လက်ရှိတွင်၊ အီဗာ၏ ဒေါသထွက်နေသော မျက်နှာပေးနှင့် သူမကို ကြည်ညိုလေးစားစွာ ကြည့်နေသည့် လီဗီယာ၏ အကြည့်တို့ကို ကြည့်ရင်း၊ တစ်ခုခုတော့ မှားနေပြီဖြစ်ကြောင်းနှင့် စိတ်ဝင်စားစရာ တစ်ခုခုကို သူလွတ်သွားခဲ့ပြီ ဖြစ်ကြောင်း အေ့စ် သိလိုက်သည်။
ထို့ကြောင့် သူက တိုက်ရိုက်စကားမပြောဘဲ အီဗာထံသို့ စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။
"ဘာလို့ ဒီလောက်တောင် စိတ်တိုနေရတာလဲ.. သူက ကိုင်တွယ်ရတာ အဲလောက်တောင် ခက်လို့လား"
အေ့စ်၏ အသံကို ကြားလိုက်ရသောအခါ အီဗာ ခဏမျှ လန့်သွားသော်လည်း ချက်ချင်းပင် မျက်နှာကို တင်းထားလိုက်ပြီး နှုတ်ခမ်းမလှုပ်ဘဲ ပြန်ဖြေသည်။
"ဒီမိန်းမက ရူးနေတာ"
အီဗာ၏ စိတ်ပျက်လက်ပျက်ဖြစ်နေသော အသံကို ကြားရသဖြင့် အေ့စ်မှာ ရယ်ချင်သွား၏။
"ဘာဖြစ်လို့လဲ"
အီဗာက ဘာကိုမျှ ဖုံးကွယ်မထားဘဲ လီဗီယာ၏ သူခိုးအပေါ် အရူးအမူးဖြစ်နေသည့် ပင်ကိုယ်စရိုက်နှင့် သူမဟာ ကောင်းကင်ဘုံသူခိုး၏ နောက်လိုက် မည်သို့ဖြစ်ချင်နေကြောင်း အကုန်ပြောပြလိုက်သည်။ လီဗီယာက အီဗာ၏ အစေခံမ သို့မဟုတ် သာမန်ကျွန်တစ်ယောက် ဖြစ်ရလျှင်ပင် ကျေနပ်နေမည်ဟု ဆိုသည်။
အေ့စ်လည်း ဤစကားကို ကြားသောအခါ ထူးဆန်းသော မျက်နှာပေး ဖြစ်သွားပြီး အီဗာ၏ စိတ်တိုနေသော ပုံစံကို ကြည့်ကာ စိတ်ထဲမှ ရယ်မောရင်း တွေးလိုက်မိသည်။
'နင်လည်း ငါနဲ့ စတွေ့တုန်းက သူခိုးဖြစ်ချင်လွန်းလို့ အဖွဲ့လုပ်ဖို့ စိတ်အားထက်သန်နေခဲ့တာ မဟုတ်ဘူးလား.. အနည်းဆုံးတော့ အခုမှ ငါ့ရဲ့ ခံစားချက်ကို နင် နားလည်သွားမှာပေါ့'
"... အဲဒါတင်မကဘူး၊ သူ့မှာ မြင့်မြတ်ခြင်း နိမိတ်ဖတ် ခန္ဓာကိုယ်လို့ ခေါ်တဲ့ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံတစ်ခု ရှိသေးတယ်။ အဲဒါက တော်တော်လေးကို တစ်ခုခုပဲ။ သူ့ရဲ့ ဒီထူးခြားတဲ့ ခန္ဓာကိုယ်အမည်က သူတို့လူမျိုးစုက ကိုယ့်ဘာသာ ပေးထားတာလား၊ တကယ့်အမည်လား ဆိုတာတော့ ငါ သေချာမသိဘူး"
"နေဦး၊ ထူးခြားတဲ့ ခန္ဓာကိုယ်.. ဆိုလိုတာက သူက ဒဏ္ဍာရီလာ ဓာတ်ကြီးလေးပါး ခန္ဓာကိုယ်တွေလိုမျိုး ထူးခြားတဲ့ ဖွဲ့စည်းပုံနဲ့ မွေးဖွားလာတာပေါ့ ဟုတ်လား"
ဤအချက်က အေ့စ်ကို အံ့အားသင့်သွားစေသည်။ သူက ထူးခြားသော ခန္ဓာကိုယ် ပိုင်ရှင်နှင့် ဆုံတွေ့ရခြင်းမှာ ဤသည်မှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။
