နက်နဲပြီး အတိုင်းအဆမရှိသော အရှိန်အဝါရှိသည့် ခန့်ညားထည်ဝါသော အသူရာတစ်ဦးသည် အင်ပါယာ အသူရာမျိုးနွယ်စု၏ အမှတ်အသားပါသော ခရမ်းရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး၊ သူ့ရှေ့တွင် ရိုသေစွာ ရပ်နေကြသော အသူရာသုံးဦးကို ကြည့်နေသည်။
ထိုအသူရာသုံးဦးသည်လည်း ယင်းအမှတ်အသားပါသည့် ခရမ်းရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြသော်လည်း သူတို့၏ ချပ်ဝတ်တန်ဆာများက သူ၏တန်ဆာလောက် မခန့်ညားသလို၊ သူတို့၏ အရှိန်အဝါမှာလည်း သူ၏ မဟာဆန်မှုမျိုးကို အနားပင်မကပ်နိုင်ပေ။
သူက အက်ရှရှအသံဖြင့် တည်ငြိမ်စွာ ပြောသည်။
"ငါ မင်းတို့သုံးယောက်လုံးကို ဆင့်ခေါ်ရတာကတော့ နောက်သုံးရက်အတွင်း ငါတို့ ရည်မှန်းထားတဲ့နေရာကို ရောက်တော့မယ်ဆိုတာ အသိပေးဖို့ပဲ။ မင်းတို့ရဲ့ ရေတပ်အစုအဖွဲ့တွေကို အကျိုးအကြောင်းပြောပြပြီး သူတို့ကို အကောင်းဆုံး အမူအကျင့်တွေနဲ့ ရှိနေစေချင်တယ်။ တခြားသူတွေရှေ့မှာ၊ အထူးသဖြင့် လူသားတွေရှေ့မှာ ငါ မျက်နှာမပျက်ချင်ဘူး။ ရှင်းရဲ့လား"
ထိုသုံးဦးက တစ်ပြိုင်နက်တည်း တည်ကြည်စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ရေတပ်ဗိုလ်ချုပ်ကြီး"
"ထပ်ပြောစရာ မရှိရင် ထွက်သွားလို့ရပြီ"
သူက အေးစက်စွာ ပြောလိုက်သည်။
ထိုသုံးဦးသည် ဘာမှထပ်မပြောဘဲ ရိုသေစွာ ဦးညွှတ်လိုက်ပြီး ထွက်ခွာသွားကြသည်။
သို့သော်လည်း အသူရာနှစ်ဦး ထွက်သွားချိန်တွင် အဖွဲ့ထဲမှ တစ်ဦးတည်းသော အသူရာမလေးမှာ တံခါးဝတွင် ရုတ်တရက် ခြေလှမ်းရပ်သွားသည်။ သူမက နောက်သို့လှည့်ကြည့်ကာ ဝေခွဲမရဖြစ်နေသော မျက်လုံးများဖြင့် မေးလိုက်၏။
"ဗိုလ်ချုပ်ကြီး... ကျွန်မ တစ်ခုလောက် မေးပါရစေ။ မေး... မေးလို့ရမလားရှင်"
အသူရာဗိုလ်ချုပ်ကြီးက တင်းမာသော အမူအရာဖြင့် ထိုအသူရာမလေးကို အကဲခတ်လိုက်သည်။
"မင်း လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်၊ ကပ္ပတိန် ဟေဇယ်"
ဟေဇယ်က အလွန်ဝမ်းသာသွားပြီး အချိန်မဖြုန်းဘဲ အလျင်အမြန် မေးလိုက်၏။
