ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး တစ်ကိုယ်လုံး မည်းနက်သော အကြေးခွံများ ဖုံးလွှမ်းလျက်ရှိကာ မျက်လုံးများသည် ကြယ်ပွင့်များကဲ့သို့ တဖျတ်ဖျတ် တောက်ပနေသည့် သူတစ်ဦးသည် လုံချန် ထံသို့ လျှောက်လှမ်းလာသည်။ သူထွက်လာသည်နှင့် မိုယင် နှင့် အခြားသူများမှာ ရင်များတဒိန်းဒိန်း ခုန်ပေါက်ကုန်ကြသည်။
“မော့ယန်…. ဒဏ္ဍာရီထဲက ပါရမီရှင်ပါလား… ဘုရားရေ တကယ်သူပဲကို… ဒါ သမိုင်းစာအုပ်တွေထဲမှာတောင် ပါတဲ့သူပဲ… ကိုယ်ပိုင်နတ်တန်ခိုး သုံးမျိုးကို တီထွင်နိုင်ခဲ့ပြီးတော့ နဂါးနက်မျိုးနွယ်တွေရဲ့ ဂုဏ်ပြုစာရင်းမှာ ထည့်သွင်းခံရတဲ့ ခေတ်တစ်ခေတ်ရဲ့ ထိပ်သီးပါရမီရှင်… သူတောင်ပြန်နိုးထလာတာလား….”
ကျင့်ကြံသူ တစ်ဦးက အံ့အားတကြီး အော်ဟစ်လိုက်ရာ ထိုသူ၏ နောက်ကြောင်းကို သိရှိထားကြောင်း ထင်ရှားသည်။ အများစုမှာ သူ့၏ နောက်ကြောင်းကို မသိကြသော်လည်း သူ့၏ အမည်ကို ကြားရသောအခါ အားလုံးသည် အံ့ဩတုန်လှုပ်သော အမူအရာများ ဖြစ်ကုန်ကြသည်။ မော့ယန် သည် နဂါးနက်မျိုးနွယ်၏ ရှေးခေတ်မှ ထိပ်သီးကျင့်ကြံသူ တစ်ဦးဖြစ်သည်။ သူသည် အလွန်ပါရမီ ထူးချွန်သူ ဖြစ်ပြီး အဆင့်တူများကို အပြတ်အသတ် အနိုင်ယူခဲ့ကာ ငယ်ရွယ်စဉ်မှာပင် နဂါးနက်မျိုးနွယ်စု တစ်ခုလုံးကို အုပ်ချုပ်ပြီး နဂါးနက်မျိုးနွယ် သမိုင်းတွင် အသက်အငယ်ဆုံး မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာခဲ့သည်။ သူကိုယ်တိုင် တီထွင်ခဲ့သော နဂါးနက် မှော်တန်ခိုး ပညာသည် ယခုအချိန်ထိ နဂါးနက်မျိုးနွယ် ကျင့်ကြံသူပေါင်း များစွာက လေ့လာနေကြရဆဲ ဖြစ်ပြီး လက်ရှိ နဂါးနက်မျိုးနွယ် ခေါင်းဆောင် မိုယင် သည်ပင် ထိုနတ်တန်ခိုး ပညာမှ အကျိုးအမြတ် များစွာကို ခံစားခဲ့ရပေသည်။ မိုယင် သည် မော့ယန် ကို မြင်သောအခါ စိတ်လှုပ်ရှားသွားသည်။ ထိုသူမှာ နဂါးနက်မျိုးနွယ်၏ သမိုင်းတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ မော့ယန် ပေါ်ထွက်လာသည်နှင့် ပတ်ဝန်းကျင်သည် အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ သူ့၏ ကျော်ကြားမှုသည် အလွန်ကြီးမားပြီး သမိုင်းတွင် ဂုဏ်ပြုကာ မှတ်တမ်းတင်ခံရသူ ဖြစ်သည်။ မော့ယန် သည် လူအုပ်ကြားမှ ထွက်လာသောအခါ အားလုံးသည် ဘေးကပ်ကာ လမ်းဖယ်ပေးလိုက်ကြသည်။ သို့သော် လူအုပ်၏ နက်ရှိုင်းသော နေရာတွင် အချို့သော သူများသည် မော့ယန် ကို ကြည့်ကာ မျက်လုံးများထဲတွင် နတ်အလင်းတန်းများ လင်းလက်တောက်ပနေကြပြီး တိုက်ခိုက်လိုစိတ်များ ရုန်းကြွနေကြ၏။ သို့သော် သူတို့သည် အသံမထွက်ဘဲ တိတ်ဆိတ်စွာ ကြည့်နေရန်သာ ရွေးချယ်လိုက်ကြသည်။ မော့ယန် သည် လုံချန် ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။ သူ့ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း နဂါးတစ်သောင်း အသိုက်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါနေသည်။ သူ့၏ အရှိန်အဝါသည် လျင်မြန်စွာ မြင့်တက်လာပြီး အလွန်ပြင်းထန်သော နဂါးအရှိန်အဝါသည် ပင်လယ် ဒီရေလှိုင်းကြီးများကဲ့သို့ ပတ်ဝန်းကျင် အနှံ့အပြားကို အဆက်မပြတ် ပြန့်ကားထွက်နေသည်။ မော့ယန် ကို ကြည့်ရင်း လုံချန် ၏ မျက်နှာသည် တဖြည်းဖြည်း လေးနက်လာသည်။ ထိုသူမှာ အလွန်စွမ်းအား ကြီးမားသူ ဖြစ်သည်ကို သူ ကောင်းစွာသိသည်။ လုံချန် အဖို့ အဆင့်တူ ကျင့်ကြံသူ တစ်ဦး၏ ရှေ့တွင် ဤမျှ ကြီးမားသော ဖိအားကို ခံစားရသည်မှာ ယခုက ပထမဦးဆုံး အကြိမ်ဖြစ်သည်။ နဂါးတစ်သောင်း အသိုက်သည် အဆက်မပြတ် တုန်ခါနေ၏။ သူ့၏ အရှိန်အဝါမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး နဂါးအင်ပါယာခြေချအဆင့် မျိုးနွယ်စု ခေါင်းဆောင် များသည်ပင် မင်သက်အံ့ဩနေကြသည်။
“ဒဏ္ဍာရီထဲမှာ လာတဲ့အတိုင်းပဲ… သူ့စွမ်းအားက တော်တော်ကြောက်စရာ ကောင်းတာပဲ…”
မရေမတွက်နိုင်သော နဂါးမျိုးနွယ်၏ ထိပ်သီးပါရမီရှင်များသည် မော့ယန် ကို ကြည့်ကာ သူတို့၏ မျက်လုံးများထဲတွင် လေးစား အားကျမှုများဖြင့် ပြည့်နှက်နေကြသည်။ ထိုသူများမှာလည်း ခေတ်တစ်ခေတ်၏ ထိပ်သီးပါရမီရှင်များ ဖြစ်ပြီး ပြိုင်ဘက်ကင်းခဲ့ကြသော်လည်း ယင်းသည် သူတို့အား မော့ယန် အပေါ် လေးစားအားကျကြမှု များကိုတော့ တားဆီးနိုင်ခြင်း မရှိပေ။ ဤသည်မှာ နဂါးမျိုးနွယ်များ၏ ခွန်အားအပေါ် အစွန်ဆုံးသော လေးစားမှုပင် ဖြစ်သည်။ မိမိ၏ စွမ်းအားသည် လုံလောက်စွာ ကြီးမားလျှင် သူတို့၏ လေးစားမှု နှင့် ယုံကြည်မှုကို