“... ဒါဆို လွန်ခဲ့တဲ့ ရက်အနည်းငယ်က အစ်ကိုကြီး အနက်ရောင်သေတ္တာထဲကို ထည့်လိုက်တဲ့ မမကြီးက ဘယ်သူလဲ၊ သူက ရန်သူလား”
အပြစ်ကင်းစင်သော်လည်း အန္တရာယ်ရှိလှသော ထိုမေးခွန်းကို ကြားလိုက်ရချိန်တွင် အေ့စ် မျက်နှာက သွေးမရှိတော့ဘဲ ဖြူဆုတ်သွားတော့သည်။ မွိုင်ရာ၏ တိုက်တွန်းမှုကြောင့် အနာဂတ်ဘေးဒုက္ခတစ်ခုကို ရှောင်လွှဲရန် သူ ပြန်ပေးဆွဲလာခဲ့သည့် နတ်သူငယ်မင်းသမီး လီဗီယာ အကြောင်းကို သူ နောက်ဆုံးတွင် သတိရသွားလေပြီ။
သို့သော်လည်း ထိုဘေးဒုက္ခမှာ ရောက်ရှိနေပြီဖြစ်ပြီး သူကိုယ်တိုင်ပင် အိမ်ထဲသို့ ဖိတ်ခေါ်ခဲ့မိခြင်းပင်။
အီဗာက အေ့စ်ကို ထူးဆန်းသော အကြည့်ဖြင့် အေ့စ်ကို ကြည့်ကာ လူဆိုးမလေးတစ်ယောက်ကဲ့သို့ ပြုံးနေသည်။ သူမက ပြုံးလျက်ပြောလိုက်သော်လည်း အသံထဲမှ အေးစက်မှုမှာ သိသာလွန်းလှသည်။
“ကြည့်ရတာ အစ်ကိုကြီးမှာ မိန်းကလေးတွေ စုဆောင်းရတဲ့ ဝါသနာ ရှိနေတာကို ကျွန်မကို အကုန်အစင် မပြောရသေးဘူးပဲ..”
ဘာလုပ်မိလိုက်ပြီမှန်း မသိသေးသည့် ဆိုင်းရပ်စ်ကို လည်ပင်းညှစ်သတ်ချင်စိတ်ပင် ပေါက်သွားပြီး၊ ဆိုင်းရပ်စ်က သူ့ဘဝကို ကြမ်းတမ်းနေအောင် တမင်တကာ လုပ်နေခြင်းဖြစ်မည်ဟုပင် ထင်မှတ်လိုက်မိသည်။
သို့သော်လည်း ထိုငှက်ကလေးကို သူ ပြန်လည်ဆုံးမခြင်း မပြုမီ၊ ရှေ့မှ နတ်ဆိုးမလေးကို အရင် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
“အဲဒီလို မဟုတ်ပါဘူး.. အဲဒီမိန်းကလေးက ငါ့ကို အနာဂတ်ဘေးဒုက္ခကနေ ကယ်တင်မယ့် သော့ချက်ပဲ။ ဒါကြောင့် နတ်ဘုရားက သူမကို ဖမ်းဆီးပြီး အနားမှာ ထားခိုင်းထားတာ။ ဒါမှသာ ငါက သေရေးရှင်ရေး အခြေအနေကို ရှောင်လွှဲနိုင်မှာ..”
