အလွန်ပြင်းထန်သော စွမ်းအားကြီး နှစ်ခုသည် ပေါက်ကွဲထွက်လာပြီး သူတို့နှစ်ဦးကို ဗဟိုပြု၍ မရေမတွက်နိုင်သည့် နဂါးရုန်းများဖြင့် ဖွဲ့စည်းထားသော အလင်းလုံး နှစ်ခုသည် ပြင်းထန်စွာ တိုက်မိသွားကြသည်။ အနက်ရောင်နှင့် အနီရောင် နဂါးရုန်းများ စုစည်းနေသော အလင်းလုံး နှစ်ခုသည် တစ်ခုနှင့်တစ်ခု ထိကပ်သွားစဉ် သိုင်းစင်မြင့်ကြီး တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါနေသည်။ ထိုတစ်ခဏချင်းတွင် ဖြစ်ပေါ်လာသော ပေါက်ကွဲအားကြောင့် စင်မြင့်ပေါ်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ရင်သည် တူကြီးများဖြင့် ထုချခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရပြီး တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်ကာ သွေးအန်လုနီးပါးပင် ဖြစ်သွား၏။ အချို့မှာ အကြီးအကျယ် မင်သက်အံ့ဩ သွားကြသည်။ မော့ယန် ၏ စွမ်းအားမှာ သူတို့၏ ကြိုတင်တွက်ချက်ထားမှု အတိုင်း ဖြစ်သော်လည်း လုံချန် ၏ စွမ်းအားမှာ ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။ အလင်းလုံးမှာ လျင်မြန်စွာ ကြီးမားလာပြီး အလွန်ပြင်းထန်သော သွေးစွမ်းအင် ဖိအားသည် သိုင်းစင်မြင့် အနှံ့အပြားကို ပျံ့နှံ့ကာ အနက်ရောင်နှင့် အနီရောင် ပိုင်နက်ကြီး နှစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။ ပိုင်နက်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ကြားတွင် သိသိသာသာ ကွဲပြားနေပြီး မည်သူကမျှ မည်သူ့ကို အပြတ်အသက် ဖိနှိပ်နိုင်ခြင်း မရှိပေ။
“မဖြစ်နိုင်ဘူး… သူက လူသားတစ်ယောက်ပဲ… နဂါးသွေးစွမ်းအင်ကို ဒီအဆင့်ထိ ဘယ်လိုလုပ် အသုံးချနိုင်မှာလဲ…”
နဂါးမျိုးနွယ်၏ ကျင့်ကြံသူ တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ထိုနေရာရှိ နဂါးမျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ မိမိတို့၏ မျက်လုံးကို မိမိတို့ မယုံကြည်နိုင်လောက်အောင် ဖြစ်ကုန်ကြသည်။ လုံချန် ဆင့်ခေါ်ထားသော နဂါးသွေး အကာအကွယ်သည် မော့ယန် နှင့် တန်းတူယှဉ်ပြိုင်နိုင်ပြီး ထပ်တူညီနီးပါးပင် ဖြစ်နေသည်။ သူတို့နှစ်ဦး ဆင့်ခေါ်ထားသော အကာအကွယ်များသည် အချင်းချင်း ပွတ်တိုက်မိကြပြီး နဂါးသွေး စွမ်းအင်တို့ ထိတွေ့အားပြိုင်လာကြသည်။ အကြည့်များ ဆုံမိသောအခါ သူတို့၏ တိုက်ခိုက်လိုစိတ်သည် ပိုမိုရုန်းကြွ လာပြီး သူတို့၏ မျက်နှာအမူအယာများမှာ တဖြည်းဖြည်း လေးနက်လာကြသည်။ ဤသည်မှာ အရှိန်အဝါဖြင့် ဖိနှိပ်ခြင်း ဖြစ်ပြီး အကြမ်းတမ်းဆုံးနှင့် အရိုင်းဆန်ဆုံးသော တိုက်ခိုက်မှု တစ်ခုလည်း ဖြစ်သည်။ အရှိန်အဝါဖြင့် ဖိနှိပ်ခြင်းသည် နဂါးသွေး စွမ်းအားကို ယှဉ်ပြိုင်ခြင်းသာမက ဝိညာဉ်နှင့် စိတ်ဓာတ်တို့ကိုလည်း ထိပ်တိုက်တွေ့ဆုံခြင်း