မော့ယန် ကို အချို့သော သူများက လက်မခံကြသော်လည်း အားလုံးက ဝန်ခံရမည်မှာ မော့ယန် သည် ၎င်းတို့ အားလုံးထဲတွင် စွမ်းအားအကြီးမားဆုံး အဆင့်၌ ရှိနေသည်မှာ သေချာသည်။ စွမ်းအား အကြီးမားဆုံး သူများတွင် ချီဝူဖုန်း အပြင် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင် ဆယ်ဦးကျော်ရှိပြီး သူတို့သည်လည်း မော့ယန် ကို စိန်ခေါ်နိုင်သည့် စွမ်းအားကိုယ်စီ ရှိကြသည်။ သို့ရာတွင် မော့ယန် ကို စိန်ခေါ်နိုင်သည့် စွမ်းအားမျိုး ရှိသည် ဆိုသည့်တိုင် မည်သူမျှ မော့ယန် ကို အနိုင်ရမည်ဟု တပ်အပ်သေချာ အာမခံနိုင်ကြသည်တော့ မဟုတ်ပေ။ အကြောင်းမှာ မော့ယန် ၏ နာမည်ကျော်ကြားမှုနှင့် လွှမ်းမိုးမှုမှာ ကြီးမားလွန်းပြီး တစ်စုံတစ်ဦးက မော့ယန် ကို အနိုင်ရမည် ဆိုလျှင်ပင် အများဆုံး အနေဖြင့် ပွတ်ကာသီကာမျှသာ အနိုင်ရနိုင်ချေ ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မော့ယန် သည် သူတို့အထဲမှ မည်သူက ထွက်ကာတိုက်ခိုက်သည် ဖြစ်စေ အဖြေမှာ အတူတူပင် ဖြစ်လိမ့်မည်ဟု စကားကို ကြိုတင်ကာ ရှင်းရှင်းလင်းလင်း ပြောထားခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ သူတို့သည် နဂါးမျိုးနွယ်စုများ ဖြစ်ကြသဖြင့် သူတို့၏ မျိုးနွယ်တူများ၏ စွမ်းအားကို အခြားသူများထက် ပို၍သိကြသောကြောင့် ဖြစ်သည်။ အရေးအကြီးဆုံးမှာ သူသည် အခြား နဂါးမျိုးနွယ်စုဝင် ကျင့်ကြံသူများကဲ့သို့ မောက်မာမှု မရှိခြင်း ဖြစ်သည်။ မော့ယန် ၏ ပုံစံတွင် စစ်သူကြီး တစ်ဦး၏ အရည်အချင်းနှင့် ဧကရာဇ် တစ်ပါး၏ အရှိန်အဝါတို့ ရှိနေသည်။ သူသည် အလွန် စွမ်းအားကြီးမားသော်လည်း လူတို့၏ မနာလို ဝန်တိုမှုကို မဖြစ်စေပေ။ အထူးသဖြင့် နေရာကို အလိုက်တသိ ပေးသည့် ဤသို့သော အပြုအမူမျိုးသည် နဂါးမျိုးနွယ်စုဝင် ကျင့်ကြံသူ အများအပြားကို လေးစားသွားစေသည်။ အကြောင်းမှာ ဤသို့သော နှိမ့်ချသည့် သဘောထားသည် နဂါးမျိုးနွယ်စု အတွက် အလွန် ရှားပါးသောကြောင့် ဖြစ်သည်။ နဂါးတစ်သောင်း အတွင်းတွင် အားလုံးသည် စက်ဝိုင်းပုံစံဖြင့် ဝန်းရံထားပြီး လုံချန် နှင့် မော့ယန် တို့သည် အလယ်ဗဟိုတွင် ရပ်နေကြသည်။ သူတို့ နှစ်ဦး၏ အကြည့်များ ဆုံမိသောအခါ မမြင်နိုင်သော အရှိန်အဝါများ တစ်စထက်တစ်စ မြင့်တက်လာ၏။
“နှမျောစရာပဲ…”
လုံချန်က သက်ပြင်းချပြီး ပြောလိုက်သည်။
“ဘာကိုနှမျောတာလဲ…”
မော့ယန် က မေးလိုက်သည်။
“ငါ့ပြိုင်ဘက်က ချီဝူဖုန်း ဆိုရင် ငါ အများကြီး စွမ်းအားကုန် သက်သာမှာပဲ…”
လုံချန် က လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်၏။
