ဟုန်ယွိ၏ “တာအိုဗုဒ္ဓဓမ္မခန္ဓာ” သည် စတင်ဖွဲ့စည်းတည်ဆောက်ပြီးစ အချိန်ကပင် “မဟာကမ္ဘာ တံဆိပ်တော်” တစ်ခုတည်းဖြင့် “ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်” ကို ဝတ်ဆင် ထားသည့် ဟုန်ရွှန်ကျိကို နောက်သို့ လွင့်ထွက်သွားအောင် ရိုက်ထုတ်နိုင်ခဲ့သည်။ ထိုစဉ်က ရိုက်ခတ်မူကြောင့် သူ၏ စိတ်ဝိညာဉ် အတွေးစများ အားလုံး ကြေမွသွားခဲ့ရသော်လည်း ၎င်း၏ ကြီးမားလှသော စွမ်းအားမှာ အမှန်တကယ်ပင် တုနှိုင်းမဲ့ပြီး ပစ္စုပ္ပန်ကာလကို လွှမ်းမိုးထားနိုင်စွမ်း ရှိခဲ့သည်။
ယခုအခါ ဟုန်ယွိသည် “တာအိုဗုဒ္ဓဓမ္မခန္ဓာ” ကို အမှန်တကယ် ပြည့်စုံစွာ တည်ဆောက်နိုင်ခဲ့ပြီး “မဟာဓမ္မတံဆိပ်တော် (၁၀) မျိုး” ကိုလည်း တတ်မြောက်ခဲ့ပြီဖြစ်ရာ သူ၏ စွမ်းအားမှာ ပိုမို တိုးတက်လာခဲ့သည်။ သူ၏ “မဟာတံဆိပ်တော်” တစ်ချက်ကို သူ့စွမ်းအား၏ ၁၀ ရာခိုင် နှုန်းမျှဖြင့် ထုတ်ဖော်လျှင်ပင် မိုးကြိုးကပ်ဘေးအဆင့် ပညာရှင် တစ်ဦးကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်ရန် လုံလောက်သည်။
သူသည် မူလက “မဟာတံဆိပ်တော်” ၏ စွမ်းအားကို ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း တောရိုင်းနယ်မြေတွင် ဟုန်ရွှန်ကျိနှင့် တိုက်ခိုက်ခဲ့ သည့် တိုက်ပွဲကို ဂရုတစိုက် ပြန်လည်စဉ်းစားကြည့်ပြီးနောက် ဟုန်ယွိသည် စိတ်သက်သာ ရာရသွားကာ “တာအိုဗုဒ္ဓဓမ္မခန္ဓာ” တံဆိပ်တော်များ၏ စွမ်းအားကို ပို၍ နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။
ရလာဘ်အနေဖြင့် ဟုန်ယွိ၏ စွမ်းအားအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ တဖြည်းဖြည်းနှင့် သိမ်မွေ့နက်နဲကာ ပိုမိုကောင်းမွန်လာခဲ့သည်။
“ဆိုတော့ သခင်မလေး ဝေဝေ ဖြစ်နေတာကိုး။ ကျွန်တော့်ရဲ့ ရိုင်းပြမှုအတွက် တောင်းပန်ပါ တယ်။ ကျွန်တော့်ရဲ့ တိုက်ချက်က နည်းနည်း ပြင်းသွားတယ်၊ အဆင်ပြေရဲ့လား။”
ဟုန်ယွိက စကားပြောနေရင်း သူ့လက်ကို မြှောက်လိုက်ရာ နွေဦးမိုးရေထဲမှ ငွေခေါင်း လောင်းသံလေးများကဲ့သို့ ကြည်လင်သာယာသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ လက်ဟန်လှုပ်ရှားမှုနှင့်အတူ ငွေဖြူရောင် အလင်းကွင်းတစ်ခုလည်း ပေါ်ထွက်လာခဲ့သည်။
