကာ လက်တစ်ဖက်ဖြင့်ပင် တည်ငြိမ်စွာ ရင်ဆိုင်လိုက်သည်။ လက်ဝါးနှစ်ဖက် ထိတွေ့သွားသည့်အခါ ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ နတ်အလင်းတန်းကြီး လေးခုသည် သူတို့နှစ်ဦး၏ လက်ဝါးများကြားမှ အပြင်သို့ ဖြာထွက်သွားသည်။ ထိုမြင်ကွင်းကို မြင်သောအခါ မိုယင်နှင့် အခြားသူများအားလုံး မျက်စိမျက်နှာများ ပျက်ကုန်ကြ၏။ ဤနေရာတွင် ကျင့်စဉ်ဝင်နေကြသူများ အားလုံးသည် ခေတ်အဆက်ဆက်မှ နဂါးမျိုးနွယ်များ၏ ထိပ်သီးပါရမီရှင်များ ဖြစ်ကြရာ ဤတိုက်ခိုက်မှု၏ စွမ်းအားသည် မည်မျှ ကြီးမားသည်ကို သူမတို့ အသိဆုံးဖြစ်သည်။ သို့သော် လုံချန် သည် သူ့၏ စစ်မှန်သော စွမ်းအားကို အသုံးပြုခဲ့ခြင်း မရှိပေ။ လက်ဖဝါးနှစ်ဖက် ထိတွေ့သည့် အခိုက်တွင် လုံချန် ၏ လက်ဖဝါးမှ သွေးစွမ်းအင်သည် စတင်လည်ပတ်လာသည်။ လက်ဖဝါးနှစ်ဖက် အပြည့်အဝ ထိကပ်သွားသောအခါ ထိုနဂါးမျိုးနွယ် ကျင့်ကြံသူ၏ စွမ်းအားသည် လုံချန် ၏ သွေးစွမ်းအင် လမ်းကြောင်းအတိုင်း အပေါ်၊ အောက်၊ ဘယ်၊ ညာ လေးဖက်လေးတန် သို့ ဖြာဆင်းသွားသည်။ လက်ဝါးရိုက်ချက် တစ်ချက်၏ စွမ်းအားကို ဤကဲ့သို့ လွယ်ကူစွာ ချေဖျက်ပစ်လိုက်ခြင်း ဖြစ်သည်။ ဤလှုပ်ရှားမှုသည် အပြင်ပန်းအရ ကြည့်မည်ဆိုလျှင် အလွန်ရိုးစင်းပုံ ပေါ်သော်လည်း လက်တွေ့လုပ်ဆောင်ရန်မှာ အလွန်အမင်း ခဲယဉ်းသည်။ အထူးသဖြင့် လုံချန် ရင်ဆိုင်နေရသူမှာ နဂါးမျိုးနွယ်၏ သမိုင်းတွင် ကျော်ကြားသော ပါရမီရှင် တစ်ဦးဖြစ်သည်။ ဤတိုက်ခိုက်မှုအတွက် အလွန်သေသပ် နိုင်နင်းသော ထိန်းချုပ်နိုင်စွမ်း လိုအပ်သည်။ စွမ်းအား၊ အချိန်အခါ၊ ထောင့်ဒီဂရီ အားလုံးသည် အနည်းငယ်မျှ လွဲချော်သွား၍ မရပေ။ အမှားအယွင်း အနည်းငယ် ဖြစ်ပေါ်သွားပါက လုံချန် ၏ လက်တစ်ဖက်၊ သို့မဟုတ် ကိုယ်တစ်ခြမ်းလုံးပင် ပေါက်ကွဲသွားနိုင်သည်။ လုံချန် ၏ ဤတိုက်ခိုက်မှုသည် ပေါ့ပါးသွက်လက်လွန်းပြီး လေးလံသောအရာ တစ်ခုကို ပေါ့ပါးစွာ ကိုင်တွယ်နိုင်စွမ်းကို ပြသလျက်ရှိကာ သူ့၏ အလွန်အမင်း ယုံကြည်မှုကို ဖော်ပြနေသည်။ ဤသည်မှာ လုံချန် သည် စွန့်စားနေခြင်းမျိုး မဟုတ်ဘဲ အကြွင်းမဲ့ အောင်နိုင်မည်ဟု သေချာနေခြင်းကို ပြသခြင်းလည်း ဖြစ်သည်။ ဤနေရာရှိ မျိုးနွယ်စုခေါင်းဆောင် အဆင့်ရှိ ကျင့်ကြံသူများ အားလုံးသည် ဤတိုက်ကွက်ကို ခုခံနိုင်သော်လည်း လုံချန် ကဲ့သို့ လွယ်ကူပေါ့ပါးစွာ လုပ်ဆောင်နိုင်ရန်မှာ သူတို့အတွက် လုံးဝ မဖြစ်နိုင်ပေ။
