မူလက မော့ယန် က အရှုံးပေးလိုက်သောကြောင့် နဂါးမျိုးနွယ်၏ ကျင့်ကြံသူများ အားလုံး အံ့အားသင့်သလို ဒေါသလည်း အကြီးအကျယ် ထွက်သွားခဲ့ကြသည်။ သူတို့ ဤအရှုံးကို မည်သည့် နည်းနှင့်မျှ လက်မခံပေ။ အဘယ်ကြောင့်ဆိုသော် မော့ယန် သည် စွမ်းအားကုန် ထုတ်သုံးခြင်း မရှိသေးဘဲ ကြောက်မက်ဖွယ် တိုက်ကွက် များစွာ ကျန်ရှိနေသေးသည်ကို အားလုံး သိကြသောကြောင့် ဖြစ်သည်။ ဤတိုက်ပွဲသည် နဂါးကမ္ဘာ တစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် များစွာ သက်ဆိုင်နေ၏။ ဤမျှ ပေါ့ဆစွာ အရှုံးပေးလိုက်၍ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ အားလုံးမှာ ဤရလဒ်ကို လုံးဝ လက်မခံနိုင်ကြပေ။ သို့သော် လုံချန် ကလည်း သူ ရှုံးနိမ့်ကြောင်း ပြောလိုက်သောအခါ ထိုနေရာရှိ နဂါးမျိုးနွယ် ကျင့်ကြံသူများအားလုံး ကြက်သေ သေသွားကြပြီး လုံချန် ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်မိကြသည်။ လုံချန် က ပခုံးနှစ်ဖက်ကို တွန့်ကာ ပြောလိုက်သည်။
“ငါ့ရဲ့ နဂါးသွေး စွမ်းအင် ကုန်သွားပြီ… မင်းကတော့ အများဆုံး နှစ်ပုံတစ်ပုံလောက်ပဲ သုံးရသေးတယ်… ဘယ်သူက ပိုပြီးသာတယ်ဆိုတာ ရှင်းနေတာပဲ…”
လုံချန် ၏ စကားကို ကြားသောအခါ နဂါးမျိုးနွယ်မှ ကျင့်ကြံသူများအားလုံး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ လုံချန် အရှုံးပေးလိုက်ခြင်းသည် သူတို့၏ ရင်ထဲတွင် အလုံးကြီး တစ်လုံး ကျသွားသလိုပင် ဖြစ်သည်။ သို့သော် လုံချန် ဤသို့ အရှုံးပေးလိုက်ခြင်းကလည်း နဂါးမျိုးနွယ် ကျင့်ကြံသူများ၏ လုံချန် အပေါ် ကောင်းသော ရှုမြင်ခြင်းကို နောက်တစ်ဆင့် ထပ်မံတိုးမြှင့်ပေးလိုက်သလို ဖြစ်သွားစေသည်။
“မှန်တယ်… ဘယ်သူက အပြတ်အသတ် သာတယ်ဆိုတာ ရှင်းနေတာပဲ…”
မော့ယန် က ပြုံးကာ ပြောရင်း သူ့၏ ညာလက်ကို ဖြေးညင်းစွာ မြှောက်လိုက်သည်။ မော့ယန် ၏ ညာလက်ကို မြင်လိုက်ရသောအခါ အားလုံး ထိတ်လန့်တကြား ဖြစ်သွားကြပြီး မိမိတို့၏ မျက်လုံးများကိုပင် မိမိတို့ မယုံနိုင်အောင် ဖြစ်သွားကြသည်။ မော့ယန် ၏ ညာဘက်လက်မှ နဂါးအကြေးခွံများမှာ အပြင်သို့ လန်ထွက်နေပြီး သွေးများဖြင့် ရောထွေးနေကာ သူ့၏ လက်ဖဝါးမှတစ်ဆင့် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ စီးကျနေသည်။ အားလုံးသည် မော့ယန် ၏ လက်ဖဝါးကို ကြည့်လိုက် လုံချန် ကို ကြည့်လိုက်ဖြင့် အစောပိုင်းက သူတို့နှစ်ဦး လက်ဖဝါးချင်း တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို ပြန်စဉ်းစားမိသောအခါ ကျောထဲ စိမ့်သွားမိကြသည်။ သူတို့နှစ်ဦး အပြင်းအထန် တိုက်ခိုက်ခဲ့ကြရာတွင် လုံချန် ၏ လက်ဝါးသည် ဘာမျှ ဖြစ်ခြင်းမရှိဘဲ မော့ယန် ၏ လက်ဝါးမှာမူ ဒဏ်ရာ ရရှိသွားခဲ့သည်။ ဤတိုက်ကွက် တစ်ခုတည်းကိုသာ ကြည့်မည်ဆိုလျှင် မော့ယန် ရှုံးနိမ့်သွားသည်မှာ အမှန်ပင်ဖြစ်သည်။
“အရေးကြီးတဲ့ အချိန်မှာ စွမ်းအားအချို့ကို ပြန်လည် ရုတ်သိမ်းပေးခဲ့လို့ ကျေးဇူးအများကြီး တင်ပါတယ်… မဟုတ်ရင် ကျုပ်ရဲ့ ဒီလက်တစ်ဖက် တစ်သက်လုံး သုံးစားရမှာ မဟုတ်တော့ဘူး…”
မော့ယန်က လုံချန် ကို ကြည့်ရင်း ရှုပ်ထွေးသော အမူအယာဖြင့် ပြောလိုက်သည်။ သူသည် ဒိတ်ဒိတ်ကြဲ ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး တစ်သက်တာတွင် အရှုံးဆိုသည်ကို မည်သို့ စာလုံးပေါင်းရမှန်းပင် မသိခဲ့သူ တစ်ဦးဖြစ်သည်။ သို့သော် ယနေ့တွင်မူ သူသည် အမှန်တကယ် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ လုံချန် သာ စွမ်းအင်အချို့ကို ပြန်လည် မရုတ်သိမ်းခဲ့ပါက သူ့၏ လက်မောင်းသည် တစ်စစီ ပေါက်ကွဲထွက်သွားမည်မှာ သေချာသည်။ လုံချန် ၏ ဤလက်ဝါးရိုက်ချက်တွင် ကြောက်မက်ဖွယ် ကောင်းသော နိယာမများ ပါဝင်နေသဖြင့် သူ့လက်သာ ပေါက်ကွဲ သွားမည်ဆိုလျှင် မည်သည့်အခါမျှ ပြန်လည် ကောင်းမွန်လာမည် မဟုတ်တော့ပေ။ သူ့တွင် နဂါးသွေးစွမ်းအင်များ ကျန်ရှိနေသေးသော်လည်း အစွမ်းအထက်ဆုံး ညာလက်ကိုသာ ဆုံးရှုံးသွားမည်ဆိုလျှင် သူ့၏ တိုက်ခိုက်ရေး စွမ်းရည်မှာ များစွာ လျော့ကျသွားပေလိမ့်မည်။ လုံချန် က သက်ညှာပေးခဲ့ခြင်းဖြစ်ရာ သူသာ အရှုံးမပေးသေးပါက သိက္ခာမရှိရာ ကျပေတော့မည်။ ထို့ကြောင့် စိတ်ထဲတွင် သူသည် အနည်းငယ် ခံပြင်းမိသော်လည်း အရှုံးပေးလိုက်ခြင်း ဖြစ်သည်။ လုံချန် မှာမူ စိတ်ထဲတွင်ကြိတ်ကာ အနည်းငယ် အံ့အားသင့်သွားမိသည်။ သူသည် တိတ်တဆိတ် စွမ်းအင်အချို့ကို ပြန်လည် ရုတ်သိမ်းခဲ့သည်ကိုပင် မော့ယန် က သိရှိနေသည်။ ထိုသူ၏ အာရုံခံစားနိုင်စွမ်းမှာ အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ လုံချန် က ခေါင်းခါကာ ပြောလိုက်သည်။