"အခုလို မေးရတာ ဗိုလ်ချုပ်ကို ရိုင်းပျသလို ဖြစ်သွားရင် ကြိုတင်တောင်းပန်ပါတယ်၊ ကျွန်မတို့ရဲ့ အမိန့်တွေကို စော်ကားဖို့ ဒါမှမဟုတ် သံသယဝင်ဖို့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ ကျွန်မ သိချင်တာက လူသားတိုက်ကြီးကို ဘာလို့ ဒီလောက်များပြားတဲ့ စစ်တပ်ကြီး စေလွှတ်ရတာလဲဆိုတာပါ။ အဲဒီသူခိုးက တကယ်ပဲ ဒီလောက်ထိ အာရုံစိုက်ပြီး အားထုတ်ရမှာ တန်လို့လား"
အသူရာဗိုလ်ချုပ်ကြီး၏ အဝါရောင်မျက်လုံးအိမ်များက ဟေဇယ်ကို အသိအမှတ်ပြုသည့် အရိပ်အယောင်ဖြင့် လက်ခနဲ ဖြစ်သွားသည်။ သူမက သူ၏အမိန့်ကို မျက်စိမှိတ် မလိုက်နာဘဲ ဦးနှောက်ကို အသုံးပြုကာ ထိုသို့သော အန္တရာယ်ရှိသည့် မေးခွန်းကို သူ့ကို ပထမဆုံး ဝံ့ဝံ့စားစား မေးမြန်းသည့် ကပ္ပတိန် ဖြစ်သည်။
ထို့ကြောင့် သူက တည်ငြိမ်သော လေသံဖြင့်ပင် ပြန်ဖြေသည်။
"မင်းရဲ့ သတ္တိက ချီးကျူးဖို့ကောင်းပါတယ်။ ငါ မင်းကို ပြောပြနိုင်တာကတော့ မင်း မစိုးရိမ်ပါနဲ့။ ငါတို့ အဲဒီကို သွားတာက လူသားတွေအတွက် ကင်းစောင့်ပေးဖို့ သက်သက်မဟုတ်ဘူး။ ငါတို့ရဲ့ အစွမ်းကို ပြသဖို့ ထိုက်တန်တဲ့ ရန်သူနဲ့ တွေ့ကောင်းတွေ့နိုင်သလို၊ နတ်ဆိုးတွေတောင် ဒီပွဲကို လာပူးပေါင်းလိမ့်မယ်။ မင်းသာ ကောင်းကောင်း စွမ်းဆောင်နိုင်ရင် အရှင်မင်းကြီးက ဆုလာဘ်တွေကို နှမြောမှာ မဟုတ်ဘူး။ ငါလည်း မင်းအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားထားတယ်၊ ကပ္ပတိန် ဟေဇယ်၊ ငါ့ကို စိတ်မပျက်စေနဲ့"
ဟေဇယ်ဟာ အံ့အားသင့်စရာ အချက်အလက်များဖြင့် ပြည့်နှက်နေသော ထိုအဖြေကို ကြားလိုက်ရသည့်အခါ တုန်လှုပ်သွားသည်။
မိုးပြာလေတိုက်ကြီးသို့ သွားမည့် ခရီးစဉ်သည် ဖမ်းရခက်လှသည့် သူခိုးကို ဖမ်းဆီးရန်ထက် ပိုမိုနက်နဲနိုင်ကြောင်း သူမ စတင်နားလည်လာသည်။
သို့သော် သူမက ဘောင်ကျော်ကာ အသေးစိတ် ထပ်မမေးရဲတော့ပေ။ ဤမျှသော သတင်းအချက်အလက်ကို ပေးသည်မှာပင် အသူရာဗိုလ်ချုပ်ကြီးက သူမအပေါ် စေတနာထားခြင်းဖြစ်ပြီး၊ အတိုင်းအထက်အလွန် မေးမိပါက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။
"ကျွန်မကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်။ ကျွန်မ ရှင့်ကို စိတ်မပျက်စေရပါဘူး"