ထိုအလင်းကွင်းမှာ ပျံ့နှံ့သွားပြီး ဆန်းဝေဝေနှင့် အကြီးအကဲမင်တို့ကို ချက်ချင်း လွှမ်းခြုံ သွားသည်။ ချက်ချင်းဆိုသလိုပင် သူတို့၏ နှုတ်ခမ်းထောင့်မှ သွေးစများမှာ ပျောက်ကွယ် သွားပြီး အစွမ်းထက်လှသော အသက်စွမ်းအင်များ သူတို့ကို ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ စိတ်စွမ်းအင်များမှာလည်း ပြန်လည် လန်းဆန်းလာပြီး ခန္ဓာကိုယ်မှ ဒဏ်ရာအားလုံး ပျောက်ကွယ်သွားတော့သည်။
“အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ ‘နတ်ဘုရား ကုစားခြင်းပညာ’ပဲ။” ဆန်းဝေဝေက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ကျွန်တော် သူတော်စင် တူယွမ်နဲ့ သူတော်စင် တောက်ဖူတို့ကို သတ်ခဲ့ပြီး အနှစ်သာရ နတ်ဘုရားကျောင်းက ရှေးဟောင်းကျမ်းစာ အချို့ကို ရခဲ့တာပါ။ ဒီကုစားခြင်းပညာကို သိနေတာက ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။” ဟုန်ယွိသည် ခန်းမအတွင်းရှိ အစီအမံများကို လေ့လာကြည့်ရှုရင်း အေးအေးဆေးဆေး လမ်းလျှောက်နေသည်။
“နတ်ဘုရား ကုစားခြင်းပညာကတော့ သိပ်မထူးဆန်းပါဘူး၊ ဒါပေမဲ့ ဟုန်ယွိ... ရှင် အခုနက သုံးလိုက်တဲ့ တာအိုတံဆိပ်တော်ကတော့ ကောင်းကင်နဲ့ မြေကြီးကိုတောင် ဖျက်ဆီးပစ် နိုင်လောက်တဲ့ အင်အားရှိတယ်။ ကျွန်မရဲ့ ‘ရွှမ်းမင်ရေစင်’ကတောင် ရှင့်ကို ဘာမှ မလုပ်နိုင် ဘူး။” ဆန်းဝေဝေက ဟုန်ယွိကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူမသည် အခုနက လက်သီးချက်၏ ပြင်းထန်လှသော အရှိန်အဝါကို ပြန်လည် မြင်ယောင်နေမိသည်။ ထိုလက်သီးချက်၏ အရှိန်ကြောင့် သူမ၏နှလုံးသား အောက်ခြေမှ ကြောက်ရွံ့တုန်လှုပ်မှု ကို ယခုတိုင် ခံစားနေရဆဲ ဖြစ်သည်။
ဘေးတွင် ရပ်နေသော အကြီးအကဲမင်သည်လည်း အခုနက မြင်ကွင်းကို ပြန်လည် စဉ်းစားရင်း သူ့မျက်နှာအမူအရာက အလွန်ပင် ပျက်သွားတော့သည်။
“ဒါက ကျွန်တော် ကျင့်ကြံထားတဲ့ တာအိုဗုဒ္ဓလက်ဝါးဓမ္မတံဆိပ်တော်ပဲ။ မင်းရဲ့ ရွှမ်းမင် တာအို ပညာက ‘မဟာအောင်မြင်မှု’ အဆင့်ကို မရောက်သေးတော့ ဒါကို မခုခံနိုင်တာ သဘာဝပါ ပဲ။ ဒါပေမဲ့ မင်းရဲ့ ကျင့်စဉ်အဆင့်ကလည်း မဆိုးပါဘူး။ မင်းက မိုးကြိုးကပ်ဘေးအဆင့်ကို မကျော်ဖြတ်ရသေးပေမဲ့ တစ္ဆေအင်မော်တယ်အဆင့်အထိ ရောက်နေပြီ၊ ပြီးတော့ မင်းရဲ့ စိတ်ဝိညာဉ်က အလွန်အားကောင်းတဲ့ ‘သန့်စင်တဲ့ယန်စွမ်းအင်’ကို ပိုင်ဆိုင်ထားတယ်။ ဒါ့အပြင် မင်းက ရွှမ်းမင်ရေစင်ကို မင်းရဲ့ ကိုယ်ပိုင် အတွေးစတွေနဲ့ ပေါင်းစပ်ပြီးပြီ။ မင်းရဲ့ စိတ်ဝိညာဉ် အတွေးစ စွမ်းအားက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေနဲ့တောင် တန်းတူ ဖြစ်နေပြီ။ မင်းက တကယ်ကို ကံကောင်းတဲ့ ပါရမီရှင် တစ်ယောက်ပဲ။”
