“အနှစ်သာရ နတ်ဘုရားကျောင်းမှာ ဒီလောက် အစွမ်းထက်တဲ့ တာအိုပညာရှင်တွေ ဘယ်လိုလုပ် ဒီလောက် အများကြီး ရှိနေတာလဲ။ သူတို့က တကယ်ပဲ အစီရင်တစ်ခုကို ခင်းကျင်းပြီး တရားစီရင်ခြင်းကောင်းကင်တူကိုတောင် ထုတ်လွှတ်နိုင်တယ်ပေါ့။” အဝေးမှ မြင်ကွင်းကို ကြည့်ရင်း ဟုန်ယွိ၏ ရင်ဘတ်ထဲမှ နှလုံးက တစ်ချက်မျှ တုန်ခါသွားသည်။ သူသည် ကူညီရန် ရှေ့တိုးတော့မည့်အခိုက်မှာပင် ရုတ်တရက် ရပ်တန့်လိုက်မိသည်။
အခြေအနေမှာ အလွန်တရာ အန္တရာယ်များလှသည်။ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းအဆင့်ရှိ ပညာရှင် သုံးရာကျော် စုပေါင်းထုတ်လွှတ်လိုက်သော တရားစီရင်ခြင်း ကောင်းကင်တူ၏ စွမ်းအားကို မိုးကြိုးကပ်ဘေး ပထမအဆင့် ပညာရှင်တစ်ဦးပင်လျှင် တောင့်ခံနိုင်စွမ်း မရှိနိုင်ပေ။
ထို့အပြင် ထိုနေရာတွင် သိုင်းသူတော်စင်အဆင့်ရှိ ကျုးလစ်မြို့စားနှင့် အစွမ်းထက်လှသော မြင်းစီးစစ်သည်များစွာ ရှိနေသေးသည်။
မည်သည့် မိုးကြိုးကပ်ဘေးအဆင့် ပညာရှင်မဆို သိုင်းသူတော်စင်တစ်ဦးနှင့် အနီးကပ် တိုက်ခိုက်ရမည်ဆိုလျှင် အလွန်သတိထားရစမြဲ ဖြစ်သည်။ မဟုတ်ပါက မိမိ၏ ရုပ်ခန္ဓာ ကိုယ် ပျက်စီးသွားပြီး စိတ်ဝိညာဉ် အတွေးစများ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်ကို သာ ထိုင်စောင့်နေရပေလိမ့်မည်။
ဆန်းနန်မှာ အလွန်အစွမ်းထက်ပုံရပြီး သူမ၏ နောက်လိုက်များမှာ အားကိုးထိုက်သော် လည်း၊ သူတို့ဘက်တွင် သိုင်းသူတော်စင်တစ်ဦးမျှ မပါသဖြင့် ကျုးလစ်မြို့စားကို ခုခံရန်မှာ ခက်ခဲလှပေလိမ့်မည်။
သိုင်းသူတော်စင် အဆင့်ရှိသူများသည် အခြားသူများထံတွင် အစေခံအဖြစ် အမူထမ်းလေ့ရှိ သည်မှာ အလွန်နည်းပါးသည်။ ဟုန်ရွှန်ကျိကဲ့သို့ ပုဂ္ဂိုလ်မျိုးမှသာ ဝူအိမ်တော်ထိန်းကို သူ့အပေါ် သစ္စာရှိအောင် သိမ်းသွင်းနိုင်ခြင်း ဖြစ်သည်။ ချန်ပီယံမြို့စားထံ၌ ခစားနေသော သိုင်းသူတော်စင်များမှာလည်း ဆေးလုံးများ၏ အကူအညီဖြင့် အတင်းအဓမ္မ မြင့်တင်၍ ထိုအဆင့်သို့ ရောက်ရှိခဲ့ကြခြင်းသာ ဖြစ်သည်။
ဧကရာဇ် ယန်ဖန်၏ အပါးတော်မြဲ သိုင်းသူတော်စင် မိန်းမစိုးများမှာမူ ဧကရာဇ်၏ ဘုန်းအာဏာနှင့် အစွမ်းထက်လှသော နည်းလမ်းများကြောင့်သာ ခစားနေကြခြင်း ဖြစ်သည်။
ဆန်းနန်သည် ကျန်းနန်မင်းသမီး လော်ယွန်၏ မိတ်ဆွေဖြစ်နေသဖြင့် ဟုန်ယွိအနေဖြင့် ကူညီရန် ဆုံးဖြတ်လိုက်သော်လည်း ဆန်းနန်၏ အစွမ်းမှာ ဟုန်ယွိ ခန့်မှန်းထားသည်ထက် အနည်းငယ် သာလွန်နေခဲ့သည်။
...
