သူခိုးအိမ်တော်ကြောင့် အေ့စ်အနေဖြင့် သူတို့ကို လက်လွှတ်ရန်မှာ ယခုအချိန်တွင် လုံးဝမဖြစ်နိုင်တော့ပေ။ သူခိုးအိမ်တော်ထဲသို့ ဝင်ရောက်လာသူ မည်သူမဆို ပြန်ထွက်သွား၍မရကြောင်း သူက သူမကို ပြောပြပြီးသားဖြစ်သည်။
ဒါ့အပြင် အေ့စ်က သူမအတွက် နေရာတစ်ခု ဖန်တီးပေးရန် ရည်ရွယ်ချက်သာရှိပါက၊ ရှိနှင့်ပြီးသား အဖွဲ့ဝင်တစ်ယောက်ကို အလွယ်တကူ ဖယ်ရှားပြီး သူမကို နေရာပေးနိုင်ခဲ့မည်ဖြစ်သည်။
အေ့စ်က ထိုသို့မတွေးမိဟု ထင်ရလောက်အောင် သူမက အူကြောင်ကြောင်နိုင်သူ မဟုတ်ချေ။
သို့သော်လည်း အတိတ်က သူ့အပေါ် မည်သို့ပင် ပြုမူခဲ့ကြပါစေ၊ ရှိနှင့်ပြီးသား အဖွဲ့ဝင်များကို ဖယ်ရှားရန် အေ့စ်တွင် အစီအစဉ်မရှိကြောင်းကို ရိပ်မိလောက်အောင် သူမက ထက်မြက်သည်။
ယခုအခါတွင် အေ့စ်က ထိုအမျိုးသမီး အဖွဲ့ဝင် သုံးယောက်နှင့်တင် ရပ်တန့်မည့် အစီအစဉ်မရှိကြောင်းကို သူမ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။ အကြောင်းမှာ နေရာလွတ်ရသည်နှင့် ဝင်ရောက်ရန် အသင့်ဖြစ်နေသော မိန်းကလေးတစ်ယောက်ကို သူ၏ ဟင်းလင်းပြင်ထဲတွင် ဖမ်းဆီးထားပြီးသား ဖြစ်နေ၍ပင်။
အပြစ်ကင်းစင်သော်လည်း ကောက်ကျစ်တတ်သော ထိုကောင်လေးက ၁၅ နှစ်အတွင်း ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့မိပေ။ သူက ဤနှစ်များအတွင်း အချို့သောသူများ တစ်သက်လုံးစာ ကြုံတွေ့ရသည်ထက်ပင် ပိုမိုများပြားသော အတွေ့အကြုံများကို ရရှိခဲ့ပြီးဖြစ်သည်။
နောက်ဆုံးတွင်၊ အေ့စ်မှာ ယခုအခါ အလွန် ရည်မှန်းချက်ကြီးမားလာကြောင်း သူမ အလွယ်တကူ ပြောနိုင်ပါသည်။ သူက ညီမဖြစ်သူကို လိုက်ရှာနေရုံသက်သက် ကောင်လေးတစ်ယောက် မဟုတ်တော့ဘဲ၊ နာမည်ကြားရုံနှင့်ပင် မည်သူ့ကိုမဆို မျက်နှာပျက်သွားစေနိုင်သည့် အကြောက်ရဆုံးသော သူခိုးကြီး ဖြစ်နေလေပြီ။
ထိုသို့ဆိုလျှင် သူ၏ ရည်မှန်းချက်များကို စတင်ရှာဖွေတွေ့ရှိကာ ကောင်းကင်ဘုံကိုပင် မျှော်မှန်းနေချိန်တွင် သူက ဘာကြောင့် ရပ်တန့်မည်နည်း။
ယခုအခါ သူမအတွက် ရွေးချယ်စရာမှာ ဤရည်မှန်းချက်ကို သူမကိုယ်တိုင်၏ ရည်မှန်းချက်အဖြစ် လက်ခံမည်လော၊ သို့မဟုတ် အမြဲတမ်း စိုးရိမ်စိတ်များဖြင့် သူ့ကို တားဆီးနေရင်းနှင့် သူ သူမကို စိတ်ကုန်သွားအောင် လုပ်မည်လော ဟူ၍ ဖြစ်သည်။
ရွေးချယ်မှုမှာ အလွန်ပင် ထင်ရှားလှသည်။ သူမက ဆိုးနွဲ့နေခြင်းကို ရပ်တန့်လိုက်ပြီး၊ သူမအပေါ် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသော သူ၏ အပြာရောင်မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်၏။ ၎င်းမှာ သူမ၏ စိုးရိမ်ပူပန်မှုများမှာ အလကားသက်သက် ဖြစ်ကြောင်း သက်သေပင်။
“ကောင်းပြီလေ... ဒါပေမဲ့ နင်က နောက်ထပ် မိန်းမတစ်ယောက် ထပ်ယူချင်တယ်ဆိုရင်၊ သူမက ငါ့ရဲ့ စမ်းသပ်မှုကို အရင်ခံယူရမယ်လို့ ကတိပေး..”
