နတ်သူငယ်တိုက်ကြီး ၊ နတ်သူငယ်မြို့တော်၊ နတ်သူငယ်နန်းတော်...
နတ်သူငယ်နန်းတော်၏ အောက်ခြေ ပေပေါင်းထောင်ချီသော အနက်တွင် ရှိသည့်နေရာတစ်ခု၌..
ထိုနေရာတွင် အကျယ်ပေတစ်ထောင်ကျော်နှင့် အမြင့်ပေဆယ်ဂဏန်းရှိသော ဟင်းလင်းပြင်တစ်ခုရှိပြီး တစ်ခုလုံးကို သန့်စင်လှပသော စကျင်ကျောက်များဖြင့် ပြုလုပ်ထားသည်။
ကြမ်းပြင်တစ်ခုတည်းကိုသာ ရှုပ်ထွေးသော ရွန်းများဖြင့် ပြည့်နှက်နေစေရန် မူလအတိုင်း ချန်လှပ်ထားသည်။
ရွှေရောင်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် နတ်သူငယါတော်ဝင်အစောင့်တပ်သား ငါးဆယ်ကျော်မှာ ဝင်ပေါက်တွင် ရပ်နေကြသည်။
နတ်သယငယ်များက ဤနေရာကို မြင့်မြတ်သော ဟင်းလင်းပြင်ဟု ခေါ်ဆိုကြသည်။ အကြောင်းမှာ မြင့်မြတ်သော မျှော်စင်သို့ ဝင်ရန် သို့မဟုတ် ထွက်ရန် လမ်းကြောင်းမှာ ဤနေရာတွင် တည်ရှိသောကြောင့်ဖြစ်သည်။
ဤနေရာကို လက်ရှိ နတ်သူငယ်ဘုရင်မ ငယ်စဉ်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဒဏ္ဍာရီများအရ သူမသည် မြင့်မြတ်သော ဝိညာဉ်ထံမှ ခေါ်သံကို ကြားခဲ့ရပြီးနောက် ဤနေရာသို့ ရောက်ရှိလာနိုင်ခဲ့ခြင်း ဖြစ်သည်။
သူမက မြင့်မြတ်သော မျှော်စင်ထဲသို့ ပထမဦးဆုံး ဝင်ရောက်နိုင်ခဲ့သူဖြစ်ပြီး ထိုအချိန်မှစ၍ နတ်သူငယ်မျိုးနွယ်စုအတွက် အရာအားလုံး ပြောင်းလဲသွားကာ မျှော်စင်၏ လွှမ်းမိုးမှုအောက်တွင် တိုးတက်ထွန်းကားလာခဲ့သည်။ ထို့ကြောင့် ဤနေရာသည် သူတို့၏ အစောင့်အတင်းကြပ်ဆုံး လျှို့ဝှက်ချက်နှင့် မြင့်မြတ်သော နယ်မြေ ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် လျင်မြန်သော ခြေသံများ ထွက်ပေါ်လာပြီး လူရိပ်အချို့ မြင့်မြတ်သော ဟင်းလင်းပြင်ထဲသို့ ဝင်လာကြသည်။
အရှေ့ဆုံးတွင် အရပ်နှစ်မီတာခန့်ရှိပြီး ရှည်လျားကာ တောက်ပသော ငွေရောင်ဆံပင်များ ရှိသည့် အလွန်ချောမောသော နတ်သူငယ်တစ်ဦး ရှိနေသည်။ သူ၏ ဦးခေါင်းပေါ်တွင် ရွှေရောင်သရဖူတစ်ခု ရှိသော်လည်း သူ၏ ငွေရောင်မျက်လုံးများမှာ ယခုအချိန်တွင် သွေးကဲ့သို့ နီရဲနေပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
