တခြမ်းပဲ့လမင်း၏ ဝေဝေဝါးဝါး အလင်းရောင်အောက်တွင် အေ့စ်ဟာ ရွက်တိုင်ထိပ်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသည်။ ပြင်းထန်သောလေတိုးသံများနှင့်အတူ သူ၏ဆံပင်ရှည်များက ပိုးသားချည်မျှင်များကဲ့သို့ လွင့်ပျံနေကြသည်။
သူ၏ကိုယ်ပေါ်မှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသော်လည်း ထိုအရှိန်အဝါမှာ လုံးဝငြိမ်သက်နေခြင်းမျိုးမဟုတ်ဘဲ အနည်းငယ် ရှုပ်ထွေးကာ မှောင်မိုက်နေသည်။
အေ့စ် လျှို့ဝှက်နယ်မြေမှ ထွက်ခွာလာခဲ့သည်မှာ ၅၄ ရက်ရှိပြီဖြစ်ပြီး၊ တိုက်ရိုက်ကံကြမ္မာမြေပုံနှင့် သူ၏ ကံကြမ္မာအာရုံအား အသုံးပြုကာ အဆုံးမဲ့ပင်လယ်ထဲတွင် ခရီးနှင်နေခြင်းဖြစ်သည်။
သို့သော်လည်း သူ မြင်နိုင်သမျှနေရာတိုင်းတွင် ကုန်းမြေအရိပ်အယောင် လုံးဝမတွေ့ရဘဲ အခုဆိုလျှင် သူ စတင်စိတ်မရှည်ဖြစ်လာပြီ ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူ ဘာမှမတတ်နိုင်ဘဲ သည်းခံရန်သာ ရှိတော့သည်။ တစ်ခုတည်းသော ကောင်းကွက်မှာ သူ၏ စွမ်းရည်များ တိုးတက်လာနေခြင်းနှင့် တစ်ခါတစ်ရံတွင် ပင်လယ်သားရဲများနှင့် ရင်ဆိုင်ရခြင်းပင် ဖြစ်သည်။
ထိုစဉ် သူက မျက်လုံးများကို ဖွင့်လိုက်ရာ မျက်ဝန်းထဲ၌ အမည်းရောင်လျှပ်စီးတန်းများ ဖြတ်သန်းသွားသည်။ ရုတ်တရက် ရှေ့သို့ကြည့်လိုက်ပြီး တစ်မိုင်ခန့်အကွာတွင် အမည်းရောင်မြူခိုးများ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။
'ငါ အဲဒီမြူတွေထဲကို ဝင်ရမှာလား..'
ကံကြမ္မာအာရုံက ထိုဘက်သို့ ညွှန်ပြနေသည့်တိုင် ကံကြမ္မာမြေပုံကို ဖွင့်ကြည့်ကာ သူ၏အတွေးကို အတည်ပြုလိုက်သည်။
မြူခိုးများဆီသို့ နီးကပ်လာသည်နှင့်အမျှ သူက ရင်းနှီးနေသော အသက်ရှူကျပ်သည့် ခံစားချက်ကို ခံစားလိုက်ရပြီး၊ ဤခံစားချက်မျိုးကို ဘယ်နေရာမှာ ခံစားဖူးခဲ့သလဲဆိုသည်ကို ရုတ်တရက် သတိရသွားသည်။
'ဒါက သိုင်းပညာနဲ့ ဝိညာဉ်ရေးရာ ရောင်ခြည်ဖြာထွက်မှုပဲ'
တော်ဝင်အသူရာ ကျောင်းတော်၏ စမ်းသပ်မှုအဝင်ဝတွင် ကြုံတွေ့ခဲ့ရသည်ကို သတိရသွားကာ အေ့စ်၏ မျက်နှာ ပျက်သွားသည်။
သူဟာ ယခင်က ရောင်ခြည်ဖြာထွက်မှု အမှတ် ၅ အထိ ကြုံတွေ့ခဲ့ဖူးသဖြင့် ထိုပတ်ဝန်းကျင်သည် ကျင့်ကြံသူတစ်ဦးအတွက် မည်မျှအသက်ရှူကျပ်စေသည်ကို ကောင်းကောင်းသိသည်။