ဖြစ်သည်။ စိတ်ဓာတ်သည် မရေမတွက်နိုင်သော သူသေကိုယ်သေ တိုက်ပွဲကြီးများမှ တစ်ဆင့် လေ့ကျင့်ပျိုးထောင်ထားခြင်း ဖြစ်သဖြင့် မည်သို့မျှ လှည့်စား၍ မရနိုင်သည့် အရာထဲတွင် နံပါတ်တစ်နေရာမှ ပါဝင်သည်။ ဤစမ်းသပ်ချက်ကြောင့် လုံချန် နှင့် မော့ယန် တို့၏ မျက်နှာများထက်တွင် တစ်ပြိုင်နက်တည်း အံ့အားသင့်ခြင်း၊ လေးစားခြင်း အရိပ်အယောင်များ ပေါ်လာကြသည်။
“လူသားမျိုးနွယ်တွေရဲ့ စွမ်းအားနဲ့ နဂါးသွေးကို လောင်ကျွမ်းပြီး ငါနဲ့ လက်ရည်တူ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်… လူသားတစ်ယောက် အနေနဲ့ မင်းရဲ့ စွမ်းဆောင်မှုဟာ တကယ်ကို ချီးကျူးစရာပါပဲ…”
မော့ယန် က လုံချန် ကို ကြည့်ကာ ပြောလိုက်သည်။ လုံချန် က လည်း ပြန်ပြောလိုက်၏။
“မင်းက အများကြီး ပိုပြီးတော့ စွမ်းအားကြီးပါတယ်… ငါ့ရဲ့ နဂါးသွေးဟာ သိပ်ကို တန်ခိုးကြီးတဲ့ နဂါးသွေးဖြစ်တယ်… ဒါပေမဲ့ ဒီနဂါးသွေးက မင်းအပေါ်မှာ ရှိသင့်ရှိထိုက်တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်မလာစေဘူး… မင်းက တကယ် စွမ်းအားကြီးတဲ့သူပဲ…”
လုံချန် သည် မရေမတွက်နိုင်သော နဂါးမျိုးနွယ်စုမှ ကျင့်ကြံသူများနှင့် တွေ့ဆုံရင်ဆိုင်ခဲ့သူ ဖြစ်ပြီး ထိုကဲ့သို့ ရင်ဆိုင်တိုင်း၌လည်း သူ့၏ နဂါးသွေးစွမ်းအင်သည် နဂါးမျိုးနွယ်စု၏ ကျင့်ကြံသူများအပေါ် အနည်းနှင့်အများ ဖိနှိပ်နိုင်ခဲ့သည်။ သို့သော် ယနေ့တွင်မူ ယင်းသည် မော့ယန် အပေါ် အနည်းငယ်မျှ သက်ရောက်မှုမရှိ ဖြစ်နေ၏။
“မင်းရဲ့ နဂါးသွေးဖိအားက သိပ်ကိုကြောက်စရာကောင်းတယ်… မင်းမှာ ရှိနေတဲ့ စုစုပေါင်း ပမာဏဟာ ငါ့ နဂါးသွေးရဲ့ တစ်ရာခိုင်နှုန်းတောင် မရှိပေမယ့် မင်း ငါ့ရဲ့ဖိနှိပ်မှုကို လုံးဝ မခံရဘူး… မင်းအဲဒီနဂါးသွေးကို ဘယ်က ရလာတာလဲ…”
မော့ယန် က မေးလိုက်သည်။
“ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ငါ ပြောလို့မဖြစ်ဘူး… ဒါဟာ သိပ်ကိုကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေတယ်… ကောင်းပြီလေ… ငါတို့ လေကုန်မခံဘဲ ဆက်တိုက်ခိုက်ကြတာပေါ့… မင်းရဲ့ နဂါးသွေးပမာဏက ငါ့ထက် အများကြီး ပိုများတယ်… အဲဒီတော့ ကြာရှည်တိုက်ပွဲက ငါ့အတွက် အကျိုးမရှိဘူး… ဒါကြောင့် ပွဲကို အမြန်ဆုံး အချိန်တိုအတွင်း ငါ ဆုံးဖြတ်မှ ရမယ်… မင်း ကိုယ်မင်း ကြိုတင်ပြင်ဆင်ထားပါ…”