သူ့ထံမှ တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် နောက်မှ လိုက်ပါလာသော နတ်သူငယ်များမှာ မျက်နှာပျက်ကာ ကြမ်းပြင်ကိုသာ ငုံ့ကြည့်နေကြသည်။ သူတို့မှာ သူ့ကို မကြည့်ဝံ့ကြပေ။ ထိုသူက သေဒဏ်ပေးရန် ဝန်မလေးသူမှန်း သိကြသဖြင့် သေဒဏ်ပေးခံရမည်ကို ကြောက်ရွံ့နေကြသည်။
ရွှေရောင်သရဖူ ဆောင်းထားသော ဤနတ်သူငယ်မှာ အခြားသူမဟုတ်ဘဲ ပထမဆုံးသော နတ်သူငယ်ဘုရင်နှင့် လက်ရှိ အုပ်ချုပ်သူ နတ်သူငယ်ဘုရင်ပင် ဖြစ်သည်။
ပတ်ဝန်းကျင် အခြေအနေမှာ အဘယ်ကြောင့် ဤမျှ ဖိအားပြင်းထန်နေရသနည်း၊ ဘုရင်ကြီးက ဘာကြောင့် သတ်ဖြတ်လိုစိတ် အရှိန်အဝါများ ပြင်းထန်နေရသနည်း ဆိုသည်မှာ သူ၏ အဖိုးတန်လှသော သမီးတော် နတ်သူငယ် အိမ်ရှေ့မင်းသမီးသည် မိစ္ဆာကောင်နှင့် ယှဉ်ပြိုင်ရာတွင် အသတ်ခံလိုက်ရသည်ဟူသော သတင်းကို ရရှိခဲ့သောကြောင့်ဖြစ်သည်။
ထို့အပြင် ထိုမိစ္ဆာကောင်မှာ အမှန်တကယ်တွင် လူသားတစ်ဦးဖြစ်ပြီး ရုပ်ဖျက်ထားခြင်း ဖြစ်သည်။ သူသည် မြင့်မြတ်သော အရှင်သခင်၏ မျက်နှာသာပေးမှုကို တစ်နည်းနည်းဖြင့် ရရှိထားရုံသာမက အရှင်သခင် ချမှတ်ထားသော စိန်ခေါ်မှုကိုပင် လက်ခံဝံ့သည်အထိ သတ္တိရှိနေသည်။
အကယ်၍ ထိုမျှသာဆိုလျှင် ပထမဘုရင်ကြီးသည် ဤမျှအထိ သွေးဆာပြီး ဆင်ခြင်တုံတရား ကင်းမဲ့နေမည်မဟုတ်ပေ။
ဤလောကတွင် ဘယ်အရာထက်မဆို ပိုချစ်ရသော လီဗီယာကို သတ်ခဲ့သည့် ထိုလူသားကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်ချင်နေသည်။
မင်းသမီး လီဗီယာအဖြစ် ဟန်ဆောင်ကာ သတင်းလာပေးသူမှာမူ ဘုရင်ကြီး၏ လက်ထဲတွင် ရက်စက်စွာ အသက်ပျောက်သွားခဲ့ရပြီးဖြစ်သည်။ နိယာမသိမြင်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ အမျက်ဒေါသအောက်တွင် ပြာပင် မကျန်ခဲ့ပေ။
ဤသတင်းဆိုးကို ကြားလိုက်ရသည့် အခြားသော အရာရှိကြီးများမှာလည်း ထိတ်လန့်သွားကြသည်။ လီဗီယာ သေဆုံးမှုကြောင့် မဟုတ်ဘဲ လူသားတစ်ဦးသည် သူတို့၏ မြင့်မြတ်သော မျှော်စင်ထဲသို့ တစ်နည်းနည်းဖြင့် ဝင်ရောက်သွားနိုင်ပြီး အရှင်သခင်၏ မျက်နှာသာပေးမှုကိုပင် ရရှိသွားသောကြောင့် ဖြစ်သည်။
သူတို့ မျိုးနွယ်စုတစ်ခုလုံး၏ အနာဂတ်နှင့် သူတို့၏ အကျိုးစီးပွားများ ထိခိုက်နေချိန်တွင် မင်းသမီးတစ်ဦး၏ အသက်တစ်ချောင်းအတွက် သူတို့ ဂရုမစိုက်နိုင်ကြပေ။
