လွန်ခဲ့သော နာရီအနည်းငယ်ခန့်က၊ အီဗာသည် သူခိုးနေရာထဲသို့ စတင်ဝင်ရောက်လာချိန်ဖြစ်သည်။
အနက်ရောင်အကျဉ်းထောင်ကြီး၏ ရှေ့တွင် ရပ်နေရင်း၊ အီဗာက လီဗီယာ၏ ထိတ်လန့်နေသော်လည်း ခြိမ်းခြောက်လိုသော အသံကို ကြားလိုက်ရသည့်အခါ ကောက်ကျစ်စွာ ပြုံးလိုက်မိသည်။
"နင်ရှိနေတာ ငါသိတယ်.. ငါ့ကိုဖြေစမ်း၊ ဒီနေရာက ဘာနေရာလဲ၊ နင်တို့ငါ့ကို ဘာလို့ဖမ်းတာလဲ၊ ငါကဘယ်သူလဲဆိုတာ နင်သိလား နင်က ငါ့ထက် နည်းနည်းပိုအစွမ်းထက်နေရုံနဲ့ ဘာဖြစ်လဲ.. အခုချက်ချင်း သန့်ရှင်းသောဝိညာဉ်တော်နဲ့ တွေ့ခွင့်ပေးဖို့ ငါတောင်းဆိုတယ်"
"ဘယ်သူက သန့်ရှင်းသောဝိညာဉ်တော်လဲ.."
အီဗာ၏ ပုခုံးပေါ်တွင် ရပ်နေသော ဆိုင်းရပ်စ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"သေတွင်းတူးသွားခဲ့တဲ့ ကောင်တစ်ကောင်ပေါ့"
အီဗာ၏ အသံမှာ ရေခဲကဲ့သို့ အေးစက်နေသည်။
"ငါကြားတယ်နော်၊ နင်ကောင်စုတ်.. နင်သတ္တိရှိရင် ငါ့ကိုသတ်လိုက်လေ"
လီဗီယာက စိတ်တိုတိုဖြင့် အော်ဟစ်လိုက်သည်။
အီဗာ၏ မျက်နှာပေးမှာ အေးစက်သွားပြီး မည်သည့်ခံစားချက်မျှ မရှိတော့ပေ။ အေ့စ် တစ်ယောက်တည်းသာ သူမထံမှ အမျိုးမျိုးသော မျက်နှာပေးများကို ထုတ်ယူနိုင်စွမ်းရှိပြီး အခြားသူများမှာမူ မစွမ်းသာချေ။
သူမက မည်သို့မျှ စိုးရိမ်ပူပန်ခြင်းမရှိဘဲ အကျဉ်းထောင်တံခါးကို ဖွင့်လိုက်သည်။
တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် မျက်နှာဖုံးစွပ်ထားသော လီဗီယာက ကျားမလေးတစ်ကောင်ကဲ့သို့ အပြင်သို့ လွှားခနဲ ခုန်ထွက်လာသော်လည်း အီဗာက အဆင်သင့်ဖြစ်နေပြီးသားဖြစ်ကာ ဘေးသို့ ရှောင်လိုက်သည်။
လီဗီယာက သူမ၏ သွယ်လျသော ကိုယ်လုံးလေးကို လျင်မြန်စွာ လှည့်လိုက်ပြီး အီဗာကို သတိဖြင့် ကြည့်လိုက်သည်။ သို့သော် သူမ မြင်လိုက်ရသည်မှာ သူမ တစ်သက်တာ မြင်ဖူးသမျှထက် သာလွန်လှပပြီး သရဖူဆောင်းထားသည့် နတ်ဆိုးအလှဘုရင်မတစ်ပါး ဖြစ်နေသဖြင့် သူမ မှင်တက်သွားတော့သည်။ သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အလှအပနှင့် ပတ်သက်လျှင် တစ်စုံတစ်ယောက်ကို ရှုံးနိမ့်သည်ဟု ခံစားလိုက်ရသည်။
"အတော်လေး ဇွဲကောင်းတာပဲ"
လီဗီယာက သူမကို ငေးကြည့်နေသည်ကို မြင်သောအခါ အီဗာက အေးစက်စွာ ရယ်မောလိုက်၏။
လီဗီယာက ချက်ချင်းပင် သတိပြန်ဝင်လာပြီး သူမ၏ မျက်ဝန်းထဲတွင် အရှက်ရမှု အရိပ်အယောင်များ ပေါ်လာသည်။