“ကျုပ် စွမ်းအင်အချို့ကို ပြန်ရုတ်သိမ်းလိုက်ရတာက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပါ… စွမ်းအားကုန် ထုတ်သုံးလိုက်ရင် ကျုပ်ကိုယ်တိုင်လည်း အဲဒီကြောက်စရာကောင်းတဲ့ တန်ပြန်သက်ရောက်မှု ဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး… ကျုပ်သာ စွမ်းအားကုန် သုံးလိုက်ရင် မင်း လက်တစ်ဖက် ဆုံးရှုံးသွားမှာ ဖြစ်သလို တန်ပြန်သက်ရောက်မှု ဒဏ်ကြောင့် ကျုပ်လည်း ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မယ်…”
ထိုအချိန်တွင် မိုယင် က လုံချန် ၏ စကားမဆုံးမီ အလျင်အမြန် ရှေ့ကိုထွက်ကာ ပြောလိုက်သည်။
“ကျားနှစ်ကောင် တိုက်ခိုက်တဲ့ပွဲမှာ တစ်ကောင်တော့ ဒဏ်ရာရစမြဲပေါ့… မင်းတို့ နှစ်ယောက်စလုံးက နဂါးမျိုးနွယ် အတွက် စေတနာထားကြတဲ့ သူတွေပဲ… အခု ရှုံးလည်းမရှုံးကြဘူး… နိုင်လည်းမနိုင်ကြဘူး… ဒဏ်ရာ ကြီးကြီးမားမားလည်း မရကြပါဘူး…ဒါက ငါတို့ အမြင်ချင်ဆုံး ရလဒ်ပဲ…”
မိုယင် သည် အလွန်ဉာဏ်ပြေးသူဖြစ်ရာ အခွင့်အရေးကို အရအမိ အသုံးချလိုက်ပြီး သူတို့နှစ်ဦးကြားတွင် သရေကျသွားကြောင်း ကြေညာလိုက်သည်။ ဤသို့ဖြင့် လုံချန် ကော မော့ယန် ပါ သိက္ခာတက်သွားကြမည် ဖြစ်ရာ ပဋိပက္ခမှာ ချက်ခြင်းပင် ပျောက်ကွယ်သွားတော့သည်။
“မှန်တယ်… အရှုံးအနိုင် မရှိဘူး… ပြီးတော့ အားလုံးက မိသားစု တစ်ခုတည်းက လူတွေပဲ… ဘာလို့ ဘယ်သူက နိုင်တယ်… ရှုံးတယ် တွက်ချက်နေရမှာလဲ…”
မိုယင် က ကြားဝင် ဖြန်ဖြေပေးသည်နှင့် ရှဲ့ချန်ကျုံး ကလည်း အလျင်အမြန် ထွက်လာပြီး ချီယွဲ့နှင့် အခြားသူများလည်း ရှေ့ထွက်လာကြသည်။ ဤရလဒ်သည် သူတို့ကို အလွန်ပျော်ရွှင်စေပြီး ယခုထက်ကောင်းသော ရလဒ် မရှိနိုင်တော့ဟု ဆိုနိုင်သည်။ နဂါးမျိုးနွယ်၏ ကျင့်ကြံသူများမှာ ယခုအခါ လုံချန် ၏ ကြောက်မက်ဖွယ် ကောင်းပုံကို အမှန်တကယ် နားလည်သွားကြပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လုံချန် ၏ စွမ်းအားနှင့် စိတ်ထားကြီးမြတ်မှုတို့က သူတို့ကို လေးစားကြည်ညိုသွားစေ၏။ လုံချန် ၏ လုပ်ရပ်သည် နဂါးမျိုးနွယ်များအတွက် ထွက်ပေါက် အလုံအလောက် ပေးခဲ့ပြီး ဖြစ်သည်။ သူတို့သာ အရှုံးအနိုင်ကို ဆက်လက်တွက်ချက်နေမည် ဆိုလျှင် အလွန်မိုက်မဲရာ ကျပေတော့မည်။ မိုယင် သည် လုံချန် ကို ကြည့်ရင်း စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချမိလိုက်သည်။ လုံချန် သည် ဤမျှငယ်ရွယ်ပြီး အစွမ်းထက်ရုံသာမက စိတ်ခံစားမှုပိုင်းဆိုင်ရာ ဉာဏ်ရည်လည်း အလွန်မြင့်မားကာ လုပ်ဆောင်မှုတိုင်းကလည်း အပြစ်ဆိုဖွယ် မရှိအောင် ပြီးပြည့်စုံလှသည်။ အရာအားလုံးသည် သူ့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေ၏။ ကျင့်ကြံသူ အများအပြားကို နိုးထစေခြင်းသည် အလွန်ခေါင်းခဲရသော ကိစ္စဖြစ်သော်လည်း လုံချန် ၏ လက်ထဲတွင်မူ လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်း သွားခဲ့သည်။ ဤသို့သော အရည်အချင်းမျိုးက မိုယင် ကို လေးစားကြည်ညိုလွန်း၍ မြေပေါ်ဝပ်တွား ဦးချချင်စိတ်ပင် ပေါက်သွားစေသည်။ သူမသည် မိမိကိုယ်ကိုယ် ဉာဏ်ပညာ အလွန်မြင့်မားသူဟု ယုံကြည်ပြီး နဂါးမျိုးနွယ်တွင် သူမထက်ပို၍ ထိုးထွင်းသိမြင်နိုင်သူ မရှိဟု ထင်ခဲ့သည်။ သို့သော် လုံချန် နှင့် နှိုင်းယှဉ်လိုက်သောအခါ သူမသည် အနည်းငယ်မျှ ကွာခြားခြင်း မဟုတ်ဘဲ မိုးနှင့်မြေကဲ့သို့ အလွန်ကြီးမားစွာ ကွာခြားနေသည်ကို ယခုအချိန်မှသာ သဘောပေါက်လာခဲ့မိသည်။ တစ်ချိန်တည်းမှာပင် လုံချန် သည် နဂါးမျိုးနွယ်များ၏ မိတ်ဆေွ ဖြစ်သည့်အတွက် ကံအလွန်ကောင်းသည်ဟု စိတ်ထဲတွင်ကြိတ်ကာ ခံစားမိသည်။ အကယ်၍ လုံချန် သာ နဂါးမျိုးနွယ်များ၏ ရန်သူဖြစ်ခဲ့လျှင် မည်မျှ ကြောက်စရာ ကောင်းပေလိမ့်မည်နည်း။ လုံချန် ၏ လုပ်ရပ်သည် နဂါးမျိုးနွယ်များ အားလုံး၏ လေးစားမှုကို ရရခဲ့ပြီး ကျင့်ကြံသူအချို့မှာ ရှေ့ထွက်လာပြီး လုံချန် ကိုပင် လာရောက် နှုတ်ဆက်ကြသည်။ သူတို့၏ လေသံများမှာ အလွန်ယဉ်ကျေးပျူငှာကြသည်။ ရုတ်တရက် သက်တန့်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ကာ ခေါင်းတွင် သက်တန့်ရောင် ဖီးနစ်သရဖူကို ဆောင်းထားသည့် မိန်းမပျိုတစ်ဦး လျှောက်လာပြီး ပြောလိုက်သည်။