ဟုန်ယွိက စကားပြောရင်း ဆန်းဝေဝေ၏ ကျင့်စဉ်အဆင့်ကို ခေတ္တမျှ အကဲခတ်ကြည့် လိုက်သည်။
ဤဆန်းဝေဝေမှာ မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်ရသေးသော်လည်း သူမသည် တစ္ဆေ အင်မော်တယ်အဆင့်သို့ ရောက်ရှိထားပြီး ဖြစ်သည်။ အထူးသဖြင့် သူမ၏ စိတ်ဝိညာဉ် အတွေးစများသည် ရွှမ်းမင်ရေစင်နှင့် ခွဲခြား၍မရအောင် ပေါင်းစပ်ထားသဖြင့် သူမ၏ အတွေးစများမှာ အလွန်တရာ အားကောင်းနေပြီး ဖျက်ဆီးရန် ခက်ခဲလှသည်။
ဤအချက်မှာ ဟုန်ယွိ၏ အတွေးစများက ‘စကြာဝဠာအိတ်’ထဲက ဟင်းလင်းပြင် စွမ်းအား ကို စုပ်ယူထားသဖြင့် လေဟာနယ်ကို ဖောက်ထွက်နိုင်စွမ်း ရှိနေသည်နှင့် ဆင်တူလှသည်။
“ရွှမ်းမင်ရေစင်ဆိုတာ ကောင်းကင်နဲ့ မြေကြီးကြားက စစ်မှန်တဲ့ ရေဝိညာဉ်အနှစ်သာရပဲ။ စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်တယ်၊ ခန္ဓာကိုယ်ကို သန့်စင်ပေးတယ်၊ ပြီးတော့ အထွက်ထိပ် ဆေးလုံးတွေ ဖော်စပ်ရာမှာတောင် သုံးလို့ရတယ်။ အဲဒီရေစင် တစ်စက်ချင်း စီဟာ တောင်တန်းတွေ မြစ်တွေရဲ့ အလေးချိန်အတိုင်း လေးလံလှပြီး ရန်သူကို ခုခံ ကာကွယ်ဖို့အတွက် အကောင်းဆုံးပဲ။ ကံမကောင်းတာက ဒီလောကမှာ ဒီရွှမ်းမင်ရေစင်ကို တွေ့ရခဲတာပဲ။ ရှေးဉီးခေတ်က ရွှမ်းမင်တာအိုဂိုဏ်းက ပညာရှင်တွေပဲ ဒီရေစင်ကို အနည်း ငယ် ရရှိခဲ့ပြီး သူတို့ရဲ့ ဂိုဏ်းကို တည်ထောင်ကာ ဒေသတစ်ခုကို စိုးမိုးခဲ့ကြတာ။”
၎င်းမှာ ‘ဒိုင်ဇင်ဘုရားကျောင်း’ ၏ “ရှေးဟောင်းတာအိုပညာ မှတ်တမ်းများ” တွင် ဖော်ပြ ထားသော ရွှမ်းမင်ရေစင်၏ အသုံးဝင်ပုံများ ဖြစ်သည်။
ဆန်းဝေဝေသည် ထိုရွှမ်းမင်ရေစင်ကို သူမ၏ အတွေးစများနှင့် ပေါင်းစပ်ထားသဖြင့် သူမ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ‘ဘိုးဘေးဟုန်လင်’ ကဲ့သို့သော ပညာရှင်များကို ယှဉ်ပြိုင် နိုင်ပြီး သူတို့ထက်ပင် သာလွန်နိုင်ပေသည်။ ၎င်းမှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ၏ အဆင့်နှင့် မခြားပေ။