လုံချန် ၏ ခန္ဓာကိုယ်သည် အနည်းငယ် ရှေ့သို့ ကွေးညွှတ်သွားသည်။ ထိုအချိန်တွင် အရပ်လေးမျက်နှာသို့ ပျံ့နှံ့နေသည့် သူ့၏ အရှိန်အဝါသည် သူ့၏ ခန္ဓာကိုယ်တွင် တမုဟုတ်ချင်း ပြန်လည်စုစည်းသွားသည်။ လုံချန် ၏ ဤလှုပ်ရှားမှုကြောင့် နဂါးမျိုးနွယ်စု၏ ကျင့်ကြံသူများမှာ အံ့အားသင့်ကုန်ကြသည်။ ဤမျှ ကြမ်းတမ်းကာ အရိုင်းဆန်သော နဂါးသွေး စွမ်းအင်ကို ချက်ခြင်း ရုတ်သိမ်းနိုင်စွမ်း ရှိသည်အား ကြည့်မည်ဆိုလျှင် သူ့၏ နဂါးသွေးစွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုလိုသည်။ လူသားတစ်ဦးကို မဆိုထားနှင့် ဤထိပ်သီးကျင့်ကြံသူများပင်လျှင် အနည်းဆုံး ရာခိုင်နှုန်းကျော်မှာ ဤသို့ လုပ်နိုင်စွမ်း မရှိကြပေ။ ဤသို့ ထိန်းချုပ်နိုင်စွမ်းမှာ အလွန်ကြောက်မက်ဖွယ် ကောင်းသည်ဟု ဆိုနိုင်သည်။ သို့သော် လုံချန် သည် မိမိ၏ အားနည်းချက်ကို တိုက်ရိုက်ဖော်ထုတ်လိုက်ပြီး သူ့၏ နဂါးသွေးစွမ်းအင်မှာ ကြာရှည်တိုက်ခိုက်၍ မရကြောင်း ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ မိမိ၏ အားနည်းချက်ကို ထိုသို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုလိုက်ခြင်းသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ရင်ကို လှုပ်ခတ်သွားစေသည်။ အဘယ်ကြောင့် ဆိုသော် ဤကဲ့သို့ မိမိ၏ အားနည်းချက်များကို ထုတ်ဖော်ပြောဆိုရဲကြသူများသည် မိမိတို့၏ အားနည်းချက်ကို ရင်ဆိုင်ရဲပြီး အဆက်မပြတ် စိန်ခေါ်နေကြသူများ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ သူမျိုးကို စစ်မှန်သော သူရဲကောင်းများဟု ခေါ်ဆိုနိုင်သည်။ ဤကဲ့သို့သော သူများမှာ အမှန်တကယ်ပင် သူရဲကောင်းများ ဖြစ်ကြသည်။ လုံချန် ၏ စကားတစ်ခွန်းကြောင့် မရေမတွက်နိုင်သော နဂါးမျိုးနွယ်စုဝင် ကျင့်ကြံသူများ၏ သူ့အပေါ် ထားသော အမြင်မှာ ပြောင်းလဲသွားပြီး ယခုအခါ သူ့ကို ကြည့်ရသည်မှာလည်း ထိုမျှလောက် မုန်းတီးစရာ မကောင်းတော့ပေ။
“လူသားမျိုးနွယ်ရဲ့ ထိပ်သီးပါရမီရှင် တစ်ယောက်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ငါမြည်းစမ်းကြည့်ပါရစေ…”
မော့ယန် က လုံချန် ကို အလွန်လေးနက်စွာ ကြည့်လိုက်သည်။ သူ့၏ ဆံနွယ်ရှည်များသည် တိုက်ခတ်နေသော လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေကြသည်။
“ဒါဆိုရင် ငါ အားမနာတော့ဘူး…”
“အုန်း…”
လုံချန် ၏ ခြေထောက်သည် “ဖျတ်”ခနဲ လှုပ်ရှားသွားပြီး သိုင်းစင်မြင့်ထက်မှ “ဖျတ်”ခနဲ ပျောက်ကွယ်သွားသည်။ ရပ်ကြည့်နေသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများထဲတွင် လုံချန် ၏ ပုံရိပ်ကို ဖမ်းဆုပ်နိုင်စွမ်း ရှိသူမှာ အနည်းငယ်သာ ရှိသည်။
“မြန်လိုက်တာ…”
အားလုံး အကြီးအကျယ် အံ့အားသင့်ကုန်ကြသည်။
လုံချန် ၏ ပုံရိပ်သည် ရုတ်တရက် မော့ယန် ၏ ရှေ့တွင် “ဖျတ်”ခနဲ ပြန်ပေါ်လာသည်။ မော့ယန် က လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သို့သော် ဟင်းလင်းပြင် ပေါက်ကွဲသွားပြီး လုံချန် ၏ ပုံရိပ်မှာမူ တစ်ခဏချင်း ပျောက်ကွယ်သွားပြန်၏။
“ဟင်… ပုံရိပ်ယောင်ပဲလား…”
