ဆိုင်းရပ်စ်၏ သတိပေးမှုကို ကြားလိုက်ရချိန်တွင် အေ့စ်၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားသည်။
"ဒီနေရာက ချီတွေ အရမ်းသိပ်သည်းနေတာကို မင်းသတိထားမိလား"
အီဗာက ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်၊ အတွင်းထဲကို ပိုဝင်လေလေ ချီတွေက ပိုသိပ်သည်းလာလေပဲ။ ငါတို့ နေရာမှန်ကို ရောက်နေပြီထင်တယ်။ ဒါက သာမန်သတ္တုကြောတစ်ခုလည်း မဟုတ်ဘူး"
"ကောင်းပြီ၊ ငါတို့ ဘယ်နေရာ ရောက်နေလဲဆိုတာ ကြည့်ရအောင်"
အေ့စ် မျက်လုံးများ စူးရှသွားပြီး ရှေ့ကနံရံကို ဓားအလင်းတန်းဖြင့် တိုက်ခိုက်ကာ ဖြိုချလိုက်သည်။
ကံကြမ္မာမြေပုံကို ကြည့်ရှုပြီးဖြစ်ရာ မြေပုံမှာ မီးခိုးရောင်သာ ဖြစ်နေသဖြင့် ဤနေရာသည် ဘေးကင်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။
နံရံပြိုကျသွားသည်နှင့် တစ်ပြိုင်နက် ချီများပြည့်နှက်နေသော မြူတိမ်တိုက်ကြီးက လမ်းကြောင်းထဲသို့ တိုးဝင်လာသည်။
"အရမ်းလန်းဆန်းသွားတာပဲ.."
ဆိုင်းရပ်စ်က ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
အေ့စ်ပင်လျှင် သိပ်သည်းလွန်းလှသော ချီများကြောင့် အံ့အားသင့်သွားပြီး ထိုအချိန်တွင် စနစ် အသံက မြည်လာသည်။
[ပိုင်ရှင်သည် ၂ SP ကို စုပ်ယူပြီးပါပြီ]
[ပိုင်ရှင်သည် ၄ EXP ကို စုပ်ယူပြီးပါပြီ]
[၁ SP ကို စုပ်ယူပြီးပါပြီ]
[၃ EXP ကို စုပ်ယူပြီးပါပြီ]
[၅ SP ကို စုပ်ယူပြီးပါပြီ]
[၂ EXP ကို စုပ်ယူပြီးပါပြီ]
[၃ SP ကို စုပ်ယူပြီးပါပြီ]
...
'ဝိညာဉ်ကျောက်တုံးရင်းမြစ်ကို ငါစတွေ့တုန်းကလိုပဲ၊ ဒါပေမဲ့ ချီစုပ်ယူမှုက အဲ့ဒီတုန်းကထက်တောင် ပိုပြီးတော့ အံ့သြဖို့ကောင်းနေတယ်'
အေ့စ်က စိတ်လှုပ်ရှားစွာ တွေးတောရင်း ရှေ့သို့ လှမ်းလိုက်သည်။
ဤနေရာတွင် ချီစုပ်ယူမှုနှုန်း မြင့်မားနေသဖြင့် ချီသိပ်သည်းဆမှာလည်း အလွန်မြင့်မားမည်ဖြစ်ကြောင်း သူသိရှိလိုက်သည်။ ဤနေရာသည် မည်သည့်နေရာပင်ဖြစ်စေ ၎င်းကိုယ်တိုင်က ရတနာတစ်ခုပင် ဖြစ်သည်။
အီဗာသည်လည်း တောက်ပနေသော မျက်ဝန်းများဖြင့် နောက်မှကပ်လိုက်လာသည်။ ဤမျှသိပ်သည်းသော ချီပမာဏနှင့် ထိတွေ့ရခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
အေ့စ် ဖွင့်လိုက်သော နံရံကို ကျော်ဖြတ်လိုက်သည်နှင့် ထူးဆန်းသော မြင်ကွင်းတစ်ခုက သူတို့ကို ကြိုဆိုနေသည်။ တစ်နေရာလုံး ဖြူဖွေးသော ချီမြူများဖြင့် ပြည့်နှက်နေသော်လည်း ရှေ့ဘက် အဝေး တစ်နေရာရှိ နက်မှောင်သော အရောင်အဝါတစ်ခုကို ဤနေရာ၏ အလယ်ဗဟိုတစ်ခုအဖြစ် သူတို့ ရှင်းလင်းစွာ မြင်နေရသည်။
ထိုဗဟို၏ အထက် မီတာအနည်းငယ်ခန့်တွင် ၅၀ မီတာခန့် ကျယ်ဝန်းသော လေဟာနယ်ဟင်းလင်းပြင်တစ်ခုရှိနေပြီး မြူများမှာ ထိုဟင်းလင်းပြင်ထဲသို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် စုပ်ယူခြင်းခံနေရသည်။