သို့သော်လည်း ပါရမီရှင်များအကြောင်း ပြောရလျှင် ‘ထန်ဟိုင်လုံ’ ၏ အတွေးစပေါင်း တစ်သိန်းကျော်ပါသော ကြယ်တာရာကိုးဆင့် ပြောင်းလဲခြင်းပညာ၊ ‘ဖန်းယွမ်’၏ အဆုံးမဲ့ ကောင်းကင်သံစဉ်၊ အဆုံးသတ်ဓမ္မမိုးခြိမ်းသံနှင့် နှလုံးသားအမြစ် တာအိုသစ်သီးတို့မှာမူ သူမထက် အဆင့်တစ်ဆင့် ပိုမြင့်နေသေးသည်။
“တာအိုဗုဒ္ဓဓမ္မခန္ဓာ တံဆိပ်တော်၊ ရှင်က ဒိုင်ဇင်ဘုရားကျောင်းရဲ့ ဒဏ္ဍာရီလာ ‘အတိတ် အမိတ္တဘ ကျမ်း’ကို ကျင့်ကြံထားလို့ ရှင့်စိတ်ဝိညာဉ်က မပျက်စီးနိုင်ဘူးလို့ ကြားဖူးတယ်။ ဒါပေမဲ့ ရှင်က အစွမ်းအထက်ဆုံး ဖြစ်တဲ့ ‘ပစ္စုပ္ပန်ကျမ်း’ ကိုတောင် တတ်မြောက်ထားလိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး။ ရှင် ဒီလောက် အစွမ်းထက်နေတာ မဆန်းတော့ပါဘူး။ ပြီးတော့... အခုနက ရှင့်စိတ်ဝိညာဉ်ဟာ လေဟာနယ်ကို ဖောက်ထွက်ပြီး ရောက်လာတာ ပဲ။ ပြောရရင်, ရှင် ကျွန်မ ချထားတဲ့ ရေစင်အတားအဆီးကို အာရုံခံမိမှာပဲ။ လေဟာနယ်ကို ဖောက်ထွက်နိုင်တဲ့ စိတ်ဝိညာဉ်စွမ်းအားဆိုတာ အဆင့် ၆ မိုးကြိုးကပ်ဘေး ကျော်ဖြတ် ထားသူတွေမှာပဲ ရှိနိုင်တာလေ။ ရှင် အဆင့် ၆ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးသွား ပြီလား။”
ဟုန်ယွိက ဆန်းဝေဝေကို အကဲခတ်နေစဉ်မှာပင် ဆန်းဝေဝေကလည်း ဟုန်ယွိကို အကဲခတ်နေပြီး ရုတ်တရက် အလွန် အံ့အားသင့်သွားခဲ့သည်။
အဆင့်ခြောက် မိုးကြိုးကပ်ဘေးအဆင့် ပညာရှင်ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ၎င်းမှာ “ရှေးဟောင်းခေတ်”၊ “မော်ကွန်းဝင်ပုဂ္ဂိုလ်”၊ “အတိုင်းအဆမဲ့ခြင်း” နှင့် “ဧရာမ ဘီလူးကြီး” ဟူသော စကားလုံးများ ပေါင်းစပ်ထားသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
ဟုန်ယွိသည် ‘ကျိုးထိုက်ကျူ ‘ယုဝမ်မူ’၊ ဟုန်ရွှန်ကျိနှင့် ‘ယန်ဖန်’ တို့ကဲ့သို့သော ပုဂ္ဂိုလ်များ နှင့်ပင် ထိတွေ့ရင်ဆိုင်နေရသဖြင့် အဆင့် (၆) မိုးကြိုးကပ်ဘေး ပညာရှင်များမှာ ဘာမှ မဟုတ်သလို ထင်ရသော်လည်း၊ အမှန်စင်စစ် ထိုပုဂ္ဂိုလ်တစ်ဦးချင်းစီသည် သမိုင်း တစ်လျှောက် အတောက်ပဆုံးသော ကြယ်ပွင့်များ ဖြစ်ကြသည်။