“မင်း ဘာပြောလိုက်တာလဲ…”
နောက်သို့ ဆုတ်ခွာသွားသော ချီဝူဖုန်း မှာ ဒေါသတကြီးဖြင့် ရှေ့ကို “ဝုန်း”ခနဲ ထွက်လာသည်။
“လုံချန် ဒီလိုလုပ်ဖို့ မလိုပါဘူး…”
လုံချန် ဤသို့ ပြောသည်ကို ကြားသောအခါ မော့ယန် သည် မျက်မှောင်ကျုံ့လိုက်ပြီး လုံချန် သည် ချီဝူဖုန်း ကို တမင်တကာ ဒေါသထွက်အောင် လုပ်နေသည်ဟု ထင်မှတ်လိုက်မိသည်။
“ငါပြောလည်း မင်းတို့ ယုံမှာ မဟုတ်ပါဘူး… အဲဒီတော့ ငါ စကားကို ရှည်ရှည်ဝေးဝေး မပြောချင်တော့ဘူး… မင်းက နဂါးမျိုးနွယ်စုကို ကိုယ်စားပြုပြီး တိုက်ခိုက်မှတော့ ငါတို့ စလိုက်ကြရအောင်…”
လုံချန် က ပြောလိုက်သည်။
“မင်းက လူတော်တစ်ယောက်ဆိုတာ ကြည့်ရုံနဲ့တင် သိသာပါတယ်… မင်းရဲ့ နဂါးမျိုးနွယ်အပေါ် ထားတဲ့ ခံစားချက်ကိုလည်း ငါ ခံစားမိတယ်… ဒါပေမဲ့ လူသားမျိုးနွယ်တွေရဲ့ စိတ်ဟာ ကောက်ကျစ်ပြီး အန္တရာယ် သိပ်များတယ်… ငါတို့ မင်းကို ယုံလို့မရဘူး ဒါကြောင့် မင်းဟာ ဘိုးဘေးတွေရဲ့ ထောက်ခံမှုကို ဘယ်လိုပဲ ရခဲ့ရခဲ့ ငါ မင်းကို နဂါးမျိုးနွယ်စုကို အုပ်ချုပ်ခွင့် မပေးနိုင်ဘူး… ဒီတိုက်ပွဲမှာ ငါ စွမ်းအားကုန်သုံး တိုက်ခိုက်မှာဖြစ်လို့ မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပါ… ဓားလှံတွေက မျက်နှာမလိုက်တတ်ဘူး… လက်သီးတွေ ခြေထောက်တွေမှာ မျက်လုံးမပါဘူး… သေတာရှင်တာကတော့ ကံကြမ္မာ အတိုင်းပဲပေါ့…”
မော့ယန် က လုံချန် ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။ မော့ယန် သည် စွမ်းအားကြီးမားရုံသာမက ဉာဏ်ပညာရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း ဝန်ခံရပေမည်။ သူသည် တမင်တကာ စူးစမ်းခြင်း မရှိသော်လည်း ဘိုးဘေးအချို့၏ သဘောထားကို ကြည့်ခြင်းဖြင့် အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။ သူ၏ ဘိုးဘေးများ၏ ဆန္ဒကို မငြင်းပယ်သလို လုံချန် အပေါ်ကိုလည်း မည်သည့် အငြိုးအာဃာတမျှ မရှိကြောင်း ပြသခဲ့သည်။ သို့သော် သူတို့၏ ရပ်တည်ချက်မှာ မတူညီသဖြင့် သူသည် အစွမ်းကုန် တိုက်ခိုက်ရမည် ဖြစ်ပြီး တိုက်ခိုက်သည်နှင့် တစ်ပြိုင်နက် မည်သည့် သက်ညှာမှုကိုမျှ မမျှော်လင့်ထားရန်လည်း ကြိုတင်ပြောခဲ့ပေသည်။ သူ့စကားက ဤနေရာရှိ ကျင့်ကြံသူများ အားလုံးကို သူ့အား အကြီးအကျယ် လေးစားသွားစေသည်။ သူနှင့် ယှဉ်လျှင် အခြား နဂါးမျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ မရင့်ကျက်သေးသော ကလေးများကဲ့သို့ ဖြစ်နေကြ၏။