သို့တိုက် သူတို့၏ စိုးရိမ်မှုများကို ထုတ်မပြောဝံ့ကြပေ။ ပထမဘုရင်ကြီး ဤမျှအထိ ဒေါသထွက်နေသည်ကို သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ကြသောကြောင့် ဖြစ်သည်။
သူတို့သာ ဝေဖန်အကြံပေးမိပါက လီဗီယာအဖြစ် ဟန်ဆောင်သူကဲ့သို့ ဘဝမျိုး ကြုံရမည်ကို သိနေကြသည်။
ဒုတိယမင်းသား ရန်ဒေါ နှင့် သူ၏ညီငယ် တတိယမင်းသား ဂျဲရစ်တို့မှာမူ ပြန်မလာကြသေးပေ။
အချို့သော အရာရှိကြီးများကမူ ထိုမင်းသားနှစ်ပါးသည် မင်းသမီး သေဆုံးသွားသည်ကို သိထားကြပြီး ဒေါသထွက်နေသော ဘုရင်ကြီးနှင့် မတွေ့ချင်သဖြင့် အချိန်အတော်ကြာအောင် ပေါ်လာမည်မဟုတ်ဟု ခန့်မှန်းထားကြသည်။
ထိုညီအစ်ကိုနှစ်ဦးမှာ အမြဲတမ်း ရည်မှန်းချက်ကြီးပြီး လီဗီယာနှင့် ပြိုင်ဆိုင်ရန် အရာရာကို လုပ်ဆောင်လေ့ရှိသည်ကို သူတို့ သိကြသည်။
ပထမဘုရင်ကြီးမှာ အရာအားလုံးကို သိသော်လည်း ကလေးချင်း ရန်ဖြစ်မှုဟုသာ သဘောထားပြီး မသိချင်ယောင်ဆောင်ကာ မစွက်ဖက်ခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ အုပ်ချုပ်သူသုံးဦးက ထိုလူသား၏ လမ်းကို ပိတ်ဆို့ထားသရွေ့ ထိုလူသားဟာ ဘာမှ ရနိုင်မည်မဟုတ်ဟု တွေးကာ သူတို့ အနည်းငယ် စိတ်သက်သာရာ ရနေကြသည်။
ထို့ကြောင့် သူတို့အားလုံးမှာ မြင့်မြတ်သော မျှော်စင်ထဲသို့ ဝင်ရန်၊ ကျူးကျော်သူများကို ရှာဖွေရန်နှင့် ဘုရင်၊ ဘုရင်မများက ရှေ့တန်းက ကျူးကျော်သူကို ကိုင်တွယ်နေစဉ် အခြားသူများကို အမြန်ဆုံး နှိမ်နှင်းရန် စီစဉ်နေကြသည်။
ဤကိစ္စတွင် သူတို့ မပေါ့ဆဝံ့ကြပေ။ အကယ်၍ မျှော်စင်ထဲတွင် ကျူးကျော်သူ တစ်ယောက်ထက်မက ရှိနေပြီး သူတို့ မသိဘဲ ဝင်လာနိုင်ခဲ့ပါက သူတို့ မသိဘဲ ပြန်ထွက်သွားနိုင်မည်မှာ သေချာသည်။
အကယ်၍ အခြားကျူးကျော်သူများသာ ထိုလူသားကဲ့သို့ လောဘမကြီးပါက သူတို့၏ အထက်လူကြီးများကို သတင်းပေးမည်မှာ သေချာသည်။ ဤသတင်းသာ ပေါက်ကြားသွားပါက လူသားများသာမက သားရဲများ၊ မုဆိုးများ၊ နတ်ဆိုးများနှင့် အသူရာများပင် ငြိမ်နေကြမည် မဟုတ်သည်ကို သိထားရပေမည်။