အချိန်မြစ်က စီးဆင်းသွားပြီး သမိုင်းအကြောင်းများ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည့်တိုင် ဤပုဂ္ဂိုလ်များမှာ “ရှေးဟောင်းခေတ်” နှင့် “မော်ကွန်းဝင်ပုဂ္ဂိုလ်” ဖြစ်နေကြဦးမည် ဖြစ်သည်။ အမှန်စင်စစ် ‘ကျိုးထိုက်ကျူ’ ဆိုလျှင် သမိုင်းစာမျက်နှာတစ်ခုပေါ်မှ တံဆိပ် တစ်ခုပင် ဖြစ်နေခဲ့ပြီ။
ထို့ကြောင့် ကျင့်ကြံသူများစွာ၏ စိတ်ထဲတွင် အဆင့် (၆) မိုးကြိုးကပ်ဘေးအဆင့် ပညာရှင် ဆိုသည်မှာ “မသေနိုင် မပျက်စီးနိုင်သော”၊ “အရာရာကို လုပ်နိုင်စွမ်းသော” “အတိုင်းမဲ့ ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပြီး၊ “ဖန်ဆင်းရှင်”အဆင့်နှင့် နီးစပ်သည့် ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားကြကာ အဝေးမှသာ မော့ကြည့်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
“ကျွန်တော် အဆင့် ၆ မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်ရသေးပါဘူး။ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်က အရာအချို့နဲ့ ပေါင်းစပ်သွားလို့ လေဟာနယ်ကို ဖောက်ထွက်နိုင်တဲ့ အစွမ်းမျိုး ရလာတာပါ၊ သခင်မလေး ဝေဝေ ရွှမ်းမင်ရေစင်နဲ့ ပေါင်းစပ်ထားသလိုမျိုးပေါ့။” ဟုန်ယွိက ဆိုသည်။ “ဒါပေမဲ့ အဆင့် ၆ မိုးကြိုးကပ်ဘေး ပညာရှင်တစ်ယောက်ကတောင် ကျွန်တော့်ကို ဘာမှ မလုပ်နိုင်တာကတော့ အမှန်ပဲ။ ကဲ... သခင်မလေး ဝေဝေ၊ မင်းနဲ့ ကျန်းနန်မင်းသမီး လော်ယွန်တို့ ဘယ်လို ပတ်သက်တာလဲဆိုတာ အခု ပြောလို့ရပြီလား။”
“ဘယ်လို ပတ်သက်လဲ ဟုတ်လား။ ကျွန်မတို့က ရင်းနှီးတဲ့ မိတ်ဆွေ, စီးပွားရေး လုပ်ဖော် ကိုင်ဖက်တွေပေါ့။ လော့ယွန်ကလည်း ရှင့်အကြောင်း ခဏခဏ ပြောတတ်တယ်။ သူမရဲ့ ပညာရေးမှာလည်း အများကြီး တိုးတက်လာခဲ့သလို နတ်ဘုရားလေနိုင်ငံ တော်ဝင်မိသားစု ရဲ့ စစ်ဆေးမှုတွေအရ သူမက တာအိုပညာမှာ ကြီးမားတဲ့ အလားအလာ ရှိနေတယ်။ အခုဆိုရင် သူမက မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ လျှို့ဝှက် တားမြစ်နယ်မြေတစ်ခုမှာ ကျင့်ကြံ နေလောက်ပြီ။” ဆန်းဝေဝေက ဟုန်ယွိ၏ မျက်နှာအမူအရာကို စိုက်ကြည့်ရင်း ပြောလိုက် သည်။
“အော်... လော်ယွန်က သူမတိုင်းပြည်ကို ပြန်သွားပြီး ကျင့်ကြံနေပြီကိုး။ ဒါကြောင့် ငါ နန်းမြို့တော်ကို ပြန်သွားတုန်းက သူမကို မတွေ့တာ မဆန်းပါဘူး။” ဟုန်ယွိက သက်ပြင်း ချလိုက်သည်။ ကျန်းနန်မင်းသမီးမှာ သူ အခက်ခဲဆုံး အချိန်များတွင် အမြဲကူညီခဲ့သူဖြစ်ပြီး သူမ၏ ကျေးဇူးတရားမှာ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံလှသည်။