ဤရောင်ခြည်ဖြာထွက်မှုမှာ အေ့စ်အတွက် ဘာမှအန္တရာယ်မရှိသော်လည်း ယခုသူက အဆုံးမဲ့ပင်လယ်ထဲတွင် ရောက်နေခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် မည်သည့်ကျင့်ကြံသူမဆို ရောင်ခြည်ဖြာထွက်သည့် နေရာများကို ပလိပ်ရောဂါကဲ့သို့ ဝေးဝေးက ရှောင်တက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ချီ ပါဝင်သော မည်သည့်ပစ္စည်းမဆို ထိုရောင်ခြည်ထဲတွင် စတင်ခန်းခြောက်သွားသောကြောင့် ဖြစ်သည်။
ရောင်ခြည်သိပ်သည်းဆ မြင့်မားလေလေ၊ ခန်းခြောက်နှုန်း မြန်လေလေဖြစ်ပြီး ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအင်များ အားလုံးကုန်သွားပါက သူတို့အတွက် ဇာတ်သိမ်းသွားပြီဖြစ်သည်။
အေ့စ်ဟာ ရောင်ခြည်မြူခိုးများဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားနေသည့် ရွက်လှေကို ကြည့်ရင်း စဉ်းစားလိုက်သည်။
'ငါသာ အကာအကွယ်အတားအဆီးကို သုံးလိုက်ရင် ဒီမြူတွေထဲမှာ ချီကျောက်တုံး သုံးစွဲမှုက ဆယ်ဆလောက် ဒါမှမဟုတ် ဒီထက်မက ပိုများသွားနိုင်တယ်။ တကယ်လို့ ရောင်ခြည်က အမှတ် ၁၀ အထက်မှာ ရှိနေရင်ပေါ့'
'ဒါ့အပြင် ဒီညွှန်ပြချက်က တစ်စုံတစ်ရာသော ရတနာဆီကို ဦးတည်နေတာ သေချာတယ်။ ငါသိသလောက် ဘယ်တိုက်ကြီးမှ ဒီလိုရောင်ခြည်မြူတွေနဲ့ ဝန်းရံမနေဘူး။ ဒါပေမဲ့ ဒီလောက်အဝေးကြီးအထိ လာပြီးမှတော့ ငါလှည့်ပြန်လို့ မဖြစ်ဘူး။ ငါ့မှာ ချီကျောက်တုံးကလွဲရင် ဘာမှမလိုဘူး'
စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ရွက်လှေ၏ အကာအကွယ်အတားအဆီးကို အသက်သွင်းလိုက်ရာ လှေပတ်လည်တွင် ကြက်သွေးရောင် အလင်းဖောက် အမိုးခုံးတစ်ခု ပေါ်လာသည်။
ရွက်လှေသာ ထိုရောင်ခြည်မြူများကြောင့် ပျက်စီးသွားမှာကို မစိုးရိမ်ပါက သူကိုယ်တိုင် ရှင်သန်ရန်အတွက် အကာအကွယ် မလိုအပ်ပေ။ ဤရွက်လှေမှာ သူပိုင်ဆိုင်သော တစ်စင်းတည်းသော လှေဖြစ်ပြီး အမြန်ဆုံးလည်း ဖြစ်သောကြောင့် သူ အလွန်ဂရုစိုက်ကိုင်တွယ်နေရခြင်း ဖြစ်သည်။
မြူများထဲသို့ ဝင်လိုက်သည်နှင့် အသက်ရှူကျပ်သည့် ခံစားချက်မှာ အထွက်အထိပ်သို့ ရောက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤမြူထဲတွင် ချီစွမ်းအင် အရိပ်အယောင်ပင် မရှိသောကြောင့်ဖြစ်ပြီး၊ ရွက်လှေ၏ အစီရင်တွင် ထည့်သွင်းထားသော ချီကျောက်တုံးများကလည်း ရူးသွပ်ဖွယ် ကောင်းသော အရှိန်ဟုန်းဖြင့် တောက်ပလာသည်။
'ဒီရောင်ခြည်မြူက တကယ်ပဲ အမှတ် ၁၀ အထက်မှာ ရှိနေတာပဲ။ ဒါဆိုရင် ဒီနေရာက ဝိညာဉ်သရုပ်ပြခြင်းနယ်ပယ် ကျင့်ကြံသူတွေအတွက်တောင် ဘေးဒုက္ခတစ်ခုပဲ။ ဒီမှာ ငါ့အတွက် အသုံးဝင်မယ့် ဘယ်လိုအရာမျိုး ဖုံးကွယ်နေလို့လဲ..'