သန့်စင်သော ဓမ္မသီချင်းသံက ပျံ့လွင့်ထွက်ပေါ်လာပြီးနောက်၊ တစ်ဧကခန့် ကျယ်ဝန်း သော တရားစီရင်ခြင်း ကောင်းကင်တူကြီးသည် မိုးကြိုးအရှိန်အဝါဖြင့် ပြင်းထန်စွာ ကျဆင်းလာစဉ် ဆန်းနန်၏ ဘေးပတ်လည်ရှိ ကိုယ်ရံတော် (၃၆) ယောက်သည် တစ်ပြိုင် နက်တည်း ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြသည်။ သူတို့၏ အသံလှိုင်းများမှာ ဧရာမ ဂါထာတော်ကြီးတစ်ပုဒ်ကို ရွတ်ဆိုလိုက်သကဲ့သို့ စုစည်းသွားသည်။
ထိုဂါထာတော်၏ အသံထွက်မှာ “တင်း” (အိုးကြီး) ဟူသော အသံပင် ဖြစ်သည်။
၎င်းစာလုံးမှာ ရိုးရှင်းသော်လည်း တည်ကြည်လေးနက်လှပြီး ဧရာမ အင်တုံကြီးတစ်လုံး ကဲ့သို့ လေးလံလှသည်။ ထိုအသံ ထွက်ပေါ်လာသည်နှင့် တရားစီရင်ခြင်းကောင်းကင်တူ ကြီးကို သွားရောက် ထိမှန်လေတော့သည်။ ဂွမ်း... ဖြောက်... အက်ကွဲသံများနှင့်အတူ တရားစီရင်ခြင်းတူကြီးမှာ စတင် ပျက်စီးလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဆန်းနန်၏ ဦးခေါင်းထက်မှ အနက်ရောင် အငွေ့တန်းတစ်ခုသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော အရှိန်ဟုန်ဖြင့် အထက်သို့ ထိုးတက်သွားပြီး တရား စီရင်ခြင်းကောင်းကင်တူကြီးကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်သည်။
ယခင်က ဟုန်ယွိသည် ဖန်ရှန်းတာအိုဂိုဏ်း၏ ဌာနချုပ်တွင် လူသားအင်မော်တယ် ခန္ဓာ ကိုယ်ပွားကို လုယူစဉ်က သူသည် ပထမအဆင့် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦး ဖြစ်ခဲ့ သော်လည်း သိုင်းသူတော်စင် ဒါဇင်ပေါင်းများစွာ၏ စုပေါင်းဟိန်းဟောက်သံကြောင့် အသက်ဘေးနှင့် နီးကပ်ခဲ့ဖူးသည်။
ယခုမူ ဆန်းနန်၏ ပညာရှင် ဒါဇင်ပေါင်းများစွာသည် လက်ချင်းချိတ်ကာ “တင်း” ဟူသော အသံကို တစ်ပြိုင်နက် ဟစ်ကြွေးလိုက်ခြင်းက ချန်ပီယံမြို့စား၏ ကိုယ်ရံတော်များ ထုတ်လွှတ်သော စွမ်းအားနှင့် ထပ်တူနီးပါး ရှိနေချေပြီ။
“ခြေသုံးချောင်းထောက် မဟာကြေးအိုး သဘောတရားလား။”
ဟုန်ယွိသည် အလွန်တရာ ရှေးကျသော တာအိုပညာရပ်တစ်ခုကို ချက်ချင်း သတိရလိုက်မိ သည်။
သို့သော် တရားစီရင်ခြင်းတူကြီး ပေါက်ကွဲသွားသည့် အသံနှင့်အတူ တကယ့် လူသတ်သမားမှာ ရှေ့သို့ တိုးဝင်လာခဲ့ပြီ ဖြစ်သည်။
ကျုးလစ်မြို့စားသည် သူ၏ ဓားကောက်ကြီးကို ကိုင်စွဲကာ သူ၏ ကိုယ်ရံတော်များနှင့်အတူ လေဆင်နှာမောင်းတစ်ခုအလား တိုးဝင်လာခဲ့ပြီ။
သူ၏ဦးခေါင်းမှာ တော်ဝင်ချန် စစ်ရေးဌာန၏ ဆုလာဘ်ထုတ်ခြင်းကို ခံထားရသူ ဖြစ်သည်။ သူ၏ ကိုယ်ရံတော်များမှာလည်း ဓားကောက်များကို ကိုင်ဆောင်ထားသည့် ထိပ်တန်း ပညာရှင်များ ဖြစ်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ဆန်းနန်၏ ကိုယ်ရံတော်များနှင့် ထိပ်တိုက်တွေ့ဆုံကြတော့သည်။ ကျုးလစ်မြို့စား၏ လျှပ်စီးအလား မြန်လှသော ဓားချက်များမှာ ကိုယ်ရံတော် အချို့ကို အပိုင်းပိုင်း ပြတ်တောက်သွားစေ သည်။
သို့သော်လည်း ဆန်းနန်မှာ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူမသည် မြင်းပေါ်တွင် ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး တစ်စုံတစ်ခုကို ရွတ်ဆိုနေပုံရသည်။ ရုတ်တရက် သူမက လက်ညှိုးဖြင့် ညွှန်လိုက်ရာ အနက်ရောင် အလင်းတန်းတစ်ခု လက်ထဲ မှ ထွက်ပေါ်လာပြီး ကျုးလစ်မြို့စား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ချက်ချင်းဆိုသလိုပင် ကျုးလစ်မြို့စား၏ ကိုယ်ပေါ်တွင် ထူထဲသော အနက်ရောင် ကြိုးများ ပေါ်လာသည်။ ထိုအနက်ရောင်ကြိုးများမှာ ရေလှိုင်းများကဲ့သို့ လှုပ်ရှားနေကြသည်။