"ငါတို့ရဲ့ ပစ်မှတ်ကို ရှာတွေ့ပြီထင်တယ်"
အေ့စ် မျက်လုံးများက ထိုအနက်ရောင်အလယ်ဗဟိုနှင့် လေဟာနယ်ကို ကြည့်ရင်း အေးစက်သွားသည်။
ထိုလေဟာနယ်မှာ တော်ဝင်နတ်ဆိုး မျှော်စင်၏ လက်ချက်ဖြစ်သည်မှာ ထင်ရှားသည်။ သို့သော် အံ့သြစရာအကောင်းဆုံးမှာ ချီများမှာ ကုန်ဆုံးသွားခြင်းမရှိဘဲ အဆုံးမရှိ ထွက်ပေါ်နေသကဲ့သို့ ဖြစ်နေခြင်းပင်။
"စနစ်၊ ဒါက လွတ်လပ်သော ဟင်းလင်းပြင် အမြုတေလား"
အေ့စ်က သေချာစေရန် စနစ်ကို မေးမြန်းလိုက်သည်။
"အတည်ပြုပါသည်။ ပိုင်ရှင့်အနေဖြင့် ၎င်း၏ ၁၀ မီတာအတွင်း ရောက်ရှိသည်နှင့် စနစ်က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်"
စနစ်၏ အဖြေကို ကြားရသောအခါ အေ့စ်က မျက်ခုံးပင့်လိုက်သည်။ ထိုအရာကို သူကိုယ်တိုင် သိမ်းဆည်းရမည်ဟု ထင်ထားသော်လည်း စနစ်က ကိုယ်တိုင်လုပ်ဆောင်ပေးမည် ဖြစ်သောကြောင့် ကံကောင်းသည်ဟု ဆိုရမည်။ ဤနည်းလမ်းက ပို၍ ဘေးကင်းပေသည်။
"မင်း အဲ့ဒီမျှော်စင်ကို အဝေးပို့လိုက်လို့ရပြီ၊ ငါ အဲ့ဒီအရာကို ရှင်းလိုက်မယ်"
အေ့စ်က အီဗာကို တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်။
အီဗာ ခဏမျှ ကြောင်သွားသော်လည်း အေ့စ်က နောက်ပြောင်နေခြင်းမဟုတ်ဘဲ ယုံကြည်မှုရှိနေသည်ကို ခံစားမိသည်။
"ကောင်းပြီ၊ ဂရုစိုက်နော်"
သူမက တိုးတိုးလေး သတိပေးပြီးနောက် တယ်လီပို့ခြင်းကို စတင်ရန် မျက်လုံးများကို မှိတ်လိုက်သည်။
အေ့စ်က ပြုံးလိုက်ပြီး အနက်ရောင်အလယ်ဗဟိုတစ်ဖြစ်လဲ အမြုတေဆီသို့ လျှောက်သွားသည်။ မမျှော်လင့်သော ထောင်ချောက်များ ရှိမရှိ သိနိုင်ရန် ကံကြမ္မာမြေပုံကိုလည်း အဆက်မပြက် ဖွင့်ထားဆဲဖြစ်၏။
သို့သော် သူ စိုးရိမ်ခဲ့ခြင်းသာ ဖြစ်ပြီး မည်သည့်အတားအဆီးမှမရှိဘဲ ၁၀ မီတာအကွာအဝေးသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ချီစုပ်ယူမှုနှုန်းမှာ တစ်ကြိမ်လျှင် အနည်းဆုံး ၂၀ SP နှင့် ၂၀ EXP ခန့်ရှိနေပြီး သူ၏ SP နှင့် EXP များမှာ အံ့သြဖွယ်ကောင်းလောက်အောင် မြန်မြန်ဆန်ဆန် တိုးလာနေသည်။
သို့တိုင် သန်း ၁၅၀ ပြည့်ရန်မှာ ဝေးနေသေးသည်။
သူက စနစ်ကို ဘာဆက်လုပ်ရမလဲဟု မေးရန် ပြင်နေစဉ်မှာပင် အလိုအလျောက် အသိပေးချက်တစ်ခု တက်လာသည်။
[ပိုင်ရှင်သည် အနိမ့်ဆုံးအဆင့်ရှိ လွတ်လပ်သော ဟင်းလင်းပြင် အမြုတေ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်]
[ကျေးဇူးပြု၍ ရွေးချယ်မှုတစ်ခုကို ရွေးပါ]
၁။ ၎င်းကို သိမ်းဆည်းလိုပါသလား
၂။ ၎င်းကို စုပ်ယူပြီး သူခိုးနေရာ ဟင်းလင်းပြင်ကို ၁,၀၀၀ ကုဗမီတာ + လူသားပုံစံ သိုလှောင်နိုင်စွမ်း ၅ ယောက်အထိ အဆင့်မြှင့်တင်လိုပါသလား..