သူမက ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလွှာလေးကို ကိုက်ရင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။
အေ့စ်က သူမ၏ ရုတ်တရက် အပြောင်းအလဲကြောင့် အံ့အားသင့်သွားရသည်။ သူမ ဘာကြောင့် ထိုသို့ဖြစ်သွားသည်ကို သူ မသိသော်လည်း၊ သူမ ယခုအခါ သဝန်တိုမနေတော့သည်ကိုမူ သူ သိလိုက်သည်။
“မင်း ဘာတွေ တွေးနေတာလဲ.. ငါက ဘာကြောင့် အဲဒီလို လုပ်ခဲ့ရတယ်ဆိုတာကို ရှင်းပြနေတာပါ။ မင်းလို နတ်ဆိုးမလေးတစ်ယောက် ရှိနေတာပဲ၊ ငါက ဘာလို့ နောက်ထပ် မိန်းမတစ်ယောက် ထပ်လိုချင်ရမှာလဲ..”
တည်ကြည်နေသော်လည်း နာကျင်နေဟန်ရှိသော အီဗာ့ အမူအရာကို ကြည့်ကာ အေ့စ် ရယ်မောလိုက်သည်။
အီဗာ ဝမ်းသာသွားသော်လည်း အလျှော့မပေးဘဲ ပြတ်သားစွာပင် ဆက်ပြောသည်။
“ကတိပဲ ပေးလိုက်ပါ၊ ဟုတ်ပြီလား.. နင်က ငါ့အပေါ် ရိုးသားပြီး သစ္စာရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ နင်က တကယ့်သူခိုးတစ်ယောက်ဖြစ်ဖို့ အလေးအနက်ထားတယ်ဆိုရင်၊ တစ်နေ့မှာ တစ်စုံတစ်ယောက်ရဲ့ အဖွဲ့အစည်းထဲကို ထိုးဖောက်ဝင်ရောက်ရုံတင်မကဘဲ၊ ရန်သူ့စခန်းရဲ့ အချက်အခြာကို ရောက်ဖို့ တစ်စုံတစ်ယောက်ကို ဖြားယောင်းရတာမျိုး၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ ခင်ပွန်းအဖြစ် ဟန်ဆောင်ရတာမျိုးတွေ လုပ်ရနိုင်တယ်"
“လွန်ခဲ့တဲ့ ၁၅ နှစ်လုံးလုံး နင် လုပ်ခဲ့သလိုမျိုးပေါ့။ ဒါက အမှန်တရားပဲဆိုတာ ငါတို့ နှစ်ယောက်လုံး သိပါတယ်။ ဒါကြောင့် အဲဒီအချိန်ကျရင် ငါ့ကြောင့်နဲ့ နင့်ကို မတွန့်ဆုတ်စေချင်ဘူး။ နင့်အတွက် လုပ်သင့်တာကို လုပ်ပါ"
“နောက်ဆုံးတစ်ချက်ကတော့... အကယ်၍ အဲဒီ အလီနာက နင့်အပေါ် မောင်နှမသံယောဇဉ်ထက် ပိုခဲ့ရင်ကော.. နင်က သူမရဲ့ နှလုံးသားကို ခွဲရက်မှာလား၊ ဒါမှမဟုတ် သူမကပဲ နောက်ဆုတ်သွားမှာလား.. သူမနဲ့ ငါ့ ကြားထဲမှာ နင့်ကို ရွေးချယ်ခိုင်းတာမျိုး မဖြစ်စေချင်ဘူး။ပြီးတော့ အဲဒီလို အခြေအနေမျိုးထဲ ဘယ်တော့မှ မရောက်စေရဘူး"
“ဒါကြောင့် ငါ လိုချင်တာက... အကယ်၍ တစ်နေ့မှာ နင်က တခြားအမျိုးသမီးတစ်ယောက်အပေါ် တာဝန်ယူချင်တာမျိုး၊ မိန်းမတွေ အများကြီး ထားချင်တာမျိုး ရှိလာရင် ငါ့ကို အရင်ပြောပါ။ ပြီးရင် သူမက ငါ့ရဲ့ စမ်းသပ်မှုကို ခံယူရမယ်။ ဒါက ငါ့ရဲ့ နောက်ဆုံးစည်းပဲ”