ဟုန်ယွိ၏ နားများမှာ လှုပ်ခါသွားပြီး သူ၏ ‘ကောင်းကင်ဘုံ အပ်စိုက်မှတ်’ ကို အသက် သွင်းလိုက်သည်။ ခြေလှမ်းပေါင်း ထောင်ချီဝေးကွာနေသော်လည်း ထိုအနက်ရောင် ကြိုးများဆီမှ မြစ်ရေများ တဟုန်ထိုး စီးဆင်းနေသည့် အသံကို သူ ကြားနေရသည်။
အနက်ရောင်ကြိုးများဖြင့် ချည်နှောင်ခြင်းခံလိုက်ရသော ကျုးလစ်မြို့စားသည် မြစ်အစင်း ပေါင်းများစွာ၏ ရေဖိအားက သူ့အပေါ် ကျရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏အသံမှာ ကောင်းကင်ကိုပင် တုန်ခါသွားစေ သည်။ သို့သော်လည်း သူ စီးနင်းထားသော မြင်းမှာ ထိုဖိအားကို မခံနိုင်တော့ဘဲ မြေပြင် ပေါ်သို့ ဘုန်းဘုန်းလဲ ကျသွားတော့သည်။
“ရှေးဦးရတနာ... ဆန်းကြယ်အမှောင်ရေစင်ပဲ။” ဟုန်ယွိ၏ မျက်လုံးများမှာ တောက်ပသွား သည်။
ထိုခဏတွင် ဆန်းနန်၏ လက်ထဲ၌ စူးရှလှသော ဓားရှည်တစ်စင်း ပေါ်လာသည်။ သူမသည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ကျူးလစ်မြို့စား၏ သံချပ်ကာကြားထဲသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ သူမ၏ ဓားရေးမှာ အလွန်ပင် မြန်ဆန်ပြီး ရက်စက်လှသဖြင့် ရင်သပ်ရှုမောစရာ ကောင်းလှသည်။
ကျုးလစ်မြို့စားမှာ မတ်တပ်ရပ်ကာ ရုန်းကန်ရန် ကြိုးစားနေသော်လည်း ဓားဖြင့် ထိုးခံရ ပြီးနောက် ရုတ်တရက် အေးခဲသွားသည်။ သူသည် လေဖြတ်သကဲ့သို့ ဖြစ်သွားပြီး ဆန်းနန်၏ ကိုယ်ရံတော်များက သူ့ကို ချက်ချင်း ဖမ်းဆီးလိုက်ကြသည်။ တစ်ချိန်တည်းမှာ ပင် ဆန်းနန်၏ ဓားရှည်မှာ ကခုန်နေသကဲ့သို့ လှုပ်ရှားနေပြီး ထက်ရှသော ဓားဦးဖျားမှာ သံချပ်ကာများကို အဝတ်စတစ်ခုအလား ထိုးဖောက်သွားလေတော့သည်။
ရှေ့သို့ တိုးဝင်လာနေသော မြင်းစီးစစ်သည်များမှာလည်း ဓားချက်မိကာ တစ်ယောက်ပြီး တစ်ယောက် လဲကျကုန်ကြသည်။ ကျုးလစ်မြို့စား မြေပြင်ပေါ် လဲကျသွားသည်နှင့် သူ၏ ကိုယ်ပေါ်မှ အနက်ရောင် အငွေ့များသည် ဆန်းနန်က ပြန်လည် သိမ်းဆည်းလိုက်သကဲ့သို့ ပျောက်ကွယ်သွားသည်။
ဤဖြစ်စဉ်အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ဟုန်ယွိ၊ ယန်တူနှင့် အစွမ်းထက် ပုဂ္ဂိုလ်အချို့မှလွဲ၍ ကျန်သူများမှာ တရားစီရင်ခြင်းကောင်းကင်တူ ကျလာသည်၊ ဆန်းနန်၏ အစေခံများက ဟိန်းဟောက်လိုက်သည်၊ ထို့နောက် ကျုးလစ် မြို့စားမှာ မြင်းပေါ်မှ ပြုတ်ကျသွားပြီး ဆန်းနန်၏ ဓားချက်ဖြင့် အဖမ်းခံလိုက်ရသည်ကို သာ မြင်လိုက်ကြသည်။
ကျုးလစ်မြို့စား အဖမ်းခံလိုက်ရသည်နှင့် မြင်းစီးစစ်သည် သုံးထောင်မှာ ဖရိုဖရဲ ဖြစ်သွား တော့၏။
“ခြေသုံးချောင်းထောက် မဟာကြေးအိုးကြီးမန္တာန်၊ ဆန်းကြယ်နတ်ရေစင်။ ဒါတွေက ‘ရှေးဦးခေတ် တာအိုဂိုဏ်း’တစ်ခုဖြစ်တဲ့ ‘ရွှမ်းမင်တာအိုဂိုဏ်း’ က နတ်ဘုရားပစ္စည်းတွေပဲ။ ဒဏ္ဍာရီတွေ အရ ရွှမ်းမင်ရေစင်ဆိုတာ ကောင်းကင်နဲ့ မြေကြီးကြားက ရေရဲ့ အနှစ်သာရပဲ။ အဲဒီမှာ အဆုံးမရှိတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်...”