'ငါ ဒါကို သိမ်းထားလို့တောင် ရတာလား..'
အေ့စ် နှုတ်ခမ်းများ တွန့်ချိုးသွားကာ ပြုံးလိုက်မိသည်။
'ဒီအဆင့်မြှင့်တင်မှုအတွက် အဆင့်-၈ သိုလှောင်မှုလက်စွပ် ၁၀၀ နဲ့ သူခိုးမှတ် သန်း ၅၀ လိုအပ်တာ။ ဒီ ဟင်းလင်းပြင် အမြုတေကို တခြားဘယ်နေရာမှာ သုံးရမလဲဆိုတာလည်း ငါမသိဘူး၊ စနစ်ကလည်း ငါ့ကို မပြောဘူး။ သူခိုးနေရာက ငါ့အတွက် ဘာထက်မဆို ပိုအကျိုးရှိမယ်ဆိုတာ သေချာတယ်...'
သူက ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။
"ဒုတိယရွေးချယ်မှုကို ငါရွေးတယ်။ သူခိုးနေရာကို အဆင့်မြှင့်လိုက်တော့"
အဆင့်-၈ သိုလှောင်လက်စွပ် တစ်ကွင်းရဖို့တောင် မဖြစ်နိုင်သလောက် ခက်ခဲရာ အကွင်း ၁၀၀ စုဆောင်းရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ အစွမ်းအထက်ဆုံး ပညာရှင်ကြီးများ၌ပင် တစ်ကွင်းရှိရန် မလွယ်ကူပေ။ ထို့ကြောင့် အခွင့်အရေးရခိုက်တွင် သူခိုးနေရာကို အဆင့်မြှင့်လိုက်ခြင်းက ပိုကောင်းသည်။
ဤအဆင့်မြှင့်တင်မှုပြီးလျှင် နောက်ဆုံးအဆင့်မြှင့်တင်မှုတစ်ခုသာ ကျန်တော့မည်ဖြစ်ပြီး ၎င်းအတွက် အဆင့်-၉ သိုလှောင်ရတနာနှင့် အဆင့်-၉ အချိန်အမျိုးအစားရတနာတို့ လိုအပ်သည်။ ယခုလောလောဆယ်တွင် ထိုအရာများကို ရရှိရန်မှာ မဖြစ်နိုင်သေးပေ။
အေ့စ် ရွေးချယ်လိုက်သည်နှင့် သူ၏ ရှေ့ ၁၀ မီတာအကွာရှိ အနက်ရောင်အမြုတေမှာ ရုတ်တရက် တုန်ခါသွားပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားရာ အေ့စ်မှာ မှင်တက်သွားရသည်။
'ဒီလောက်တောင် မြန်တယ်လား..'