‘အမ်းး ဒါက ဘယ်လို အခြေအနေကြီးလဲဟ.. အစကတော့ သူမကို ရှင်းပြဖို့ ပြောနေပြီးတော့၊ အခုကျတော့ ငါက တခြားသူကို လက်ထပ်ချင်နေတယ်လို့ ထင်နေရုံတင်မကဘဲ အဲဒါကိုတောင် သဘောတူနေတယ်ပေါ့..’
အေ့စ်က အီဗာကိုကြည့်ကာ သူမ မည်မျှ အလေးအနက်ထားနေသည်ကို မြင်ပြီး ဆွံ့အသွားရသည်။
ဤနှစ်များအတွင်း အေ့စ်ကလည်း အမျိုးသမီးများစွာနှင့် တွေ့ဆုံခဲ့ရပြီး အချို့၏ မျက်နှာသာပေးမှုကိုပင် ရရှိခဲ့သည်။ သို့သော် အီဗာ ရှိနေခြင်းကြောင့်လည်းကောင်း၊ အချိန်မရှိခြင်းကြောင့်လည်းကောင်း သူတို့အပေါ် စိတ်ဝင်စားရန် တစ်ခါမျှ မတွေးခဲ့ဖူးပေ။
တခြားအမျိုးသမီးများမှာ ကိစ္စမရှိသော်လည်း၊ နိုအာ၏ သူ့အပေါ်ထားရှိသော ပြင်းပြသည့် သံယောဇဉ်ကို သူ သိသော်လည်း အမြဲတမ်း မသိချင်ယောင် ဆောင်ခဲ့သည်။ သို့သော် သူမအပေါ် သူ အထင်ကြီးလေးစားမိသည်မှာ အမှန်ပင်။ အကြောင်းမှာ သူမက ပထမဆုံးသော သူခိုးအိမ်တော် အဖွဲ့ဝင်ဖြစ်ပြီး၊ သူ့အတွက် အသုံးဝင်စေရန် အမြဲတမ်း သန်မာအောင် ကြိုးစားနေသူ ဖြစ်သောကြောင့်ပင်။
ထို့ကြောင့်လည်း သူမကို တိုက်ရိုက်ရင်ဆိုင်ပြီး နာကျင်အောင် မလုပ်ချင်ဘဲ၊ သူ့ကိုယ်ပိုင်ခံစားချက်များကို မရှင်းလင်းမချင်း စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်နိုင်သည်။
အီဗာ နိုးထလာပြီးနောက် သူမ၏ ရူးသွပ်ပြီး စွဲလမ်းတတ်သော စရိုက်မှာ ယခင်ကထက်ပင် ပိုမိုအားကောင်းနေသည်ကို သူ သတိပြုမိသည်။ သူမက သူ့ဘေးတွင် အခြားအမျိုးသမီးများကို ဘယ်တော့မှ လက်ခံမည်မဟုတ်ကြောင်း သူ သိထားပြီး၊ ၎င်းကိုလည်း သူ ပြဿနာမရှိဟု ထင်ခဲ့သည်။
သို့သော် ရည်မှန်းချက် အောင်မြင်ရန်အတွက် တစ်စုံတစ်ယောက်၏ ခင်ပွန်းအဖြစ် ဟန်ဆောင်ခြင်း သို့မဟုတ် အခြားအမျိုးသမီးများကို ဖြားယောင်းခြင်းနှင့် ပတ်သက်သည့် အီဗာ၏ ကျိုးကြောင်း ဆီလျော်သည့် ရှင်းပြချက်ကို ကြားလိုက်ရသောအခါ သူ ပြန်မပြောနိုင်တော့ပေ။ ထိုကဲ့သို့သော နည်းလမ်းများကို သူ တစ်ခါမျှ ထည့်မတွေးခဲ့ဖူးသောကြောင့်ပင်။
သို့သော် အနာဂတ်မှာကော..
