နဂါးလက်သည်းသည် လေကိုခွင်းကာ မော့ယန် ၏ အကာအကွယ်ပေါ်ကို ကျရောက်သွားသည်။ ထိုအနီရောင် နဂါးလက်သည်းသည် သာမန် နတ်တန်ခိုးမှ စုစည်းထားခြင်း မဟုတ်ဘဲ သူ့၏ စွမ်းအားအကြီးမားဆုံး နဂါးသွေး စွမ်းအင်မှ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ နဂါးလက်သည်းသည် အစောပိုင်းကကဲ့သို့ ပုံရိပ်ယောင် တစ်ခုနှင့် မတူတော့ဘဲ ချွန်ထက်သော လက်သည်းများသည် ကောင်းကင်ကို ခွဲဖြတ်ထုတ်နိုင်ပြီး နဂါးအကြေးခွံများမှာ ထူထပ်စွာ ဖုံးလွှမ်းနေသည်။ ယင်းမှ ထွက်ပေါ်နေသည့် သွေးစွမ်းအင် ဖိအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး နဂါးလက်သည်း၏ ထိပ်တွင် သွေးရောင် ရုန်းများ လည်ပတ်နေကာ အလွန် ပြင်းရှသော အရှိန်အဝါက အားလုံးကို အကြီးအကျယ် ခြောက်ခြားသွားစေသည်။ ထိုတိုက်ကွက်ကို မြင်သောအခါ မရေမတွက်နိုင်သော သူများမှာ အံ့အားတကြီး အော်ဟစ်လိုက်မိကြသည်။ ယခုမှသာ မော့ယန် သည် အဘယ်ကြောင့် တိုက်ခိုက်ခြင်းမှ ခုခံခြင်းသို့ ရုတ်တရက် ပြောင်းပစ်လိုက်ရသည်ကို သူတို့ နားလည်သွားကြသည်။ ဧရာမ နဂါးလက်သည်းကြီး၏ လေကိုခွင်းကာ ပွတ်တိုက်သွားရာမှ ထွက်ပေါ်လာသော တရွှီရွှီ မြည်သံသည် နဂါးမျိုးနွယ်မှ ကျင့်ကြံသူအပေါင်းကို ကြက်သီးများ တဖြန်းဖြန်း ထနေစေသည်။ ဤတိုက်ခိုက်မှုသည် မော့ယန် ဆီသို့ အဓိကဦးတည် နေခြင်း ဖြစ်သော်လည်း ဤမျှ ဝေးကွာသော အကွာအဝေးတွင်ပင် သူတို့၏ အာရုံခံစားမှုအား လှုံ့ဆော်နိုင်သည်ကို သိရသည်ဖြစ်ရာ ဤတိုက်ခိုက်မှုသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို သိမြင်နိုင်ပေသည်။
“အုန်း…”
နဂါးလက်သည်းကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် မော့ယန် ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော နဂါးရုန်းများသည် ဟင်းလင်းပြင်အတွင်းသို့ လွင့်ပျံ ထွက်သွားကြသည်။ အင်ပါယာ လက်နက်များ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်သည်ဟုဆိုသော မော့ယန် ၏ အကာအကွယ် တစ်စိတ်တစ်ပိုင်းသည် နဂါးလက်သည်း၏ တိုက်ခိုက်မှုအောက်တွင် “ဖုန်း”ခနဲ ပေါက်ကွဲသွားသည်။ နဂါးလက်သည်းသည် ရှေ့ကို ဆက်လက်တိုးဝင်လာပြီး မော့ယန် မှာ အဆက်မပြတ် နောက်သို့ ဆုတ်နေရသည်။ ချွန်မြသော နဂါးလက်သည်းသည် သူ့၏ မျက်လုံးမှ လက်မအနည်းငယ် အကွာသို့ ရောက်ရှိလာပြီး အခြေအနေက လွန်စွာ အန္တရာယ်များလှသည်။ မော့ယန် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်တိုင်း သိုင်းစင်မြင့်ကြီး တစ်ခုလုံးသည် တသိမ့်သိမ့် တုန်ခါနေပြီး အလွန်မာကျောသော သိုင်းစင်မြင့်၏ ကြမ်းပြင်များပေါ်တွင် နက်ရှိုင်းသော ခြေရာကြီးများ ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။ ထိုခြေရာများကို မြင်သောအခါ မိုယင် နှင့် အခြားနဂါးမျိုးနွယ်စု ကျင့်ကြံသူများမှာ အကြီးအကျယ် ထိတ်လန့်ကုန်ကြသည်။ ဤသိုင်းစင်မြင့်သည် အလွန်မာကျောသော သိုင်းစင်မြင့် ဖြစ်သည်။ အလွန် မာကျောလွန်းသော သိုင်းစင်မြင့်၏ ကြမ်းပြင်များပေါ်တွင် ခြေရာများ ထင်ခြင်းကို ကြည့်မည်ဆိုလျှင့် မော့ယန် အပေါ် သက်ရောက်နေသည့် ဖိအားသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို မြင်နိုင်ပေသည်။
“အုန်း… အုန်း… အုန်း…”
မော့ယန် သည် အဆက်မပြတ် နောက်သို့ဆုတ်ခွာနေပြီး တစ်နေရာ အရောက်တွင် ရုတ်တရက် သူသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ကို ရှေ့သို့ ပြင်းထန်စွာ တွန်းချလိုက်သည်။
ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီး အကာအကွယ်သည် ပေါက်ကွဲသွားသည်။ ယင်းနှင့်အတူ လုံချန် ၏ နဂါးလက်သည်းသည်လည်း ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော သွေးရောင်ရုန်းများနှင့် အနက်ရောင် သွေးစွမ်းအင်များ လွင့်ပျံထွက်ကာ ထူးဆန်းသော ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဝဲဂယက် ဖြစ်ပေါ်လာသောအခါ မရေမတွက်နိုင်သော နဂါးမျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ “အား”ခနဲ အော်ဟစ်လိုက်မိကြပြီး သူတို့၏ ခန္ဓာကိုယ်များသည် အလိုအလျောက် ဝဲဂယက်၏ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး စစ်မြေပြင်သို့ ပျံသန်းသွားကြသည်။ မိုယင် နှင့် အခြားသူများမှာ ထိုအခြေအနေကို မြင်သောအခါ နတ်အလင်းတန်းများကို ထုတ်လွှတ်လိုက်ကြပြီး ထိုတပည့်များကို ပြန်လည် ဆွဲယူလိုက်ကြသည်။ အကယ်၍ ဝဲဂယက်အတွင်းသို့ စုပ်ယူခံရပါက ထိုတပည့်များသည် အသားကြိတ်စက် အတွင်းသို့ ဝင်ရောက်သွားသော အသားတုံးများကဲ့သို့ စိစိညက်ညက် ကြေသွားနိုင်သည်။ ကြောက်မက်ဖွယ် အလွန်ကောင်းသော စွမ်းအားကြီးသည် တစ်ချိန်က ထွန်းလင်းတောက်ပခဲ့သော ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူများကိုပင် အသက်အန္တရာယ် ဆုံးရှုံးနိုင်သည့် အခြေအနေမှာ ရှိနေသည်။ အားလုံး မျက်နှာများ ဖြူဖွေးကုန်ကြသည်။ ဤသည်မှာ ပြိုင်ဘက်ကင်း ပါရမီရှင်များ၏ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုဖြစ်ပြီး အတုအယောင် တိုက်ခိုက်မှုမျိုး ပါဝင်ခြင်း မရှိသလို တိုက်ခိုက်သည်နှင့် တစ်ပြိုင်နက် အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများကိုသာ အသုံးပြုကြသဖြင့် အနိုင်အရှုံးသည် မျက်စိတစ်မှိတ်အတွင်း အချိန်မရွေး ဖြစ်သွားနိုင်သည်။ အဆင့်တူ ထိပ်သီးပါရမီရှင်များ တစ်သက်တာတွင် မိမိ၏ ပြိုင်ဘက်ကို တွေ့ဆုံရန် ခက်ခဲကြသော်လည်း လုံချန် နှင့် မော့ယန် တို့သည် တစ်ဦးကိုယ်တစ်ဦး ကြည့်ကာ ကြက်သီးများ တဖြန်းဖြန်း ထနေမိကြသည်။ သူတို့နှစ်ဦး လူချင်း ကွဲသွားသည်နှင့် တစ်ပြိုင်နက် တစ်ဦးကိုယ်တစ်ဦး ပြန်လည် တိုက်ခိုက်ကြပြန်သည်။ လက်သီးနှစ်ခု ဟင်းလင်းပြင်အတွင်း ဆုံမိသောအခါ အလွန်ကျယ်လောင်သော နဂါးဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများသည် အရပ်လေးမျက်နှာကို “ဝုန်း”ခနဲ ပြန့်ကားထွက်သွားကြသည်။ ဤတစ်ကြိမ်တွင် နတ်တန်ခိုးချင်း ယှဉ်ပြိုင်ခြင်း မဟုတ်တော့ဘဲ ရုပ်ခန္ဓာ စွမ်းအားချင်း ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်း ဖြစ်သည်။
လက်သီးတစ်ချက်စီ တိုက်ခိုက်မှု အပြီးတွင် လုံချန် နှင့် မော့ယန် တို့သည် တစ်ပြိုင်နက်တည်း အော်ဟစ်ညည်းငြူလိုက်ကြပြီး ခြေလှမ်းခုနှစ်လှမ်းစီ နောက်သို့ ဆုတ်ခွာလိုက်ကြရသည်။ ခြေလှမ်းတစ်လှမ်း ဆုတ်သွားသည့် အခါတိုင်း သူတို့၏ ခြေထောက်အောက်မှ သိုင်းစင်မြင့် ကြမ်းပြင်တွင် အက်ကြောင်းကြီးများ ဖြစ်ပေါ်လာ၏။
“ဘုရားရေ ဒီလူသားရဲ့ ခန္ဓာကိုယ်က ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်စရာ ကောင်းနေရတာလဲ…”
အစောပိုင်းက နတ်တန်ခိုးချင်း ယှဉ်ပြိုင်မှုမှာ အလွန်မြန်ဆန်ပြီး ထူးဆန်းသဖြင့် လူအများအပြားမှာ မည်သို့ ဖြစ်ပျက်သွားသည်ကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြရပေ။ ယခင်တိုက်ခိုက်မှုတွင် အားလုံးမှာ အံ့အားသင့်ခဲ့ ကြသော်လည်း ထိုအံ့အားသင့်မှုသည် ယခုတစ်ကြိမ် တိုက်ခိုက်မှုလောက် အံ့အားသင့်စရာ မကောင်းဟု ထင်မြင်မိကြသည်။ နဂါးမျိုးနွယ်စုဝင် ကျင့်ကြံသူများသည် ရုပ်ခန္ဓာခွန်အား လွန်စွာ ကြံ့ခိုင်ခြင်းဖြင့် ကျော်ကြားသော မျိုးနွယ်များ ဖြစ်ပြီး မျိုးနွယ်တစ်သောင်းတွင် ၎င်းတို့ကို ယှဉ်ပြိုင်နိုင်သည့် မည်သည့် မျိုးနွယ်မျှ မရှိပေ။ လောကဦးခေတ်မှ လျှို့ဝှက်သော မျိုးစိတ်အနည်းငယ်မှလွဲလျှင် မည်သည့်မျိုးနွယ်စုမှ နဂါးမျိုးနွယ်စုနှင့် ရုပ်ခန္ဓာ ခွန်အားတွင် ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်စု၏ ရုပ်ခန္ဓာစွမ်းအားမှာမူ အားနည်းသည်ဟု ကျော်ကြားသည်။ လူသားမျိုးနွယ်စုသည် မိမိတို့၏ ရုပ်ခန္ဓာ စွမ်းအားကို မြှင့်တင်လိုပါက ရွှေ၊ သစ်သား၊ မြေကြီး၊ ရေ၊ မီး၊ လေ၊ မိုးကြိုး၊ အလင်း၊ အမှောင် စသည့် ပြင်ပစွမ်းအားများ၏ အကူအညီကို ရယူပြီးမှသာ ကိုယ်ခန္ဓာကို မပျက်စီးအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။ သို့သော် လုံချန် ဤတိုက်ခိုက်မှုမှာ ပကတိ ရုပ်ခန္ဓာစွမ်းအားဖြင့်သာ မော့ယန် နှင့် ယှဉ်ပြိုင် နေခြင်းဖြစ်ပြီး သူအသုံးပြုနေသည်မှာ အသန့်စင်ဆုံးသော နဂါးသွေး စွမ်းအင် ဖြစ်သလို အခြား မည်သည့် စွမ်းအင်မျှ မပါဝင်ဘဲ မော့ယန် ကဲ့သို့သော် ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်ကြံသူနှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်သည်မှာ နဂါးမျိုးနွယ်စုဝင် ကျင့်ကြံသူများ အားလုံးအတွက် အလွန်အမင်း အံ့အားသင့်စရာ မြင်ကွင်းကြီးတစ်ခု ဖြစ်နေသည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ… ဒါက…”
