သူတို့နှစ်ဦး လူချင်းကွဲသွားသည့် တစ်ခဏမှာပင် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များပေါ်တွင် မီးတောက်မီးလျှံကြီးများ တဟုန်းဟုန်း တောက်လောင်လာကြသည်။ ထိုမီးတောက်မီးလျှံကြီးများမှာ သာမန် မီးလျှံများ မဟုတ်ဘဲ နဂါးရုန်းများ လောင်ကျွမ်းရာမှ ဖြစ်ပေါ်လာသော နတ်မီးလျှံများ ဖြစ်ပေသည်။ ထိုမီးတောက်မီးလျှံများ ထွက်ပေါ်လာခြင်းသည် သူတို့နှစ်ဦး၏ စွမ်းအားများ အထွဋ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း နိမိတ်ပြနေသကဲ့သို့ ရှိလေ၏။ သူတို့နှစ်ဦး လူချင်းကွဲသွားသည့် အချိန်တွင် အားလုံးသည် သူတို့၏ တိုက်ခိုက်မှု ခေတ္တရပ်တန့်သွားသည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် မည်သူမျှ ထင်မှတ်မထားသည့် အရာမှာ သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်း လက်နှစ်ဖက်ဖြင့် မုဒြာဟန်များကို ပြုလုပ်လိုက်ကြခြင်း ဖြစ်သည်။
“နဂါးနက်တိုက်ကွက်…”
“နဂါးပတ်ကျော့ကွင်း…”
မော့ယန် နှင့် လုံချန် တို့သည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ မော့ယန် သည် လက်နှစ်ဖက်ဖြင့် မုဒြာဟန် တစ်ခုကို ပြုလုပ်လိုက်သည်နှင့် သူ့၏ နောက်ကျောရှိ ကံကြမ္မာစက်ဝန်း အတွင်းမှ နဂါးအမြီးကြီး တစ်ချောင်းသည် ဓားကြီးတစ်စင်း ကောင်းကင်မှ ခုတ်ပိုင်းကျလာသကဲ့သို့ “ဝုန်း”ခနဲ ထိုးထွက်လာသည်။ လုံချန် ကမူ ခြေတစ်ဖက်ဖြင့် ဘေးသို့ လွှဲကန်လိုက်ရာ သူ့၏ နောက်ကျောဘက်ရှိ အလင်းစွမ်းအင် အတွင်းမှ နဂါးအမြီးကြီး တစ်ချောင်းသည် နတ်စွမ်းအင်များနှင့်အတူ ဘေးတိုက် ပိုင်းဖြတ်ကာ ထွက်ပေါ်လာသည်။ တစ်ခုက ဒေါင်လိုက် ထွက်ပေါ်လာခြင်း ဖြစ်ပြီး နောက်တစ်ခုက ဘေးတိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုတိုက်ကွက်များ စတင်ထွက်ပေါ်လာသည်နှင့် စင်မြင့်အနီးတွင် ရှိနေသော ကျင့်ကြံသူများ အားလုံးမှာ အလွန်ပြင်းထန်သော ဖိအားကြီး တစ်ခု၏ သက်ရောက်မှုကို ခံစားလိုက်ရပြီး အားလုံး စင်မြင့်၏ ဝေးရာသို့ အသက်လုကာ ထွက်ပြေးကြရသည်။ သူတို့အားလုံးသည် စွမ်းအား ကြီးမားသော ကျင့်ကြံသူများ ဖြစ်ကြကာ အနိုင်မခံ အရှုံးမပေးလိုစိတ် ပြင်းထန်ကြသော်လည်း မိုက်ရူးရဲဆန်သူများတော့ မဟုတ်ကြပေ။ စင်မြင့်အနီးတွင် ဆက်နေလျှင်လည်း ကောင်းကျိုး တစ်စုံတစ်ရာမျှ ရလိမ့်မည် မဟုတ်ကြောင်း သူတို့ ကောင်းစွာသိကြသည်။ တိုက်ခိုက်မှုများ စတင် အသက်ဝင်လာရုံဖြင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအား