တိုက်ရိုက်ကံကြမ္မာမြေပုံ တစ်ခုလုံး ထူထဲလှသည့် အမည်းရောင်အဖြစ် ပြောင်းသွားသည်ကို ကြည့်ရင်း အေ့စ် မျက်နှာမှာ ပြာနှမ်းသွားသည်။ သူက သေမင်းတမန် နယ်မြေတစ်ခုထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကောင်းကောင်းသိလိုက်သည်။
ဝေခွဲမနေတော့ဘဲ ထိုနေရာမှ အမြန်ဆုံး လွတ်မြောက်ရန် ရွက်လှေကို ထိန်းချုပ်လိုက်သော်လည်း စိတ်ပျက်စရာကောင်းသည်မှာ ရွက်လှေက ၎င်း၏ စွမ်းအားအားလုံး ဆုံးရှုံးသွားသကဲ့သို့ ရှေ့သို့သာ ဆက်လက် မျှောပါနေခြင်းပင် ဖြစ်သည်။
ကုန်းပတ်အစွန်းသို့ အပြေးအလွှား သွားကြည့်လိုက်ရာ ပင်လယ်ရေစီးကြောင်းမှာ ပြောင်းပြန် ဖြစ်နေသည်ကို ခပ်ရေးရေး မြင်လိုက်ရသည်။
ရေစီးမှာ အလွန်ပြင်းထန်သဖြင့် လှေ၏ အစီရင်မှာ ၎င်းကို ဆန့်ကျင်ရန် မစွမ်းသာတော့ပေ။
'ငါ ဘယ်လိုနေရာမျိုးကို ရောက်နေတာလဲ.. ကံကြမ္မာမြေပုံက ဒီရေစီးကြောင်းအတိုင်းပဲ ညွှန်ပြနေတယ်။ ဒါပေမဲ့ ဒီနယ်မြေက အမည်းရောင် ဖြစ်နေရုံတင်မကဘဲ ချီ စွမ်းအင်ဆိုလို့ မြူမှုန်လောက်တောင် မရှိဘူး။ ငါ ရေကူးပြီး ပြန်လှည့်သွားရမလား..'
ထိုအတွေးဝင်လာသည်နှင့် တစ်ပြိုင်နက် လွန်ခဲ့သော မိနစ်ပိုင်းက မြင်ခဲ့ရသော အမည်းရောင်ကံကြမ္မာအမှတ်ကို သတိရကာ ထိုအတွေးကို ချက်ချင်း ပြန်ဖျောက်လိုက်သည်။
ထို့အပြင် သူ၏ သူခိုးအာရုံမှာ တည်ငြိမ်နေဆဲ ဖြစ်သဖြင့် သူက သေလောက်သည့် အန္တရာယ်နှင့် မကြုံရသေးဟု ဆိုနိုင်သည်။
သို့သော်လည်း ဤနေရာမှာ အမည်းရောင်နယ်မြေဖြစ်ပြီး ငြိမ်သက်စွာ ထိုင်စောင့်နေပါက သူက ငနုံတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
ထူထပ်လှသော အမည်းရောင်မြူခိုးများ ဖုံးလွှမ်းနေသည့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း ဤရောင်ခြည်ဖြာထွက်မှုကြောင့် သူ၏ အမြင်အာရုံမှာ ပိတ်ဆို့ခံထားရပြီး ပတ်ဝန်းကျင် ၁၀ မီတာခန့်ကိုသာ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ကံကြမ္မာမြေပုံကို ဖွင့်ထားဆဲဖြစ်ပြီး အပြောင်းအလဲ တစ်စုံတစ်ရာ သို့မဟုတ် အခြားအရောင် အမှတ်အသားများ ပေါ်လာမလားဟု သူ စောင့်ကြည့်နေသည်။
ထိုစဉ် ရေစီးကြောင်းမှာ ပိုမိုပြင်းထန်လာသဖြင့် ရွက်လှေမှာ ယိမ်းထိုးလာပြီး ထိတ်လန့်စရာကောင်းသော အရှိန်ဖြင့် ရှေ့သို့ တိုးသွားနေသည်။
အေ့စ်က ရှုပ်ထွေးနေသော ရေစီးကြောင်းကို မျက်မှောင်ကြုတ်ကြည့်လိုက်၏။
'ငါ ဒီအတိုင်း ငြိမ်နေလို့ မဖြစ်ဘူး၊ တစ်ခုခု ဆုံးဖြတ်ရမယ်၊ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်'