ထာဝရသူခိုး ကံကြမ္မာသံလိုက်အိမ်မြှောင် အကြောင်းကို သူမအား မပြောပြထားသဖြင့် နတ်ဘုရားကိုသာ အမြန်ပင် အပြစ်ပုံချလိုက်သည်။
ထို့အပြင် အနာဂတ်ဘေးဒုက္ခတစ်ခုကြောင့် မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲရန် ရတနာတစ်ခုက ခိုင်းစေသည်ဟု ပြောခြင်းထက် နတ်ဘုရားက ခိုင်းသည်ဆိုသည်မှာ ပို၍ ယုံကြည်ဖွယ်ကောင်းလှသည်။ ထာဝရသူခိုး ကံကြမ္မာ သံလိုက်အိမ်မြှောင်၏ ဇာစ်မြစ်ကို မရှင်းပြဘဲနှင့်တော့ သူမကို ချော့မော့နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ဤ နတ်ဘုရားတုမှာ အကောင်းဆုံး ဆင်ခြေပင် ဖြစ်တော့သည်။ နောက်ပိုင်းတွင် သူက စိတ်ကူးယဉ် နတ်ဘုရားကို ခဏခဏ အသုံးချနေမိသဖြင့် တကယ့် နတိဘုရားများကို စော်ကားမိနေမလားဟုပင် တွေးမိသေးသည်။
သို့သော်လည်း သူက ထိုဒဏ္ဍာရီလာ နတ်ဘုရားများ၏ ခံစားချက်ကို ဂရုမစိုက်နိုင်။ သူတို့နာမည်က အသုံးဝင်နေသရွေ့ သူ အသုံးချမည်သာ ဖြစ်သည်။ လူအများအပြားကလည်း ထိုသို့ပင် လုပ်ဆောင်နေကြသဖြင့် ထိုနတ်ဘုရားများကလည်း သူ့ကို စိတ်ဆိုးမည်မဟုတ်ဟု သူ ထင်သည်။
သူ ထင်ထားသည့်အတိုင်းပင်၊ အေ့စ်၏အသက်နှင့် သက်ဆိုင်နေသည်ဟု ကြားလိုက်ရသောအခါ အီဗာ၏ အမူအရာက ပြောင်းလဲသွားသည်။ ၎င်းမှာ သူမ၏ အားနည်းချက်ပင်။ သူမကလွဲ၍ မည်သူမျှ သူ့ကို ရန်ပြုခွင့် မပြုနိုင်ချေ။
သို့တိုင် အေ့စ်ကို ချက်ချင်းယုံကြည်လိုက်ရန်အတွက်လည်း မတုံးအသေပေ။ သူမက မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို စူလိုက်၏။
“ရှင် အမှန်အတိုင်း ပြောနေတာ ဟုတ်မဟုတ် ဘယ်လိုသိရမှာလဲ.. နောက်ပြီး အခု ကျွန်မ အစ်ကိုနဲ့အတူ ရှိနေတာပဲ။ ဘာအန္တရာယ်ကိုမှ စိုးရိမ်စရာ မလိုတော့ဘူး။ ကျွန်မက ရှင့်ရဲ့ ဒိုင်းကာဖြစ်ပေးမယ်”
အေ့စ် သက်ပြင်းချလိုက်ပြီး စိတ်ပိုင်းဖြတ်ထားသည့် သူ မရဲ့တည်ကြည်သော မျက်နှာလေးကို ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။ ထိုအမူအရာကပင် သူမ၏ သဘာဝအလှကို ပို၍ ပေါ်လွင်စေသည်။
“ငါကော သဘောတူမယ် ထင်လို့လား.. အဲဒီမိန်းကလေးက ငါ့ရဲ့ ဟင်းလင်းပြင်ထဲမှာ ချုပ်နှောင်ခံထားရတာဆိုတော့ ငါ့လက်ထဲ ရောက်နေတာကိုတောင် မသိသေးဘူး။ ငါ သူမနဲ့ ကောင်းကောင်းမွန်မွန် စကားတောင် မပြောရသေးဘူး.."