ပေါ်ထွက်နေလျှင် တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်ဆုံသည့်အခါ သူတို့အားလုံး စိစိညက်ညက် ကြေသွားနိုင်သည့် အန္တရာယ်ပင် ရှိသည်။ ကျင့်ကြံသူအများစု စင်မြင့်၏ ဝေးရာသို့ ဆုတ်ခွာသွားကြပြီးနောက် စင်မြင့်ထက်တွင် မျိုးနွယ်စု ခေါင်းဆောင်အဆင့် ကျင့်ကြံသူများမှလွဲလျှင် တပည့်အနည်းငယ်မျှသာ ကျန်ရစ်တော့သည်။ သူတို့သည် ဤတိုက်ခိုက်မှုကို မြင်တွေ့ရသောအခါ မျက်နှာများတွင် အံ့ဩထိတ်လန့်ခြင်း အရိပ်အယောင်များ ပြည့်နှက်သွားသော်လည်း ထိုသို့ ထိတ်လန့်နေသည့် ကြားမှပင် သွေးများ ဆူပွက်လာသည်ကို ခံစားကြရသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် နဂါးအကြေးခွံများ ပေါ်ထွက်လာပြီး သွေးစွမ်းအင်များ ကောင်းကင်ထက်သို့ ထိုးတက်ကာ ခုခံကာကွယ်ရန် အသင့်ပြင်ထားလိုက်ကြ၏။ နဂါးမြီး နှစ်ချောင်းသည် အပြင်းထန်ဆုံးသော စွမ်းအင်များနှင့်အတူ ထိပ်တိုက်တွေ့သွားကြသည်။ အလွန်ပြင်းထန်သော သွေးစွမ်းအင် နှစ်ခုသည် အရှိန်ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး နဂါးအမြီးကြီး နှစ်ခုစလုံး တစ်ပြိုင်နက်တည်း “အုန်း”ခနဲ ကြေမွသွား၏။ အားလုံးသည် အလင်းစက်ဝိုင်းလေး တစ်ခုကိုသာ မြင်တွေ့လိုက်ကြရပြီး ၎င်းသည် အလွန်လျင်မြန်စွာ ပြန့်ကားလာကာ တစ်ခဏချင်းမှာပင် တိုက်ခိုက်ရေး စင်မြင့်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မရေမတွက်နိုင်သော လူရိပ်များသည် တိုက်ခိုက်ရေး စင်မြင့်ပေါ်မှ တဖုန်းဖုန်း လွင့်စင်ကုန်ကြသည်။ အားလုံး၏ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော ချပ်ကာများသည် ကျိုးကြေကုန်ကြပြီး အချို့ဆိုလျှင် အရိုးများကြေထွက်ကာ အကြောများ ပြတ်တောက်လျက် သွေးများ တဝေါ့ဝေါ့ ထိုးအန်ကုန်ကြသည်။ အချို့သည် လေထဲတွင် လွင့်ပါရင်း အဝေးမှ နံရံများကို ပြင်းထန်စွာ ဝင်ဆောင့်မိကြကာ ဂူကြမ်းပြင်ပေါ် တဘုန်းဘုန်း ပြုတ်ကျပြီး သတိလစ် မေ့မျောသွားကြသည်။ အတိုင်းအဆမဲ့ စွမ်းအင်လှိုင်းကြီးများသည် အရပ်လေးမျက်နှာကို တဝုန်းဝုန်း တိုးဝင်သွားကြပြီး သိုင်းစင်မြင့်၏ အကာအကွယ်ကို အပြင်းအထန် ရိုက်ခတ်နေကြသည်။ နဂါးတစ်သောင်း အသိုက်တစ်ခုလုံး အဆက်မပြတ် တုန်ခါနေကာ အချိန်မရွေး ပေါက်ကွဲထွက် သွားတော့မည်ကဲ့သို့ ထင်မှတ်ရပေသည်။ သိုင်းစင်မြင့် အပေါ်မှ အချိန်မီ ဆုတ်ခွာသွားခဲ့ကြသော ကျင့်ကြံသူများမှာ သိုင်းစင်မြင့်ကို ကာကွယ်ထားသည့် အကာအကွယ်ကြောင့် ဒဏ်ရာ ရရှိခြင်း မရှိကြပေ။ သို့သော် စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုကြောင့် လွင့်စင်သွားခဲ့သည့် ကျင့်ကြံသူများမှာမူ တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်းကာ ဒဏ်ရာများသည် အပ်ချစရာပင် နေရာမကျန်အောင် ရကုန်ကြသည်။ လူထောင်ပေါင်းများစွာထဲတွင် အကောင်းအတိုင်း ကျန်ရစ်သူမှာ လက်ဆုပ်စာပင် မရှိပေ။ ဆုံးဖြတ်ချက် မှန်သွားကြသည့် နဂါးမျိုးနွယ် ကျင့်ကြံသူများမှာ ဤမြင်ကွင်းကို မြင်သောအခါ မိမိတို့၏ ရွေးချယ်မှုကို စိတ်ထဲတွင်ကြိတ်ကာ တိတ်တဆိတ် ကျေနပ်သွားမိကြသည်။ ရေကူးကျွမ်းကျင်သူသည် ရေနစ်ပြီးသာ သေဆုံးရသလို၊ မြွေအလမ္မာယ် ကျွမ်းကျင်သူများမှာလည်း မြွေကိုက်၍သာ သေဆုံးတတ်ကြသည် ဟူသော ရှေးဆိုရိုး စကားအတိုင်း သိုင်းစင်မြင့်ပေါ်တွင် ဆက်ကာ နေဝံ့ကြသူများမှာ မိမိတို့သည် ထိုကြောက်မက်ဖွယ် ကောင်းသော တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလောက်အောင် စွမ်းအားကြီးမားသူများ ဖြစ်သည်ဟု ယုံကြည်မှု လွန်ကဲကြသူများသာ ဖြစ်သည်။ သူတို့၏ အစွမ်းမှာ ထို ဉာဏ်ပညာရှိသော ကျင့်ကြံသူများထက် များစွာ သာလွန်သော်လည်း ဤကဲ့သို့ အဆုံးသတ်မျိုးနှင့်သာ ကြုံတွေ့သွားခဲ့ကြရသည်။ အကယ်၍ ထိုသူများသာ သိုင်းစင်မြင့်ပေါ်တွင် ဆက်နေမည် ဆိုပါက အသက်ပင် ပျောက်သွားနိုင်ပေသည်။ သိုင်းစင်မြင့်ကြီးသည် တဆတ်ဆတ် တုန်ခါနေဆဲ ဖြစ်သည်။ မိုယင်ကဲ့သို့ နဂါးအင်ပါယာ ခြေချအဆင့် ကျင့်ကြံသူများနှင့် ထိပ်သီးကျင့်ကြံသူ ဒါဇင်ကျော်တို့သည် သိုင်းစင်မြင့်၏ အစွန်းသို့ တရွေ့ရွေ့ ဆုတ်ခွာနေရသည်ကို အားလုံး မြင်တွေ့နေရသည်။ သူတို့အားလုံးသည် မိမိတို့၏ ကံကြမ္မာ စက်ဝန်းများကို ဆင့်ခေါ်ကာ လက်နှစ်ဖက်ကို ခန္ဓာကိုယ်၏ ရှေ့တွင် ကာထားလျက် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါနေကြသည်။ ဤမျှကြောက်မက်ဖွယ် ကောင်းသော ဖိအား၏ ဒဏ်ကို သူတို့ပင်လျှင် စွမ်းအားကို အစွမ်းကုန် အသုံးပြုကာ ခုခံနေရသည်။
“ဒီတိုက်ခိုက်မှုက ငါ့ရဲ့ ကြောက်စရာအကောင်းဆုံး တိုက်ခိုက်မှုပဲ… မင်း မခုခံနိုင်ရင် အတင်းမခုခံပါနဲ့… မဟုတ်ရင် မင်း ဒီနေရာမှာတင် အသက်ပျောက်သွားလိမ့်မယ်…”
ရုတ်တရက် တိုက်ခိုက်ရေး စင်မြင့်ထက်မှ မော့ယန် ၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။ မည်သည့် အချိန်ကတည်းကမှန်းမသိ မော့ယန် ၏ နောက်ကျောရှိ အလင်းစွမ်းအင်သည် ပွက်ပွက်ဆူနေသော ရေနွေးအိုး တစ်လုံး အတွင်းမှ ရေနွေးများကဲ့သို့ လှုပ်ရှားနေပြီး အလွန်လျင်မြန်စွာ လည်ပတ်နေသည်။