ရရှိမည်ဖြစ်ပြီး မိမိ၏ လက်အောက်သို့ ဝင်ရောက်ရန်ပင် ဆန္ဒရှိကြမည် ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် အကြိမ်ရာနှင့်ချီ သေဆုံးရစေကာမူ နောင်တလည်း ရကြမည် မဟုတ်ပေ။ မော့ယန် သည် လုံချန် ရှေ့သို့ ရောက်ရှိလာပြီး သူ့ကိုကြည့်ကာ ပြောလိုက်သည်။
“လူသားကောင်လေး မင်းက စွမ်းအားတော်တော်ကြီးတာပဲ… ငါကျင့်စဉ်ဝင်နေတာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ… ငါကျင့်စဉ် စဝင်တဲ့ အချိန်တုန်းက လူသားမျိုးနွယ်ဟာ လုံးဝကျဆုံးနေပြီး မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့တောင် ရင်ဆိုင်နေခဲ့ရတယ်… ဒီလောက်နှစ်တွေ ကြာသွားပြီးတဲ့နောက်မှာ လူသားမျိုးနွယ်မှာ မင်းလိုမျိုး စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး… အံ့ဩစရာပဲ…”
မော့ယန် သည် ယခုမှ နိုးထလာသော်လည်း နဂါးမျိုးနွယ် ဖြစ်သောကြောင့် အချိန်ကာလကို အာရုံခံနိုင်စွမ်း ရှိသည်။ သူမည်မျှကြာအောင် ကျင့်စဉ်ဝင်နေခဲ့သည်ကို သူသည် အကြမ်းဖျင်း သိရှိထားသည်။ မော့ယန် ၏ စွမ်းအား ကြီးမားမှုတွင် သူ့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသာမက၊ ထက်မြက်သော အာရုံခံနိုင်စွမ်းနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းလည်း ပါဝင်သည်။ သို့မဟုတ်လျှင် သူသည် နဂါးနက်မျိုးနွယ်များ၏ သမိုင်းတွင် အသက်အငယ်ဆုံး မျိုးနွယ်စု ခေါင်းဆောင် တစ်ဦး ဖြစ်လာမည် မဟုတ်ပေ။ လုံချန် သည် အရှိန်အဝါကို ထုတ်ဖော်ထားခြင်း မရှိသော်လည်း သူသည် လုံချန် ၏ မျက်လုံးများထဲမှ အရာအားလုံးကို အာရုံခံမိနေသည်။ သူသည် တမင်တကာ အရှိန်အဝါကို ထုတ်လွှတ်ကာ လူများကို ခြောက်လှန့်နေခြင်း မဟုတ်ပေ။ အရှိန်အဝါဖြင့် လုံချန် ကို စမ်းသပ်နေခြင်းလည်း မဟုတ်ဘဲ ယခုမှ ကျင့်စဉ်မှ ထကာစ ဖြစ်သောကြောင့် ခန္ဓာကိုယ် အတွင်းရှိ ဆီးလ်များသည် တစ်ခုပြီးတစ်ခု ပွင့်ထွက်လာပြီး ထိန်းချုပ်မရ ဖြစ်နေခြင်းသာ ဖြစ်သည်။
“မင်းကို ကြည့်ရတာလဲ မဆိုးပါဘူး… ဒါပေမဲ့ မင်းနဲ့ပတ်သက်ပြီး ငါ အံ့အားအသင့်ရဆုံးက မင်းက သူတို့ထက် စဉ်းစားဉာဏ် အများကြီး ပိုရှိတာပဲ…”