“ရှင်တို့ နှစ်ယောက်စလုံးက သိပ်တော်ပါတယ်… ဒါပေမဲ့ ကျွန်မကတော့ လက်မခံနိုင်ဘူး… အချိန်ရရင် ရှင်တို့ကို စိန်ခေါ်ဦးမယ်…”
ဤမိန်းမပျိုသည် သက်တန့်နဂါးမျိုးနွယ်မှ ထိပ်သီးကျင့်ကြံသူ တစ်ဦးဖြစ်ပြီး သူမ ကျင့်စဉ်ဝင်နေသော ခေတ်မှာ မော့ယန် ထက်ပင် ပို၍စောသေးသည်။ သူမသည် အလွန်ချောမောလှပသော်လည်း အမူအယာမှာ အေးစက်နေပြီး လုံချန် ကို ကြည့်သော မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များဖြင့်သာ ပြည့်နှက်နေသည်။ ချီဝူဖုန်း ကလည်း လျှောက်လာပြီး အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်က အတော်ပျင်းစရာကောင်းတာပဲ… ဒီလောက် အရေးကြီးတဲ့ ပြိုင်ပွဲမှာ စွမ်းအားကုန် ထုတ်မသုံးဘူးဆိုတော့ စိတ်ပျက်စရာပဲ…”
ချီဝူဖုန်း က လုံချန် ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“မင်းက တမင်ပဲဖြစ်ဖြစ်… မတော်တဆပဲဖြစ်ဖြစ် မင်းရဲ့ အရင်စကားတွေက ငါ့ကို စိတ်အနှောင့်အယှက် အများကြီး ဖြစ်စေတယ်… မင်းနဲ့ ငါ့ကြားမှာ တစ်ပွဲတစ်လမ်းတော့ တိုက်ခိုက်ရလိမ့်ဦးမယ်…”
ချီဝူဖုန်း သည် အငြိုးအတေးကြီးသူ ဖြစ်ကြောင်း ထင်ရှားသည်။ လုံချန် ၏ ယခင်စကားများက သူ့၏ မာနကို ထိခိုက်စေခဲ့ပြီး ယခု သူပြောသည့် စကားမှာ လုံချန် ကို စိန်ခေါ်လိုက်သကဲ့သို့ ရှိသည်။ သို့သော် ဤစိန်ခေါ်မှုတွင် မည်သည့်ရန်ငြိုးအာဃာတမျှ မရှိဘဲ ကျင့်ကြံသူ အကျော်အမော် နှစ်ဦး၏ ယှဉ်ပြိုင်လိုသော ဆန္ဒသာ ရှိပေသည်။
“အစတုန်းကတော့ မင်းက တော်တော် မုန်းစရာကောင်းတဲ့လူလို့ ငါထင်ခဲ့တာ… ဒါပေမဲ့ အခုကြည့်ရတာတော့ ဒီလို မဟုတ်ပါလား… ပြီးတော့ မင်းမှာ နဂါးသွေးရှိတယ်… နဂါးမျိုးနွယ်တွေရဲ့ နတ်တန်ခိုးတွေကိုလည်း သုံးနိုင်တယ် ဆိုတော့ နောင်ဆိုရင် ငါတို့တွေအားလုံးက မိသားစုဝင် အချင်းချင်းတွေပဲပေါ့…”
ကြီးမားသော ကိုယ်လုံးကိုယ်ဖန်ရှိသည့် လူထွားကြီး တစ်ဦးက လုံချန် ၏ ရှေ့သို့ လျှောက်လာပြီး သူ့၏ ဧရာမ လက်ကြီးဖြင့် လုံချန် ၏ ပခုံးကို အားရပါးရပုတ်ကာ ပြောလိုက်သည်။ ထိုသူမှာ မော့ယန်၊ အခြားသူများနှင့် အဆင့်တူချင်းတွင် ရှိသည့် ထိပ်သီးကျင့်ကြံသူ တစ်ဦးဖြစ်သည်။ လုံချန် က နဂါးမျိုးနွယ်ကို သိက္ခာတက်စေခဲ့သည့် အတွက် သူသည် လုံချန် အပေါ် အလွန်အမင်း သဘောကျသွားပြီး