“သမုဒ္ဒရာလေးစင်း နဂါးပျံ…”
မော့ယန် က အော်ဟစ်ကြွေးကြော် လိုက်သည်နှင့် တစ်ပြိုင်နက် သူ့၏ နောက်ကျောရှိ အလင်းစွမ်းအင်သည် သူ့၏ ခန္ဓာကိုယ် အတွင်းသို့ ရုတ်တရက် စီးဝင်သွားသည်။ ထို့နောက် သူသည် လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ရာ သူ့၏ လက်ဖဝါးထဲတွင် အနက်ရောင် ရုန်းတစ်ခု လင်းထိန်တောက်ပလာသည်။ ထိုရုန်း လင်းထိန်တောက်ပ လာသည်နှင့် တစ်ခဏမှာပင် နဂါးတစ်သောင်း အသိုက်ကြီး တစ်ခုလုံးသည် တသိမ့်သိမ့် တုန်ခါသွားပြီး နတ်အလင်းတန်းများ ထွန်းလင်း တောက်ပလာ၏။ အတိုင်းအဆမဲ့ နဂါးရုန်းများသည် သူ့၏ ခန္ဓာကိုယ် အတွင်းကို စီးဝင်သွားကြသည်။
“အုန်း…”
ရုတ်တရက် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး သိုင်းစင်မြင့်အား ကာကွယ်ထားသော အကာအကွယ်သည် အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။ ထိုအခိုက်တွင် မိုယင် နှင့် ကျန်သူများသည် အလွန်အမင်း ထိတ်လန့် အံ့ဩသွားကြ၏။ ယခုအချိန်တွင် မော့ယန် ၏ စွမ်းအားသည် အကာအကွယ်မှ ခံနိုင်ရည်ရှိသော အတိုင်းအတာကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
“လုံချန်…”
မိုယင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူမသည် နဂါးနက် မျိုးနွယ်မှ ကျင့်ကြံသူတစ်ဦးဖြစ်ရာ ဤတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ် စွမ်းအားကို ကောင်းစွာသိပေသည်။ ဤတိုက်ကွက်ကို သူမပင်လျှင် ခုခံနိုင်မည် မဟုတ်ပေ။ အကယ်၍ လုံချန် သည် ထိုတိုက်ကွက်ကို အတင်းအကျပ် ရင်ဆိုင်မည်ဆိုလျှင် နေရာမှာပင် အသက်ပျောက်သွားနိုင်ချေ များပေသည်။
“တကယ်ကို စွမ်းအားကြီးတာပဲ… ဒါပေမဲ့ ငါ့မှာလည်း မသုံးရသေးတဲ့ တိုက်ကွက်တစ်ကွက် ရှိသေးတယ်… ဒီနေ့တော့ တိုက်ကွက် တစ်ကွက်ချင်း ယှဉ်ပြိုင်ပြီး အနိုင်အရှုံးကို ခွဲခြားကြတာပေါ့…”
လုံချန် က အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူလည်း လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ သူ့နောက်ကျောတွင် လည်ပတ်နေသော အလင်းစက်ကွင်းသည် ရုတ်တရက် ရပ်တန့်သွားပြီး နဂါးပုံရိပ်သည် ပျောက်ကွယ်သွားသည်။ လုံချန် ၏ လက်ဖဝါးတွင် သွေးရောင် ကြက်ခြေပုံသဏ္ဍာန် သင်္ကေတတစ်ခု လင်းထိန် တောက်ပလာသည်။ ထို လက်ဖဝါးမှ သွေးရောင် ကြက်ခြေပုံသဏ္ဍာန် သင်္ကေတ တောက်ပလာသည်နှင့်အမျှ မော့ယန် ၏ လက်ဝါးက