“ဒီနေရာကနေ ထွက်သွားပြီးရင် သူမကို အကျိုးအကြောင်း ရှင်းပြဖို့ စီစဉ်ထားတာ။ သူမက သူခိုးအိမ်တော်ထဲကို ဝင်ဖို့ သဘောတူရင် ကောင်းတာပေါ့။ မတူရင်လည်း တခြားနည်းလမ်းတွေနဲ့ သူမကို နားချမှာပါ။ ဒါက ငါ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ပဲ။ ဘာမှ ပိုမပါဘူး”
အေ့စ်က တည်ကြည်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
သူခိုးအိမ်တော်မှာ အလွန်ထူးခြားပြီး၊ ၎င်းမှာ သူ့ကဲ့သို့ပင် အကန့်အသတ်မရှိ ကြီးထွားလာနိုင်သည့် အကူအညီပေးမည့်သူများကို ရှာဖွေရန်နှင့် သူ၏မစ်ရှင်များနှင့် အခက်အခဲများတွင် ကူညီရန်အတွက် ဖြစ်ကြောင်း သူ နားလည်ထားသည်။
အရေးကြီးဆုံးမှာ ထိုအဖွဲ့ဝင်များက အတင်းအကြပ် ခိုင်းစေခံရခြင်းမျိုး မဟုတ်ဘဲ၊ သန်မာလိုစိတ်နှင့် ရည်မှန်းချက်ရှိသရွေ့ ပျော်ပျော်ရွှင်ရွှင်နှင့် လုပ်ဆောင်ကြမည် ဖြစ်သည်။
တစ်နည်းအားဖြင့် အေ့စ်အနေဖြင့် ထိုသူခိုးများကို သင့်တော်သော အခြေအနေများတွင် မည်သို့အသုံးချရမည်ကို လေ့လာရန်မှလွဲ၍ ကျန်သည့် လေ့ကျင့်ပျိုးထောင်မှုအားလုံးမှာ စနစ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
အလီနာ၏ အခြေအနေမှာ သတင်းအချက်အလက် စုဆောင်းရန်အတွက် ဝင်းတားကို သူ စတင်အသုံးချခဲ့စဉ်ကကဲ့သို့ပင်။ ထိုသို့သာ မဟုတ်ပါက သူက အခြေအနေအရပ်ရပ်ကို ဘာမှ သိရှိနိုင်မည်မဟုတ်ပေ။ ထိုအဖြစ်အပျက်မှနေ၍ သူခိုးအိမ်တော် အဖွဲ့ဝင်များကို အပြည့်အဝ အသုံးချနိုင်မည့် အခြားသော အတွေးသစ်များကိုလည်း သူ ရရှိခဲ့သည်။
ထို့အပြင် သူခိုးအိမ်တော်မှာ ပိုမိုကြီးထွားလာနိုင်သောကြောင့် အဖွဲ့ဝင်အသစ်များ ထပ်တိုးရန် သူ မတွန့်ဆုတ်တော့ပေ။ နတ်သူငယ်မင်းသမီးနှင့် တွေ့ဆုံခဲ့ရပုံနှင့် သူမ၏ ဂုဏ်သတင်းအရ သူမသာ သူခိုးအိမ်တော်ထဲသို့ ဝင်လာပါက တော်သောသူခိုးတစ်ယောက် ဖြစ်လာမည်ကို သူ သိနေသည်။
ထို့ကြောင့် သူခိုးအိမ်တော် အဖွဲ့ဝင် အရေအတွက်ကို မတိုးမြှင့်နိုင်သေးမီအထိ သူမကို အနားတွင် ထားရှိရန် မွိုင်ရာ၏ အကြံပေးချက်ကို သူ သဘောတူခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အီဗာ၏ နိုးထလာမှုမှာ သူ၏ တွက်ချက်မှုပြင်ပတွင် ရှိနေခဲ့သည်။ သူခိုးအိမ်တော်ထဲသို့ အခြားသူများထက် သူမကို ပို၍ ထည့်သွင်းလိုသည်။ အကြောင်းမှာ စနစ်က သူမကို နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ပေးနိုင်သောကြောင့် ဖြစ်သည်။