လော်ယွန် သူမတိုင်းပြည် ပြန်ပြီး ကျင့်ကြံခြင်းနှင့် ပတ်သက်၍မူ ဟုန်ယွိအနေဖြင့် မအံ့သြ ပေ။ ထိုမင်းသမီးမှာ အမြဲတမ်း တာအိုပညာကို စိတ်ဝင်စားခဲ့သူဖြစ်ပြီး သူမနှင့် စတင် တွေ့ဆုံစဉ်ကလည်း တာအိုပညာရပ်များနှင့် ဓားသိုင်းပညာရပ်များ အကြောင်း မေးမြန်း ရင်း တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
လော်ယွန်သည် တော်ဝင်ချန်သို့ ပညာသင်ကြားရန် လာခဲ့စဉ်က, သူမသည် တာအိုကိုသာ ကျင့်ကြံနေပြီး၊ နည်းစနစ်များကို မကျင့်ကြံခဲ့သလို၊ သူမ၏ စိတ်ဝိညာဉ်ကိုလည်း ခန္ဓာပြင်ပ သို့ ထွက်ခွာခွင့် မပေးခဲ့ပေ။ သူမ၏ စိတ်ဝိညာဉ်သည် အတွင်းပိုင်းတွင် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိပြီးမှသာ စိတ်ဝိညာဉ်ကို ခန္ဓာပြင်ပသို့ ထွက်ခွာစေမည်။ သူမသည် ရှေးခေတ် ပညာရှင် သူတော်စင်တို့၏ လမ်းစဉ်ကို လိုက်ခဲ့ခြင်း ဖြစ်သည်။
အမှန်စင်စစ် ဟုန်ယွိသည်လည်း ထိုလမ်းစဉ်ကိုပင် လိုက်နေခြင်း ဖြစ်သည်။
ထိုစဉ်ကပင် လော်ယွန်၏ ကျင့်ကြံမူက အတော်ပင် နက်ရှိုင်းနေပြီဖြစ်ကြောင်း ဟုန်ယွိ သိခဲ့ပြီး၊ အကယ်၍, သူမသာ တာအိုပညာကို ကျင့်ကြံခဲ့လျှင် အလွန် လျင်မြန်စွာ တိုးတက် လာမည် ဖြစ်သည်။
“လျှိုထျန်းယွဲ့ သေဆုံးသွားပြီးကတည်းက မက်မွန်နတ်ဘုရားဂိုဏ်းဟာ သူတို့ရဲ့ ‘ရတနာ (၇) ပါး’ ဆုံးရှုံးခဲ့ရပြီး ဂိုဏ်းရဲ့ ဂုဏ်သတင်းလည်း ကျဆင်းခဲ့ရတယ်။ ဒါပေမဲ့ သူတို့ရဲ့ အခြေခံ အုတ်မြစ်က ရှိနေဆဲပဲ။ ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာတာနဲ့ ဂိုဏ်းက ပြန်လည် နိုးထလာပြီး အတိတ်က မြင့်မြတ်နယ်မြေတစ်ခုရဲ့ ထင်ပေါ်ကျော်ကြားမူကို ပြန်ရသွားနိုင်တယ်။ တော်ဝင်ချန်အပေါ် မှီခိုနေရတာကနေ လွတ်မြောက်ကာ လွတ်လပ် တဲ့ နိုင်ငံတစ်ခုတောင် ဖြစ်လာနိုင်တယ်။ သူတစ်ပါးအပေါ် မှီခိုနေရတဲ့ အရသာက သိပ်မ ကောင်းလှဘူးလေ။” ဆန်းဝေဝေက ဆက်ပြောသည်။ “ဒါကြောင့် မက်မွန်နတ်ဘုရားဂိုဏ်း က အကြီးအကဲတွေနဲ့ တိုင်းပြည်အတွင်းက ပညာရှင်တွေဟာ ပါရမီရှင်တွေကို ရှာဖွေပြီး လျှို့ဝှက် လေ့ကျင့်ပေးဖို့ စီစဉ်နေကြတာ ကြာပြီ။ လော်ယွန်ကတော့ ရွေးချယ်ခံရတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ပေါ့၊ ဒါပေမဲ့ သူမအပြင် တခြား ပါရမီရှင်တွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ တော်ဝင်ချန် တော်ဝင်မိသားစုကလည်း ဒီအစီအစဉ်ကို သိသွားပြီဆို တော့ အန္တရာယ် ရှိလာနိုင်သလို၊ လေ့ကျင့်ပေးထားတဲ့ ပါရမီရှင်တွေကြားမှာလည်း ပြိုင်ဆိုင်မှုက အရမ်း ပြင်းထန်နေပါတယ်။”
“မင်းက လျှို့ဝှက်ချက်တွေ အတော်များများ သိနေတာပဲ။”
ဟုန်ယွိက မျက်မှောင်ကြုတ်လိုက်သည်။ မက်မွန်နတ်ဘုရားဂိုဏ်း၏ အစီအစဉ်မှာ ကျိုးကြောင်းဆီလျော်လှသည်၊ အဘယ်ကြောင့်ဆိုသော် မည်သည့် နိုင်ငံမဆို သူတစ်ပါး အပေါ် မှီခိုမနေလိုကြသောကြောင့် ဖြစ်သည်။
ကျယ်ပြန့်လှသော နတ်ဘုရားလေနိုင်ငံတွင် ပညာရှင်များနှင့် အမြင်ကျယ်သူများစွာ ရှိကြပေလိမ့်မည်။ သူတို့အနေဖြင့် တိုင်းပြည်ကို ပြန်လည် မြှင့်တင်ရန်နှင့် ပါရမီရှင်များကို လေ့ကျင့်ပေးရန် စည်းလုံးကြမည်မှာ သဘာဝကျလှသည်။ သို့သော်လည်း ဤအရာသည် သွေးချောင်းစီးသော တိုက်ပွဲများကို ဖြစ်ပေါ်စေနိုင်ပြီး လော်ယွန်၏ ကံကြမ္မာ ကောင်းမည် လား၊ ဆိုးမည်လား ဆိုသည်မှာ မသေချာပေ။
၎င်းမှာ ‘ပိုင်ဇိယွဲ့’ ၏ ‘အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်း’ ဂိုဏ်းချုပ်နေရာအတွက် ပြိုင်ဆိုင်မှု ထက်ပင် ပိုမို အန္တရာယ်ကြီးလှသည်။
“ဒါပေါ့... ကျွန်မတို့ ဆန်းမိသားစုကလည်း မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ အစီအစဉ်မှာ ပါဝင် ပတ်သက်နေတာပဲ။” ဆန်းဝေဝေက ဆိုသည်။
“သခင်မလေး ဝေဝေက ဆန်းမိသားစုရဲ့ အိမ်ထောင်ဦးစီး မဟုတ်ဘူး မဟုတ်လား။” ဟုန်ယွိ၏ အကြည့်များမှာ ဝင်းလက်သွားသည်။
“ကျွန်မက မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် မဟုတ်ပါဘူး၊ မျိုးနွယ်ခွဲတစ်ခုကပါ။ ဒါပေမဲ့ ကျွန်မက ကျင့်ကြံရာမှာ အောင်မြင်ခဲ့ပြီး လျှို့ဝှက်ပညာရပ် အချို့ကို တတ်မြောက်ခဲ့တယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်တွေမှာတော့ ကျွန်မလည်း အာဏာသိပ်မရခဲ့ပါဘူး။” ဆန်းဝေဝေက အေးစက်စက် အပြုံးနှင့် ပြောလိုက်သည်။