"ဟုတ်တယ်၊ အဲဒီဖွဲ့စည်းပုံတွေကို ထူးခြားတဲ့ ခန္ဓာကိုယ်တွေလို့ ခေါ်သလို ထူးခြားတဲ့ မရီဒျန်းတွေလည်း ရှိတယ်"
အီဗာက ရှင်းပြသည်။
"ဘာပဲဖြစ်ဖြစ် ဒီအမျိုးသမီးက မရိုးရှင်းဘူး။ သူ့ရဲ့ မြင့်မြတ်ခြင်း နိမိတ်ဖတ် ခန္ဓာကိုယ်က အနာဂတ်မှာ ဖြစ်လာမယ့် အရာအချို့ကို တွက်ချက်ပြီး ဟောကိန်းထုတ်နိုင်စွမ်း ရှိတယ်"
"သူပြောပုံအရဆိုရင် အဲဒီမျှော်စင်ထဲမှာ သူ့ဘဝကို ပြောင်းလဲစေမယ့် အခွင့်အရေးတစ်ခုနဲ့ ကြုံရမယ်လို့ သိထားတာတဲ့။ ဒါပေမဲ့ ဘယ်လိုမျိုးလဲဆိုတာ သူအတိအကျမသိဘဲ အဲဒီမျှော်စင်ရဲ့ ဝိညာဉ်က ဖန်တီးထားတဲ့ ပွဲအတုလို့ပဲ သူထင်ခဲ့တာ"
အေ့စ် မျက်လုံးများ မှေးကျဥ်းစပြုလာသည်။
"ဒါပေမဲ့ ငါက ငါ့အကူအညီအတွက် လိုအပ်လို့ သူ့ကို ဖမ်းခေါ်လာခဲ့တာပဲ။ ဒါဆို သူ့ဘဝကို ပြောင်းလဲစေမယ့် အခွင့်အရေးက ငါဖြစ်နေတာပေါ့ ဟုတ်လား"
ကံကြမ္မာကို ယခုကဲ့သို့ ဟောကိန်းထုတ်နိုင်သည့် ခန္ဓာကိုယ်မျိုး ရှိနိုင်သည်ကို အေ့စ် မယုံနိုင်အောင် ဖြစ်နေမိသည်။ သူခိုး အိမ်တော်သည် ရွှေကောင်းကင်ကမ္ဘာရှိ မည်သူ့အတွက်မဆို အကြီးမားဆုံးသော ဘဝပြောင်းလဲမှု အခွင့်အရေးဖြစ်သည်ကို သူ သံသယ မဖြစ်မိပေ။
'ကံကြမ္မာက လှည့်စားတတ်ပေမဲ့ မှားယွင်းမှုတော့ မရှိဘူးလား.. ဒါကို ကံကြမ္မာရဲ့ လှည့်ကွက်တစ်ခုလို့ ယူဆလို့ရမလား'
အေ့စ် စဉ်းစားနေမိသည်။
အီဗာသည်လည်း အေ့စ်ကဲ့သို့ပင် ကောက်ချက်ချလိုက်သည်။
"ငါလည်း အဲဒီလိုပဲ ထင်တယ်။ သူကိုယ်တိုင်လည်း အဲဒီလိုပဲ ထင်နေတာ။ ဒါပေမဲ့ သူက နင့်ကို အရမ်းစွဲလမ်းနေတာ။ နင်ယုံချင်မှ ယုံလိမ့်မယ်၊ နင့်မှာ သက်ရှိတွေ နေလို့ရတဲ့ ဟင်းလင်းပြင် ရတနာတစ်ခု ဒါမှမဟုတ် တယ်လီပို့ လုပ်နိုင်တဲ့ စွမ်းရည်တစ်ခုခု ရှိတယ်ဆိုတာကို သူက ဟောကိန်းထုတ်ထားပြီးသား။ နင် အဲဒါကိုသုံးပြီး နင့်ရဲ့ သဲလွန်စတွေကို ဖျောက်ဖျက်တယ်၊ ပြီးတော့ နင့်ရဲ့ သားကောင်တွေကို သူတို့ရဲ့ မူလအထောက်အထားတွေ ပျောက်သွားအောင် လုပ်ပစ်တယ်လို့ သူက ယူဆထားတာ"
အေ့စ် မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါတွေကို သူ့ရဲ့ ခန္ဓာကိုယ်စွမ်းအားနဲ့ ဟောကိန်းထုတ်ထားတာလား"
ဤသည်မှာ ရယ်စရာကိစ္စ မဟုတ်သောကြောင့် သူ၏ မျက်နှာမှာ အလွန်တည်ကြည်သွားသည်။
အကယ်၍ ထူးခြားသော ခန္ဓာကိုယ်တစ်ခုက သူ့ကို ဤမျှအထိ ကြိုတင်တွက်ချက်နိုင်ပါက၊ တစ်စုံတစ်ယောက်သည် သူ မလုပ်ဆောင်မီ သူ၏ နောက်ထပ်ခြေလှမ်းကို ကြိုတင်ဟောကိန်းထုတ်ပြီး ထောင်ချောက်ဆင်ထားခြင်း သို့မဟုတ် သူ့ကို တိုက်ရိုက်ခြေရာခံခြင်းများ ပြုလုပ်နိုင်မည် မဟုတ်ပါလား။