သူမက အလျင်အမြန် ဦးညွှတ်ကာ ထွက်ခွာသွားသည်။
ဟေဇယ် ထွက်သွားပြီးနောက် အသူရာဗိုလ်ချုပ်ကြီး၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး လူသတ်လိုသော အငွေ့အသက်များဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။
"အသူရာစစ်တပ်က သူ့ရဲ့ အရောင်အစစ်အမှန်ကို မပြသခဲ့တာ ကြာပြီ၊ အဲဒါကြောင့် သောက်ပေါသူခိုးတစ်ယောက်က ကလေးကလား လှည့်ကွက်တွေနဲ့ ငါတို့ရဲ့ ရတနာအချို့ကို ခိုးနိုင်သွားရုံနဲ့ အားလုံးက ငါတို့ကို အနိုင်ကျင့်လို့ရတယ်လို့ ထင်နေကြပြီ"
"ငါတို့ရဲ့ အသူရာမျိုးနွယ်ကို လာပုတ်ခတ်မိတဲ့အတွက် အဲဒီသူခိုးကို နောင်တရစေရမယ်၊ ပြီးတော့ အဖြူရောင်သရဖူက လူတွေကို အရှင်လတ်လတ် အရေခွံခွာပြီး ရွှေကောင်းကင်အောက်မှာ ငါတို့ရဲ့ လွှမ်းမိုးမှုကို ထူထောင်ပြမယ်။ အစီအစဉ်အတိုင်းသာ ဖြစ်လာမယ်ဆိုရင် လူသားမျိုးနွယ်တစ်ခုလုံး ကမ္ဘာမြေမျက်နှာပြင်ပေါ်ကနေ ပျောက်ကွယ်သွားလိမ့်မယ်။ ဒါဟာ ငါတို့ဆီကနေ ခိုးယူမိတဲ့အတွက် ပေးရမယ့် ပြစ်ဒဏ်အစစ်အမှန်ပဲ..."
ကပ္ပတိန် ဟေဇယ်မှာ အသူရာအထက်တန်းလွှာများ၏ အကြံအစည်အမှန်ကို မသိဘဲ သူမ၏ အခန်းသို့ မျက်မှောင်ကြုတ်လျက် ပြန်လာခဲ့သည်။
သူမ၏ လက်ထောက်ကို ဆင့်ခေါ်ပြီး ရေတပ်အစုအဖွဲ့ဝင်များကို စုခိုင်းရန် ပြင်နေစဉ်မှာပင် သူမရှေ့၌ အနက်ရောင် အလင်းဖောက် သေတ္တာလေးတစ်ခု ပေါ်လာသည်။ သူမက ထိုပေါ်က စာသားများကို ဖတ်ရင်း ထိတ်လန့်သွားပုံ မရပေ။
=====
[အိမ်တော်တွင်း ခေါ်ဆိုမှု ရောက်ရှိနေသည်]
ခေါ်ဆိုသူ - အိမ်တော်ခေါင်းဆောင် (အေ့စ် ဝှိုက်)
-လက်ခံရန် (၁၀ စက္ကန့်အတွင်း အလိုအလျောက် လက်ခံမည်)
[မှတ်ချက် - အိမ်တော်ခေါင်းဆောင် (အေ့စ် ဝှိုက်)၏ ခေါ်ဆိုမှုကို သင် ငြင်းပယ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်း မပြုနိုင်ပါ]
'ဟွန့်၊ ဒီအခွင့်ထူးသာ မရှိရင် ငါ နင့်ကို တစ်နာရီလောက် လျစ်လျူရှုထားမှာ'
ဝင်းတား ရုပ်ဖျက်ထားသည့် ကပ္ပတိန် ဟေဇယ်က နှုတ်ခမ်းကို စူလိုက်ပြီးနောက် ခေါ်ဆိုမှုကို လက်ခံလိုက်သည်။
အေ့စ်၏ တက်ကြွသော အသံ ထွက်ပေါ်လာသည်။
"စကားမပြောဖြစ်တာ ကြာပြီနော်.."