အကယ်၍ ထိုအရာများကို လုပ်ဆောင်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့လျှင်ကော..
အခြားအမျိုးသမီးများနှင့် အတူမအိပ်ချင်၍ သို့မဟုတ် မဖြားယောင်းချင်၍ ဆိုသည့် အကြောင်းပြချက်ဖြင့် မစ်ရှင်ကို လက်လွှတ်လိုက်ပြီး သူနှင့်တကွ လူတိုင်း၏ အသက်ကို အန္တရာယ်ထဲ ခုန်ဆင်းလိုက်မည်လော..
ထိုနည်းလမ်းများကို ရှောင်လွှဲနိုင်သည့် တခြားနည်းလမ်းများစွာ ရှိနိုင်သော်လည်း၊ အလီနာနှင့် ပတ်သက်သည့် အချက်ကိုမူ သူ လျစ်လျူရှု၍ မရပေ။
အီဗာ ပြောသကဲ့သို့ပင် အလီနာကသာ သူ့အပေါ် ညီမလေးတစ်ယောက်ထက် ပိုချင်လာခဲ့လျှင်ကော..
သူက အရင်ကလို တုံးအမနေတော့ချေ။ သူမက ၂ နှစ်ကျော်ခန့်သာ သူ၏ ညီမ ဖြစ်ခဲ့ဖူးပြီး၊ သွေးသားတော်စပ်သည့် ညီမအရင်း မဟုတ်သည်ကို သူ သိသည်။ ၎င်းကို ငယ်ချစ်ဦးဟုပင် သတ်မှတ်၍ ရနိုင်သေးသည်။
ထို့အပြင် အလီနာမှာလည်း သူ၏ နှလုံးသားထဲတွင် အထူးနေရာတစ်ခု ရထားသူဖြစ်ပြီး၊ ထို့ကြောင့်လည်း သူမကို မည်သို့ပင်ဖြစ်စေ ကယ်တင်ရန် သူ အားခဲထားခြင်း ဖြစ်သည်။
သို့သော် ဤအတွေးများမှာ ခန့်မှန်းချက်များသာ ဖြစ်သည်။ သူမတွင် ထိုသို့သော ခံစားချက်မျိုး မရှိဘဲ မောင်နှမများအဖြစ်သာ ဆက်ရှိနေနိုင်သည့် အခွင့်အလမ်းလည်း ရှိနေသေးသည်။
သို့တိုင် သူမကို ကယ်တင်ပြီးနောက် ဘာဆက်ဖြစ်မည်နည်း။
သူမတွင် ပြည့်စုံသော ဘဝနှင့် စောင့်ကြိုနေသော မိဘများ ရှိနေချိန်၊ သူမကိုယ်တိုင်ကလည်း မဝင်ချင်ပါဘဲနှင့် သူမကို သူခိုးအိမ်တော်ထဲသို့ အတင်းအကျပ် သွင်းရမလား သို့မဟုတ် သူမကို စွန့်လွှတ်လိုက်ရမည်လားဆိုသည်မှာ အနာဂတ် ပြသနာဖြစ်ပေသည်။
သူ့အနေဖြင့် သူမကို ကာကွယ်ရန် ပေါ်လာသည်နှင့် သူမကို သူ ဂရုစိုက်ကြောင်း ရှင်းရှင်းလင်းလင်း သိသာသွားမည်ဖြစ်သည်။ ထို့ကြောင့် ရန်သူများက သူ့ကို ဖမ်းရန် သူမကို အသုံးချခြင်းမှာ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မည်မဟုတ်ပေ။