နတ်သူငယ်မျိုးနွယ်စုမှာ ထိပ်သီးမျိုးနွယ်စုကြီး ငါးခုပေါင်းကို ပြန်တိုက်ရန် အင်အားမရှိသေးသဖြင့် သူတို့ ဦးညွှတ်ရပေလိမ့်မည်။ ထို့ကြောင့် သူတို့က အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် ပထမဘုရင်ကြီးက စက်ဝန်း၏ အလယ်တည့်တည့်တွင် ရပ်လိုက်ပြီး သူ၏ အင်္ကျီလက်ကို မတင်လိုက်ရာ အဆင့်ခုနစ်ဆင့် ပြည့်နေသော မျှော်စင်တက်တူးတစ်ခု ပေါ်လာသည်။ ချီများကို ၎င်းထဲသို့ ထည့်သွင်းကာ... ထပ်မံ၍ တယ်လီပို့ကို အသက်သွင်းရန် ကြိုးစားလိုက်သည်။
ထပ်မံ၍ဆိုသည်မှာ သူ သတင်းရရချင်းတွင် မျှော်စင်ထဲသို့ ချက်ချင်းဝင်ရန် ကြိုးစားခဲ့သော်လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် တယ်လီပို့စနစ်မှာ အလုပ်မလုပ်ခဲ့ပေ။ ထိုသို့ဖြစ်ခြင်းမှာ ယခင်က တစ်ခါမျှ မရှိခဲ့ဖူးပေ။
ထို့ကြောင့် သူက ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ နတ်သူငယ်ဘုရင်ကဲ့သို့ တိုက်ရိုက်ဝင်နိုင်ခွင့် မရှိသူများမှလွဲ၍ နတ်သူငယ်များ မျှော်စင်ထဲသို့ ပြန်ဝင်ရန် အသုံးပြုသည့် အဓိကနည်းလမ်းမှာ ဤနေရာမှ တယ်လီပို့ခြင်း ဖြစ်သောကြောင့် ဤနေရာတွင် တယ်လီပို့စနစ် အလုပ်မလုပ်ရန် အကြောင်းမရှိပေ။
ဆဋ္ဌမအဆင့်အထိ ရောက်ရှိထားသူများဖြစ်သည့် အခြားသူများကလည်း ထိုနည်းအတိုင်းပင် ကြိုးစားကြသည်။
သို့တိုင် သူတို့၏ တက်တူးများထဲသို့ ချီများ မည်မျှပင် ထည့်သွင်းစေကာမူ ဝင်ပေါက်ပေါ်မလာသောအခါ သူတို့ မျက်နှာ ပျက်လာကြသည်။
"ဘာတွေ ဖြစ်နေတာလဲ.."
နတ်သူငယ် လူကြီးတစ်ဦး၏ ထိတ်လန့်တကြား အသံ ထွက်ပေါ်လာသည်။
"တစ်ပတ်ကြာမှပဲ ပြန်ဝင်လို့ရတာ မျိုးလား"
ပညာရှိပုံစံ နတ်သူငယ် အမျိုးသမီးတစ်ဦးက ခန့်မှန်းပြောဆိုလိုက်သော်လည်း ပြောပြီးသည်နှင့် ချက်ချင်း နောင်တရသွားသည်။
အကြောင်းမှာ ပထမဘုရင်ကြီး၏ အရှိန်အဝါမှာ ရုတ်တရက် မြင့်တက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းမိုးသွားသောကြောင့် ဖြစ်သည်။
နတ်သူငယ်များအားလုံး ချက်ချင်းပင် ဒူးထောက်ကျသွားကြပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။ ဘုရင်ကြီး၏ တက်တူးသည်လည်း အလုပ်မလုပ်တော့ဘဲ သူတို့ ဒုက္ခရောက်တော့မည်မှန်း ခန့်မှန်းမိလိုက်ကြသည်။
သို့သော် မကြာမီမှာပင် ထိုဖိအားများ ပျောက်ကွယ်သွားပြီး ပထမဘုရင်ကြီး၏ အေးစက်လှသော အသံ ထွက်ပေါ်လာသည်။
"စောင့်မယ်.."
