“မင်းဘာစကား ပြောလိုက်တာလဲ…”
လုံချန် ၏ စကားများသည် နဂါးမျိုးနွယ်မှ ကျင့်ကြံသူများ အားလုံးကို အကြီးအကျယ် ယမ်းပုံမီးကျ ဖြစ်သွားစေသည်။ သူတို့အားလုံးသည် ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြပြီး လူသားတစ်ယောက် ဖြစ်သော လုံချန် ကို မဆိုထားနှင့် မိုယင်ကဲ့သို့သော မျိုးနွယ်စု ခေါင်းဆောင် တစ်ဦးကပင်လျှင် သူတို့ကို အလေးထား ဆက်ဆံရသည်။ ယခုမူ ဤလူသားက နဂါးမျိုးနွယ်စုဝင် အားလုံးကို အသုံးမကျသူများဟု ဆိုလိုက်သည်။ ဤသည်မှာ အရှင်းလင်းဆုံးသော ရန်စမှုတစ်ခု ဖြစ်ပြီး သူတို့၏ အားနည်းချက်ကို တိုက်ရိုက်ပင် ထိမှန်သွား၏။ ပတ်ဝန်းကျင်သည် တဒင်္ဂအတွင်း တိတ်ဆိတ်သွားပြီး အားလုံးသည် လုံချန် ထံသို့ တဖြည်းဖြည်း ချဉ်းကပ်ဝင်ရောက်လာကြသည်။ သူတို့ တစ်ဦးချင်းစီ၏ သတ်ဖြတ်ခြင်း အသိများသည် အလွန်သိပ်သည်းနေကြသည်။ မိုယင် နှင့် အခြားသူများမှာ ရင်များ တဒိန်းဒိန်း ခုန်ပေါက်နေကြသည်။ လုံချန် သည် ဤနည်းလမ်းကို အသုံးပြု၍ သူတို့၏ အာရုံစိုက်မှုကို ရယူကာ ငြင်းခုံနေခြင်းကို ရပ်တန့်စေလိုမှန်း သူမ သိသော်လည်း ယခုမူ လုံချန် က အားလုံးကို တစ်ပြိုင်နက် ရန်စလိုက်သဖြင့် အားလုံး၏ ဒေါသသည် သူ့ထံသို့ စုပြုံ ကျရောက်လာခဲ့ပြီ ဖြစ်ရာ အသက်အန္တရာယ်ပင် စိုးရိမ်ရသည့် အခြေအနေကို ရောက်ရှိသွားပြီ ဖြစ်သည်။
“မင်းတို့ကို အသုံးမကျဘူးလို့ ပြောတာကို လက်မခံချင်ဘူးပေါ့ ဟုတ်လား… ရန်သူက ဘယ်သူဆိုတာလဲ ကိုတောင် သဲသဲကွဲကွဲ မသိဘဲ ခွေးရူးတွေလို ဟောင်လိုက် ကိုက်လိုက်ပဲ လုပ်နေကြတယ်… နဂါးမျိုးနွယ်စုတွေရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ… တစ်ကြိမ်တစ်ခါမှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိတဲ့ ပါရမီရှင်တွေ ဟုတ်လား… မင်းတို့ရဲ့ အခုပုံစံကို မင်းတို့ ပြန်ကြည့်လိုက်စမ်း… ကောင်းကင်က ချီးမြှင့်တဲ့ ပါရမီရှင်ဆိုတဲ့ စကားနဲ့ကော ထိုက်တန်ရဲ့လား…”
လုံချန်က လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။ လုံချန် ၏ ထိုစကားက ဤနေရာရှိ နဂါးမျိုးနွယ်ဝင် ပါရမီရှင်များ အားလုံးကို မျက်နှာများ အကြီးအကျယ် ပျက်ယွင်းသွားစေသည်။ တဒင်္ဂအတွင်း အခြေအနေ တစ်ခုလုံးသည် အကြီးအကျယ် ရှုပ်ထွေးသွားသည်။