သူက သူခိုးအလုပ်ကို စွန့်လွှတ်ပြီး ခရီးစဉ်ကို အဆုံးသတ်လိုက်မှသာ ထိုကိစ္စများ ပြီးဆုံးမည် ဖြစ်သော်လည်း၊ ၎င်းမှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် အလီနာကို ဂရုစိုက်နေသရွေ့ သို့မဟုတ် သူမကို အနားတွင် အမြဲရှိနေစေရန် မရွေးချယ်သရွေ့၊ သူမကို ကယ်တင်ရုံသက်သက်နှင့် ပြဿနာအားလုံး ပြေလည်သွားမည်မဟုတ်ပေ။
နောက်ဆုံးအနေဖြင့် သူခိုးအိမ်တော်ထဲမှ မိန်းကလေးများပင် တစ်ချိန်ချိန်တွင် သူတို့က ဤအန္တရာယ်များသော ဘဝမှ အနားယူလိုပြီး တစ်စုံတစ်ယောက်ကို ချစ်မိသွားကာ၊ ထိုသူကို သူခိုးအိမ်တော်ထဲ ခေါ်လာလိုခြင်း သို့မဟုတ် အတူနေထိုင်လိုခြင်းမျိုး ရှိလာနိုင်သည့် အခြေနေလည်း ရှိနေသည်။
အေ့စ်အနေဖြင့် ထိုအရာကို အပြည့်အဝ တားဆီးနိုင်သော်လည်း၊ ထိုသို့လုပ်ရန်အတွက် သူ၏ လူသားဆန်သော မူဝါဒများနှင့် ခံစားချက်များကို စွန့်လွှတ်ရမည်ဖြစ်သည်။ ၎င်းကိုမူ ယခုအချိန်တွင် သူ မလုပ်နိုင်သေးပေ။
အကယ်၍ သူသာ ယောက်ျားပီသစွာဖြင့် တခြားသူများထက် အရင်ဦးအောင် သူတို့၏ နှလုံးသားကို ရယူထားနိုင်ပါက ဤအရာအားလုံးမှာ ပြောင်းလဲသွားနိုင်ပြီး သူ၏ဘဝကိုလည်း ဖိအားနည်းစေမည်ဖြစ်သည်။
ထို့ကြောင့် တစ်နည်းအားဖြင့် အီဗာက သူ့အား အမျိုးသမီးများ၏ ပြဿနာအားလုံးကို တစ်ခါတည်း အမြစ်ပြတ် ရှင်းလင်းပစ်ရန် အခွင့်အရေးကြီးတစ်ခု ပေးနေခြင်းပင် ဖြစ်သည်။
သူမက နှလုံးသား နာကျင်ခံပြီး ခွင့်ပြုပေးနေသော်လည်း၊ သူ လမ်းမှားမရောက်သွားစေရန်နှင့် ပလေးဘွိုင်း တစ်ယောက် ဖြစ်မသွားစေရန်အတွက် ကြိုးအားလုံးကို သူမ၏ လက်ထဲတွင် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
သူမက သူ့ကို စိတ်ကြိုက် ရှုပ်ပွေခွင့် ပေးထားသကဲ့သို့ ထင်ရသော်လည်း၊ အမှန်တကယ်မှာမူ သူမ၏ တည်ရှိမှုသည်သာ ထိပ်ဆုံးမှာရှိကြောင်းနှင့် ဤသို့ လမ်းဖွင့်ပေးခဲ့သည်ကို နောင်တမရအောင် လုပ်ဆောင်ရန် သတိပေးနေခြင်း ဖြစ်သည်။
သူမ၏ စမ်းသပ်မှုကို အောင်မြင်ရန်အတွက်မူ...