အားလုံး အံ့အားသင့်ကုန်ကြသည်။ လုံချန် ၏ ပုံရိပ်ယောင် ပညာရပ်မှာ တစ္ဆေတစ်ကောင်ကဲ့သို့ မြန်ဆန်လှသည်။ မော့ယန် သည် လုံချန် ၏ နေရာကို တိကျစွာ ရှာဖွေနိုင်သည်မှာပင် အလွန် အံ့အားသင့်စရာ ကောင်းနေပြီ ဖြစ်သော်လည်း လုံချန် ၏ ဤတိုက်ခိုက်မှုသည် ယောင်ပြ ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ ထိုအချိန်တွင် လုံချန် “ဖျတ်”ခနဲ ပေါ်လာပြန်သည်။ ဤတစ်ကြိမ် သူပေါ်လာသောအခါ သူ့နောက်ရှိ ဟင်းလင်းပြင်တွင် လှိုင်းများ ပြင်းထန်စွာ ရိုက်ခတ်နေသည်။
“ထပ်တူကျ သွေးစွမ်းအင် သူက…”
နဂါးမျိုးနွယ်၏ ကျင့်ကြံသူတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ လုံချန် ၏ အစောပိုင်းက တိုက်ခိုက်မှုသည် ရိုးစင်းသော ယောင်ပြတိုက်ခိုက်မှု မဟုတ်ဘဲ လမ်းတစ်ဝက်တွင် တိုက်ခိုက်မှုကို ရုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။ သို့သော် ဒုတိယအကြိမ် တိုက်ခိုက်လိုက်သောအခါ ပထမအကြိမ် တိုက်ခိုက်မှု၏ စွမ်းအားကို ထပ်မံစုစည်း ထားခဲ့သည်။ ဤတစ်ကြိမ်တွင် အားလုံး မြင်တွေ့လိုက်ရသည်မှာ ဤတိုက်ကွက်သည် တိုက်ကွက်နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ ဖိအားကြောင့် သိုင်းစင်မြင့် တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါနေပြီ ဖြစ်သည်။
“နဂါးနက် နှောင်ကြိုး…”
မော့ယန်က အော်ဟစ်လိုက်ပြီး လက်ဟန်များကို ပြုလုပ်လိုက်သည်။ ရုတ်တရက် မရေမတွက်နိုင်သော အနက်ရောင် နဂါးရုန်းများသည် သူ့၏ လက်နှစ်ဖက်မှ ထွက်ပေါ်လာပြီး လုံချန် ကို တုပ်နှောင်ရန် ကြိုးစားကြသည်။ ဤတိုက်ကွက်မှာ မော့ယန် ကိုယ်တိုင် ဖန်တီးထားသော အစွမ်းထက်သည့် တိုက်ကွက်ဖြစ်ပြီး တိုက်စစ်နှင့် ခံစစ်အတွက် နှစ်မျိုးစလုံးတွင် အသုံးဝင်သည်။ ထို့အပြင် အနက်ရောင် နဂါးရုန်းကြိုးများမှာ မော့ယန် ၏ အသက်ရုန်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် အလွန်မာကျော ခိုင်ခံ့ပြီး တုပ်နှောင်ခြင်း ခံရပါက အင်ပါယာအဆင့် လက်နက်များဖြင့်ပင် ဖြတ်တောက်ပစ်ရန် ခက်ခဲပေသည်။ မော့ယန် သည် တစ်ခဏချင်း နဂါးရုန်းကြိုး တစ်ထောင်ကျော်အား စုစည်းလိုက်သည်ကို မြင်သောအခါ မိုယင် နှင့် အခြား နဂါးနက်မျိုးနွယ်စုဝင် ထိပ်သီးကျင့်ကြံသူများ အားလုံး အသက်ရှူများပင် ရပ်တန့်သွားကြသည်။ မိုယင် ပင်လျှင် လက်ရှိ နဂါးအင်ပါယာ ခြေချအဆင့် ကျင့်ကြံခြင်း အဆင့်ဖြင့် နဂါးရုန်း နှစ်ရာကျော်ကိုသာ စုစည်းနိုင်ခြင်း ဖြစ်သည်။ သို့သော် ဤနဂါးရုန်း နှစ်ရာကျော်ကသည်ပင် သူမကို လက်ချည်းသက်သက်ဖြင့် အင်ပါယာအဆင့် နတ်လက်နက်များကို ရင်ဆိုင်နိုင်သည့် စွမ်းအားကို ပေးစွမ်းနိုင်သည်။ မော့ယန် မှာမူ တစ်ခဏချင်းမှာပင် နဂါးကြိုး တစ်ထောင်ကျော်ကို စုစည်းနိုင်ခဲ့သည်။ အကယ်၍ လုံချန် သည် ဤမျှ များပြားသော နဂါးရုန်းများဖြင့် ချည်နှောင်ခံရပါက