“မင်းက ဘာစွမ်းအားမှမရှိဘဲ အခြောက်တိုက် ဘဝင်မြင့်နေတဲ့ကောင်ပဲ… ဒီလို ဘဝမြင့်ရအောင် မင်းက ဘယ်က သတ္တိတွေ ရထားတာလဲ…”
လုံချန် က အေးစက်စွာ ပြောလိုက်ပြီး နောက်သို့ ပစ်ထားသည့် လက်ဖြင့် ရိုက်ချလိုက်သည်။
“ဖြောင်း…”
ထို နဂါးမျိုးနွယ်ကျင့်ကြံသူသည် မိမိ၏ တိုက်ခိုက်မှုကို လုံချန် မည်သို့ လွယ်ကူစွာ ခုခံလိုက်သည်ကို စဉ်းစားမရဖြစ်ကာ အံ့အားသင့်နေစဉ်မှာ “ဖုန်း”ခနဲ မြေပြင်ပေါ်ကို ပစ်ကျသွားသည်။ သူသည် မြေပြင်ပေါ်တွင် လေးငါးခြောက်ပတ် လိမ့်သွားကာ မျက်ဖြူများလန်ပြီး သတိလစ် မေ့မျောသွား၏။
“နဂါးမျိုးနွယ်မှာ လာပြီး ရိုင်းစိုင်းရဲတယ်ပေါ့ ဟုတ်လား… လာစမ်း…”
ထိုအချိန်တွင် အခြားသော နဂါးမျိုးနွယ်ကျင့်ကြံသူ တစ်ဦး ပြေးဝင်လာပြီး လုံချန် ကို လက်သီးဖြင့် ထိုးချလိုက်သည်။
သို့သော် သူ့၏ လက်သီးသည် လုံချန် ၏ အင်္ကျီစကို မထိလိုက်မီမှာပင် လုံချန် ၏ လက်သီးသည် သူ့၏ ရင်ဘတ်ကို ဦးစွာ ဝင်ရောက်လာသည်။ လုံချန် ၏ လက်သီး သူ့၏ ရင်ဘတ်ပေါ် ကျရောက်သွားသောအခါ အလွန်ပြင်းထန်သော စွမ်းအားကြီးကြောင့် သူ့၏ ကျောဘက်မှ ဝတ်ရုံများသည် ပေါက်ကွဲထွက်သွားပြီး တစ်စစီ စုတ်ပြဲထွက်သွားသည့် ဝတ်ရုံစများသည် လိပ်ပြာများ ပျံဝဲသွားသကဲ့သို့ လေထဲကို လွင့်ပျံသွားကြသည်။ ထို နဂါးမျိုးနွယ်ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် “တောင့်”ခနဲ ဖြစ်သွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ ယိုစီးကျလာသည်။ လုံချန် က လက်ဖြင့် ထိုသူ၏ ဦးခေါင်းကို ဖြည်းညင်းစွာ အုပ်ကိုင်ကာ အဝေးသို့ တွန်းလွှတ်လိုက်သည်။
“ကောင်လေး… သိပ်မမောက်မာ စမ်းပါနဲ့…”
လုံချန် က ထိုနဂါးမျိုးနွယ်ကျင့်ကြံသူကို တွန်းလွှတ်ရင်း ခပ်အေးအေး ပြောလိုက်သည်။ သူသည် အခြားသူများကို မမောက်မာရန် ပြောနေသော်လည်း မိုယင် နှင့် အခြားမျိုးနွယ်စု ခေါင်းဆောင်များ၏ အမြင်တွင် သူသည် မည်မျှ မောက်မာနေသည်ကိုမူ သူကိုယ်တိုင် သတိမထားမိပေ။
“နဂါးကမ္ဘာမှာ လာပြီးတော့ မောက်မာရဲတယ်ဆိုတော့ မင်းမှာ ထိုက်တန်တဲ့ အရည်အချင်း ရှိရဲ့လားဆိုတာ ငါစမ်းကြည့်မယ်…”