'ဒါမှမဟုတ် ဒါက နောက်ထပ် ဒြပ်စင်လုံး တစ်ခုခုများလား.. ဒီမြူက သူ့ရဲ့ သဘာဝအတားအဆီး ဖြစ်နေတာလား၊ တကယ်လို့ ဒြပ်စင်လုံးသာ ဖြစ်မယ်ဆိုရင် ဒီခရီးက တန်သွားလိမ့်မယ်'
ထိုသို့တွေးမိသည့်အခါ အေ့စ် မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပလာသည်။
လျှပ်စီးဒြပ်စင်လုံး နှင့် တော်ဝင်နတ်ဆိုးမျှော်စင်ကို ဘယ်လိုတွေ့ခဲ့သည်ကို သူ မှတ်မိနေသေးသည်။ ထို့ကြောင့် အဆုံးတွင် သူ ဘယ်လိုရတနာမျိုး ရရှိမလဲဆိုသည်ကို စိတ်လှုပ်ရှားနေမိသည်မှာ မလွန်ချေ။
ဝင်းတားက မိုးပြာလေတိုက်ကြီးသို့ ရောက်နေပြီဖြစ်ကြောင်း သူသိထားသဖြင့် စိတ်အနည်းငယ် အေးနေရသည်။
သူမ၏ လက်ရှိစွမ်းရည်များဖြင့်ဆိုလျှင် မဖြစ်နိုင်သောအရာကို ဖြစ်အောင် လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မည်။
အေ့စ်က တိုက်ရိုက်ကံကြမ္မာမြေပုံကို ဖွင့်ထားပြီး အမည်းရောင်မြူများထဲတွင် ဆက်လက်ရွေ့လျားနေသည်။ တစ်ဖက်တွင်လည်း ချီကျောက်တုံး သုံးစွဲမှုကို စောင့်ကြည့်နေပြီး အဟောင်းများ ဖုန်မှုန့်အဖြစ် ပြောင်းသွားတိုင်း အသစ်တစ်သုတ်နှင့် အစားထိုးနေသည်။
သူ ၁၅ နှစ်အတွင်း စုဆောင်းထားသော ကြွယ်ဝမှုမှာ မည်သူမဆို မနာလိုဖြစ်လောက်စရာပင်။
ကောင်းကင်ဘုံသူခိုး တစ်ဦးတည်းသာလျှင် ဤမျှများပြားသော ချီကျောက်တုံး ဆုံးရှုံးမှုကို မျက်တောင်မခတ်တမ်း ခံနိုင်ရည်ရှိပေမည်။
အမည်းရောင်မြူထဲတွင် သုံးနာရီကျော်ကြာ ရွေ့လျားပြီးနောက် အေ့စ်၏ အမူအရာမှာ တည်ကြည်သွားသည်။ အဘယ်ကြောင့်ဆိုသော် အမည်းရောင်မြူများမှာ တိမ်တိုက်များကဲ့သို့ ထူထပ်လာပြီး ချီကျောက်တုံး သုံးစွဲရမှုမှာလည်း ရုတ်တရက် နှစ်ဆတိုးသွားသောကြောင့် ဖြစ်သည်။
ထို့ပြင် ကံကြမ္မာမြေပုံမှာလည်း မီးခိုးရောင် မဟုတ်တော့ဘဲ လွန်ခဲ့သော ၁၀ မိနစ်ခန့်ကတည်းက အနီရောင်သို့ ပြောင်းလဲသွားခဲ့သည်။
'ငါ လှည့်ပြန်သင့်သလား..'