ဟုန်ယွိသည် ထိုမြင်ကွင်းကို ကြည့်ရင်း အလျင်အမြန် စဉ်းစားနေမိသည်။ ထိုစဉ်မှာပင် မြို့ရိုးပေါ်မှ ဆိုင်းသံဗုံသံများ ထွက်ပေါ်လာသည်။ တော်ဝင်ချန် မြင်းစီးစစ်သည် ငါးထောင် မှာ စနစ်တကျ ပြန်လည် ဆုတ်ခွာလာကြသည်။
ထိုခဏတွင် မြို့ရိုးပေါ်ရှိ “သံချပ်ကာ မိုးကြိုးအမြောက်” အစင်း တစ်ရာမှာ ဒေါသတကြီး မြည်ဟီးသွားကြသည်။ အမြောက်ကျည်ဆန်များသည် မြင်းစီးစစ်သည်များ၏ ခေါင်းပေါ်မှ ကျော်ဖြတ်ကာ ဂိုဘီသဲကန္တာရထဲသို့ ကျရောက်သွားသည်။ ခြေလှမ်း ရှစ်ထောင်အကွာရှိ ရန်သူ့စစ်တပ်ကြားတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ ရန်သူတို့မှာ ဖရိုဖရဲဖြစ်ပြီး နောက်သို့ ဆုတ်ခွာသွားကြတော့သည်။
ဒိုင်း…၊ ဒိုင်း…၊ ဒိုင်း….၊
ပြင်းထန်လှသော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။ လူနှင့် မြင်းများမှာ လွင့်စင် သွားကြတော့သည်။
ဟွာလျှို မြင်းစီးစစ်သည်များသည် ယခင်ကလည်း အမြောက်ဒဏ်ကို ခံစားခဲ့ဖူးပုံရပြီး အသည်းအသန် ဆုတ်ခွာသွားကြသည်။ ခေတ္တမျှအတွင်းမှာပင် စစ်မြေပြင်တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားတော့သည်။ တော်ဝင်ချန် မြင်းစီးစစ်သည်များသည် မြို့ထဲသို့ ဖြည်းညှင်းစွာ ပြန်လည် ဝင်ရောက်လာကြသည်။
သံမဏိ မြို့တံခါးကြီး ပိတ်သွားခဲ့ပြီး အပြင်ဘက်တွင် မြင်းအသေကောင်များနှင့် လူသေ လောင်းများစွာ ကျန်ရစ်ခဲ့သည်။ တခဏမျှ ရင်ဆိုင်တိုက်ခိုက်ရုံဖြင့် တော်ဝင်ချန် စစ်သည် များသည် ကြီးမားသော အောင်ပွဲကြီးတစ်ခုကို ရရှိခဲ့ပြီး ဟွာလျှို မြင်းစီးစစ်သည်များမှာမူ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ရသည်။
ကျုးလစ်မြို့စားလည်း အရှင်ဖမ်းခံလိုက်ရသည်။
“သွားကြစို့။”
ကျုးလစ်မြို့စားသည် သူ၏သံချပ်ကာများ ချွတ်ခံထားရပြီး ကြိုးဖြင့် အချည်ခံထားရသည်။ သူသည် မုတ်ဆိတ်ဗလပွနှင့် အလွန်အရပ်ရှည်သူ ဖြစ်သည်။ သံမဏိလှံများ ကိုင်ဆောင် ထားသည့် ပညာရှင်များစွာ ဝန်းရံလျက် သူ့ကို ရှေ့သို့ ခေါ်ဆောင်လာကြသည်။
ထိုအချိန်တွင် ဆန်းနန်သည် အမျိုးသားဝတ်စုံဖြင့်ပင် ရှိနေသေးသည်။ သူမသည် လက်ထဲ တွင် ယပ်တောင်ကို ကိုင်ကာ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်သွင်းပြီး မြို့ရိုးပေါ်သို့ လမ်းလျှောက်တက်လာခဲ့သည်။
“မင်းသား... ဆန်းနန်က ဒီတိုက်ပွဲမှာ ကံကောင်းလို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရိုင်းစိုင်းတဲ့ လော့ဒင်ကို အရှင်ဖမ်းမိတဲ့အကြောင်း နန်းတော်ကို အစီရင်ခံပေးဖို့ မျှော်လင့်ပါတယ်။” ဆန်းနန်က ယပ်တောင်ကို ဖြန့်ကာ နှစ်ချက်ခန့် ခတ်လိုက်ရင်း “ကျွန်တော့်ရဲ့ အစေခံ ဆယ်ယောက်ကျော် သေဆုံး၊ ဒဏ်ရာရခဲ့ပါတယ်။ သူတို့အားလုံးဟာ သစ္စာရှိပြီး ရဲစွမ်း သတ္တိနဲ့ပြည့်စုံတဲ့ သူရဲကောင်းတွေ ဖြစ်တာကြောင့် နန်းတော်က သူတို့ကို ထိုက်ထိုက် တန်တန် ချီးမြှင့်ပေးဖို့လည်း မျှော်လင့်ပါတယ်။”