ထိုသို့ရှိစဉ် အခြား နဂါးမျိုးနွယ်ကျင့်ကြံသူ တစ်ဦးကို သူ့ကို ထပ်မံ တိုက်ခိုက်လာပြန်သည်။ ထိုသူမှာ သံမဏိ မျှော်စင်ကြီးကဲ့သို့ ကိုယ်လုံးကိုယ်ထည် လွန်စွာကြီးမားသော လူထွားကြီးတစ်ဦး ဖြစ်ပြီး အရပ်မှာ သုံးမီတာကျော် မြင့်မားသည်။ သူသည် လုံချန် ရှေ့သို့ ပြေးဝင်လာပြီး ခြေထောက်ကို ပြင်းထန်စွာ နင်းချလိုက်သည်။ သူ့၏ စားပွဲခုံကြီး တစ်ခုစာခန့် ဧရာမ ခြေဖဝါးကြီးသည် လုံချန် ၏ ဦးခေါင်းပေါ်သို့ ကျရောက်လုကာနီးတွင် လုံချန် သည် ၎င်း၏ ခြေထောက်ကြီးကို လျှပ်ပြက်သလို စောင့်ကန်ပစ်လိုက်သည်။ ထို နဂါးမျိုးနွယ်ကျင့်ကြံသူ လူထွားကြီးသည် နောက်ကို “ယိုင်”ခနဲ ဖြစ်ကာ မြေပြင်ပေါ်သို့ ဖင်ထိုင်ပြုတ်ကျသွားသည်။ ထို့နောက် လုံချန် သည် သူ့၏ ပေါင်ကြားကို ပြင်းထန်စွာ “ဖုန်း”ခနဲ စောင့်ကန်လိုက်ပြန်သည်။ “အုန်း”ခနဲ ကျယ်လောင်သော အသံကြီးနှင့်အတူ လူထွားကြီး၏ ခန္ဓာကိုယ်သည် “တောင့်”ခနဲ ဖြစ်သွားပြီး သူသည် ခြေဆင်းထိုင်နေသည့် ပုံစံအတိုင်း မလှုပ်မယှက် နောက်သို့ တရွတ်တိုက်ပါသွား၏။ သူ့၏ မျက်နှာကြီးသည် နီနေရာမှ မည်းနက်သွားပြီး မည်းနက်နေရာမှ ခရမ်းရောင်သို့ ပြောင်းသွားကာ အဆက်မပြတ် တွန့်လိမ်လျက်ရှိသည်။ မိုယင် သည် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြီး ထိုသူ၏ မျက်နှာအမူအယာကို မကြည့်ရက်တော့ပေ။ ရှဲ့ချန်ကျုံး နှင့် အခြားသူများမှာမူ ကြက်သီးများ တဖြန်းဖြန်း ထကုန်ကြသည်။ ဤသည်မှာ ယောက်ျားသားတိုင်းအတွက် မည်သို့သော နာကျင်မှုမျိုး ဖြစ်သည်ကို ကောင်းကောင်းကြီး သဘောပေါက်ကြပေသည်။
“အား…”
နောက်ဆုံးတွင် နဂါးမျိုးနွယ်ကျင့်ကြံသူ လူထွားကြီးထံမှ အာခေါင်ခြစ်အော်ဟစ် လိုက်သံကြီး ထွက်ပေါ်လာသည်။ အစောပိုင်းက သူသည် အော်ဟစ်ချင်သော်လည်း ပြင်းထန်သော နာကျင်မှု ဝေဒနာကြောင့် ရုတ်တရက် အသံမထွက်နိုင်ခြင်း ဖြစ်သည်။
“မအော်ပါနဲ့ မကွဲပါဘူး… သုံးလို့ရပါသေးတယ်…”
လုံချန် သည် မည်သည့်အချိန်ကတည်းက လူထွားကြီး၏ ရှေ့သို့ ရောက်ရှိသွားသည်ကို မသိရပေ။ သူသည် လူထွားကြီး၏ နဖူးကို လက်ဖြင့် ထိကပ်လိုက်သည်။ ထိုအချိန်တွင် လူထွားကြီး သည် အလွန် ကြောက်လန့်တကြား ဖြစ်သွားပြီး အော်ဟစ်ခြင်းပင် မပြုဝံ့တော့ပေ။ မိုယင် နှင့် အခြားသူများမှာ ရင်ခုန်သံများ တဒိန်းဒိန်း မြန်နေကြသည်။ လုံချန် လက်ဝါးနှင့် ထိကပ်လိုက်သော နေရာသည် နဂါးအမြုတေ ရှိသော နေရာဖြစ်သည်။ သူသည် တစ်ချက်တည်းဖြင့် လူထွားကြီး၏ အသက်ကို အလွယ်တကူ နှုတ်ယူသွားနိုင်စွမ်း ရှိသည်။