"နင်က ဘယ်သူလဲ.. ဒီနေရာက ဘာနေရာလဲ"
ထိုအမှောင်အကျဉ်းထောင်ထဲတွင် သူမ၏ ချီ စွမ်းအင်များမှာ လုံးဝအနှိပ်ကွပ်ခံထားရသည်။ ထိုအကျဉ်းထောင်မှာ ကျင့်ကြံသူများကို ချုပ်နှောင်ရန် အထူးပြုလုပ်ထားခြင်းကြောင့် ဖြစ်မည်ဟု သူမ ထင်ခဲ့သော်လည်း ယခု အကျဉ်းထောင်ပြင်ပသို့ ရောက်လာသည့်တိုင်အောင် သူမ၏ ချီစွမ်းအင်များမှာ နဂိုအတိုင်း အနှိပ်ကွပ်ခံထားရဆဲ ဖြစ်နေသည်ကို သိလိုက်ရသောအခါ သူမ အတော်လေး တုန်လှုပ်သွားသည်။
သို့သော် သူမ နားမလည်နိုင်သေးသည့်အချက်မှာ ထိုမိစ္ဆာ (အေ့စ်) သည် သူမကို အဘယ်ကြောင့် ထိုစဉ်က မသတ်ခဲ့သနည်း၊ ပြီးနောက် သူမကို သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ ဤနေရာသို့ မည်သို့ ပို့လိုက်သနည်းဟူသော အချက်ပင် ဖြစ်သည်။ အရေးကြီးဆုံးမှာ သူက သူမကို အဘယ်ကြောင့် ဤနေရာသို့ ပို့ခဲ့သနည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ဤကိစ္စတွင် ပါဝင်နေသလား ဟူသည်ပင်။
သို့ရာတွင် နတ်သူငယ် လူမျိုးများသည် သန့်ရှင်းသောဝိညာဉ်တော်ကို အထူးကြည်ညိုကြပြီး ဝိညာဉ်တော်သည် ယခုကဲ့သို့ ကောက်ကျစ်သော အကြံအစည်မျိုး လုပ်လိမ့်မည်မဟုတ်ဟု သူမ တွေးမိသည်။ ထို့အပြင် ဝိညာဉ်တော်သည် ယခင်ကလည်း ထိုကဲ့သို့သော လှည့်ကွက်မျိုး မသုံးဖူးဘဲ အမြဲတမ်း မျှတခဲ့သည်။
သို့တိုင် ယခုအခါ ရက်ပေါင်းများစွာ အဖမ်းခံရပြီး ချီစွမ်းအင်များ အနှိပ်ကွပ်ခံထားရသည့်နောက်တွင် သူမ မသေချာတော့ပေ။ အီဗာ၏ ပေါ်ထွက်လာမှုကလည်း ဤလျှို့ဝှက်ချက်ကို ပို၍ နက်နဲသွားစေသည်။
အီဗာ၏ နှုတ်ခမ်းလွှာတို့က နူးညံ့မှုမရှိဘဲ ခြိမ်းခြောက်မှုများ ပြည့်နှက်နေသည့် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွား၏။
"နင်က ဘာလို့ မျက်နှာဖုံးစွပ်ထားတာလဲ.. မျက်နှာဖုံးကို ချွတ်လိုက်စမ်း၊ နင်က ငါ့ရဲ့ အစေခံမလေးဖြစ်ဖို့ တန်၊ မတန် ငါကြည့်ရအောင်။ အကယ်၍ နင်က ရုပ်ဆိုးနေရင်တော့ နင်ကို ဆိုင်းရပ်စ်ဆီ ပေးလိုက်မယ်"
ဆိုင်းရပ်စ်က ချက်ချင်းပင် မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။
"ဟင့်အင်းး..မရဘူး၊ မလုပ်နဲ့ ကျွန်တော်လည်း ရုပ်ဆိုးတဲ့ အစေခံမကို မလိုချင်ဘူး"
အီဗာက ထိုကောင်လေးကို တစ်ချက်ကြည့်လိုက်ပြီး နားလည်မှုရှိရှိ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ အကယ်၍ သူက ရုပ်ဆိုးနေရင် ဒီနေရာမှာ အမှိုက်လှည်းတဲ့သူပဲ လုပ်ခိုင်းရတာပေါ့"
ဆိုင်းရပ်စ်ဟာ အစေခံ သို့မဟုတ် အမှိုက်လှည်းသူ ဆိုသည်မှာ ဘာလဲဆိုသည်ကို မသိသော်လည်း အလေးအနက် စဉ်းစားနေသည့်ပုံစံဖြင့် ငြိမ်ကျသွားရာ ၎င်းမှာ အီဗာ၏ အမြင်တွင် ပို၍ ချစ်စရာကောင်းနေသည်။
သို့သော် ကာယကံရှင်ဖြစ်သူ လီဗီယာမှာမူ ဤစကားဝိုင်းကြောင့် မှင်တက်သွားပြီးနောက် သူမ၏ နှလုံးသားထဲတွင် ဒေါသများ စတင်ဆူပွက်လာသည်။ သူမက ပညာရှိ နတ်သူငယ်မျိုးနွယ်တို့၏ အိမ်ရှေ့မင်းသမီးဖြစ်ပြီး သူမကို မည်သူကမျှ ဤကဲ့သို့ အဆင့်နိမ့်ချ၍ မပြောဖူးချေ။
အီဗာသည် အမှန်တကယ် လှပသော်လည်း သူမတွင်လည်း အိမ်ရှေ့မင်းသမီးတစ်ဦးအနေဖြင့် မာန်မာနနှင့် ဂုဏ်သိက္ခာ ရှိသည်။
ထို့ကြောင့် သူမ၏ ရှေ့မှ မောက်မာသော အမျိုးသမီးနှင့် တိုက်ခိုက်ရန် ပြင်လိုက်သည်။ သူမက အလွန်အမင်း ဒေါသထွက်နေသဖြင့် အီဗာ၏ ထူးခြားသော လူမျိုးစုလက္ခဏာများနှင့် စကားပြောတတ်သော ငှက်ကိုပင် သတိမထားမိတော့ပေ။
သူမက ဗီဇအရ သူမ၏ သိုလှောင်လက်စွပ်ကို အသုံးပြုရန် ကြိုးစားလိုက်သော်လည်း အကျဉ်းထောင်သို့ အပို့မခံရမီကတည်းက လက်စွပ်မှာ အသိမ်းခံလိုက်ရပြီဖြစ်ကြောင်း သတိရသွားသည်။ သို့သော် အမှောင်ထုနှင့် သူမ၏ ကျင့်ကြံခြင်းစွမ်းအား အနှိပ်ကွပ်ခံထားရမှုကြောင့် သူမ၏ လက်ချောင်းပေါ်ရှိ ဇီးကွက်သင်္ကေတကို သူမ မမြင်ခဲ့ရခြင်းဖြစ်သည်။
ယခုအခါ သူခိုးနေရာမှာ မှောင်မိုက်မနေတော့ဘဲ လီဗီယာက သူမ၏ လက်ချောင်းကို ရုတ်တရက် လှမ်းကြည့်လိုက်မိသောအခါ၊ သူမ၏ ဒေါသထွက်နေသော မျက်နှာပေးမှာ တောင့်ခဲသွားပြီး သူမ၏ မျက်လုံးများမှာ သူမ၏ လက်သူကြွယ်ပေါ်ရှိ၊ ပို၍တိကျစွာဆိုရလျှင် ဇီးကွက်သင်္ကေတပေါ်တွင် စွဲထင်သွားတော့သည်။
အီဗာသည်လည်း လီဗီယာ၏ ရုတ်တရက် ရပ်တန့်သွားမှုနှင့် လက်ချောင်းကို စိုက်ကြည့်နေသည်ကို သတိပြုမိသွားသဖြင့် သူမလည်း စိတ်ဝင်တစားဖြင့် လှမ်းကြည့်လိုက်သည်။
သူခိုးသင်္ကေတနှင့် ဇီးကွက်တောင်ပံပေါ်တွင် ရေးထားသော အမည်ကို မြင်လိုက်ရသည့်အခါ အီဗာ့ မျက်လုံးများ လင်းလက်သွားသည်။
'ဪ... ဒါ သူပြောနေတဲ့ သူခိုးသင်္ကေတပေါ့။ တကယ့်ကို လှပပြီး ထူးခြားတာပဲ။ ငါ့အတွက်လည်း တစ်ခုလောက် စဉ်းစားထားရမယ်။ မြေခွေးလား၊ ကြောင်လား၊ ဒါမှမဟုတ် ငှက်လား... မဟုတ်သေးဘူး၊ အဲဒါတွေက သိပ်ပြီး အရှိန်အဝါမရှိဘူး...'