“ဒါက နဂါးမျိုးနွယ်တွေရဲ့ နေရာ… နဂါးမျိုးနွယ်စုတွေရဲ့ ကိစ္စကို မင်းလို နိမ့်ကျတဲ့ လူသားတစ်ယောက်က ဝင်စွက်ဖက်စရာလား… ငါတို့ကို ရယ်ရလွန်းလို့ သေအောင် လုပ်နေတာလား…”
နဂါးမျိုးနွယ်မှ ကျင့်ကြံသူ တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ငါက မင်းတို့ကို အုပ်ချုပ်ချင်တယ် ဆိုရင်တောင် မင်းတို့ဆီမှာ အဲဒီအရည်အချင်း ရှိမှ ဖြစ်မှာပေါ့… လက်မခံဘူးလား… လက်မခံနိုင်ရင် အရှင်းဆုံးပဲ… ထွက်လာပြီး တိုက်ခိုက်ကြတာပေါ့… တစ်ယောက်ချင်း တိုက်ခိုက်တာပဲဖြစ်ဖြစ်… အားလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်တာပဲ ဖြစ်ဖြစ်… ကျုပ် လုံချန် က ဘယ်အရာကိုမဆို လက်ခံတယ်…”
လုံချန် သည် လက်နှစ်ဖက်ကို နောက်သို့ ပစ်လျက် မောက်မာသည့် အမူအယာဖြင့် ရပ်နေသည်။ သူ့အနီးသို့ ချဉ်းကပ်လာသော နဂါးမျိုးနွယ်ဝင် ကျင့်ကြံသူများ အားလုံး ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်ကုန်ကြသည်။ သို့သော် သူတို့သည် နဂါးမျိုးနွယ်စု၏ ပါရမီရှင်များ ဖြစ်ကြပြီး တစ်ဦးချင်းစီသည် မာနကြီးကြသူများ ဖြစ်သည်။ သူတို့သည် မည်ကဲ့သို့ အများနှင့်တစ်ယောက် တိုက်ခိုက်သည့် ပုံစံမျိုးဖြင့် လူသားတစ်ယောက်ကို ဝိုင်းကာ တိုက်ခိုက်နိုင်မည်နည်း။ ဤသတင်းသာ အပြင်လောကသို့ ပျံ့နှံ့သွားပါက အများတံတွေးခွက်၌ ပက်လက်မျောရကိန်း ဆိုက်သွားချေမည်။ မိုယင် သည် ထိုအခြေအနေကို မြင်သောအခါ စိုးရိမ်နေသော သူမ၏ ရင်သည် အနည်းငယ် သက်သာရာ ရသွားသည်။ လုံချန် ၏ ဉာဏ်ပညာကို သူမ အံ့ဩချီးကျူးမိလိုက်၏။ လုံချန် ၏ ဤစကားတစ်ခွန်းကြောင့် နဂါးမျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ အကျပ်ရိုက်သွားခဲ့ပြီး အနည်းဆုံးတော့ တစ်ပြိုင်နက်တည်း ဝိုင်းရံတိုက်ခိုက်ခြင်းကို ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။
“ကောင်းကင်က ဘယ်လောက်မြင့်လဲဆိုတာကို မသိတဲ့ ရေတွင်းထဲက ဖားလိုကောင်… မင်းသတ္တိရှိရင် ငါနဲ့တိုက်ခိုက်စမ်း…”
ထိုအချိန်တွင် နဂါးမျိုးနွယ်စုမှ ကျင့်ကြံသူ တစ်ဦးသည် ဒေါသတကြီး အော်ဟစ်လျက် ရှေ့ထွက်လာသည်။
“ခဏစောင့်ဦး…”
လုံချန် က လက်ကာပြလိုက်သည်။
“ဘာလဲ မင်းကြောက်သွားပြီလဲ…”
ထိုနဂါးမျိုးနွယ်စုဝင် ကျင့်ကြံသူက အေးစက်စွာ ပြုံးလိုက်သည်။