“ပြဿနာမရှိပါဘူး… ငါ နဂါးကမ္ဘာကို လာခဲ့တာက တာဝန်တစ်ခု ပြီးမြောက်အောင် လုပ်ဖို့ပဲ… မင်း ငါ့ကို အနိုင်ယူပြီး ငါ့အစား ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့… ငါလည်း သက်သာတာပေါ့…”
လုံချန် က ပျင်းရိစွာ ပြောလိုက်သည်။
“ဘာတာဝန်လဲ…”
မော့ယန် က သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။
“ဒီလျှို့ဝှက်ချက်ကို သိချင်ရင် ငါ့ကို နိုင်အောင်တိုက်ပေါ့… ဒါပေမဲ့ ငါလည်း စွမ်းအားကုန်သုံးပြီး တိုက်ခိုက်မှာမိုလို့ လွယ်လွယ်နဲ့တော့ လက်လျော့မှာ မဟုတ်ဘူး…”
လုံချန်က ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် လုံချန် သည် အကြောအချဉ်များကို တဖျစ်ဖျစ် မြည်အောင် ဆန့်တန်းလိုက်သည်။ သူ့၏ ခန္ဓာကိုယ်ရှိ အဆစ်များမှ တဖြိုးဖြိုး တဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် ပြင်းထန်သော နဂါးဖိအား တစ်ခုသည် သူ့၏ ခန္ဓာကိုယ်အတွင်းမှ မြင့်တက်လာသည်။ ဤနဂါးဖိအားသည် လုံချန် တမင်တကာ ထုတ်လွှတ်ခြင်း မဟုတ်ဘဲ သူ့၏ သွေးစွမ်းအင် လည်ပတ်မှုနှင့်အတူ တဖြည်းဖြည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ အားလုံးသည် လုံချန် ၏ နဂါးဖိအားကို ခံစားမိသောအခါ ရင်များ တဒိန်းဒိန်း ခုန်ပေါက်သွားကြသည်။ မိုယင် နှင့် အခြားသူများပင်လျှင် လုံချန် ၏ နဂါးဖိအားကို ယခုမှ ပထမဦးဆုံး အကြိမ် အမှန်တကယ် ခံစားမိခြင်း ဖြစ်သည်။ ထိုနဂါးဖိအားသည် ရှေးကျကာ ခမ်းနားသလို ဆန်းကြယ်မှုလည်း ရှိသည်။
“ဒီကောင်လေးက ပိပိရိရိ ဖုံးကွယ်ထားတာပဲ…”
မိုယင် နှင့် အခြားသူများမှာ အံ့ဩတကြီး အမူအယာများဖြင့် လုံချန် ကို ကြည့်နေမိကြသည်။ လုံချန် ၏ နဂါးသွေးသည် နဂါးစစ်သည်များ၏ နဂါးသွေးထက် ပို၍ လျှို့ဝှက်မှု ရှိသည်ကို သူမ ယခုမှ နားလည်သွားသည်။ အခြားနဂါးမျိုးနွယ်စုဝင် ကျင့်ကြံသူများမှာလည်း အလွန်မင်သက် အံ့ဩကုန်ကြသည်။ နဂါးမျိုးနွယ်စုဝင် ကျင့်ကြံသူများ အနေဖြင့် သူတို့သည် ပို၍ စွမ်းအားကြီးမားသော နဂါးသွေးသည် ပို၍ ထိန်းချုပ်ရ ခက်ခဲသည်ကို သိကြသည်။ ဤသို့ ကြောက်မက်ဖွယ် ကောင်းသော နဂါးသွေးသည် လူသားတစ်ဦး၏ ကိုယ်ပေါ်တွင် မည်သို့ ဖြစ်ပေါ်လာနိုင်မည်နည်း။
“မင်းရဲ့ နောက်ကြောင်းရာဇဝင်ကလည်း စိတ်ဝင်စားစရာပဲ… ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းကို အနိုင်ယူမှာပဲ…”