သူ့ဆီကို ရောက်ရှိလာသည်။ လက်ဝါးနှစ်ဖက်သည် မရေမတွက်နိုင်သော လူများ၏ ထိတ်လန့်တကြား အကြည့်များ အောက်တွင် တစ်ခုနှင့်တစ်ခု ထိကပ်သွားပြီး အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာ၏။ သူတို့နှစ်ဦးစလုံးသည် သွေးများကို တစ်ပြိုင်နက်တည်း အန်ထုတ်လိုက်ကြပြီး နောက်သို့ အရှိန်ပြင်းစွာ လွင့်စင်ထွက်သွားကြသည်။
“မကောင်းတော့ဘူး…”
မိုယင် နှင့် အခြားသူများသည် လေပြင်းကြီးများ တဝုန်းဝုန်း တိုက်ခတ်လာသည်ကို ချက်ခြင်း ခံစားလိုက်ကြရသည်။ ထိုအခါမှ သိုင်းစင်မြင့်ကို ကာကွယ်ပေးထားသည့် အကာအကွယ်သည် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သတိရလိုက်ကြသည်။ အကယ်၍ ဤကြောက်မက်ဖွယ်ကောင်းသော လေပြင်းများသာ အပြင်ကို တိုက်ခတ်သွားမည် ဆိုလျှင် နဂါးတစ်သောင်း အသိုက်တစ်ခုလုံး စိစိညက်ညက် ကြေသွားမည် ဖြစ်သည်။ သူတို့သည် သိုင်းစင်မြင့်ကို လုံးဝ မထိန်းချုပ်နိုင်ကြတော့ပေ။ ၎င်း၏ မူလစွမ်းအားကိုလည်း ပြန်လည် အသက်သွင်းရန် အချိန်မရှိတော့ပေ။ သူတို့အားလုံး ချက်ခြင်းပင် နောင်တရသွားမိကြသည်။
“အုန်း …”
သို့သော် လုံချန် နှင့် မော့ယန် တို့ စင်မြင့်၏ အစွန်းသို့ လွင့်စင်သွားသည့်အခါ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကြေမွ ပျက်စီးသွားသော သိုင်းစင်မြင့်၏ အကာအကွယ်သည် နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာသည်။ သူတို့ နှစ်ဦးစလုံး အကာအကွယ်ကို တစ်ပြိုင်နက်တည်း ဝင်စောင့်မိကြသည်။
သူတို့နှစ်ဦးသည် သွေးများကို “ဝေါ့”ခနဲ တစ်ပြိုင်နက် အန်ချလိုက်ကြပြီး အကာအကွယ်နှင့်စောင့်ကာ ရှေ့ကို ပြန်ကန်ထွက်လာကြ၏။
“ဟင်…”
မိုယင် နှင့် အခြားသူများအားလုံး အံ့ဩဝမ်းသာ ဖြစ်ကုန်ကြသည်။ ခဏအကြာတွင် သူတို့သည် ပလ္လင်ပေါ်မှ နဂါးဧကရာဇ်၏ ပြောင်းပြန် အကြေးခွံသည် တဖျတ်ဖျတ် လင်းလက်နေသည်ကို တွေ့ရှိလိုက်ကြသည်။ နဂါးဧကရာဇ်၏ ပြောင်းပြန် အကြေးခွံက သိုင်းစင်မြင့်၏ စွမ်းအားကို အသက်သွင်းကာ လူများကို ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည်။
“နဂါးဧကရာဇ်၏ ပြောင်းပြန် အကြေးခွံ နိုးထလာတာလား…”