ထိုအချိန်တွင် အေ့စ်က ကံကြမ္မာမြေပုံကို ရုတ်တရက် ကြည့်လိုက်မိပြီး သူ၏မျက်နှာမှာ သရဲတစ်ကောင်လို ဖြူဖျော့သွားသည်။
အနီရောင် စက်ဝိုင်းများ ဝန်းရံထားသော အမည်းရောင်ကံကြမ္မာအမှတ် ရှစ်ခုရှိနေပြီး အားလုံးမှာ သူရှိရာဘက်သို့ ဦးတည်လာနေကြသည်။ သူတို့၏ အရှိန်အရ ဆိုပါက နောက် ၁၀ စက္ကန့်အတွင်း ဤနေရာသို့ ရောက်လာတော့မည်ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ အေ့စ်မှာ ထိုအမည်းရောင်အမှတ် ၈ ခုကို မြင်ပြီး အမှန်တကယ် ထိတ်လန့်သွားကာ ဦးနှောက်ကို အမြန်ဆုံး အလုပ်ပေးလိုက်တော့သည်။
'သူတို့က ငါ့ဆီကို တည့်တည့်လာနေတာလား.. ဒါမှမဟုတ် အရင်တစ်ကောင်လိုပဲ ဖြတ်သွားမှာလား၊ မဟုတ်ဘူး၊ အနီရောင်စက်ဝိုင်းက သူတို့ဟာ ရန်သူတွေဆိုတာကို ညွှန်ပြနေတယ်။ သူတို့ ငါ့ဆီလာတာ ဖြစ်ဖြစ်၊ ဖြတ်သွားတာ ဖြစ်ဖြစ် အရေးမကြီးဘူး။ တကယ်လို့ သူတို့ ဒီလှေကို အာရုံခံမိရင် ရန်လိုခြင်းမရှိဘဲ ဖြတ်သွားတဲ့ အရင်တစ်ကောင်လို မဟုတ်ဘဲ ကျိန်းသေပေါက် တိုက်ခိုက်လိမ့်မယ်။ ငါ ဒီလှေကို ဖျောက်ပစ်မှဖြစ်မယ်၊ ဒါက အာရုံဖမ်းစားနိုင်လွန်းတယ်'
အေ့စ် အံကြိတ်လိုက်ကာ ချက်ချင်း ဆုံးဖြတ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏ခြေဖဝါးအောက်ရှိ ရွက်လှေကြီးမှာ ပျောက်ကွယ်သွားပြီး သူလည်း ဤရောင်ခြည်မြူများနှင့် ပထမဆုံးအကြိမ် တိုက်ရိုက်ထိတွေ့လိုက်ရသည်။
တစ်ကိုယ်လုံးတွင် စေးကပ်ကပ် အရာတစ်ခုခု ကပ်ငြိနေသကဲ့သို့ မသက်မသာ ခံစားရသော်လည်း ယေဘုယျအားဖြင့် သူ ဘာမှမဖြစ်ပေ။
နောက်တစ်ခဏတွင် ရှုပ်ထွေးနေသော ရေပြင်ပေါ်သို့ အစိမ်းရောင် သစ်သားပြားတစ်ချပ် ပေါ်လာပြီး အေ့စ်က ၎င်းပေါ်သို့ ခုန်ဆင်းလိုက်သည်။ ဤသစ်သားပြားမှာ အဆင့် ၄ ရှိသော ပစ္စည်းတစ်ခု ဖြစ်သည်။
သို့သော် ၎င်းသည် ရောင်ခြည်မြူများနှင့် ထိတွေ့လိုက်သည်နှင့် ၎င်း၏ တောက်ပမှုများက စတင် မှေးမှိန်သွားသည်။
အေ့စ်၏ အာရုံမှာမူ ထိုအမည်းရောင်ကံကြမ္မာအမှတ် ၈ ခုပေါ်၌သာ ရှိနေပြီး လှိုင်းတံပိုးများကြားတွင် သစ်သားပြားကို အခက်အခဲမရှိ ထိန်းကျောင်းနေသည်။
ကျင့်ကြံသူတစ်ဦးအနေဖြင့် မတည်ငြိမ်သော ချီ ရေပြင်ပေါ်တွင် မဟုတ်ပါက ပုံမှန်ရေပြင်ပေါ်၌ ဟန်ချက်ထိန်းရန်မှာ သူ စိုးရိမ်ရမည့် အချက်မဟုတ်ပေ။