ဤနတ်ဆိုးမလေးက သူ့ဘေးတွင် သူမကဲ့သို့ အမြဲတမ်း နေထိုင်ခွင့်မပေးမီ မည်သို့သော စမ်းသပ်မှုမျိုးကို ပြုလုပ်မည်ကို မည်သူသိနိုင်မည်နည်း။
ပါးနပ်သော နတ်ဆ်ိုးမလေးဖြစ်သည့် အီဗာဟာ အေ့စ်အနေဖြင့် သူမ၏ ကြောက်စရာကောင်းသော အမြော်အမြင်စွမ်းရည်ကို သတိမပြုမိမီမှာပင် သူမ၏ ကစားကွက်ကို ခင်းလိုက်လေပြီ။
အနည်းဆုံးတော့ အေ့စ်၏ သူမအပေါ်ထားရှိသော အချစ်များ မလျော့ပါးစေရန် သေချာစေသည့် နေရာတွင် သူမက ကြောက်စရာကောင်းလှသည်။ နောက်ဆုံးတွင်၊ အနာဂတ်ရှိ အမျိုးသမီးများသည်လည်း အေ့စ်၏ဘေးတွင် နေရာတစ်နေရာရရန် မည်သူ့ကို မျက်နှာချိုသွေးရမည်ကို သိသွားကြပေလိမ့်မည်။
သူ့အဖြေကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသော အီဗာ၏ တည်ကြည်သော မျက်နှာလေးကို အေ့စ် နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ အကယ်၍ သူ ကတိမပေးပါက သူမ ဘယ်တော့မှ စိတ်အေးရမည်မဟုတ်သလို၊ သူကိုယ်တိုင်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်ကို သူ သိနေသည်။
အေ့စ်က လက်ကို လှုပ်ရှားလိုက်ပြီး သူမ၏ နတ်ဘုရားမကဲ့သို့ လှပသော မျက်နှာလေးကို ပွတ်သပ်လိုက်ပြီး ကြင်နာစွာ ပြုံးလျက် ပြောလိုက်သည်။
“နောင်တရလိမ့်မယ်လို့ ငါ ခံစားနေရပေမဲ့... မင်း ငါ့ကို အခုလိုမျိုး ဂရုမစိုက်တော့မှာကို ပိုပြီး နောင်တရမိမှာပါ”
သူက သူမ၏ နီမြန်းပြီး စိုပြေသော နှုတ်ခမ်းများဆီသို့ တိုးကပ်သွားစဉ်၊ အီဗာ၏ နှလုံးခုန်သံများ မြန်လာပြီး သူမ၏ မျက်လုံးများမှာလည်း မျှော်လင့်ချက်များကြောင့် ဝေဝါးလာသည်။ သူမ၏ နှုတ်ခမ်းကို မထိမီလေးမှာပင် အေ့စ် ပြောလိုက်သည့် စကားကြောင့် သူမ၏ စိုးရိမ်မှုများအားလုံး အရည်ပျော်သွားပေတော့သည်။
“ငါ ကတိပေးတယ်..”
နောက်တစ်စက္ကန့်တွင် သူတို့၏ ကြင်နာမှုများ ပြန်လည် စတင်လာပြန်တော့သည်။
အေ့စ်က သူမကို မနမ်းမီ ဆိုင်းရပ်စ်ကို အဝေးသို့ ပို့လိုက်ရန် မမေ့ခဲ့ပေ။ ထိုသို့ မတရားသဖြင့် အပို့ခံလိုက်ရပြန်သောကြောင့် စပ်စုချင်သော ငှက်ကလေးမှာ မကျေမနပ်နှင့် အော်မြည်နေလေတော့သည်။
***