“မင်းကြည့်ရတာ အသက်ကြီးနေပြီပဲ… ဒီလောက် ကလေးကုလားဆန်တဲ့ စကားတွေကို ပြောနေသေးတုန်းပဲလား… စမတိုက်ခိုက်ခင်မှာ အချို့စကားတွေကို အရင် ရှင်းရှင်းလင်းလင်း ပြောထားရမယ်… မင်းတို့ ငါနဲ့ တိုက်ခိုက်မှာက တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်မှာလား… တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်မယ်ဆိုရင်တောင် ငါ နည်းလမ်းတစ်ခု သိထားဖို့လို့တယ်… ဥပမာ မင်းတို့က ဆယ်ယောက်စီ တိုက်မှာလား… အယောက်တစ်ရာစီ တိုက်မှာလား… ဒါမှမဟုတ် ဒီနေရာမှာ ရှိတဲ့သူတိုင်း တစ်ယောက်တစ်လှည့်စီ တိုက်မှာလား… တိုက်ခိုက်မယ်ဆိုရင် ရှုံးနိမ့်မှု ရှိသလို… အနိုင်ရတာလည်း ရှိတယ်… ရှုံးရှုံးနိုင်နိုင် အကျိုးဆက်တစ်ခုတော့ ရှိရမှာပေါ့… ငါ လုံချန် ရှုံးသွားရင် ငါ့အသက်ကို မင်းတို့ကို ပေးမယ်… ဒါပေမဲ့ မင်းတို့ ရှုံးသွားရင်တော့ ငါ့အမိန့်ကို နာခံပြီး နဂါးကမ္ဘာရဲ့ ဒီအကျပ်အတည်းကို အတူတကွ ဖြေရှင်းဖို့ ဆန္ဒရှိကြလား…”
လုံချန် ၏ စကားတစ်ခွန်းသည် ထိုသူကို မျက်နှာမသိမသာ ပျက်သွားစေပြီး ရင်ထဲ၌လည်း တုန်လှုပ်သွားမိသည်။ လုံချန် သည် ယခင်က တိုက်ခိုက်ခဲ့ရာတွင် တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ခဲ့ခြင်း မရှိသဖြင့် သူ့၏ စွမ်းအားနှင့် ပတ်သက်လျှင် သံသယ ဖြစ်ဖွယ်ရာ အကြောင်းမရှိပေ။ အချို့သူများက သူ့ကို လက်မခံ ကြသော်လည်း သူ့ကို အနိုင်ရမည်ဟု အာမမခံဝံ့ကြပေ။ အကယ်၍ ရှုံးနိမ့်သွားပါက လူသားတစ်ဦး၏ အမိန့်ကို နာခံရမည်ဆိုလျှင် ထိုသူသည် တစ်သက်တာ အရှက်ရဖွယ်ရာ ဖြစ်လာမည် ဖြစ်ပြီး အကျိုးဆက်မှာ ကြီးမားလွန်းလှသည်။ လုံချန် က ထိုသူ တွေဝေသွားသည်ကို မြင်သောအခါ သူ့မျက်နှာထက်တွင် လှောင်ပြောင်သည့် အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာပြီး ပြောလိုက်သည်။
“ဘာလဲ အာမမခံရဲဘူးလား… ဆယ်ယောက် တစ်ယောက်ကိုတောင် မင်းတို့ အာမ မခံရဲကြဘူးလား… ဒါဆို တစ်ရာနဲ့ တစ်ယောက် ဆိုရင်ကော… ဒီထက်ပိုများလည်း ကိစ္စမရှိဘူး… လူသားမျိုးနွယ်ထဲမှာ ငါက နာမည်နည်းနည်းကြီးတယ် ဆိုတော့ ဘယ်လို စိန်ခေါ်မှုမျိုးကိုမဆို လက်ခံနိုင်ပါတယ်…”
“မင်း…”