ဝင်းတား အနည်းငယ် အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် အေ့စ်၏ အသံမှာ ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ ထိတ်လန့်တုန်လှုပ်ခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်းများဖြင့် ပြည့်နှက်နေလိမ့်မည်ဟု သူမ ထင်ထားသောကြောင့် ဖြစ်သည်။ ယခုမူ တစ်စုံတစ်ရာကြောင့် အေ့စ်က ယခင်ကကဲ့သို့ ပြန်ဖြစ်သွားပုံရသည်။
'သူ အဲဒီမိန်းကလေးကို ဂရုမစိုက်တော့လို့ ငါ့ကို ဒီတာဝန် ဖျက်သိမ်းဖို့ ခေါ်တာလား.. ဒါဆို ငါ့ရဲ့ အားထုတ်မှုတွေ အလဟဿ ဖြစ်ကုန်တော့မှာပေါ့'
ဝင်းတားက စိတ်မကောင်းစွာ တွေးမိသည်။
"ဘာလို့ ဆက်သွယ်လိုက်တာလဲ"
"မင်းရဲ့ လက်ရှိတာဝန် တိုးတက်မှု အခြေအနေကို မေးမလို့ပါ"
အေ့စ်၏ အသံက ရုတ်တရက် တည်ကြည်သွားပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။
'အို... ငါ အများကြီး တွေးမိသွားတာပဲ'
ဝင်းတား သက်ပြင်းချလိုက်သည်။
"ငါ့ကို ဘယ်သူလို့ ထင်နေလဲ.. ငါ လူသားတိုက်ကြီးကို ရောက်ဖို့ နောက်သုံးရက်ပဲ လိုတော့တယ်"
"ဘာ.. ဒီလောက် မြန်မြန်ကြီးလား"
အေ့စ် အလွန်အံ့အားသင့်သွားသည်။ သူမကို အသူရာတိုက်ကြီးတွင် ရှိနေဆဲ သို့မဟုတ် မိုးပြာလေ တိုက်ကြီးဆီသို့ သွားရာ လမ်းတစ်ဝက်တွင်သာ ရှိနေဦးမည်ဟု သူ မျှော်လင့်ထားသောကြောင့်ဖြစ်သည်။
"ဟီးဟီး၊ ငါက အသူရာရေတပ်ထဲမှာ အမြန်ဆုံး ရေတပ်အစုအဖွဲ့တစ်ခုနဲ့ ခရီးသွားနေတာလေ၊ အဲဒါကြောင့် ဒီလောက်မြန်တာ သဘာဝပဲ။ ပြီးတော့ အသူရာမျိုးနွယ်ရဲ့ သီးသန့်ပင်လယ်လမ်းကြောင်းနဲ့ဆိုတော့ ပိုတောင် မြန်သေးတယ်"
ဝင်းတားက အေ့စ်၏ တုံ့ပြန်မှုကို သဘောကျသဖြင့် ပို၍ ကြွားလုံးထုတ်လိုက်သည်။
အေ့စ်ရဲ့ ချီးကျူးသံ ထွက်ပေါ်လာသည်
"ဒါဆို မင်း ရေတပ်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာပေါ့.. အဲဒါကိုတော့ ငါတောင် မထင်ထားဘူး။ ငါ့ရဲ့ တာဝန်ထဲက ဆဋ္ဌမမြောက် အခြေအနေကို မင်း ပြီးမြောက်နိုင်မယ့် မျှော်လင့်ချက် ရှိပုံရတယ်"
ဝင်းတားက နှာခေါင်းရှုံ့လိုက်သည်။