“ဒါပေါ့... ဒါပေါ့။” နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူးက ရှေ့သို့ ခေါ်ဆောင်လာသော ကျုးလစ်မြို့စားကို စိုက်ကြည့်ရင်း သက်ပြင်းရှည်ကြီးကို ရှူထုတ်လိုက်သည်။ မြို့စား တစ်ဦးကို ဤမျှ လွယ်လွယ်ကူကူဖြင့် အရှင်ဖမ်းမိလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ကျုးလစ်မြို့စားသည် ရှေ့သို့ ရောက်လာသောအခါ မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး တစ်ကိုယ်လုံး ထုံကျင်နေပုံရသည်။ သူ၏ အရေပြားမှာ ကျောက်သားကဲ့သို့ စိမ်းဖန့်ဖန့် အရောင်ပြောင်းနေသော်လည်း၊ သူ၏ နှလုံးခုန်သံနှင့် အသက်ရှူသံများမှာမူ ပြင်းထန်စွာ ရုန်းကန်နေဆဲ ဖြစ်သည်။
“သူ့ကို ခေါ်သွားကြ။ ပညာရှင်တွေနဲ့ သေချာ စောင့်ကြပ်ထား။”
တိုက်ပွဲကြီးအပြီးတွင် နေဝင်သွားပြီဖြစ်ကာ ကောင်းကင်ယံမှာ မှောင်အတိ ကျလာခဲ့သည်။ ကျုးလစ်မြို့စား အဖမ်းခံရပြီး သူ၏ ကိုယ်ရံတော်များ ပြန့်ကျဲသွားသဖြင့် အနောက်ဘက် ဒေသ မဟာမိတ်တပ်စခန်းတွင် ခေတ္တမျှ ဆူညံပွက်လောရိုက်သွားပြီးနောက် ပြန်လည် ငြိမ်သက်သွားသည်။
တော်ဝင်ချန် စစ်တပ်မှာလည်း ခံတပ်တွင် ကင်းစောင့်များကို တိုးမြှင့်ကာ သတိကြီးစွာ ထားရှိကြသည်။
ညနက်ပိုင်းတွင် အနောက်ဘက်ဒေသ၏ လေပြင်းများမှာ သရဲတစ္ဆေများနှင့် ဝံပုလွေများ အူသံကဲ့သို့ တဟူးဟူးနှင့် တိုက်ခတ်နေသည်။
ကြီးမားလှသော ခံတပ်တစ်ခု၏ အတွင်းခန်းတွင် ကလေးတစ်ဦး၏ လက်မောင်းခန့် ထူထဲ သော ဖယောင်းတိုင်နီများကို အစီအရီ ထွန်းညှိထားရာ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေ သည်။ ကြမ်းပြင်ပေါ်တွင်လည်း အဖိုးတန် ကော်ဇောများ ခင်းကျင်းထားသည်။ ဆန်းနန် သည် အမျိုးသမီး ဝတ်စုံသို့ ပြောင်းလဲဝတ်ဆင်ထားပြီး ပန်းရောင်စာလိပ်တစ်ခုကို ကိုင်ကာ စန္ဒကူးကုလားထိုင်ကြီးပေါ်တွင် ထိုင်နေသည်။
တစ်ချိန်တည်းမှာပင် သူမ၏ ဘေးတွင် အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ဦး ရပ်နေ သည်။ သူ့လက်များကို သူ့ဝတ်စုံလက်မောင်းများထဲတွင် ဝှက်ထားသည်။