နဂါးမျိုးနွယ်၏ ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်သော်လည်း သူသည် စကားကို တစ်ဝက်သာ ပြောဝံ့ပြီး အခြားတစ်ဝက်ကို ပြောဝံ့ခြင်း မရှိပေ။ သို့သော် ဤနေရာရှိ ကျင့်ကြံသူ အများစုမှာ သူ ဘာကိုဆိုလိုချင်သည်ကို တွေးလိုက်မိကြသည်။ လုံချန် သည် နဂါးတစ်ကောင်အဖြစ် လုံးဝ ပြောင်းလဲသွားပြီလား။ သို့သော် ဤသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ သို့သော် နဂါးအဖြစ် မပြောင်းလဲပါက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နဂါးစွမ်းအင်ကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။ သို့သော် သူတို့သည် လုံချန် နဂါးအဖြစ် ပြောင်းလဲသွားသည့် အဖြစ်မှန်ကို လက်မခံနိုင်ကြပေ။ သူတို့၏ မာနသည် နိမ့်ကျသော မျိုးစိတ်တစ်ခုသည် နဂါးအဖြစ် ပြောင်းလဲသွားပြီး သူတို့ထဲမှ တစ်ဦးအဖြစ် ရောက်ရှိလာမည်ကို လုံးဝ ခွင့်မပြုနိုင်ကြပေ။
သို့သော် သူတို့အားလုံး အံ့အားသင့်ကာ စဉ်းစားရခက်နေကြစဉ်တွင် လုံချန် နှင့် မော့ယန် မှာမူ တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ လက်သီးနှင့် ခြေထောက်များသည် ဟင်းလင်းပြင်ထဲတွင် အဆက်မပြတ် ကခုန်နေကြသည်။ သူတို့နှစ်ဦး၏ တိုက်ခိုက်မှုတိုင်းသည် အကြိမ်တိုင်းတွင် ယခင်အကြိမ်များထက် ပိုမိုအားကောင်းလာနေပြီး တိုက်ခိုက်မှု တစ်ခုစီတိုင်းတွင် သူတို့၏ နဂါးသွေး စွမ်းအင်သည် အဆက်မပြတ် လောင်ကျွမ်းနေကြသည်။ ထိုမြင်ကွင်းကို ကြည့်ရှုနေကြသော နဂါးမျိုးနွယ်၏ ကျင့်ကြံသူများ အားလုံးသည် မျက်လုံးများ ပြူးကျယ်နေကြသည်။ လုံချန် နှင့် မော့ယန် တို့၏ လက်သီးချင်း တိုက်ခိုက်မှုများ၊ ခြေလှမ်းတိုက်ကွက်များ အားလုံးသည် အပိုဆာဒါး တစ်ခုမျှ မပါဝင်ဘဲ ကွက်တိကျနေသည့် တိုက်ခိုက်မှုများသာ ဖြစ်နေသည်။ ထို့အပြင် တိုက်ကွက်များသည် တစ်ခုနှင့်တစ်ခု ထပ်သွားခြင်းလည်း မရှိပေ။ သာမန်ဟု ထင်ရသော တိုက်ကွက်များတွင် အဆုံးမရှိသော ပြောင်းလဲမှုများ ပါဝင်နေသည်။ ပြောင်းလဲမှု တစ်ခုစီတိုင်းသည် ရှေ့ကို တိုးနိုင်သလို နောက်ကိုလည်း ဆုတ်နိုင်သည်။ တိုက်ခိုက်နိုင်သလို ခုခံနိုင်သည်။ တိုက်ခိုက်သည့် အခါတိုင်းတွင်လည်း မိုးကြိုးမုန်တိုင်းကဲ့သို့ ပြင်းထန်ပြီး ခုခံသည့် အခါတွင်လည်း ကျောက် တောင်ကြီးများကဲ့သို့ ထင်ရသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ လှုပ်ရှားမှုများသည် ပိုမိုသွက်လက် မြန်ဆန်လာပြီး အားလုံး၏ အမြင်တွင် တဖြည်းဖြည်း ဝေဝါးလာ၏။ နဂါးမျိုးနွယ်စု၏ ထိပ်သီးကျင့်ကြံသူများသည်ပင် သူတို့၏ ရုပ်ပုံများကို ဖမ်းဆုပ်နိုင်ခြင်း မရှိကြတော့ပေ။ သူတို့အားလုံးကို အကြီးအကျယ် အံ့အားသင့်စေသည့် အချက်မှာ သူတို့နှစ်ဦး တိုက်ခိုက်သည့် အခါတိုင်း သူတို့နှစ်ဦး၏ စွမ်းအားသည် အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ သူတို့နှစ်ဦး၏ တိုက်ခိုက်မှု ပို၍မြန်ဆန်လာလေလေ တိုက်ခိုက်မှုသည် ပို၍ပြင်းထန်လာလေလေ ဖြစ်သည်။
“သူတို့က အချင်းချင်းရဲ့ စွမ်းအားကို အသုံးချပြီး ကိုယ်ပိုင်စွမ်းအားကို ပြန်စုစည်းနေတာပဲ…”
သူတို့နှစ်ဦး၏ တိုက်ကွက် ဆယ်ခုကျော်သွားသောအခါ နောက်ဆုံးတွင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့် ကျင့်ကြံသူ တစ်ဦးက အလန့်တကြား အော်ဟစ်လိုက်သည်။ သူတို့နှစ်ဦး၏ စွမ်းအားများ အချင်းချင်း တိုက်မိသော အခါ သူတို့သည် တစ်ဖက်၏ အားနည်းချက်ကို ရှာဖွေရင်း ရန်သူ၏ စွမ်းအားကို အသုံးချကာ မိမိတို့၏ နဂါးသွေးကို လှုံ့ဆော်ပြီး အဆက်မပြတ် လောင်ကျွမ်းစေသည်။
“သူတို့နှစ်ယောက်ရဲ့ စွမ်းအားက သိပ်ကိုကြောက်စရာ ကောင်းတာပဲ… တစ်ဖက်ရဲ့ စွမ်းအားကို အသုံးချပြီး ကိုယ့်ရဲ့ အလားအလာကို တူးဖော်နေကြတယ်… နဂါးသွေး စွမ်းအင်ကို နောက်ဆုတ်စရာ မရှိတော့တဲ့ အခြေအနေထိ မြှင့်တင်ထားပြီးတော့ အကောင်းဆုံး အရည်အသွေးကို ထုတ်ယူနေကြတာပဲ…”
နဂါးမျိုးနွယ်စု၏ ထိပ်သီးကျင့်ကြံသူ တစ်ဦးက လေးနက်စွာ ပြောလိုက်သည်။ ဤအခြေအနေမျိုးသည် ရှေးခေတ်တွင် မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း မျက်မှောက်ခေတ်တွင် သူတို့၏ နဂါးသွေးစွမ်းအင်များ တဖြည်းဖြည်း ဆုတ်ယုတ်လာပြီး ဤအခြေအနေမျိုးမှာ ရှားပါးဖြစ်စဉ် ဖြစ်သွားခဲ့သည်။ နဂါးမျိုးနွယ်စု၏ ထိပ်သီးကျင့်ကြံသူက ရှင်းပြလိုက်သောအခါ မျက်မှောက်ခေတ်၏ ထိပ်သီးပါရမီရှင်များမှာ အနည်းငယ် ကျွဲမြီးတိုသွားကြသည်။ အထူးသဖြင့် လုံချန် ၏ အစောပိုင်းက တိုက်ခိုက်မှုကို ခံခဲ့ရသော ထိပ်သီးကျင့်ကြံသူများမှာ ပို၍ပင် လက်မခံနိုင် ဖြစ်ကုန်သည်။ လုံချန် သည် လူသားတစ်ဦး ဖြစ်လျက်နှင့် ဤကဲ့သို့သော စွမ်းရည်မျိုး ရှိနေပြီး သူတို့မှာမူ အစစ်အမှန် နဂါးမျိုးနွယ်ဝင်များ ဖြစ်ရုံသာမက နဂါးမျိုးနွယ်များထဲတွင် ထိပ်သီးပါရမီရှင်များ ဖြစ်ကြသော်လည်း ဤကဲ့သို့ စွမ်းရည်မျိုး မရှိသည်ကို ထောက်ချင့်လျှင် သူတို့၏ စိတ်ထဲတွင် မည်မျှ မခံချိမခံသာ ဖြစ်နေမည်မှာ ပြေးကြည့်စရာပင် မလိုအပ်ပေ။
ရုတ်တရက် ပြင်းထန်စွာ တိုက်ခိုက်နေသော လုံချန် နှင့် မော့ယန် တို့သည် တစ်ပြိုင်နက်တည်း လူချင်း ကွဲသွားကြသည်။ သူတို့နှစ်ဦး လူချင်းကွဲသွားသည့် အချိန်တွင် အလွန်ပြင်းထန်သော ဖိအားကြီး တစ်ခုသည် သိုင်းစင်မြင့် တစ်ခုလုံးကို ရုတ်ချည်း လွှမ်းခြုံသွားသည်။
***