ထို့နောက် ဟင်းလင်းပြင်တစ်ခုလုံး ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။ မည်သူမျှ စကားမပြောဝံ့၊ မလှုပ်ရှားဝံ့ကြဘဲ အားလုံးက တောင့်တောင့်ကြီး စောင့်ဆိုင်းနေကြရ၏။
တစ်ရက်ကျော်ခန့် ကြာပြီးနောက် ရုတ်တရက် ကြမ်းပြင်တစ်ခုလုံး လင်းထိန်သွားပြီး တစ်စုံတစ်ယောက်က စက်ဝန်းကို အသက်သွင်းလိုက်သည်။
ပထမဘုရင်ကြီး အပါအဝင် နတ်သူငယ်များ အားလုံးမှာ အံ့သြသွားကြသည်။ အကြောင်းမှာ ဤစက်ဝန်းမှာ ယခင်က ဤကဲ့သို့ တစ်ခါမျှ အသက်မဝင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ အမြဲတမ်း တံခါးတစ်ခုသာ ပေါ်လာလေ့ရှိသည်။
ထိုသင်္ကေတများမှာ ပို၍ ပို၍ တောက်ပလာသည်နှင့်အမျှ နတ်သူငယ်ဘုရင်၏ အန္တရာယ်အချက်ပေး သတိပေးခေါင်းလောင်းသံများ မြည်ဟာ်းလာတော့သည်။
"ခွေးမသား သောက်တုံးတွေ၊ အမြန်ပြေးကြစမ်းးး"
သူက အော်ဟစ်လိုက်ပြီးနောက် ငွေရောင် ချီ များ ပေါက်ကွဲထွက်လာကာ ဘုရင်ကြီး၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ အလွန်ခန့်ညားပြီး မြင့်မြတ်သော ပုံစံဖြင့် ထွက်ပေါက်ဆီသို့ အရှိန်ကုန် ပြေးထွက်သွားတော့သည်။
သူ့အတွက် အန္တရာယ်ရှိသည်ဟု ခံစားရပါက တစ်ခုခုတော့ မှားနေပြီ ဖြစ်သည်။ ဤနေရာတွင် ဆက်နေခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက် မဟုတ်ပေ။ အကယ်၍ သူသာ သေဆုံးသွားခြင်း သို့မဟုတ် ဒဏ်ရာရသွားပါက သူ၏သမီးတော်အတွက် မည်သို့ ကလဲ့စားချေနိုင်တော့မည်နည်း။
အရာရှိများလည်း သတိဝင်လာကာ သူတို့၏ အမြန်ဆုံး နည်းစနစ်များကို အသုံးပြုပြီး ဘုရင်ကြီးနောက်မှ ထွက်ပြေးကြတော့သည်။
ဤစက်ဝန်း၏ အလယ်တွင် ရှိနေစဉ် သူတို့ကိုယ်တိုင်လည်း ဘေးဒုက္ခ အန္တရာယ်ကို ခံစားလာရသည်။
သူတို့၏ အရှိန်ကြောင့် မြေအောက်လမ်းကြောင်းမှ လွတ်မြောက်နိုင်ခဲ့သော်လည်း ဘုရင်ကြီးမှာ ရပ်မနေဘဲ နန်းတော်အပြင်ဘက်သို့ ကြောက်မက်ဖွယ် အရှိန်ဖြင့် ထွက်ခွာသွားသည့်အတွက် အရာရှိများကလည်း နှောင့်နှေး မနေဘဲ နောက်မှ လိုက်သွားကြသည်။
"အားလုံး နန်းတော်ထဲက ထွက်ကြ၊ တစ်ခုခု မှားနေပြီ၊ အမြန်ထွက်.."
နတ်သူငယ်ဘုရင်၏ ဟိန်းဟောက်သံမှာ နန်းတော်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
နန်းတော်အနီးရှိ နေရာများမှပင် ထိုအသံကို ကြားလိုက်ရသဖြင့် နတ်သူငယ်တိုင်းကို ကြောက်လန့်သွားစေသည်။
အချို့က တစ်စုံတစ်ယောက် သေတွင်းတူးနေသည်ဟု ထင်မှတ်ကာ ပမာမခန့်ဖြင့် မထွက်ပဲ နေကြသည်။ တစ်ချိန်တည်းမှာပင် သတိပေးချက်ကို နားထောင်သူများမှာ ဘုရင်ကြီး၏ အသံကို ရင်းနှီးသူများသာ ဖြစ်၏။
သို့သော် ဘုရင်ကြီး သတိပေးပြီး တစ်မိနစ်ခန့်အကြာတွင် မယုံနိုင်စရာ တစ်ခု ဖြစ်ပျက်လာသည်။
"ဝုန်းးးးးးးး"