အဖွဲ့ဝင်အရောင်းဆိုင်မှ အသက်ဒင်္ဂါးပြား တစ်ခုတည်းနှင့်တင် အေ့စ်အနေဖြင့် သူမကို သူခိုးအိမ်တော်ထဲ သွင်းချင်နေပြီဖြစ်သည်။ အသက်ကယ်နည်းလမ်းများနှင့် ပတ်သက်လာလျှင် သူကိုယ်တိုင် အကြိမ်ကြိမ် ကြုံတွေ့ဖူးသည့် စနစ်မှလွဲ၍ မည်သူ့ကိုမျှ သူ မယုံကြည်ပေ။
ထို့ကြောင့် အီဗာတွင် တော်ဝင် သွေးမျိုးဆက် ရှိနေလျှင်ပင် ဘာဖြစ်သနည်း။ သူမသာ သူခိုးအိမ်တော်ထဲ ဝင်ရောက်လာပါက စနစ်က ၎င်းကို ပိုမိုတိုးတက်ပြောင်းလဲလာစေမည်ကို အေ့စ် တစ်စက္ကန့်မျှပင် သံသယမဖြစ်မိပေ။
ထို့ကြောင့် သူခိုးအိမ်တော်ကို အဖွဲ့ဝင်များဖြင့် ဖြည့်ဆည်းရန် သူ ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း၊ ထိုမတိုင်မီ သူ ဂရုစိုက်ရသောသူများကို အရင်ဆုံး ဝင်ရောက်စေလိုခြင်း ဖြစ်သည်။
အီဗာက သူခိုးအိမ်တော်နှင့် ပတ်သက်သည့် အေ့စ်၏ ကြီးမားသော ရည်မှန်းချက်ကို မသိသော်လည်း၊ သူ၏ တည်ကြည်သော မျက်နှာကို ကြည့်ပြီးနောက် တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် သူ့ကို မတားဆီးချင်တော့ပေ။
‘သူ့ဘေးမှာ မိန်းကလေးတွေ အများကြီးရှိနေတော့... သူ့ကို ငါတစ်ယောက်တည်းပဲ ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူး။ အထူးသဖြင့် အဲဒီ အာလီနာ ဆိုတဲ့တစ်ယောက်... နောက်ပြီး သူ့နောက်ကွယ်က နတ်ဘုရားဆိုတာကလည်း အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ပြီး ဖြေရှင်းနည်းတွေတောင် ပေးနိုင်တာဆိုတော့ ကြောက်စရာကောင်းလိုက်တာ...’
အေ့စ်၏ နှလုံးသားထဲတွင် သူမ၏ တည်ရှိမှု ခြိမ်းခြောက်ခံရမည်ကို စိုးရိမ်စွာ တွေးနေမိသည်။
သို့သော် သံယောဇဉ်လက်စွပ် အကြောင်းကို တွေးမိသောအခါ၊ သူမ၏ စိုးရိမ်ပူပန်မှုများမှာ သူမအပေါ် အလေးမပေးခံရတော့မှာကို ကြောက်ရွံ့သည့် စိတ်ကြောင့်သာ ဖြစ်ကြောင်း ခံစားလိုက်ရသည်။
သူမစိတ်ထဲတွင်မူ အေ့စ်တွေ့သမျှ လှပသော မိန်းကလေးတိုင်းကို စိတ်ဆိုးမာန်ဆိုး လုပ်နေမည်ဆိုလျှင်၊ အေ့စ်က သူမကို စိတ်ကုန်သွားနိုင်ပြီး ထိုအချက်ကြောင့်ပင် သူမအပေါ် စိတ်ဝင်စားမှု လျော့နည်းသွားစေနိုင်သည်။
ထို့ကြောင့် သူမအနေဖြင့် အေ့စ်ဘေးတွင် ရှိမည့် တစ်ဦးတည်းသောသူ ဖြစ်ချင်သည့် စိတ်ကူးကို ပြောင်းလဲရမည်၊ သို့မဟုတ်ပါက အေ့စ်၏ စိတ်ဓာတ်ကို ပြောင်းလဲစေပြီး အခြားမိန်းကလေးများနှင့် မပတ်သက်ဘဲ သူမကိုပဲ ဂရုစိုက်လာအောင် လုပ်ရပေတော့မည်။
***