“သခင်မလေး ဝေဝေ... ဒီတစ်ခါတော့ သခင်မလေးက အရမ်းကို စွန့်စားရာ ရောက်သွားပြီ။ ရွှမ်းမင်နတ်ရေစင်၊ ခြေသုံးချောင်းထောက် မဟာကြေးအိုးမန္တာန်နဲ့ ကျောက်ဖြစ်ဓားတွေ ဟာ တုနှိုင်းမဲ့ ရတနာတွေနဲ့ ရှေးဟောင်း တာအိုပညာရပ်တွေပဲ။ ဒီနေ့ ဒါတွေကို သုံးလိုက် တာ ခဏလေးဆိုပေမဲ့၊ ယန်တူးနဲ့ ဟုန်ယွိတို့ မြင်သွားလောက်ပြီ။ မျိုးရိုးမြင့် မိသားစုကြီး တွေထဲမှာလည်း ပညာရှင်တွေ ပါလာတော့ နောင်မှာ မင်းကို ဒုက္ခပေးကြလိမ့်မယ်။ သစ်ပင်မြင့်ရင် လေတိုက်ခံရတတ်တယ်။” အဘိုးအိုက သက်ပြင်းချရင်း ဆိုသည်။
“ဟုန်ယွိရဲ့ ဘေးမှာ ကောင်းချီးမင်္ဂလာရဲ့ သင်္ကေတဖြစ်တဲ့ ချီလင်သူတော်စင် သားရဲတောင် ရှိနေပြီပဲ။ ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ။” ဆန်းဝေဝေက လက်ထဲမှ စာလိပ်ကို ချလိုက် သည်။ “ဒါနဲ့ အကြီးအကဲမင်... အကြီးအကဲမင်ရော လျှို့ဝှက်စာကို ပို့ပြီးပြီလား။ ကျွန်မတို့ ဟုန်ယွိရဲ့ အကြောင်းကို မိသားစုဆီ ချက်ချင်း အကြောင်းကြားရမယ်။ ချီလင် ပေါ်ထွက် လာတာဟာ သူတော်စင်တစ်ဦး ပေါ်ထွန်းလာမယ့် နိမိတ်ပဲ။ ဒါက သေးငယ်တဲ့ ကိစ္စမဟုတ် ဘူး။ ဒီသတင်းဟာ အခုဆိုရင် တစ်ကမ္ဘာလုံးကို ပျံ့သွားလောက်ပြီ။ အဲဒီ မျိုးရိုးမြင့် မိသားစုကြီးတွေကို ရင်ဆိုင်ဖို့ မလွယ်ဘူး။”
“သခင်မလေး ဝေဝေက အခုဆိုရင် နက်နဲတဲ့ ပညာရပ်တွေကို တတ်မြောက်နေပြီပဲ။ မိသားစုကိစ္စတွေကို ဘာလို့ စိတ်ပူနေသေးတာလဲ။ အဲဒီ ခေါင်းမာတဲ့ အဖိုးကြီးတွေကို နန်းတော်က နှိမ်နင်းလိုက်တာကမှ ပိုကောင်းဦးမယ်။” အကြီးအကဲမင်က မကျေနပ်သည့် လေသံဖြင့် ပြောလိုက်သည်။
“အရေခွံမရှိရင် အမွှေးအမျှင်က ဘယ်လိုလုပ် တွယ်ကပ်လို့ရမှာလဲ။ ကျွန်မက မက်မွန် နတ်ဘုရားဂိုဏ်းနဲ့ မဟာမိတ် ဖွဲ့ထားပြီးပြီ။ သိပ်မကြာခင် မိသားစုထဲက အဓိက အုပ်စု အားလုံးကို စုစည်းနိုင်မှာပါ။ အဲဒီ အဖိုးကြီးတွေကို ခဏတဖြုတ် ပျော်ခွင့်ပေးထားလိုက် ပါဦးမယ်။ ကျွန်မ ဒီလျှို့ဝှက်စာ ပို့လိုက်တာက ဟုန်ယွိကို သူတို့ တစ်ခုခု လုပ်ချင်လာ အောင် ဆွပေးလိုက်တာပဲ။ အဲဒီအခါကျရင် ဟုန်ယွိရဲ့ လက်ကိုငှားပြီး သူတို့ကို အပြတ်ရှင်း ပစ်လို့ရတာပေါ့...။”
“သခင်မလေးကတော့ တကယ်ကို အကွက်မြင်တာပဲ။” အကြီးအကဲမင်က သဘောကျစွာ ခေါင်းညိတ်လိုက်သည်။
“ညဉ့်တောင် တော်တော်နက်နေပြီ၊ ဒါပေမဲ့ သခင်မလေးဆန်းက ကျွန်တော့်အကြောင်း ပြောနေတုန်းပါလား။ ဘာကိစ္စများ ရှိလို့လဲ။ ကျွန်တော် တရားထိုင်နေရင်း တစ်ခုခု မှားနေ သလို ခံစားနေရတာ၊ ဒါကြောင့်ကိုး။”
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
ဝုန်း…။
ဆန်းဝေဝေသည် ထိုင်နေရာမှ ချက်ချင်း ထရပ်လိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ “ဘယ်သူလဲ။”
တစ်ချိန်တည်းမှာပင် သူမ၏ ကိုယ်ပေါ်မှ အနက်ရောင် အလင်းတန်းများ တဟုန်ထိုး ထွက်ပေါ်လာသည်။ လှိုင်းလုံးကြီးများ ရေစီးဆင်းသံများ ထွက်ပေါ်လာပြီး….