အီဗာက စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောသည်။
"မဟုတ်ဘူး၊ သူက နင့်ရဲ့ ခိုးမှုတိုင်းကို လိုက်လံစုံစမ်းပြီးမှ ဒီကောက်ချက်ကို သူဘာသာသူ ချခဲ့တာ။ သူ့မှာ အသေးစိတ် အချက်အလက်တွေ အကုန်မှတ်ထားတဲ့ လျှို့ဝှက်ဒိုင်ယာရီတောင် ရှိသေးတယ်။ မျှော်စင်ရဲ့ တယ်လီပို့ စွမ်းဆောင်ချက်ကလည်း သူ့ကို ဒီလိုကောက်ချက်ချနိုင်အောင် အများကြီး အထောက်အကူပြုခဲ့တာပဲ။ နင့်မှာ အဲဒီမျှော်စင်လိုမျိုး ရတနာတစ်ခု ရှိတယ်လို့တောင် သူထင်နေတာ"
"နင်က တစ်ယောက်တည်း မဟုတ်ဘဲ နင့်မှာ ကူညီသူတွေ ရှိတယ်လို့လည်း သူထင်တယ်။ နောက်ဆုံးတစ်ခုကတော့၊ ကောင်းကင်ဘုံသူခိုးရဲ့ ရည်မှန်းချက်က ဒီကမ္ဘာကြီးကို သိမ်းပိုက်ဖို့လို့ သူက စိတ်ကူးယဉ်နေပြီး သူကိုယ်တိုင်လည်း အဲဒီမှာ ပါဝင်ချင်နေတာ။ အကယ်၍ နင်နဲ့ ခုလိုမျိုး မဆုံခဲ့ရင်တောင် အလီနာကြောင့် နင့်ကို မိုးပြာလေတိုက်ကြီးမှာ လိုက်ရှာပြီး ကူညီပေးဖို့တောင် သူက ရည်ရွယ်ထားတာတဲ့"
အီဗာက သတိရှိစွာဖြင့် ဆက်ပြောသည်။
"ကောင်းကင်ဘုံသူခိုးက အမျိုးသမီးတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတော့ သူတော်တော်လေး စိတ်မကောင်း ဖြစ်သွားပုံရတယ်။ ဆိုလိုတာက သူက နင့်ကို ဖြားယောင်းဖို့ ကြံစည်နေတာပဲ။ ဒါကြောင့် ငါ သူ့ကို ကောင်းကောင်း ပညာမပေးရသေးခင်အထိ နင့်ရဲ့ မူလအထောက်အထားကို သူ့ကို လုံးဝမပြဖို့ ငါတားမြစ်တယ်"
အေ့စ်မှာ နောက်ဆုံးစကားကို ကြားသောအခါ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး အီဗာ၏ သတိထားနေပုံမှာ အတော်လေး ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
သို့သော် လီဗီယာက သူ့ကအား အရူးအမူးအားပေးသည့် ဖန်ဂဲလ်လေးတစ်ယောက် ဖြစ်နေသည်ကိုမူ သူဝန်ခံရမည်ဖြစ်သည်။ ဤကဲ့သို့သောသူမျိုးနှင့် သူ ပထမဆုံး ဆုံဖူးခြင်းတော့ မဟုတ်ပေ။ သို့သော် အခြားမျိုးနွယ်စုမှ တစ်စုံတစ်ယောက်၊ ၎င်းမှာ မျိုးနွယ်စုတစ်စုလုံး၏ အိမ်ရှေ့မင်းသမီးဖြစ်သူက သူ့ကို ကြည်ညိုလေးစားနေလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
၎င်းမှာ ထူးဆန်းသော်လည်း ခံစားလို့ကောင်းသော အရာတစ်ခုဖြစ်သည်ဟု ဆိုလျှင် လိမ်ရာမကျပေ။ ထိုကဲ့သို့ ခံစားချက်ကို မရလိုလျှင်တော့ ဤနတ်ဆိုးမလေး (အီဗာ)ကို သွားပြော၍ မဖြစ်ပေ။