နားကွဲမတတ် ကျယ်လောင်လွန်းလှသော အသံကြီးတစ်သံ နတ်သူငယ်မြို့တော်တွင် မြည်ဟည်းသွားပြီးနောက် ကြောက်မက်ဖွယ် မြေငလျင်တစ်ခုပါ လိုက်ပါလာသည်။ အားလုံး ထိတ်လန့်သွားကြပြီး အသံလာရာသို့ အပြေးအလွှား သွားကြည့်ကြပြီး အချို့က သူတို့ တိုက်ခိုက်ခံနေရပြီဟု ထင်မှတ်သွားသည်။
နန်းတော်တည်ရှိရာဘက်ကို ကြည့်လိုက်သူတိုင်းမှာတော့ မှင်တက်သွားပြီး နေရာတွင် တောင့်ခဲသွားကြ၏။
တစ်ချိန်က ခန့်ညားထည်ဝါလှပခဲ့သော တော်ဝင်နန်းတော်၏ အပျက်အစီးများမှာ အသားစများ၊ သွေးများနှင့်အတူ မိုးရွာသကဲ့သို့ ကျဆင်းနေသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
သူတို့၏ အာရုံအားလုံးမှာ နန်းတော်နေရာတွင် ဖွဲ့စည်းမှုဖြင့် ဖန်တီးထားသည့်အလား ပေါ်ပေါက်လာသည့် ဧရာမ မျှော်စင်ကြီးဆီသို့သာ ရောက်ရှိနေသည်။
ကောင်းကင်ပေါ်ရှိ နတ်သူငယ်ဘုရင်ကြီးမှာမူ အက်ကွဲနေသော မျှော်စင်ကြီးကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော မျှော်စင်၏ ဇစ်မြစ်နှင့် ပတ်သက်၍ သူ့မှာ ကြောက်မက်ဖွယ်ကောင်းသော ခန့်မှန်းချက်တစ်ခု ရှိနေသည်။
သို့သော် မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင် မျှော်စင်ကြီးမှာ ရုတ်တရက် တုန်ခါလာပြီး သဲရဲတိုက်တစ်ခုကဲ့သို့ ပြိုကျပျက်စီးလာတော့သည်။
"ရပ်လိုက်စမ်း.."
နတ်သူငယ်ဘုရင်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ ငွေရောင်ချီများကို အသုံးပြုကာ ပျက်စီးမှုကို တားဆီးရန် ကြိုးစားလိုက်သည်။ အကယ်၍ ဤမျှော်စင်မှာ သူထင်ထားသည့်အတိုင်းသာ ဖြစ်ပါက ပျက်စီးသွားမည့်အဖြစ်မျိုး သူ အဖြစ်မခံနိုင်ပေ။
ဝမ်းနည်းစရာမှာ သူ ဘာလုပ်လုပ် သူ၏ချီများမှာ မျှော်စင်တစ်ခုလုံးကို မဖုံးလွှမ်းနိုင်ပေ။ ထို့အပြင် တစ်စုံတစ်ခုသော အကြောင်းကြောင့် သူ၏ချီများမှာ မျှော်စင်အပေါ်တွင် လုံးဝ အကျိုးသက်ရောက်မှု မရှိဘဲ ဖြစ်နေသည်။ အခြားနတ်သူငယ်များမှာလည်း ထိုနည်းအတိုင်းပင်။
မျှော်စင်၏ သုံးပုံတစ်ပုံခန့် ပြိုကျသွားချိန်တွင် ကောင်းကင်၌ နောက်ထပ် နတ်သူငယ်နှစ်ဦး ပေါ်လာသည်။
တစ်ဦးမှာ ပထမဘုရင်ကြီးကဲ့သို့ သရဖူဆောင်းထားသော ချောမောသည့် နတ်သူငယ်တစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ ခန့်ညားသော ရွှေရောင်ဦးရစ်ကို ဆောင်းထားသည့် ဆွဲဆောင်မှုရှိသော နတ်သူငယ် အလှပဂေးတစ်ဦး ဖြစ်သည်။
သူတို့၏ မျက်နှာများမှာ အိပ်မက်မက်နေသည့်အလား ဝေခွဲမရဖြစ်ခြင်းများဖြင့် ပြည့်နှက်နေသည်။ အကယ်၍သာ ဤအရာက အိပ်မက်တစ်ခု ဖြစ်ခဲ့လျှင် ကောင်းပေလိမ့်မည်။
ပညာရှိ နတ်သူငယ်မျိုးနွယ်စုကြီးမှာတော့ ရူးသွပ်တော့မည့် အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်ချေသည်။
***