“ရွှမ်းမင်လက်ဝါးချက်။”
အနက်ရောင်အလင်းတန်းများ ဝင်းခနဲ လက်သွားသည်နှင့် တစ်ပြိုင်နက် လေထုထဲတွင် အလွန်တရာ ထူထဲသော ရေငွေ့များ ချက်ချင်း ပြည့်နှက်သွားတော့သည်။ ထိုနေရာ၌ ရှိနေ သူ မည်သူမဆို ထိုရေငွေ့များက အရေပြားမှတဆင့် ချွေးပေါက်များထဲအထိ စိမ့်ဝင်လာ သဖြင့် ရေမွန်းနေသကဲ့သို့ ခံစားရပေလိမ့်မည်။
ထိုအနက်ရောင် အလင်းတန်းများသည် လက်ဝါးပုံစံအဖြစ် စုစည်းသွား၏။ ထိုလက်ဝါးပေါ် တွင် ရေလှိုင်းအလင်းတန်းများ၊ မြစ်ချောင်းများနှင့် ကောင်းကင်ယံမှ နဂါးငွေ့တန်း ကြယ်စု များကိုပင် ဝေဝေဝါးဝါး မြင်တွေ့နေရသည်။
ထိုလက်ဝါးကြီး ပေါ်ထွက်လာသည့် ခဏတွင် လက်ဝါးဗဟိုချက်၌ မြွေအမြီးနှင့် လူသား ခန္ဓာကိုယ်ရှိသော အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။ သူမတစ်ကိုယ်လုံးကို အနက်ရောင် 'စစ်မှန်သောရေ'များဖြင့် လွှမ်းခြုံရစ်ပတ်ထား၏။ မည်သည့် ရှေးဦးနတ်ဆိုးနတ်ဘုရားမ တစ်ပါး ဤလူ့လောကသို့ ဆင်းသက်လာသည်ကို မည်သူမျှ မသိနိုင်လောက်အောင်ပင် အရှိန်အဝါ ကြီးမားလှပေသည်။
ထိုလက်ဝါးကြီးသည် ပေါ်လာသည်နှင့်တစ်ပြိုင်နက် အသံထွက်ပေါ်လာရာ အရပ်မျက်နှာ သို့ ပြင်းထန်လှသော အရှိန်အဝါဖြင့် ရိုက်ချလိုက်တော့သည်။
ထိုခဏ၌ပင် အသံထွက်ပေါ်လာရာ အရပ်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် အက်ကွဲသွားပြီး ဟုန်ယွိ၏ ပုံရိပ်က ခန်းမအတွင်း၌ ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း "ရွှမ်းမင်လက်ဝါးချက်" ကမူ သူ့ထံသို့ အရှိန်အဟုန်ဖြင့် ရိုက်ချပြီးလျက်သား ဖြစ်နေချေပြီ။
ထိုအခြေအနေတွင် ဟုန်ယွိသည် ချက်ချင်း တုံ့ပြန်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ အတန် ငယ် ရှည်ထွက်လာပြီး ကျောပြင်ကို ဖြောင့်မတ်လိုက်၏။ သူ့တစ်ကိုယ်လုံးသည် မျက်စိ တစ်မှိတ်အတွင်းမှာပင် ကိုးပေကိုးလက်မ အမြင့်ရှိသော တာအိုဗုဒ္ဓဓမ္မခန္ဓာ အဖြစ်သို့ ပြောင်းလဲ သွားတော့သည်။ သူက လက်တစ်ဖက်ဖြင့် တံဆိပ်တော်တစ်ခုကို ဖော်ဆောင်ကာ ထိုနေရာမှာပင် လှည့်ပတ်လျက် "ရွှမ်းမင်လက်ဝါးချက်" ကို ခုခံရန် "မဟာတံဆိပ်တော်" ဖြင့် ရင်ဆိုင်လိုက်သည်။
"ရွှမ်းမင်လက်ဝါးချက်"မှာ အလွန်ပင် ပြင်းထန်လွန်းလှသဖြင့် ဟုန်ယွိအနေဖြင့် တာအိုဗုဒ္ဓတံဆိပ် တော် သုံးမျိုးအနက် အစွမ်းအထက်ဆုံးတစ်ခုကို အသုံးပြုရန်မှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ ပေ။
"မဟာတံဆိပ်တော်" ထွက်ပေါ်လာစဉ် လေထုထဲရှိ ရေငွေ့အားလုံးမှာ လွင့်စင် ကွယ်ပျောက်သွားတော့သည်။ "မဟာ... မဟာ..." ဟူသော သက္ကတကျမ်းစာ ရွတ်ဆိုသံ များသည် လေထုထဲ၌ ပျံ့လွင့်သွားပြီး ဟင်းလင်းပြင်ကိုပင် ထိုးဖောက်သွား၏။
ဟုန်ယွိ၏ အရှိန်အဝါသည် ရုတ်တရက် အနှိုင်းမဲ့ ခန့်ညားထည်ဝါလာတော့သည်။ သူသည် စကြဝဠာကို ပြောင်းပြန်လှန်နိုင်သူ၊ နေနှင့်လကို ဖမ်းဆုပ်နိုင်သူ၊ ကြယ်စင်တန်းများကို အရုပ်သဖွယ် ကိုင်တွယ်ကာ စကြဝဠာကြီးကို ဖျက်ဆီးပစ်နိုင်သူအလား ဖြစ်နေတော့ သည်။