သူမ အလေးအနက် တွေးတောနေမိသည်။
သူမ၏ အတွေးများကို လီဗီယာ၏ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေေသာ အသံက ဖြတ်တောက်သွားသည်။
"ကောင်း... ကောင်းကင်ဘုံ... သူခိုး၊ နင်... နင်က ကောင်းကင်ဘုံသူခိုးလား"
လီဗီယာ၏ မျက်လုံးထဲတွင် ရုတ်တရက် ပြောင်းလဲသွားသော အရူးအမူးဖြစ်မှုနှင့် ကြည်ညိုလေးစားမှု အရိပ်အယောင်များကို အီဗာ သတိပြုမိလိုက်ရာ ၎င်းမှာ သူမအတွက် တစ်မျိုးကြီး ဖြစ်နေစေသည်။
သူမက မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
"အဲဒါ ငါဆိုရင်ကော ဘာဖြစ်လဲ"
သို့သော် လီဗီယာက ရုတ်တရက် ခေါင်းခါယမ်းလိုက်၏။
"မဟုတ်ဘူး... နင်မဖြစ်နိုင်ဘူး"
"ငါ ဘာလို့ မဖြစ်နိုင်ရမှာလဲ"
လီဗီယာ၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် အီဗာ ပို၍ ဇဝေဇဝါ ဖြစ်သွားသည်။ လီဗီယာက ခုနကတင် သူမကို တိုက်ခိုက်ရန် ပြင်နေသော်လည်း ယခုအခါ ဒေါသထွက်နေသည့်ပုံ မပေါ်တော့ဘဲ စိတ်လှုပ်ရှားပြီး ရူးသွပ်လုမတတ် ဖြစ်နေသည်။
လီဗီယာက သူမကို ဂရုပင်မစိုက်တော့ဘဲ တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ပတ်ဝန်းကျင်ကို ပျာပျာသလဲ ကြည့်လိုက်ရာ နောက်ဆုံးတွင် ထောင့်လေးထောင့်၌ ပြန့်ကျဲနေသော သိုလှောင်လက်စွပ်အားလုံးကို မြင်သွားတော့သည်။
"ငါ့ခန့်မှန်းချက် မှန်တယ်.. ငါ့ခန့်မှန်းချက် မှန်တယ်.."
လီဗီယာ၏ မျက်လုံးများမှာ တောက်ပသွားပြီး ဝမ်းသာအားရ အော်ဟစ်ပေတော့သည်။
ဤအမျိုးသမီး တစ်ခုခု မှားယွင်းနေပြီဆိုသည်ကို အီဗာ အခုမှ သေချာသွားတော့သည်။ သူမက ဆိုင်းရပ်စ်ထက် မနိမ့်ကျသော၊ ပို၍ပင် အားကောင်းသော သူမ၏ သွေးမျိုးဆက် ဖိအားကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။
အီဗာ၏ ကျင့်ကြံခြင်းစွမ်းအားကိုတော့ သူခိုးနေရာထဲတွင် ကန့်သတ်မထားပေ။ အဘယ်ကြောင့်ဆိုသော် ဆိုင်းရပ်စ် သို့မဟုတ် သူခိုးအိမ်တော် အဖွဲ့ဝင်ဝင်များကဲ့သို့ပင် သူမက အေ့စ်ကို ရန်ပြုရန် စိတ်ပင်မကူးနိုင်သောကြောင့် ဖြစ်ပြီး၊ ဤစံနှုန်းများကို စနစ် ကိုယ်တိုင်က သတ်မှတ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုသူများမှာ သူခိုးနေရာထဲတွင် လွတ်လပ်စွာ နေနိုင်သော်လည်း အခြားသူများမှာမူ ချက်ချင်းပင် အနှိပ်ကွပ်ခံရခြင်း ဖြစ်သည်။
လီဗီယာဟာ သူမအပေါ်သို့ ကျရောက်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကြောင့် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်လာတော့သည်။