စနစ်၏ ထိရောက်မှုကို သူ အံ့သြသွားသည်။ စနစ်က ဟင်းလင်းပြင် အမြုတေအား မည်သို့ယူလိုက်သည်ကိုပင် မမြင်လိုက်ရပေ။
တစ်ခုခုကို ခံစားလိုက်ရသဖြင့် သူ သတိပြန်ဝင်လာပြီး သူခိုးနေရာကို အမြန်စစ်ဆေးလိုက်သည်။
ထိုအချိန်တွင် သူခိုးနေရာမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် စတင်ကျယ်ပြန့်လာပြီး ထောင့်လေးထောင့်ရှိ သိုလှောင်လက်စွပ်များမှာ နေရာလွတ်၏ အလယ်ဗဟိုတွင် အစုအပုံလိုက် ဝိုင်းရံလျက် ရှိနေကြသည်။
မကြာမီတွင် သူခိုးနေရာ၏ အရွယ်အစားမှာ နှစ်ဆဖြစ်သွားပြီး သူခိုးအိမ်တော် အဖွဲ့ဝင်များ၏ နေရာများလည်း ကျယ်ပြန့်လာသဖြင့် အမျိုးသမီးနှစ်ဦးမှာ အံ့အားသင့်သွားကြသည်။
အဆင့်မြှင့်တင်မှုပြီးဆုံးသွားသောအခါ စနစ်၏ အသံ ထပ်မံထွက်ပေါ်လာသည်။
[သက်ရှိ သူခိုးနေရာကို အဆင့်မြှင့်တင်ပြီးပါပြီ]
[သက်ရှိ သူခိုးနေရာ အခြေအနေ]
သိုလှောင်မှုပမာဏ - ၁,၀၀၀ ကုဗမီတာ
သက်ရှိနေထိုင်နိုင်မှုပမာဏ -
၁။ လူသားပုံစံ ၉ ဦး (လူသား၊ နတ်ဆိုး၊ မုဆိုး စသည်ဖြင့်)
၂။ လူသားမဟုတ်သော သက်ရှိ ၉၉,၉၉၉ ခု (သားရဲများ၊ ဆေးဖက်ဝင်အပင်များ၊ သဘာဝရတနာများ စသည်ဖြင့်)
အေ့စ်ဟာ အဆင့်မြှင့်တင်မှုအသစ်အတွက် ကျေနပ်စွာ ပြုံးလိုက်ပြီး နိုအာ နှင့် ဖရီယာတို့ကို အခြေအနေအကျဉ်းချုပ် ပြောပြပြီးနောက် အပြင်ဘက်သို့ ပြန်လည်အာရုံစိုက်လိုက်သည်။
ဒါ့ပြင် စနစ်ထံမှ မပြီးသေးဘဲ နောက်ထပ် အသိပေးချက်တစ်ခု ထပ်မံထွက်ပေါ်လာသဖြင့် သူ လန့်သွားရသည်။
[အဆင့်နိမ့် အဆင့်၇ ဝိညာဉ်ကျောက်တုံးရင်းမြစ်ကို တွေ့ရှိပါသည်]
[အဆင့်နိမ့် အဆင့်၇ ချီကျောက်တုံးသတ္တုကြောကို တွေ့ရှိပါသည်]
[ဝိညာဉ်ကျောက်တုံးရင်းမြစ်နှင့် ချီကျောက်တုံးသတ္တုကြောတို့ကို စုပ်ယူရန် ပိုင်ရှင်၏ ခွင့်ပြုချက် လိုအပ်ပါသည်။]
[ခွင့်ပြုမည်/ခွင့်မပြုပါ]
ဆုလာဘ်များ -
၁။ ၂၀၀ သန်း EXP နှင့် ၂၀၀ သန်း SP
၂။ ပိုင်ရှင်သည် အဆင့်-၄ မှ အဆင့်-၇ အထိရှိသော ချီကျောက်တုံးများနှင့် ဝိညာဉ်ကျောက်တုံးများမှ EXP နှင့် SP ကို စုပ်ယူနိုင်မည်ဖြစ်သည်။
မမျှော်လင့်ထားသော အသိပေးချက်ကို မြင်လိုက်ရသောအခါ အေ့စ် မျက်လုံးများ ပြူးကျယ်သွားပြီး ရင်ခုန်သံများ မြန်ဆန်လာသည်။
'ဒီနေရာက တကယ်ပဲ အဆင့်-၇ ရှိတဲ့ ချီကျောက်တုံးတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေရဲ့ သတ္တုကြောကြီးပေါ့..'
သူသည် စိတ်လှုပ်ရှားစွာဖြင့် တွေဝေခြင်းမရှိဘဲ အမြန် အော်ပြောလိုက်လေသည်။
"စုပ်ယူခြင်းကို စတင်လိုက်တော့..”
***