"ဟမ့်..ဒါပေါ့၊ နင် အဲဒီအခြေအနေကို ထည့်ထားမိလို့ နောင်တရပြီး ငါရမယ့် ဆုလာဘ် အိမ်တော်မှတ် ငါးသန်းကို ပြန်သိမ်းမလို့တော့ မလုပ်နဲ့နော်"
သူမက ဤကိစ္စကို စိုးရိမ်နေသည်။
"ဟက်၊ မင်း အလီနာကို ခေါ်ပြီး လွတ်အောင် ပြေးနိုင်သရွေ့ ငါ မင်းကို အထူးကျေးဇူးတင်မှာဖြစ်သလို၊ မင်းရမယ့် ငါးသန်းအပြင် ငါ မင်းကို ကျေးဇူးကြွေး နှစ်ခုတောင် တင်သွားဦးမှာပါ။ ဒါပေမဲ့ အဲဒါက မလွယ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ မရောက်စေနဲ့"
"ငါ အဲဒီကို မရောက်ခင်အထိ မင်းကို ငါ့ရဲ့ မျက်စိနဲ့ နားအဖြစ် ရှိနေစေချင်တယ်၊ သတင်းအချက်အလက်ကို တတ်နိုင်သမျှ စုဆောင်းထားပါ။ မလိုအပ်တဲ့ စွန့်စားမှုတွေ မလုပ်နဲ့။ ငါတို့ ရင်ဆိုင်နေရတာက နိယာမသိမြင်ခြင်း အကြို နယ်ပယ် ကျွမ်းကျင်သူ ဖြစ်နိုင်ခြေ ရှိတဲ့သူတွေ၊ အဲဒါက တစ်ယောက်တည်းတောင် မဟုတ်ဘူး"
ဝင်းတားက ဘာမှ ပြန်မငြင်းပေ။ အဘယ်ကြောင့်ဆိုသော် သူမ ခုလေးတင် တွေ့ခဲ့သည့် ဗိုလ်ချုပ်ကြီးသည်ပင် နိယာမ သိမြင်ခြင်း နယ်ပယ်ရှိ အသူရာတစ်ဦးဖြစ်ကြောင်း သူမ သိသောကြောင့် ဖြစ်သည်။ ထိုဗိုလ်ချုပ်ကြီးမှာ အသူရာစစ်တပ်ကြီးတစ်ခုလုံး၏ ထိပ်ဖျားမျှသာ ဖြစ်ကြောင်းလည်း သူမ သိသည်။
"ငါ ဘာလုပ်နေလဲဆိုတာ ငါ သိပါတယ်။ ငါက တခြားအရာအားလုံးထက် ငါ့အသက်ကို ပိုတန်ဖိုးထားတယ်"
သူမက ဆိုလိုက်ပြီးနောက် သူမ၏ အမူအရာသည် တည်ကြည်သွားသည်။
"နင် ဘယ်တော့ ရောက်မလဲ"
အေ့စ်က အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်၏။
"ဟင်းး..ငါက အဆုံးမဲ့ပင်လယ်ရဲ့ အလယ်ဗဟိုမှာ ရောက်နေတာ၊ အခု ငါ ဘယ်နားမှာလဲဆိုတာ လုံးဝ မသိသေးဘူး။ ဒါပေမဲ့ မကြာခင် သိရတော့မှာပါ။ ငါ အမြန်ဆုံး ပြန်လာနိုင်ဖို့ အချိန်နည်းနည်းတော့ လိုသေးတယ်"
ဝင်းတားက ပြတ်ပြတ်သားသား ပြန်ပြောသည်။