လုံချန် ၏ စကားကြောင့် နဂါးမျိုးနွယ်မှ ပါရမီရှင်များ အားလုံး အကြီးအကျယ် ဒေါသထွက်ကုန်ကြသည်။ သူ့၏ စကားများသည် မောက်မာပြီး ဒေါသထွက်စရာ အလွန်ကောင်းလှသည်။ အထူးသဖြင့် နာမည်အနည်းငယ် ကြီးသည် ဆိုသည့် စကားစုသည် သူတို့ကို အကြီးမားဆုံး အရှက်ခွဲပစ်ခြင်းပင် ဖြစ်သည်။ သူတို့ တစ်ဦးချင်းစီသည် နဂါးမျိုးနွယ်စုတွင် နာမည်ကျော်ကြားသော ပါရမီရှင်များ ဖြစ်ကြပြီး ထိုသို့သာ မဟုတ်ပါက နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်စဉ်ဝင်နေနိုင်သည့် အရည်အချင်းပင် ရှိမည် မဟုတ်ပေ။ နာမည်အနည်းငယ် ရှိသော လူသားမျိုးနွယ်၏ ကျင့်ကြံသူ တစ်ဦးက နဂါးမျိုးနွယ်၏ ပြိုင်ဘက်ကင်း ပါရမီရှင် အုပ်စုကြီးကို စိန်ခေါ်နေပြီး ထို့အပြင် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်သည့် နည်းလမ်းဖြင့်လည်း စိန်ခေါ်နေခြင်း ဖြစ်သည်။ သူတို့ဘဝတွင် အရှက်ခွဲခြင်း နည်းလမ်းမျိုးစုံကို မြင်တွေ့ခဲ့ဖူးသော်လည်း ဤသို့ ကြောက်ခမန်းလိလိ အရှက်ခွဲခြင်း မျိုးကိုတော့ ယခုမှသာ ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဆိုသည်ကို ဝန်ခံရပေမည်။ မိုယင် နှင့် အခြားသူများမှာ လုံချန် ကို လေးစားကြည်ညို လွန်းသောကြောင့် မြေပြင်ပေါ်တွင် ထိုင်ကာ ကန်တော့ချင်စိတ်များပင် တဖွားဖွား ဖြစ်ပေါ်နေသည်။ လုံချန် ၏ အခြေအနေကို ထိန်းချုပ်နိုင်စွမ်းမှာ အပြစ်ဆိုဖွယ် မရှိအောင် ကောင်းမွန်လှပြီး နဂါးမျိုးနွယ်စုဝင် ပါရမီရှင် အုပ်စုမှာ လုံချန် ၏ လက်ထဲတွင် လုံးလုံးလျားလျား ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူတို့သည် ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေကြပြီး အားလုံးက လုံချန် နှင့် တိုက်ခိုက်ချင်ကြသော်လည်း တစ်ချိန်တည်းတွင် တိုက်ခိုက်ဝံ့ခြင်းလည်း မရှိ ဖြစ်နေကြပြန်၏။ အကြောင်းမှာ ဤတိုက်ခိုက်မှုတွင် ရှုံးနိမ့်သည်ဖြစ်စေ အနိုင်ရရှိသည်ဖြစ်စေ အများနှင့် တစ်ယောက် တိုက်ခိုက်သည့် နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်ရာ နဂါးမျိုးနွယ်၏ အရှက်နှင့် ဂုဏ်သိက္ခာကို မည်သည့်နေရာတွင် ထားရပါမည်နည်း။ နောက်ဆုံးတွင် လုံချန် ကို သတ်ဖြတ်ကာ ဤကိစ္စကို ထုတ်ဖော်မပြောဟု ဆိုလျှင်ပင် သူတို့သည် တစ်ချိန်က ခေတ်အဆက်ဆက်မှ ပါရမီရှင်များ ဖြစ်ကြပြီး ဂုဏ်သိက္ခာကို အလေးထားကြသူများ ဖြစ်သည်။ လုံချန် သည် စကားအနည်းငယ်ဖြင့် အခြေအနေကို ထိန်းချုပ်လိုက်ပြီး အားလုံး၏ အာရုံကို မိမိဆီသို့ ဦးစွာ ဆွဲယူကာ သူတို့ကို တညီတစ်ညွတ်တည်း ဖြစ်စေလျက် အတွင်းပိုင်း ပဋိပက္ခကို လျှော့ချပစ်လိုက်သည်။ ဒေါသစိတ်များ ပြေပျောက်ပြီး နောက်မှသာ တဖြည်းဖြည်း တည်ငြိမ်လာပြီး တစ်ချိန်တည်းမှာပင် စည်းလုံးလာနိုင်၍ ဖြစ်သည်။
“ကြီးမြတ်တဲ့ နဂါးမျိုးနွယ်စုက တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်တဲ့ နည်းလမ်းကို ဘယ်တော့မှ မသုံးဘူး… လူအများနဲ့ တစ်ယောက်ကိုလည်း အနိုင်မကျင့်ဘူး… ငါ မင်းနဲ့ တိုက်ခိုက်မယ်…”
ထိုအချိန်တွင် မီးတောက်မီးလျှံများ လောင်ကျွမ်းနေသော ကျင့်ကြံသူ တစ်ဦး ထွက်ပေါ်လာသည်။
“ချီဝူဖုန်း…”
ထိုသူ ထွက်ပေါ်လာသောအခါ နဂါးမျိုးနွယ်၏ ကျင့်ကြံသူ တစ်ဦးက အံ့အားတကြီး အော်ဟစ်လိုက်သည်။ ထိုသူသည် ရှေးခေတ်မှ ထိပ်သီးပါရမီရှင် တစ်ဦးဖြစ်ပြီး နဂါးနီမျိုးနွယ်စုဝင် တစ်ဦးဖြစ်သည်။ ရှေးခေတ်တွင် သူသည် အတိုင်းအဆမဲ့ မိစ္ဆာ သားရဲပေါင်း များစွာကို သတ်ဖြတ်ခဲ့ပြီး နာမည်ကျော်ကြားခဲ့ကာ ခေတ်အဆက်ဆက်ကို ခြိမ်းခြောက်နိုင်ခဲ့သည်ဟု ဆိုကြသည်။ အရေးအကြီးဆုံးမှာ သူသည် အင်ပါယာ နဂါးမီးလျှံကို ပိုင်ဆိုင်သည်ဟု ကောလဟလများ ထွက်ပေါ်နေပြီး ယင်းမှာ ဧကရာဇ် နဂါးမျိုးနွယ်စု၏ လျှို့ဝှက်ချက် ဖြစ်သည်ဟု ဆိုသည်။ အချို့သူများကမူ သူသည် နဂါးနီမျိုးနွယ်ဝင် စစ်စစ်တစ်ဦး မဟုတ်ဘဲ ဧကရာဇ် နဂါးမျိုးနွယ်၏ သွေးပါသည်ဟုပင် ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ် နဂါးမျိုးနွယ်များ၏ သွေးသာ မပါလျှင် ဧကရာဇ်နဂါးမီးလျှံကို နိုးထစေရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ချီဝူဖုန်း ထွက်လာသောအခါ နဂါးတစ်သောင်း အသိုက်၏ အပူချိန်သည် လျင်မြန်စွာ မြင့်တက်လာပြီး နဂါးမျိုးနွယ်စုများ၏ ပြိုင်ဘက်ကင်း ပါရမီရှင်များပင်လျှင် ထိုကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်းများကြောင့် အလွန်အမင်း မသက်မသာ ဖြစ်ကာ နောက်သို့ အလိုအလျောက် ဆုတ်ခွာသွားကြသည်။ ချီဝူဖုန်း ၏ ခန္ဓာကိုယ်ပေါ်တွင် မီးလျှံများ လှည့်ပတ်နေပြီး ယင်းမှ ထွက်ပေါ်နေသော ဖိအားက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသည်။ သူသည် အရှိန်အဝါကို ထုတ်လွှတ်ခြင်း မရှိသေးသော်လည်း သူ့ထံမှ လာသော အရှိန်အဝါ အနည်းငယ်သည် လူတို့၏ ဝိညာဉ်ကို တုန်လှုပ်စေနိုင်ပြီး ဤသည်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှုတစ်ခုပင် ဖြစ်သည်။