ကိစ္စပြီးသွားပြီဟု ဆိုနိုင်သည်။ မော့ယန် သည် အစပိုင်းမှာ ကတည်းက သူ့၏ စွမ်းအားအကြီးမားဆုံး တိုက်ခိုက်မှုကို အသုံးပြုလိမ့်မည်ဟု မိုယန် ထင်မထားမိခဲ့ပေ။ သူမ၏ ယူဆမှုအရ စွမ်းအားကြီးမားသော ပြိုင်ဘက်နှင့် တွေ့ဆုံပါက မော့ယန် သည် မိမိကိုယ်ကို လေ့ကျင့်ရန် အခွင့်အရေးကို အသုံးချလိမ့်မည်ဟုသာ ထင်မှတ်ထားခဲ့သည်။ သို့သော် မော့ယန် ၏ ဤသို့သော တုံ့ပြန်မှုသည် သူပင်လျှင် လုံချန်ကို ရင်ဆိုင်ရာ၌ အနည်းငယ်မျှ မပေါ့ဆဝံ့ကြောင်း သက်သေပြနေသည်။ ယခုအခါ သူ့၏ စိတ်ထဲတွင် လုံချန် ကို အနိုင်ယူရန် တစ်ခုတည်းသော အတွေးသာ ရှိနေခဲ့သည်။
မရေမတွက်နိုင်သော နဂါးရုန်းကြိုးများသည် ပိုက်ကွန်ကြီး တစ်ခုကဲ့သို့ မိုးနှင့်မြေ အနှံ့အပြားကို လွှမ်းခြုံသွားပြီး လုံချန် ရှိနေသော ဟင်းလင်းပြင်ကို ပိတ်ဆို့သွားသည်။ လုံချန် သည် တစ်ခဏချင်းမှာပင် လှောင်အိမ်အတွင်းမှ ငှက်တစ်ကောင် ဘဝသို့ ကျရောက်သွား၏။ ထိုမြင်ကွင်းကို မြင်သောအခါ မိုယင် နှင့် အခြားသူများမှာ သက်ပြင်းချလိုက်ကြသည်။
“သွားပြီ…”
ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လှောင်အိမ်ထဲတွင် ပိတ်မိနေသည့် လုံချန် ၏ ခန္ဓာကိုယ်သည် “အုန်း”ခနဲ ပေါက်ကွဲသွားသည်။
“ဟင်… ပုံရိပ်ယောင်လား…”
အားလုံး အကြီးအကျယ် အံ့အားသင့်ကုန်ကြသည်။ လုံချန် ၏ ပုံရိပ် ပျောက်ကွယ်သွားသည့် တစ်ခဏတွင် အားလုံးသည် ကြက်သေ သေသွားကြသည်။ မော့ယန် ၏ မျက်နှာထက်တွင်မူ အံ့ဩတကြီး အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ရုတ်တရက် အော်ဟစ်ကြုံးဝါးလိုက်ပြီး သူ့၏ နောက်မှ ကံကြမ္မာစက်ဝန်းသည် “ဆတ်”ခနဲ တုန်လှုပ်ကာ မရေမတွက်နိုင်သော နဂါးရုန်းကြိုးများသည် ၎င်း၏ အနီးတွင် စုစည်းသွားကြသည်။ နဂါးရုန်းကြိုးများသည် အချင်းချင်း ရောစပ်သွားပြီး တစ်ခဏချင်း မှာပင် အချင်းပေတစ်ရာ အထူဆယ်ပေခန့် ရှိသော အကာအကွယ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ မိုယင် နှင့် အခြားသူများမှာ ထိုမြင်ကွင်းကို မြင်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားမိကြသည်။ မော့ယန် သည် အဘယ်ကြောင့် ရုတ်တရက် ဤကဲ့သို့ ထူးဆန်းသည့် ခုခံမှုအား ပြုလုပ်လိုက်သည်ကို သူတို့ မသိကြပေ။
“တိမ်ဖောက်နဂါး…”
ထိုအချိန်တွင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ပျောက်ကွယ်သွားသော လုံချန် သည် တစ်ခဏချင်း ပြန်လည် ထွက်ပေါ်လာသည်။ လုံချန် ၏ တိုက်ခိုက်မှုနှင့်အတူ သူ့၏ နောက် အလင်းစက်ကွင်း အတွင်းမှ သွေးရောင် နဂါးလက်သည်းကြီး တစ်ခုသည် မိုးနှင့်မြေကို ဖျက်ဆီးပစ်နိုင်သည့် အရှိန်အဝါကြီးနှင့် အတူ မော့ယန် ၏ အကာအကွယ် ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။
***