ဤကြောက်ရွံ့မှုမှာ သူမ၏ သွေးမျိုးဆက်ထဲမှ တိုက်ရိုက် လာခြင်းဖြစ်သည်။ ၎င်းမှာ နေမင်းကြီး၏ ရှေ့တွင် ရပ်နေသော ပိုးစုန်းကြူးလေးတစ်ကောင်ကဲ့သို့ ခံစားရစေသည်။
တုန်လှုပ်နေသော ကြွက်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည့် လီဗီယာကို မြင်သောအခါမှ အီဗာက ချက်ချင်းပင် စိတ်ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်သည်။ သူမက အေးစက်စွာ ပြောလိုက်၏။
"နင် ခုနက ဘာတွေ အော်ဟစ်နေတာလဲ"
ဖိအားများ လျော့ကျသွားသဖြင့် လီဗီယာ နောက်ဆုံးတွင် အသက်ရှူနိုင်သွားသည်။ သူမက မောဟိုက်စွာ အသက်ရှုရင်း အီဗာကို ကြောက်ရွံ့စွာ ကြည့်လိုက်၏။ သူမ၏ ရှေ့မှ အမျိုးသမီးမှာ မည်မျှ ကြောက်စရာကောင်းကြောင်း သူမ နောက်ဆုံးတွင် နားလည်သွားပြီဖြစ်သည်။
သို့တိုင် သူမက အခြားအရာတစ်ခုကို တွေးနေပြီး ယခုတစ်ကြိမ်တွင်မူ သူမ၏ လေသံမှာ ယဉ်ကျေးသွားသည်။
"အ... အစ်မ၊ အစ်မက တကယ်ပဲ ကောင်းကင်ဘုံသူခိုးလားဟင်"
"နင်ကလည်း အတာပဲ..."
ဆိုင်းရပ်စ်က အမှန်တရားကို ဖွင့်ပြောတော့မည့်ဆဲဆဲတွင် အီဗာက ဆိုင်းရပ်စ်၏ နှုတ်သီးကို အမြန်ပိတ်လိုက်ပြီး ဇဝေဇဝါဖြစ်နေသော ကောင်လေးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
"နင် စကားအရမ်းများတယ်.. လူကြီးတွေ စကားပြောနေရင် ကလေးတွေက နားပဲ နားထောင်ရတယ်"
ဆိုင်းရပ်စ်က တစ်ခုခုပြောချင်သော်လည်း အီဗာက သူ၏နှုတ်သီးကို လွှတ်မပေးသည့်အပြင် အငြိုးကြီးသော အကြည့်ဖြင့် ကြည့်နေသဖြင့် နောက်ဆုံးတွင် ရုန်းကန်နေခြင်းကို ရပ်လိုက်သည်။
'ဟူးး သူက အစ်မကြီး ဖရီယာထက်တောင် ပိုကြောက်စရာကောင်းတယ်..'
သူ အလေးအနက် တွေးလိုက်ပြီး လိမ္မာရန် ဆုံးဖြတ်လိုက်သည်။ သူ၏ အစ်ကိုကြီးပင်လျှင် သူမကို ကြောက်ရသည်ဆိုမှတော့ သူလည်း သူမစကားကို ပိုနားထောင်သင့်ပေသည်။
ဆိုင်းရပ်စ် စကားမပြောတော့မှ အီဗာက လွှတ်ပေးလိုက်ပြီး လီဗီယာကို အေးစက်စွာ ကြည့်ကာ ပြောလိုက်၏။
"ငါက ကောင်းကင်ဘုံသူခိုးပဲ။ နင်က ငါ့ကို ဘာလို့ သံသယဝင်တာလဲ"
လီဗီယာ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမ မျက်လုံးထဲတွင် နောင်တရမှု အရိပ်အယောင် အနည်းငယ်ကို မြင်ရသော်လည်း သူမ၏ ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်ခဲ့ရသည့် ကြောက်မက်ဖွယ် ခံစားချက်ကို သတိရသွားသဖြင့် သူမ ထပ်မံ၍ ရန်မပြုရဲတော့ပေ။
ထို့ကြောင့် သူမက သူမ၏ မျက်နှာဖုံးကို အမြန်ချွတ်လိုက်ရာ ပြိုင်ဘက်ကင်းသော မျက်နှာလေး ပေါ်လာတော့သည်။ သူမသည် အနည်းငယ် ဦးညွှတ်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။