ဘန်း…။
မဟာတံဆိပ်တော်နှင့် ရွှမ်းမင်လက်ဝါးချက်တို့ ထိပ်တိုက်တွေ့ဆုံကြသည်။ ရှေးဦးခေတ်မှ ဆင်းသက်လာသည့် ဤရွှမ်းမင်တာအိုပညာမှာ တစ်ချက်တည်းနှင့်ပင် ပျက်စီးသွားရတော့ သည်။ ဖောက်... ဖျောက်... ဟူသော အသံများနှင့်အတူ ရေပေါက်ရေစက်များ လွင့်စဉ် ထွက်သွားသကဲ့သို့ မရေမတွက်နိုင်သော အနက်ရောင်အလင်းတန်းများ ပေါက်ကွဲထွက် သွား၏။
ဖူး….။
ဆန်းနန်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး သွေးတစ်လုတ်ကို ဝေါခနဲ အန်ထုတ်လိုက်ရသည်။ သူမ၏ တစ်ကိုယ်လုံးသည် အမြောက်ကျည်ဆန် တစ်ခုအလား လွင့်ထွက်သွားပြီး အဝေးရှိ ခံတပ်နံရံကို သွားရောက် ရိုက်မိတော့သည်။ "ရွှမ်းမင် လက်ဝါးချက်" က "မဟာတံဆိပ်တော်" ကို မတောင့်ခံနိုင်သည့်အတွက် သူမသည် တန်ပြန်ရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ခံလိုက်ရခြင်း ဖြစ်သည်။
“သခင်မလေး။”
ထိုရိုက်ခတ်မှုဒဏ်ကြောင့် အကြီးအကဲမင်သည်လည်း ခြေလှမ်း ဒါဇင်ပေါင်းများစွာ နောက်သို့ ဆုတ်လိုက်ရသည်။ သူ၏ဝတ်ရုံမှာ စွမ်းအားများကြောင့် ဆုတ်ပြတ်သွားသော် လည်း သူသည် နက်နဲသော သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် လွင့်ထွက်သွားခြင်းမျိုးတော့ မရှိပေ။ ဆန်းနန် လွင့်ထွက်သွားသည်ကို မြင်သောအခါ သူသည် အစွမ်းကုန် အားစိုက် လျက် လျှပ်ခနဲ ခုန်အုပ်လိုက်သည်။ သူသည် နံရံနောက်မှနေ၍ ခံပေးကာ ဆန်းနန်ကို ဖမ်းထိန်းလိုက်၏။ သို့သော်လည်း သူကိုယ်တိုင်မှာမူ ပြင်းထန်လှသော ရိုက်ခတ်မှုဒဏ် ကြောင့် သွေးတစ်လုတ် အန်လိုက်ရပြန်သည်။
“ကြည့်ရတာ ငါ မဟာတံဆိပ်တော်ရဲ့ စွမ်းအားကို လျှော့တွက်မိသွားပုံပဲ။ ငါ့စွမ်းအားရဲ့ ၁၀ ရာခိုင်နှုန်းပဲ သုံးတာတောင် ရွှမ်းမင်တာအိုရေစင်ကို ဖြိုခွဲပြီး၊ တန်ပြန်ရိုက်ခတ်မှုက ဒီလောက်အထိ ပြင်းထန်မယ်လို့ မထင်ထားဘူး။ တကယ်လို့, ငါသာ ငါ့စွမ်းအားရဲ့ ၂၀ ရာခိုင်နှုန်းလောက် သုံးလိုက်ရင် ဒီနှစ်ယောက်လုံး သေသွားလောက်ပြီ။”
ဟုန်ယွိကိုယ်တိုင်ပင် ထိုမြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ သူသည် သူ့စွမ်းအား၏ ၁၀ ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
“ဟုန်ယွိ… ရှင်ပါလား။” ဆန်းနန်သည် သတိပြန်ဝင်လာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်း လိုက်သည်။ သူမသည် ဟုန်ယွိကို ရှင်းရှင်းလင်းလင်း မြင်တွေ့သွားခဲ့ပြီ။
“ဟုတ်တယ်၊ ကျွန်တော်ပါ။ မင်းက ဆန်းနန် မဟုတ်ဘူး မဟုတ်လား။ ဆန်းသခင်မလေးရဲ့ နာမည်ရင်းကို သိပါရစေ။ မင်းနဲ့ လော်ယွန်တို့ ဘယ်လို ပတ်သက်လဲ။” ဟုန်ယွိသည် ဆန်းနန် အဆင်ပြေသည်ကို မြင်သောအခါ အားလျှော့လိုက်သည်။
“ကျွန်မ နာမည်ရင်းက ဆန်းဝေဝေပါ။ ဆန်းနန်ဆိုတာက နာမည်ဝှက် တစ်ခုပဲ။”
ဟုန်ယွိတွင် မကောင်းသော ရည်ရွယ်ချက်မရှိသည်ကို မြင်သောအခါ ဆန်းဝေဝေသည် လက်ကိုင်ပုဝါကို ထုတ်၍ သူမနှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်လေတော့သည်။
***