အေ့စ် စိတ်ပျက်စွာ တွေးမိသော်လည်း ဇွဲမလျှော့ဘဲ ဆက်လက်ရှေ့တိုးဖို့ ဆုံးဖြတ်လိုက်သည်။ တစ်ဖက်မှာလည်း အာရုံအားလုံးဖြင့် အစွမ်းကုန် သတိထားနေသည်။
ရုတ်တရက် အေ့စ် အမူအရာ ပျက်သွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရှေ့မီတာ ရာဂဏန်းခန့်တွင် အမည်းရောင် ကံကြမ္မာအမှတ်အသား တစ်ခု ရုတ်တရက် ပေါ်လာသောကြောင့် ဖြစ်သည်။
၎င်းသည် သူရှိရာဘက်သို့ ထိတ်လန့်စရာကောင်းသော အရှိန်ဖြင့် ဦးတည်လာနေသည်။
၎င်းသည် အလွန်မြန်သဖြင့် အေ့စ် တုံ့ပြန်နိုင်ခြင်းမရှိမီမှာပင် အမည်းရောင်ကံကြမ္မာအမှတ်မှာ သူ၏ကိုယ်ပိုင်ကံကြမ္မာအမှတ်နှင့် တစ်ထပ်တည်း ကျလုနီးပါး ဖြစ်သွားပြီး နှလုံးခုန်သံပင် ရပ်တန့်လုနီးပါး ဖြစ်သွားသည်။
ထိုအမည်းရောင်အမှတ်က ကံကြမ္မာမြေပုံထဲတွင် သူ၏အမှတ်ကို ပွတ်တိုက်ကာ ရှေ့သို့ တည့်တည့်ဆက်သွားပြီး ထိတ်လန့်စရာ အရှိန်အဟုန်ဖြင့် မကြာမီ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အခါ သူ ဝေခွဲမရ ဖြစ်သွားသည်။
ချွေးအေးများ စီးကျနေပြီး ဖြူဖျော့နေသော အမူအရာဖြင့် အေ့စ် တိုးတိုးလေး ရေရွတ်လိုက်၏။
"ဘာ... ဘာဖြစ်သွားတာလဲ"
မကြာမီမှာပင် ရွက်လှေက ရုတ်တရက် တုန်ခါလာကာ မြင့်တက်လာသဖြင့် သူ သတိပြန်ဝင်လာသည်။ ရှေ့သို့ ကြည့်လိုက်သောအခါ မီတာတစ်ရာခန့် မြင့်သော လှိုင်းလုံးကြီးတစ်ခု တက်လာနေသည်ကို မြင်လိုက်ရသဖြင့် မျက်လုံးများပင် ပြာသွားရတော့သည်။
'အဲဒီ အမည်းရောင်ကံကြမ္မာအမှတ်က ပင်လယ်သားရဲတစ်ကောင်ဖြစ်ပြီး ငါ့ဘေးကနေ ကူးသွားတာလား.. ဒါပေမဲ့ ဘယ်လိုသားရဲမျိုးက ဒီလောက်မြန်ပြီး ဘေးကဖြတ်သွားရုံနဲ့ ဒီလိုလှိုင်းလုံးကြီးမျိုး ဖြစ်ပေါ်စေတာလဲ'
ထိုသို့တွေးမိသည့်အခါ အေ့စ် ရင်ထဲ အေးစက်သွားပြီး လျှို့ဝှက်ဆန်းကြယ်လှသော အဆုံးမဲ့ပင်လယ်၏ စစ်မှန်သော ထိတ်လန့်မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
ရွက်လှေမှာ ထိုလှိုင်းလုံးကြီးကို အလွယ်တကူ ကျော်လွှားနိုင်သော်လည်း ပြဿနာမှာ စတင်ရုံသာ ရှိသေးသည်။ သူ မြင်လိုက်ရသော အရာတစ်ခုကြောင့် ကျောရိုးထဲအထိပင် စိမ့်တက်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ရုတ်တရက်ဆိုသလိုပင် အနီရောင်ပြနေသော ကံကြမ္မာမြေပုံမှာ အနီရင့်ရောင်သို့ ပြောင်းသွားပြီးနောက် တစ်ခဏချင်းမှာပင် ပိတ်ပိတ်ပိန်းလှသည့် အမည်းရောင်သို့ ပြောင်းလဲသွားသောကြောင့် ဖြစ်ပေသည်။
***