"အစ်မ ကောင်းကင်ဘုံသူခိုး၊ ဒါက မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့ ကျွန်မက ဒီကမ္ဘာပေါ်မှာ အစ်မကို အကြည်ညိုဆုံးသူေတွထဲက တစ်ယောက်ပါ၊ ကျွန်မ အစ်မဆီက ခိုးယူခြင်းပညာကို သင်ယူပြီး ဒီကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ချင်ပါတယ်"
အီဗာမှာ ထိုစကားများကြောင့် မှင်တက်သွားပြီး ဤအမျိုးသမီး သူမကို နောက်ပြောင်နေသည်ဟုပင် ထင်လိုက်မိသည်။ သို့သော် လီဗီယာ၏ မျက်လုံးထဲတွင် ရိုးသားမှုနှင့် စွဲလမ်းမှုများကို မြင်လိုက်ရသောအခါ လီဗီယာ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သူမ သိလိုက်ရသည်။
'မဖြစ်နိုင်တာ... ငါက အမျိုးသမီးဖြစ်နေလို့ သူ ခုနက မယုံသလို ဖြစ်နေတာလား၊ ပြီးတော့ သူက ငါ့ရဲ့ အေ့စ်ကို ဖြားယောင်းချင်နေတာလား'
သူမ၏ အတွေးများမှာ ချက်ချင်းပင် လမ်းချော်သွားပြီး သူမ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြန်လည် ထွက်ပေါ်လာသည်။
လီဗီယာမှာမူ ယခုတစ်ကြိမ်တွင် မျက်နှာဖြူလျော့ကာ ဒူးထောက်ကျသွားသည်။ သူမ၏ မျက်လုံးထဲတွင် ဝမ်းသာအားရမှုများ ပိုမို ပြင်းထန်လာသည်ကို မြင်လိုက်ရသောအခါ အီဗာမှာ ကြက်သီးများပင် ထသွားရသည်။
သူမက စိတ်ထဲမှ ကျိန်ဆိုလိုက်၏။
'ဒီမိန်းမကို အေ့စ်နားကို အကပ်ခံလို့ မဖြစ်ဘူး..'
"နင်က ငါ့ဆီက သင်ယူဖို့ တန်လို့လား"
အီဗာ အေးစက်စွာ မေးလိုက်သည်။
လီဗီယာက အံကြိတ်ကာ ဖိအားများကို အောင့်အည်းခံရင်း ထစ်ငေါ့စွာ ပြောလိုက်၏။
"ကျွန်... ကျွန်မ မှားသွားပါတယ်။ အစ်မရဲ့... အစေခံမအဖြစ် လိုက်ပါရမယ်ဆိုလည်း ဝန်မလေးပါဘူး"
အီဗာက သနားညှာတာမှုမရှိဘဲ ငြင်းပယ်လိုက်သည်။
"နင်က ငါ့အစေခံမ လုပ်ဖို့ ရုပ်ဆိုးလွန်းတယ်"
ဤအမျိုးသမီးသည် ကောင်းသောရည်ရွယ်ချက်မရှိဘဲ ယုတ်ညံ့သော အကြံအစည်များ ရှိနေသည်ဟု ခံစားရသဖြင့် သူမက လီဗီယာကို အေ့စ်နှင့် ဝေးဝေးတွင် ထားရန် ဆုံးဖြတ်ထားသည်။
အေ့စ်က လီဗီယာကို နောင်တစ်ချိန်တွင် သူ့ အကျပ်အတည်းများမှ ကယ်တင်ပေးနိုင်လိမ့်မည်ဟု ပြောခဲ့သော်လည်း၊ သူမ အနေဖြင့် လီဗီယာကို အရင်ဆုံး ကောင်းကောင်းမွန်မွန် ပညာပေးရန် လိုအပ်သည်။
ကံမကောင်းစွားပဲ သူမက လီဗီယာ၏ ဇွဲကို လျှော့တွက်ခဲ့မိသည်။
လီဗီယာက ထိုစကားကြောင့် တုန်လှုပ်မသွားဘဲ အမြန်ပြန်ပြောလိုက်သည်။
"ကျွန်မ မထိုက်တန်ဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ ကျွန်မမှာ မြင့်မြတ်ခြင်း နိမိတ်ဖတ် ခန္ဓာကိုယ်လို့ ခေါ်တဲ့ အထူးဖွဲ့စည်းပုံ ရှိတဲ့အတွက် အစ်မအတွက် အများကြီး အသုံးဝင်မှာပါ..”
***