ထိုစဉ် အေ့စ်မှာ အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် အမည်းရောင်ကံကြမ္မာအမှတ်များ ဘေးရှိ အနီရောင်စက်ဝိုင်းများက ရုတ်တရက် မှေးမှိန်သွားပြီး အမည်းရောင်မြေပုံထဲသို့ လုံးဝ ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။
ထို့နောက် သူ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။
'ဒါဆို သူတို့က ငါ့ရဲ့ ရွက်လှေ ဒါမှမဟုတ် ရွက်လှေက ထွက်တဲ့ ချီလှိုင်းတွေကို သဘောကျလို့ လိုက်လာတာလား.. ဒီနေရာမှာ ချီစွမ်းအင် လုံးဝမရှိတာကြောင့် ရွက်လှေရဲ့ အကာအကွယ်အတားအဆီးကနေ ထွက်လာတဲ့ ချီစွမ်းအင်တွေက သူတို့ကို ဆွဲဆောင်လိုက်တာ ဖြစ်နိုင်တယ်'
'အခု ရွက်လှေလည်း မရှိတော့ဘူး၊ ဒီသစ်သားပြားကလည်း ချီလှိုင်းတွေ ထွက်အောင် လုပ်ဖို့ သေးငယ်လွန်းတယ်၊ ဒါကြောင့် သူတို့ ငါ့ကို ရှာမတွေ့တော့တာလား၊ ဒါကို အတည်ပြုဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်...'
သူ၏ ရှင်သန်ရေးအတွက် အေ့စ်က သူ့ ယူဆချက်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
သူက ရွက်လှေကို သိမ်းဆည်းလိုက်ခြင်းမှာ ဤထူထပ်သော ရောင်ခြည်မြူများကို အသုံးချကာ သူ၏ အရှိန်အဝါကို လုံးဝ ဖုံးကွယ်ရန် ဖြစ်ပြီး ရောင်ခြည်မြူများက ချီစွမ်းအင်ရှိသော မည်သည့်အရာကိုမဆို အသုံးမဝင်အောင် လုပ်နိုင်စွမ်းရှိသဖြင့် သိုင်းအာရုံ သို့မဟုတ် ဝိညာဉ်အာရုံတို့သည်လည်း ဤနေရာတွင် အသုံးမဝင်ပေ။
သူ၏ သူခိုးအာရုံကဲ့သို့ အမြဲတမ်း နိုးကြားနေသော အာရုံမျိုး မရှိပါက မည်သူမျှ ဤရောင်ခြည်ထဲတွင် အာရုံခံစမ်းသပ်နိုင်မည် မဟုတ်ပေ။
အကယ်၍ သူ၏ ယူဆချက် မှန်ကန်ပါက သူသာ ချီစွမ်းအင်ကို အသုံးမပြုသရွေ့ ဤအမည်းရောင်ကံကြမ္မာနယ်မြေထဲတွင် ဘေးကင်းနိုင်မည်ဖြစ်သည်။
အနည်းဆုံးတော့ သူ မျှော်လင့်မိသည်မှာ ယခုအချိန်တွင် သူ နောက်သို့ပြန်လှည့်၍ မရတော့ဘဲ ရှေ့သို့သာ ဆက်သွားရန် ရှိတော့သောကြောင့် ဖြစ်သည်။
သူ့လက်ထဲတွင် အဆင့် ၅ ဖွဲ့စည်းမှု ပလိတ်ပြား တစ်ခု ပေါ်လာသည်။ ၎င်းကို အသာအယာ အသက်သွင်းလိုက်ရာ ချီစွမ်းအင် လှုပ်ခတ်မှုများ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် အမည်းရောင်ကံကြမ္မာအမှတ် ၈ ခုမှာ အနီရောင်စက်ဝိုင်းများဖြင့် ပြန်လည် ပေါ်လာပြန်သည်။ အေ့စ် စဉ်းစားမနေဘဲ ပလိတ်ပြားကို ချက်ချင်း ပြန်သိမ်းလိုက်၏။
ယခင်အတိုင်းပင် ထိုအမှတ် ၈ ခုမှာ ပြန်လည် ပျောက်ကွယ်သွားပြန်ရာ အေ့စ် မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။
'ဒါဆို ဒါက တကယ်ပဲ ချီစွမ်းအင်ကြောင့်ပဲ..'