မိသားစုဝင်အဖြစ် တိုက်ရိုက် အသိအမှတ် ပြုလိုက်သည်။ နဂါးမျိုးနွယ်များနှင့် ဆက်ဆံရသည်မှာ ဤမျှ ရိုးစင်းသည်ဟု ဆိုရပေမည်။ သူတို့၏ အသိအမှတ်ပြုမှုကို ရရှိသွားသည်နှင့် သူတို့သည် မိမိကို အလွယ်တကူ ယုံကြည်လာတတ်ကြသည်။ ထိပ်သီးကျင့်ကြံသူများ အားလုံး လုံချန် နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံကြ၏။ အချို့က လုံချန် ကို စိန်ခေါ်မည်ဟု ပြောဆိုကြသော်လည်း သူတို့၏ စိတ်ထဲတွင်မူ လုံချန် ကို လက်ခံလိုက်ကြပြီ ဖြစ်သည်။ ဤထိပ်သီးကျင့်ကြံသူများ အားလုံးသည် လုံချန် ကို လက်ခံလိုက်ကြပြီ ဖြစ်ရာ အခြားနဂါးမျိုးနွယ်မှ ကျင့်ကြံသူများမှာ သဘောထား ကွဲလွဲစရာ မရှိတော့ပေ။ အမှန်တကယ်တွင်မူ သူတို့၌ သဘောထား ကွဲလွဲခွင့်လည်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် နဂါးမျိုးနွယ်သည် စွမ်းအားကြီးမားခြင်းကို အလေးထားပြီး စွမ်းအားမရှိလျှင် စကားပြောခွင့်ပင် မရှိသောကြောင့် ဖြစ်သည်။
“ညီလေး လုံချန် ကို အစ်ကို တစ်ခုလောက် မေးချင်တယ်… ညီလေးရဲ့ အဲဒီတိုက်ကွက်ကို ဘယ်လိုခေါ်လဲ…”
မော့ယန် က အားလုံးကို နှုတ်ဆက်ပြီးသွားချိန်တွင် နောက်ဆုံး၌ မနေနိုင်တော့ဘဲ မေးလိုက်သည်။ မော့ယန် ၏ စကားကြောင့် ထိုနေရာရှိ ကျင့်ကြံသူများအားလုံး လုံချန် ကို လှမ်းကြည့်လိုက်ကြပြီး မသိမသာ နားစွင့်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် လုံချန် ၏ တိုက်ကွက်ကို သူတို့ မမြင်ဘူးကြသော်လည်း ထိုတိုက်ကွက်တွင် အလွန်ပြင်းထန်သော နဂါးတန်ခိုး စွမ်းအင်များ ပါဝင်နေသဖြင့် နဂါးမျိုးနွယ်၏ နတ်တန်ခိုး တိုက်ကွက်တစ်ခု ဖြစ်ကြောင်း သေချာနေသောကြောင့် ဖြစ်သည်။ နဂါးမျိုးနွယ်၏ နတ်တန်ခိုး တိုက်ကွက်ကို နဂါးမျိုးနွယ်၏ ထိပ်သီးကျင့်ကြံသူများပင် မမြင်ဘူးကြခြင်းသည် သူတို့၏ စိတ်ထဲတွင် မကောင်းသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။ လုံချန် က ပြောသည်။
“အဲဒါကို အင်ပါယာသွေးဆီးလ် နတ်ဘုရားကြက်ခြေ လို့ခေါ်တယ်…”
“အင်ပါယာသွေးဆီးလ် ဟုတ်လား…”
လုံချန် က ထိုသို့ပြောလိုက်သောအခါ နဂါးမျိုးနွယ်၏ ကျင့်ကြံသူများအားလုံး အကြီးအကျယ် အံ့ဩတုန်လှုပ်သွားကြ လေတော့သည်။
***