“မဖြစ်ဘူး… ချီဝူဖုန်း က စွမ်းအားကြီးတယ် ဆိုပေမယ့် မော့ယန် ထက် ပိုစွမ်းအားကြီးတယ်လို့ ငါမယုံဘူး… နဂါးမျိုးနွယ်စုက တစ်ယောက်ပဲ တိုက်ခိုက်ရမယ်ဆိုရင် မော့ယန် ပဲ ဖြစ်ရမယ်… မဟုတ်လို့ ရှုံးသွားရင် ငါတို့ လက်မခံဘူး…”
မော့ယန် ကို လေးစားသူ တစ်ဦးက ထွက်လာပြီး အော်ဟစ်လိုက်သည်။ ချီဝူဖုန်း ၏ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းသော်လည်း သူ့၏ လူကြိုက်များမှုမှာမူ မော့ယန် လောက် မြင့်မားခြင်း မရှိပေ။ ထိုသူ အော်ဟစ်လိုက်သော အခါ ကျင့်ကြံသူ အများအပြားက လိုက်လံ အော်ဟစ်ကြပြီး သူတို့အားလုံးသည် မော့ယန် ကို ပို၍ အထင်ကြီးကြသည်မှာ ထင်ရှားသည်။ ချီဝူဖုန်း သည် ထိုသူများ၏ အော်ဟစ်သံကို ကြားသောအခါ မျက်နှာ “ကွက်”ခနဲ ပျက်သွားသည်။ မော့ယန် က ချီဝူဖုန်း ကို ကြည့်ပြီး ပြောလိုက်သည်။
“ငါတို့ရဲ့ စွမ်းအားက အတူတူလောက်ပါပဲ… ဘယ်သူ ထွက်ပြီး တိုက်ခိုက်သည်ဖြစ်စေ… အတူတူပဲ… ငါ့တို့ နဂါးကမ္ဘာမှာ ပါရမီရှင်တွေ အများကြီးရှိတယ်… ငါတို့လို အဆင့်မျိုးက နောက်ထပ် ဆယ်ယောက်ကျော်လောက် ရှိသေးတယ်… နောက်ထပ် ဘယ်သူမဆို နဂါးမျိုးနွယ်စုကို ကိုယ်စားပြုပြီး ထွက်တိုက်ခိုက်လို့ရတယ်… ညီလေး ဝူဖုန်း မင်းတိုက်ခိုက်ပါ…”
မော့ယန်က ထိုသို့ ပြောပြီးနောက် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ဖိတ်ခေါ်သည့် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။ မော့ယန် ၏ ဤလုပ်ရပ်ကြောင့် ချီဝူဖုန်း မှာ မျက်နှာမသိမသာ ပူသွားမိသည်။ သူက ခေါင်းခါပြီး ပြောသည်။
“မင်းကို ထောက်ခံတဲ့သူက ပိုပြီးများတယ်… ငါ မင်းနဲ့ အငြင်းအခုံ မဖြစ်ချင်ဘူး… ဒါပေမဲ့ နောင်တစ်ချိန်မှာ ငါတို့ နှစ်ယောက်ကြားမှာ တိုက်ခိုက်မှု တစ်ခုခုတော့ ရှိကိုရှိရလိမ့်မယ်…”
ထိုသို့ပြောပြီးနောက် ချီဝူဖုန်း သည် နောက်သို့ ဆုတ်ခွာသွားတော့သည်။ ထိုအချိန်တွင် ကျင့်ကြံသူ အားလုံး၏ အကြည့်သည် မော့ယန် နှင့် လုံချန် ထံသို့ ရောက်ရှိသွားကြပြီး အလွန် စိတ်လှုပ်ရှားလာကြသည်။
***