မော့ယန် ၏ လုံချန် ကို ကြည့်သော မျက်ဝန်းများသည် တလက်လက် တောက်ပနေကြပြီး တိုက်ခိုက်လိုစိတ်များ ရုန်းကြွလာသည်။ လုံချန် ကဲ့သို့ စွမ်းအားကြီးမားသော ပြိုင်ဘက်သည် သူ့ကို စိတ်လှုပ်ရှားစေသည်မှာ ထင်ရှားသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း သူသည် အဆင့်တူ ပြိုင်ဘက်ပေါင်း များစွာကို အနိုင်ယူခဲ့ပြီး သူနှင့် တန်းတူယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိသူ တစ်ဦးတစ်လေကိုမျှ ကြုံတွေ့ခဲ့ရခြင်း မရှိပေ။ ယခုမူ သူသည် နောက်ဆုံးတွင် စိတ်ရှိသည့်အတိုင်း တိုက်ခိုက်နိုင်တော့မည် ဖြစ်ပြီး ထို စိတ်လှုပ်ရှားမှုကို စကားလုံးများဖြင့်ပင် ဖော်ပြနိုင်ခြင်း မရှိပေ။ မော့ယန် နှင့် လုံချန် သည် တစ်ပြိုင်နက်တည်း လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ကြပြီး ရုတ်တရက် သူတို့၏ အရှိန်အဝါသည် လျင်မြန်စွာ မြင့်တက်လာသည်။ ပြင်းထန်သော သွေးစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ကျယ်လောင်သော နဂါးဟိန်းသံများသည် နဂါးတစ်သောင်း အသိုက်တစ်ခုလုံးကို ပဲ့တင်ထပ်သွား၏။ မိုယင် နှင့် အခြားသူများသည် တစ်ပြိုင်နက်တည်း လက်ဟန်များကို ပြုလုပ်လိုက်ကြသည်။ နဂါးတစ်သောင်း အသိုက်ကြီးသည် “သိမ့်”ခနဲ တုန်ခါသွားသည်။ အတိုင်းအဆမဲ့ ရုန်းများ လင်းထိန်တောက်ပလာပြီး အားလုံးကို ဖုံးလွှမ်းသွားကာ စင်မြင့်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။ စင်မြင့်ကြီး ပေါ်လာသောအခါ ကျင့်ကြံသူ တစ်ဦးက အံ့အားတကြီး အော်ဟစ်လိုက်သည်။
“ဒါ ဒဏ္ဍာရီလာ နဂါးဧကရာဇ် စင်မြင့်လား…”
“မှန်တယ်… ဒီရုန်းတွေက နဂါးဧကရာဇ်တွေရဲ့ အသက်သွေးရုန်းတွေနဲ့ ဖွဲ့စည်းထားတာ… သူ့ရဲ့ ကြံ့ခိုင်မှုက နဂါးအင်ပါယာအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုတွေကိုတောင် ခံနိုင်စွမ်းရှိတယ်…”
ရှဲ့ချန်ကျုံး က ပြောလိုက်သည်။ ထိုစကားကို အပေါ်ယံတွင် သူသည် အစောပိုင်းက မေးခွန်းထုတ်လိုက်သူအား ပြောနေခြင်း ဖြစ်သည်ဟု ထင်စရာရှိသော်လည်း အမှန်စင်စစ်တွင် လုံချန် ကို ပြောနေခြင်း ဖြစ်သည်။ ဤစကားက သူသည် လုံချန် ကို စိတ်တိုင်းကျ တိုက်ခိုက်ရန် နဂါးတစ်သောင်း အသိုက်အား ဖျက်ဆီးမိမည်ကို စိုးရိမ်စရာ မလိုရန် သွယ်ဝိုက်သောအားဖြင့် ပြောခြင်းပင်ဖြစ်သည်။ အကယ်၍ ဤနေရာရှိ အားလုံးထဲတွင် လုံချန် ကို အယုံကြည်ဆုံး သူတစ်ဦးအား ထုတ်ပြဟု ဆိုပါက သူ့ကိုပင် ပြရပေလိမ့်မည်။ မိစ္ဆာနဂါးမျိုးနွယ်စု ဆိုသည့် နာမည်တွင် မိစ္ဆာဆိုသည့် ဝေါဟာရ ပါဝင်လျက်ရှိရာ သူတို့သည် တဇွတ်ထိုး တဇောက်ကန်းများ ဖြစ်ကြလေ့ ရှိသည်။ ဥပမာ သူသည် မည်သို့ဖြစ်သည်မသိ လုံချန် ကို မြင်မြင်ချင်း သဘောကျသွားပြီး ထို့နောက် စုံစမ်းခြင်း