လုံချန်က မော့ယန် ကို ကြည့်ကာ ခေါင်းညိတ်ပြောလိုက်သည်။ ဤမော့ယန် သည် စွမ်းအားကြီးမားရုံသာမက စဉ်းစားဉာဏ်လည်း ရှိသည်။ ယခင်က လုံချန် သည် ထိုနဂါးမျိုးနွယ် ကျင့်ကြံသူများကို ရင်ဆိုင် တိုက်ခိုက်နေခဲ့သော်လည်း သူ့၏ နတ်အသိကို ပတ်ဝန်းကျင် အနှံ့အပြားသို့ ဖြန့်ကျက်ထားခဲ့သည်။ နဂါးကမ္ဘာ၏ အခြေခံအုတ်မြစ်သည် အလွန်ကြောက်မက်ဖွယ် ကောင်းသည်ဟု သူဝန်ခံရသည်။ သောင်းနှင့်ချီသော ပါရမီရှင်များထဲတွင် သူ့ကို ခြိမ်းခြောက်နိုင်သောသူ များစွာ ရှိနေသည်။ သို့သော် ခြိမ်းခြောက်မှု အကြီးမားဆုံးဖြစ်သော မော့ယန် ကဲ့သို့ ခေတ်တစ်ခေတ်၏ ထိပ်သီးပါရမီရှင်မှာ ဆယ်ဦးကျော်ပင် ရှိနေသည်ဖြစ်ရာ ဤသည်မှာ အနည်းငယ် ကြောက်စရာကောင်းသည်ဟု ဆိုနိုင်သည်။ သို့သော် မော့ယန် သည် စွမ်းအားကြီးမားရုံသာမက တည်ငြိမ်အေးဆေးပြီး၊ ဒေါသ၊ ဝမ်းသာရွှင်ပျမှုတို့ကို မျက်နှာတွင် ထပ်ဟပ်စေခြင်း မရှိဘဲ ဧကရာဇ် တစ်ပါး၏ အရှိန်အဝါမျိုး ရှိနေသည်။ သို့သော် လုံချန် ၏ ဤစကားသည် နဂါးမျိုးနွယ်၏ ပါရမီရှင်များ အားလုံးကို ယမ်းပုံမီးကျ ဖြစ်သွားစေပြီး နဂါးမျိုးနွယ် ကျင့်ကြံသူ တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ခေါင်းဆောင်မော့ယန် သူ့ကို သတ်ပစ်လိုက်ပါ… နိမ့်ကျတဲ့ လူသားတစ်ယောက်က ကြီးမြတ်တဲ့ နဂါးမျိုးနွယ်တွေကို အထင်သေးရဲတယ် ဟုတ်လား…”
“အမှန်ပဲ… သူ့ကို သတ်ပစ်လိုက်ပါ…. လူသားမျိုးနွယ် ကျင့်ကြံသူ တစ်ယောက်က နဂါးမျိုးနွယ်တွေကို ဒီလို ရိုင်းပြခွင့် မရှိဘူး..”
“သူ့ကို မသတ်လည်း ရပါတယ်… ဒါပေမဲ့ နဂါးမျိုးနွယ်တွေကို ဒူးထောက်ပြီး အကြိမ်သုံးထောင် ရှိခိုးကန်တော့ရမယ်… ဒါမှ ကျုပ်တို့ သူ့ကို ခွင့်လွှတ်ပေးနိုင်မယ်…”
မော့ယန် သည် ဧကရာဇ် အရှိန်အဝါ ရှိသည်ဟု ဆိုရမည်။ ပေါ်လာသည်နှင့် လေးစားကြည်ညိုသူ များစွာကို သိမ်းပိုက်ရရှိသွားသည်။ အနည်းဆုံး ဤနေရာရှိ ကျင့်ကြံသူ ထက်ဝက်ခန့်မှာ သူ့၏ အမိန့်ကိုသာ နာခံမည့်ပုံပေါ်ပြီး လွှမ်းမိုးမှုမှာ အလွန်ကြီးမားသည်။ မော့ယန် က သူ့လက်ကို ဝှေ့ရမ်းလိုက်လျှင် လူအုပ်ကြီးသည် ချက်ခြင်း တိတ်ကျသွားသည်။ မော့ယန် သည် မျိုးနွယ်စု ခေါင်းဆောင်များကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ့၏ အကြည့်မှာ မိုယင် အပေါ်တွင် ရပ်တန့်သွားပြီး မေးလိုက်သည်။