နဂါးနီ မျိုးနွယ်စု ခေါင်းဆောင်က ဝမ်းသာအားရ အော်ဟစ်လိုက်၏။ သို့သော် သူ ထိုသို့အော်လိုက်သည်နှင့် တဖျတ်ဖျတ် လင်းလက်နေသော နတ်အလင်းတန်းများကို ထုတ်လွှတ်နေသည့် နဂါးဧကရာဇ်၏ ပြောင်းပြန် အကြေးခွံသည် ပြန်လည် ငြိမ်သက်သွားပြီး နတ်အလင်းတန်းများ မှေးမှိန်သွားကာ မူလပုံစံအတိုင်း ပြန်ဖြစ်သွားသည်။ ထိုအချိန်တွင် လုံချန် နှင့် မော့ယန် တို့သည် ကြမ်းပြင်မှ ပြန်ထလာကြသည်။ သို့သော် အားလုံးကို အကြီးအကျယ် အံ့အားသင့်သွားစေသည့် အရာမှာ ထိုအချိန်တွင် လုံချန် နှင့် မော့ယန် တို့၏ မျက်လုံးများသည် စူးရှထက်မြက် နေကြဆဲ ဖြစ်ကာ တိုက်ခိုက်လိုစိတ်များ ရုန်းကြွနေဆဲ ဖြစ်သည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှု အပြီးတွင် သူတို့နှစ်ဦးသည် နောက်တစ်ကြိမ် တိုက်ခိုက်ရန် စွမ်းအားများ ကျန်ရှိနေသေးသည်။ ယခုအခါတွင်မူ မော့ယန် ကို အနည်းငယ် မကျေမနပ် ဖြစ်နေကြသော နဂါးမျိုးနွယ်၏ ကျင့်ကြံသူများသည် စိတ်ရောကိုယ်ပါ လုံးဝ လက်ခံ အရှုံးပေးလိုက်ကြပြီ ဖြစ်သည်။ ယခုအချိန်တွင် သူတို့သည် မော့ယန် ကိုသာမက လုံချန် ကိုပါ လေးစားကြည်ညိုစိတ်များ ဖြင့် ပြည့်နှက်နေကြသည်။ လုံချန် ပြသခဲ့သော ကြောက်မက်ဖွယ် စွမ်းအားသည် လူသားမျိုးနွယ်မှာ အားနည်းသည် ဟူသော သူတို့၏ အမြင်ကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်ပြီ ဖြစ်သည်။
“ကျုပ် ရှုံးသွားပြီ…”
မော့ယန် က လုံချန် ကို ကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။ သူ့၏ စကားကြောင့် မရေမတွက်နိုင်သော နဂါးမျိုးနွယ်မှ ကျင့်ကြံသူများ ချက်ခြင်းပင် အံ့အားသင့်သလို ဒေါသလည်း ထွက်ကုန်ကြ၏။
“ဘယ်လိုဖြစ်နိုင်မှာလဲ… စီနီယာ မော့ယန် က စွမ်းအားကုန်သုံးပြီးတောင် မတိုက်ခိုက်ရသေးဘူးလေ…. ဒဏ္ဍာရီလာ နတ်မိစ္ဆာလှံကိုတောင် မသုံးရသေးဘဲ ဘယ်လိုလုပ် အရှုံးပေးလို့ ရမှာလဲ…”
မော့ယန် ကို သိသည့်သူ တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နဂါးမျိုးနွယ်၏ ကျောက်ထွင်းနံရံ ဆေးရေးပန်းချီများတွင် မော့ယန် သည် လှံတစ်လက်ကို ကိုင်ကာ ကောင်းကင်ဘုံမှ မိစ္ဆာများအား အမဲလိုက် သတ်ဖြတ်နေသော ပုံများ ရှိသည်။ ယခု မော့ယန် ၏ အခြေအနေမှာ သူ့၏ အပြင်းထန်ဆုံး တိုက်ခိုက်မှု အခြေအနေမျိုး လုံးဝမဟုတ်ပေ။ မော့ယန် အရှုံးပေးလိုက်ခြင်းသည် နဂါးမျိုးနွယ်၏ ကျင့်ကြံသူများ အားလုံးကို ဒေါသ အကြီးအကျယ် ထွက်သွားစေသည်။ သူ ရှုံးနိမ့်သွားပါက နဂါးမျိုးနွယ် တစ်ခုလုံး လုံချန် ၏ အမိန့်ကို နာခံရတော့မည် ဖြစ်ကြောင်း သူတို့ သိကြသည်။ ဤရလဒ်ကို သူတို့ မည်သို့ လက်ခံနိုင်ပါမည်နည်း။
“မဟုတ်ဘူး… ကျုပ် ရှုံးသွားတာပါ…”
သို့သော် လုံချန် ၏ စကားတစ်ခွန်းက လူအများ၏ ဒေါသကို အံ့အားသင့်ခြင်း အဖြစ်သို့ တစ်ဖန် ပြောင်းလဲသွားစေသည်။
***