မည်သို့ပင်ဆိုစေကာမူ လီဗီယာတွင် ထူးဆန်းသော ခန္ဓာကိုယ် ရှိနေသဖြင့် သူမကို သူခိုးအိမ်တော်ထဲသို့ ထည့်သွင်းရန် မွိုင်ရာ၏ အကြံပြုချက်ကို သူ ပို၍ သဘောကျလာသည်။ နောင်တွင် သူ့ကို စောင့်ကြိုနေနိုင်သည့် ဘေးအန္တရာယ်အချို့ ရှိနေနိုင်သည် မဟုတ်ပါလား။
သို့သော် ထိုမတိုင်မီ လီဗီယာက သူမရှေ့ရှိ ဘေးအန္တရာယ်ကို အရင်ရှောင်ရှားရပေဦးမည်။ အေ့စ်ကလည်း အီဗာ၏ ပျော်ရွှင်မှုကို ဖျက်ဆီးရန် အစီအစဉ်မရှိသလို ဖျတ်လိုဖျတ်ဆီး မလုပ်ရဲခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် သူမ အလိုရှိသလောက် ကစားခွင့် ပေးလိုက်သည်။
"ကောင်းပြီလေ၊ နင်ဖြစ်ချင်သလောက် ကောင်းကင်ဘုံသူခိုး လုပ်လို့ရပါတယ်။ ကျင့်ကြံဖို့လည်း မမေ့နဲ့ဦး၊ ပြီးတော့ သူ့ကိုလည်း အရမ်းကြီး နှိပ်စက်မနေနဲ့။ သူက အနာဂတ် အိမ်တော် အဖွဲ့ဝင်ဖြစ်သလို တစ်နည်းအားဖြင့် ငါ့ရဲ့ အနာဂတ် ကျေးဇူးရှင်လည်း ဖြစ်လာနိုင်တာ။ အကယ်၍ သူသာ ကြည်ကြည်ဖြူဖြူ ရှိမယ်ဆိုရင် သူက ငါလိမ်စရာမလိုဘဲ အဖွဲ့ထဲဝင်လာမယ့် ပထမဆုံး အဖွဲ့ဝင် ဖြစ်လာလိမ့်မယ်"
အေ့စ်က လွမ်းဆွတ်စွာ သက်ပြင်းချလိုက်သည်။
"ဘာ.. နင်က သူ့ကိုယ်လုံးကို မျက်စိကျနေပြီလို့တော့ ငါ့ကို မပြောနဲ့နော်"
အီဗာ၏ ခြိမ်းခြောက်သည့်အသံ ထွက်ပေါ်လာသည်။
အေ့စ်မှာ စကားပင်မပြောနိုင်ဖြစ်ကာ ဆွံ့အသွားရသည်။
"နင်က ဘာလို့ ဒီလိုကောက်ချက်တွေချဖို့ ဒီလောက်တောင် စိတ်စောနေရတာလဲ.. ပြီးတော့ သူက နင်လောက်တောင် မလှပါဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ အီဗာ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများ ပွင့်လန်းသွားသော်လည်း သူမက ချက်ချင်းပင် ဖုံးကွယ်လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
"နင့်ရဲ့ လုပ်ရပ်တွေကို ကြားပြီးကတည်းက နင့်စကားကို ငါယုံမယ် ထင်နေလား။ နင်က လှည့်ကွက်တွေနဲ့ ပြည့်နေတာ၊ အခု ငါတို့ကို လာမနှောင့်ယှက်နဲ့တော့"
ကိုယ်ပိုင် သူခိုးနေရာထဲမှ အနှင်ခံလိုက်ရသဖြင့် အေ့စ်မှာ ကြောင်တောင်တောင် ဖြစ်သွားပြီး မကျေမနပ်ဖြင့် နှာခေါင်းကို ပွတ်ရင်းရေရွတ်လိုက်သည်။
"ငါ့ရဲ့ သူခိုးနေရာကို ငါ့ရဲ့ သံသယကြီးတဲ့ မိန်းမက သိမ်းပိုက်လိုက်သလိုမျိုး ဘာလို့ ငါ ခံစားနေရတာပါလိမ့်"
***