“နဂါးကမ္ဘာမှာ ဘာတွေဖြစ်နေတာလဲ…”
မိုယင် ၏ မျက်နှာသည် “ဖြန်း”ခနဲ နီရဲသွားပြီး တစ်ခဏမျှ မည်သို့ ပြောရမည်မသိ ဖြစ်သွားသည်။ မော့ယန် သည် ကောင်းကင်သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်ပြီး သူမသည် လက်ရှိ နဂါးနက်မျိုးနွယ်၏ မျိုးနွယ်စု ခေါင်းဆောင် ဖြစ်သည်။ သို့သော် မော့ယန် သည် သူမ၏ ဘိုးဘေးနှင့် ခေတ်တစ်ခေတ်တည်းတွင် မွေးဖွားခဲ့သူ ဖြစ်ရာ သူမ မည်သို့ပြောရမည်ကို မသိဖြစ်နေသည်။ လုံချန် က ပြောလိုက်သည်။
“ကျုပ်ကပဲ ပြောမယ်… အခုအချိန်မှာ နဂါးကမ္ဘာဟာ ကြီးမားတဲ့ အကျပ်အတည်းကြီး တစ်ခုရဲ့ ကြားထဲမှာ ရောက်နေတယ်… မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်တောင် ရှိတယ်…”
“ဘာ…”
လုံချန် ၏ ဤစကားတစ်ခွန်းသည် ထိုကျင့်ကြံသူများကို အံ့ဩဒေါသထွက်သွားစေပြီး သူတို့၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားကြသည်။
“ဒါ တကယ်ပဲလား…”
မော့ယန် မျက်နှာ “ကွက်”ခနဲ ပျက်သွားပြီး မိုယင် ကို ကြည့်လိုက်သည်။ မိုယင် က ခေါင်းညိတ်ပြလိုက်သည်။ နဂါးမျိုးနွယ် ကျင့်ကြံသူများကြား အကြီးအကျယ် ပွက်လောရိုက်သွား၏။
“ဒါဘယ်သူလုပ်တာလဲ… ဘယ်သူ့လက်ချက်လဲ… နဂါးမျိုးနွယ်တွေကို အခုလို အခြေအနေဖြစ်အောင် ဘယ်သူ ကြံစည်ခဲ့တာလဲ… အဲဒီလို လုပ်ခဲ့တဲ့ ကောင်တွေကို တစ်စစီဖြစ်အောင် ကျုပ်တို့ လုပ်ပစ်မယ်…”
“ဘယ်သူက ကျုပ်တို့ နဂါးကမ္ဘာကို ရန်ပြုရဲလဲဆိုတာ ကျုပ် ကြည့်ချင်တယ်…”
နဂါးကမ္ဘာ၏ ပါရမီရှင်များ ချက်ခြင်း ယမ်းပုံမီးကျဖြစ်ကာ ဒေါသတကြီး အော်ဟစ်ပြီး အပြင်သို့ ပြေးထွက် တိုက်ခိုက်ရန် ကြိုးစားလိုက်ကြသည်။
“အားလုံး တိတ်ကြစမ်း…”
မော့ယန် က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူကိုယ်တိုင်ပင် အခြေအနေကို မထိန်းချုပ်နိုင်တော့ပေ။ အချို့ နဂါးမျိုးနွယ် ကျင့်ကြံသူများသည် အလွန် မာနကြီးကြပြီး သူတို့သည် မော့ယန် ၏ ပြိုင်ဘက်မဟုတ်ကြောင်း သိသော်လည်း သူ့ထံတွင် ဦးညွှတ်ရန် ဆန္ဒမရှိကြပေ။