မရှိဘဲ သူ့ကို ယုံကြည်ပစ်လိုက်သည်။ ထိုယုံကြည်မှုမှာ မျက်စိမှိတ် ယုံကြည်ခြင်းပင် ဖြစ်သည်။ စင်မြင့်အတွင်းတွင် ဟင်းလင်းပြင် နိယာမများ ပါဝင်နေပြီး စင်မြင်ကြီး၏ ဧရိယာသည် မိုင်တစ်သောင်းခန့် ကျယ်ဝန်းသည်။ လုံချန် နှင့် မော့ယန် တို့သည် တစ်ဦးနှင့်တစ်ဦး ကြားတွင် ပေတစ်ရာခြားကာ စင်မြင့်၏ အလယ်ဗဟိုတွင် ရပ်နေကြသည်။ သူတို့နှစ်ဦး၏ သွေးစွမ်းအင်များသည် အဆက်မပြတ် လည်ပတ်နေကြ၏။ ကြီးမားသော နဂါးဖိအားသည် အရပ်လေးမျက်နှာသို့ လှိုင်းများအဖြစ် တွန်းကန်ထွက်ပေါ်လျက်ရှိသည်။ ထိုလှိုင်းများသည် လူတိုင်း၏ ရှေ့သို့ ရောက်သောအခါ လူများသည် မိမိတို့၏ စိတ်ဝိညာဉ်မှ အလွန် ပြင်းပြသော နာကျင်မှု ဝေဒနာကို ခံစားမိကြသည်။ သူတို့ နှစ်ဦး၏ အရှိန်အဝါသည် အဆက်မပြတ် ထွက်ပေါ်နေသည်နှင့် အမျှ စင်မြင့်အပေါ် သက်ရောက်နေသည့် ဖိအားသည် တစ်စထက်တစ်စ ပိုမို ကြီးမားလာသည်။ မြေပြင်သည် ဖြိုးဖြိုးဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လျက်ရှိသည်။ ခဏအကြာတွင် သူတို့ နှစ်ဦး၏ ခန္ဓာကိုယ်များတွင် ရုန်းတစ်ခုစီ လင်းထိန် တောက်ပလာကြသည်။ ထိုရုန်းနှစ်ခုမှ တစ်ခုသည် အနက်ရောင် ဖြစ်ပြီး တစ်ခုက အနီရောင်ဖြစ်သည်။ မီးတောင်နှစ်လုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားသကဲ့သို့ အလွန်ပြင်းထန်သော စွမ်းအားကြီးနှစ်ခုသည် တစ်ချိန်တည်း တစ်ပြိုင်တည်း ပေါ်ထွက်လာသည်။ နဂါးမျိုးနွယ်စုဝင် ကျင့်ကြံသူများ အကြီးအကျယ် အံ့အားသင့်သွားကြသည်။ လုံချန် ထံမှ ထွက်ပေါ်လာသော နဂါးဖိအားသည် အလွန်ကြောက်မက်ဖွယ် ကောင်းကာ အတိုင်းအဆမဲ့နေသလို ထင်ရသည်။ ထိုသူသည် အမှန်တကယ်ပင် လူသားမျိုးနွယ်ဝင် တစ်ဦး ဖြစ်ပါလေစ။ ရုတ်တရက် သူတို့နှစ်ဦး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။ မော့ယန် သည် ထူးဆန်းသော လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး လုံချန် မှာမူ လက်နှစ်ဖက်ဖြင့် မုဒြာလက်ဟန် တစ်ခုကို ပြုလုပ်လိုက်သည်။ မော့ယန် ၏ နောက်တွင် ကံကြမ္မာစက်ဝန်းကြီး “ဝုန်း”ခနဲ ဖြစ်ပေါ်လာပြီး လုံချန် ၏ နောက်တွင်မူ အရောင်ရှစ်မျိုးရှိသော အလင်းစက်ကွင်းကြီး ဖြစ်ပေါ်လာသည်။
“ပင်လယ် နဂါးနက်…”
“ကြက်သွေးရောင် နဂါးအကာအကွယ်…”
သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်း အော်ဟစ်ကြွေးကြောလိုက်ကြသည်။ အလွန်ပြင်းထန် ကြမ်းရှသော သွေးချီ စွမ်းအင်များသည် နဂါးတစ်သောင်း အသိုက်ကြီး တစ်ခုလုံးကို ထိုးဖောက်ထွက်သွားတော့မလို ရှိလေသည်။
***