သို့သော် ၎င်းမှာ ဖြေရှင်းချက် မဟုတ်သေးပေ။ အဘယ်ကြောင့်ဆိုသော် သူက မည်သည့်နေရာသို့ ဦးတည်နေမှန်းမသိသော လမ်းကြောင်းပေါ်တွင် ရောက်နေပြီး နောက်သို့ပြန်လှည့်ရန်လည်း မတတ်နိုင်တော့သောကြောင့် ဖြစ်သည်။ မြူထဲသို့ ဝင်ခဲ့မိခြင်းကိုပင် သူ နောင်တရနေမိသည်။
အဆုံးမဲ့ပင်လယ်၏ မည်သည့်နေရာသို့ ရောက်နေသည်ကို မသိသဖြင့် ကံကြမ္မာမြေပုံ ညွှန်ပြရာနောက်သို့ လိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိသည်ကိုလည်း သူ သိသည်။
ရေစီးကြောင်းပေါ်တွင် စီးမျောနေစဉ် လွန်ခဲ့သော ခဏက ချီစွမ်းအင်များ ပြည့်နှက်နေသော သစ်သားပြားမှာ အခုဆိုလျှင် ချီစွမ်းအင် လုံးဝမရှိတော့ဘဲ ခြောက်ကပ်နေသော သစ်သားတုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သို့သော် အေ့စ်က အရေးမစိုက်ပေ။ ရေပေါ်တွင် ပေါ်နေပြီး သူ့အလေးချိန်ကို ထိန်းထားနိုင်သရွေ့ သူ ဘာမှမဖြစ်ပေ။ အထူးသဖြင့် ချီစွမ်းအင် ရှိနေခြင်းက ထိတ်လန့်စရာ တည်ရှိမှုများကို ဆွဲဆောင်နိုင်သောကြောင့် ဖြစ်သည်။
တစ်နာရီခန့် ကုန်လွန်သွားသော်လည်း အေ့စ်မှာ မည်သည့်နေရာမှန်းမသိသော အရပ်သို့ မျောပါနေဆဲ ဖြစ်သည်။ အမည်းရောင်မြူခိုးများမှာ ပိုမိုထူထပ်လာသဖြင့် ၎င်းတို့ကို ဖြတ်သန်းသွားစဉ် ခုခံမှုအားကိုပင် သူ ခံစားနေရသည်။
ထိုအချိန်တွင် အေ့စ် မျက်လုံးများ ပြူးကျယ်သွားသည်။ မှောင်မိုက်နေသော ဤနေရာတွင် သူသည် မယုံနိုင်စရာ ကောင်းသောအရာတစ်ခုကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
အမည်းရောင်မြူခိုးများကြားတွင် အလင်းရောင်တစ်ခုနှင့် တောင်တန်းတစ်ခု၏ အရိပ်အယောင်ကို သူ မြင်လိုက်ရလေသည်။
***