“မော့ယန် မင်းက စွမ်းအားကြီးတာ မှန်ပေမယ့် ငါတို့ နဂါးကမ္ဘာရဲ့ အရှင်သခင် မဟုတ်ဘူး… ငါတို့ကို အမိန့်ပေးပိုင်ခွင့် မရှိဘူး… ငါတို့ အခုပဲ အပြင်ထွက်ကြမယ်… ဘယ်သူက ငါတို့ နဂါးကမ္ဘာကို ရန်ပြုရဲလဲဆိုတာ ကြည့်ရမယ်…”
နဂါးမျိုးနွယ် ကျင့်ကြံသူ တစ်ဦးက အေးစက်စွာ ပြောလိုက်သည်။
“မှန်တယ်… နဂါးကမ္ဘာ အခက်အခဲတစ်ခု ကြုံနေမှတော့ ပြိုင်ပွဲတစ်ခု လုပ်ကြတာပေါ့… ဘယ်သူက ဒီပြိုင်ပွဲကို ဖြေရှင်းနိုင်မလဲ… အဲဒီသူက နဂါးကမ္ဘာရဲ့ ဧကရာဇ် ပဲပေါ့…”
“ဒီစကားအမှန်ပဲ… ဘယ်သူ့မှာ အစွမ်းအဆရှိလဲ… အစွမ်းအဆရှိတဲ့သူက အစွမ်းအဆကို ထုတ်ပြရုံပဲပေါ့…”
“ဘယ်သူက နဂါးကမ္ဘာရဲ့ ကံကြမ္မာကို ရရှိပြီးတော့ နဂါးကမ္ဘာရဲ့ အုပ်စိုးသူ အရှင်သခင် အသစ်ဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့…”
တစ်ခဏအတွင်း ပိုမိုများပြားလာသော ကျင့်ကြံသူများသည် ဒေါသတကြီး အော်ဟစ်လာကြပြီး အခြေအနေမှာ ပို၍ ရှုပ်ထွေးလာသည်။ သူတို့၏ အော်ဟစ်သံများကို ကြားသောအခါ မိုယင်၊ ရှဲ့ချန်ကျုံး၊ ချီယွဲ့ တို့၏ နှလုံးသားများမှာ တဖြည်းဖြည်း တင်းကျပ်သွားကြသည်။ သူတို့ စိုးရိမ်နေသော အရာမှာ နောက်ဆုံးတွင် ဖြစ်ပွားလာခဲ့ပြီ ဖြစ်သည်။ ဤပါရမီရှင်များအနက်မှ အများစုမှာ သူတို့၏ ဘိုးဘေးများဖြစ်ကြပြီး သူတို့၏ မျိုးနွယ်စု ခေါင်းဆောင်များမှာလည်း သူတို့အပေါ် ထိန်းချုပ်နိုင်မှု အလွန်နည်းပါးသည်။ အခြေအနေသည် ထိန်းချုပ်မရ ဖြစ်သွားပါက အကျိုးဆက်မှာ မတွေးဝံ့စရာပင် ဖြစ်သည်။ အခြေအနေ အလွန် ရှုပ်ထွေးနေသည်ကို မြင်သောအခါ မော့ယန် ၏ မျက်နှာသည် မည်းနက်သွားသည်။ သူက တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်စဉ် လုံချန် က ဦးစွာ စကားစလိုက်သည်။
“နဂါးမျိုးနွယ်တွေက ဉာဏ်တော်တော် မရှိတာပဲ…”
သူ့၏ အသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း နဂါးမျိုးနွယ် ကျင့်ကြံသူ တစ်ဦးစီ၏ နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်သွားသည်။ ထိုအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် လုံးဝတိတ်ကျသွားပြီး နဂါးမျိုးနွယ်၏ ကျင့်ကြံသူများ အားလုံးသည် လုံချန် ကို အစိမ်းလိုက် ဝါးစားတော့မည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
***