လုံချန် က လူထွားကြီး၏ နဖူးကို လက်ဝါးဖြင့် ရိုက်ချလိုက်သောအခါ လူထွားကြီးသည် အလွန်ပြင်းထန်သော စွမ်းအား တစ်ခု၏ သက်ရောက်မှုကို ခံစားလိုက်ရပြီး နောက်ကို လွင့်စင်ထွက်သွားသည်။ လူထွားကြီး၏ နဖူးသည် ကွဲအက်သွားခြင်း မရှိသည်ကို မြင်သောအခါ လုံချန် သည် သူ့ကို စစ်မြေပြင်မှ အပြင်သို့ ပို့ဆောင်ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသဖြင့် မိုယင် မှာ အနည်းငယ် စိတ်အေးသွား၏။ သူသည် အလွယ်တကူ သတ်ဖြတ်တတ်သူ မဟုတ်ကြောင်း သိသော်လည်း လုံချန် သည် လူငယ်တစ်ဦး ဖြစ်သည်ကို မမေ့လျော့သင့်ပေ။ လူငယ်တိုင်းသည် မောက်မာကာ မာနကြီးကြပြီး အဆက်မပြတ် စိန်ခေါ်ခြင်း၊ စော်ကားခြင်းတို့ ခံရပါက ဒေါသထွက်လာကာ လက်လွန်သွားလျှင် မဖြစ်သင့်သည့် အရာများ ဖြစ်မလာဟု မည်သူက အာမခံနိုင်ပါမည်နည်း။
“သတ္တိရှိရင် ငါ့ဆီလာခဲ့စမ်း…”
လုံချန်က လူထွားကြီးကို စစ်မြေပြင် အပြင်သို့ တီးထုတ်လိုက်ပြီးနောက် နူးညံ့သည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ကိုယ်လုံးကိုယ်ထည် သွယ်လျသော မိန်းမပျို တစ်ဦးသည် သူ့ဆီကို အလွန်လျင်မြန်စွာ ပြေးဝင်လာသည်။
“ကျုပ်ကို စောင့်နေစရာ မလိုပါဘူး… ဆက်လုပ်ကြပါ… ကျုပ်တို့မှာ အချိန်သိပ်မရှိဘူး…”
လုံချန် က ပြောလိုက်သည်။
“နင် ဘာပြောလိုက်တာလဲ…”
မိန်းမပျိုသည် လုံချန် ၏ စကားကို နားမလည်ဘဲ ကျယ်လောင်စွာ အော်မေးလိုက်သည်။
“ငါ မင်းနဲ့ ပြောနေတာ မဟုတ်ဘူး…”
လုံချန် က မိုယင် နှင့် အခြားသူများကို ကြည့်လိုက်သည်။ သူ့၏ စကားမှာ မိုယင် နှင့် အခြားသူများကို ပြောလိုက်ခြင်း ဖြစ်ပြီး မိုယင် နှင့် အခြားသူများသည် အံကိုကြိတ်ကာ ပလ္လင်ပေါ်သို့ တက်သွားကြပြီးနောက် ပလ္လင်၏ ရုန်းများကို အသက်သွင်းကာ မိမိတို့ မျိုးနွယ်များ၏ ပါရမီရှင်များကို ကျင့်စဉ်မှ လှုပ်နှိုးလိုက်ကြသည်။ မရေမတွက်နိုင်သော နဂါးဥများသည် နဂါးတစ်သောင်း အသိုက်၏ နံရံများဆီမှ လျောဆင်းလာကြပြီး ပိုမိုများပြားသော နဂါးမျိုးနွယ်၏ ပါရမီရှင်များ ကျင့်စဉ်မှ နိုးထလာကြသည်။ ထိုအချိန်မှာပင် လုံချန် ၏ လက်ဝါးသည် မိန်းမပျိုဆီသို့ ဝင်ရောက်သွားသည်။ ဤတစ်ကြိမ်တွင် လုံချန် သည် မည်သည့် နတ်တန်ခိုးကိုမျှ အသုံးမပြုဘဲ နဂါးသွေး စွမ်းအင်ကို တိုက်ရိုက် အသုံးပြုလိုက်ရာ ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ မိန်းမပျိုသည် သွေးတစ်ပွက်ကို “ဝေါ့”ခနဲ အန်ချလိုက်ပြီး နောက်သို့ လွင့်စင်ထွက်သွားသည်။
“လူသားကောင် မင်း သိပ်ကို မောက်မာလွန်းနေပြီ…”
လုံချန် သည် ထိုနဂါးမျိုးနွယ်မှ ကျင့်ကြံသူ မိန်းမပျိုကို တိုက်ခိုက်လိုက်ပြီးနောက် လူသုံးဦးသည် တစ်ချိန်တည်းမှာပင် လုံချန် ထံသို့ ပြေးဝင်တိုက်ခိုက်လာကြသည်။
“ဒီလောက်ကလေးကို မောက်မာတယ်လို့ မင်းတို့က ထင်တယ်ဆိုရင် သိပ်ကို ဗဟုသုတ နည်းလို့ပဲ… အခွင့်အခါ သင့်တဲ့အခါ တကယ်မောက်မာတာက ဘယ်လိုမျိုးလဲဆိုတာ ငါ မင်းတို့ကို ပြဦးမယ်…”
“အုန်း… အုန်း… အုန်း…”
လုံချန် သည် လက်သီးကို သုံးချက်ဆင့်ထိုးချလိုက်ရာ နဂါးမျိုးနွယ်ကျင့်ကြံသူ သုံးဦးစလုံးသည် နောက်ကို တဖုန်းဖုန်း လွင့်စင်ထွက်သွားကြသည်။ ဤ နဂါးမျိုးနွယ်၏ ပါရမီရှင်များသည် ယခုမှ နိုးထကာစဖြစ်၍ နဂါးသွေးများမှာ လှုပ်ရှားမှု နှေးကွေးနေဆဲ ဖြစ်သောကြောင့် စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်ခြင်း မရှိဘဲ ပုံမှန်စွမ်းအား၏ ငါးဆယ်ရာခိုင်နှုန်း ခန့်သာရှိရာ လုံချန် ၏ တိုက်ခိုက်မှု၏ မည်သို့မျှ ခုခံနိုင်ခြင်း မရှိပေ။ သို့သော် ပိုမိုများပြားသော ပါရမီရှင်များ နိုးထလာသည်နှင့်အမျှ သူတို့၏ စွမ်းအားသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန် လာကြပြီး တိုက်ခိုက်လာကြသော ကျင့်ကြံသူများမှာလည်း ပိုမိုအားကောင်းလာကာ စွမ်းအားမှာ ပိုမိုကြောက်မက်ဖွယ် ကောင်းလာကြသည်။ သို့သော် သူတို့ မည်မျှပင် စွမ်းအားကြီးမားသည် ဖြစ်စေ လုံချန် ၏ တိုက်ခိုက်မှု တစ်ခုကိုပင် ခုခံနိုင်ခြင်း မရှိကြပေ။ လုံချန် သည် ကလေးများကို အနိုင်ကျင့်သကဲ့သို့ နဂါးမျိုးနွယ် ၏ ပါရမီရှင်များကို တိုက်ခိုက်လျက်ရှိစဉ် အလွန်အေးစက်သော အရှိန်အဝါကြီး တစ်ခု ပေါ်ထွက်လာပြီး တစ်ချိန်တည်းမှာပင် အေးစက်သော လေသံတစ်ခု ထွက်ပေါ်လာသည်။
“မောက်မာတဲ့ လူသားကောင်… မင်းရဲ့ မောက်မာထောင်လွှားမှုက ဒီနေရာမှာတင် အဆုံးသတ်သွားပြီ…”
***