"နင် အရှိန်မြှင့်မှ ဖြစ်မယ်နော်။ နတ်ဆိုးမျိုးနွယ်က နောက်ထပ် စစ်တပ်တစ်ခုလည်း လူသားတိုက်ကြီးမှာရှိတဲ့ အသူရာတွေနဲ့ လာပူးပေါင်းမယ်ဆိုတာ ငါ သိလိုက်ရတယ်။ ဒီတစ်ခါမှာ နင် တစ်ယောက်တည်းက ပစ်မှတ် မဟုတ်တော့ဘူးထင်တယ်။ သူတို့တွေ အစီအစဉ်အကြီးကြီး တစ်ခုခု ဆွဲနေကြတာ၊ အဲဒါက လူသားတိုက်ကြီးကို ဗဟိုပြုနေတာပဲ"
အေ့စ် တိတ်ဆိတ်သွားသည်။ ဤသတင်းမှာ သူ မမျှော်လင့်ထားသော သတင်းဖြစ်သည်။
နတ်ဆိုးမျိုးနွယ်များ ပါဝင်လာလိမ့်မည်ဟု သူ ခန့်မှန်းထားသော်လည်း စစ်တပ်ကြီးတစ်ခု စေလွှတ်ခြင်းမှာ အခြားကိစ္စတစ်ခု ဖြစ်သည်။
"မုဆိုးတွေကော.. သူတို့ဘက်က ဘာထူးခြားမှု ရှိလဲ၊ အထူးသဖြင့် ငွေရေခဲ မျိုးနွယ်စုကကော"
အေ့စ်က အေးစက်သော အသံဖြင့် မေးလိုက်သည်။
သူမကို စွန့်ပစ်ပြီး အိမ်မက်ခြေဖျက်သူရဲ့ စိတ်ကြိုက် အသုံးချဖို့ လက်လွှဲပေးခဲ့တဲ့အတွက် အလီနာရဲ့ မိသားစုအပေါ် သူ ကောင်းသော အမြင် မရှိပေ။
"တကယ်တော့ အဲဒါက တော်တော် ထူးဆန်းတယ်၊ ဘာလို့လဲဆိုတော့ ရေခဲအရှင်သခင်ရဲ့ ကြေညာချက် ထွက်ပြီးကတည်းက မုဆိုးမျိုးနွယ်တွေဆီက ဘာလှုပ်ရှားမှုမှ မရှိဘဲ လုံးဝ ငြိမ်သက်နေလို့ပဲ။ အဲဒီကောင်တွေ ဘာကြံစည်နေလဲ ငါ လုံးဝ မသိဘူး"
ဝင်းတားက မရေမရာ ပြန်ဖြေသည်။
"ဒါပေမဲ့ သူတို့တွေ အဲဒီ ရှေးဟောင်း စုဝေးပွဲကိုပဲ အာရုံစိုက်နေကြတုန်းပဲလို့တော့ ကြားတယ်။ အသူရာတွေနဲ့ နတ်ဆိုးတွေလည်း အတူတူပဲ၊ သူတို့တွေ အဲဒီ လျှို့ဝှက်နယ်မြေကို လက်မလျှော့ကြသေးဘူး။ အဲဒီနေရာ ပွင့်ဖို့ တစ်နှစ်ကျော်ပဲ လိုတော့တာကိုး"
အေ့စ်က နှမြောတသစွာ သက်ပြင်းချလိုက်သည်။
"သူတို့ သူမကို စွန့်ပစ်လိုက်ပြီ ထင်တယ်၊ ဒါမှမဟုတ် တစ်ခုခုကို ကြံစည်နေကြတာလည်း ဖြစ်နိုင်တယ်။ ဒီငရဲမီးလျှံ လျှို့ဝှက်နယ်မြေ ကိစ္စကတော့ ငါတို့နဲ့ မဆိုင်တော့ဘူး။ အလီနာကို ကယ်ဖို့က ပထမပဲ။ နင်က နင့်တာဝန်ကိုပဲ အာရုံစိုက်ပါ၊ ငါ နင့်ဆီ ရောက်လာမယ့် လမ်းကို ရှာလိုက်ဦးမယ်"
"အေးပါ၊ ငါ ဘာလုပ်ရမလဲ သိပါတယ်"
ဝင်းတားက အလျင်အမြန် သဘောတူလိုက်ပြီးနောက် ခေါ်ဆိုမှု ပြီးဆုံးသွားသည်။
ဖုန်းချပြီးနောက် သူမက မရေမရာ ရေရွတ်လိုက်၏။
"သူမက နင့်အတွက် တကယ်ပဲ ဘယ်သူမို့လို့လဲ…”
***