“ကြည့်ရတာ သခင်မလေး ဝေဝေကလည်း ရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက်ပဲ။ ရွှီပြည်နယ်က ဆန်းမိသားစုဆိုတာ ဧရာမ မိသားစုကြီး တစ်ခုပဲ၊ ကြားဖူးတာတော့ သူတို့မှာ မြေဧက သန်းပေါင်းများစွာ၊ စံအိမ်ပေါင်း တစ်ထောင်နဲ့ အစေခံပေါင်း သိန်းချီရှိတယ်ဆို တာပဲ။ သူတို့က နှစ်စဉ် ပင်လယ်ရပ်ခြားကနေ ကျွန်တွေကို အများကြီး ဝယ်ယူပြီး စိုက်ပျိုး ရေးတွေ လုပ်ကြတယ်။ နတ်ဘုရားလေးနိုင်ငံရဲ့ ကျွန်ကုန်သွယ်မှုမှာဆို ရွှီပြည်နယ် ဆန်းမိသားစုက အကြီးဆုံးပဲ။ တစ်ခါက ကျွန်တော် မှတ်တမ်းတစ်ခုမှာ ဖတ်ဖူးတာကတော့ ဆန်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေဟာ ‘ပန်းပေါင်းတစ်ရာ နှင်းရည်’တွေကို အိမ်သာ ဆေးတဲ့ နေရာမှာတောင် သုံးကြတယ်ဆိုတာပဲ။ ဒါက နန်းတော်ထက်တောင် ပိုပြီး ခမ်းနား သေးတယ်။ အဲဒီဆန်းမိသားစုကို ထိန်းချုပ်နိုင်တယ်ဆိုတာ ဧကရာဇ်တစ်ပါး ဖြစ်ရသလို ပါပဲ။”
ဟုန်ယွိက စကားပြောရင်း မထောက်ခံသည့် အပြုံးမျိုးကို ပြလိုက်သည်။
ရွှီပြည်နယ် ဆန်းမိသားစုမှာ အလွန်ပင် ဇိမ်ခံလွန်းသဖြင့် နေ့စဉ် နံနက်တိုင်း အစေခံများစွာ သည် ပန်းပေါင်းတစ်ရာမှ နှင်းရည်များနှင့် ပွင့်ချပ်များကို စုဆောင်းကာ ပန်းနှင်းရည်များ ပြုလုပ်ကြရပြီး ၎င်းတို့ကို အိမ်သာဆေးရန် အသုံးပြုကြသည်။
မူလက ပန်းပေါင်းတစ်ရာနှင်းရည်ဆိုသည်မှာ အလွန်တန်ဖိုးရှိသော ရေမွှေးတစ်မျိုးဖြစ်ပြီး ဆေးဝါး အဖြစ်ပင် သုံးနိုင်သော်လည်း၊ ဆန်းမိသားစုကမူ ၎င်းကို အိမ်သာဆေးရန်သာ သုံးကြခြင်း ဖြစ်သည်။
ဝူဝမ်မြို့စားအိမ်တော်တွင်ပင် ‘မဒမ်ကျောက်’ သည် အစေခံများကို နေ့စဉ် စုဆောင်းခိုင်းပြီး ရေချိုးရန် သို့မဟုတ် မုန့်များပြုလုပ်ရာတွင် သုံးစွဲခဲ့သည်။ သို့သော် ဆန်းမိသားစုကမူ ထိုမျှအထိ ဇိမ်ခံလွန်းနေသည်။
နန်းတော်တွင်ပင် ထိုမျှအထိ ဇိမ်မခံနိုင်ပေ။ ဒဏ္ဍာရီထဲက နတ်ဘုရား နန်းတော်များပင် ဤမျှအထိ အသုံးအဖြုန်း ကြီးကြမည် မဟုတ်ပေ။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် တော်ဝင်ချန်မင်းဆက်၏ နှစ်ပေါင်းထောင်ချီ သက်တမ်း ရှိသော မျိုးရိုးမြင့် မိသားစုကြီးများသည် မြင့်မြတ်နယ်မြေများထက်ပင် အခြေခံအုတ်မြစ် ပိုမိုခိုင်မာကြောင်း သိနိုင်သလို၊ တော်ဝင်ချန် မင်းဆက်က ထိုမိသားစုကြီးများကို စိုးရိမ် နေရသည့် အကြောင်းရင်းကိုလည်း သိနိုင်ပါသည်။
“ရည်မှန်းချက် မရှိသူ ဘယ်သူရှိမှာလဲ။ ရည်မှန်းချက်ဆိုတာ ရုန်းကန်ကြိုးစားမှုလို့ ခေါ်လို့ ရတယ်လေ။ ကျင့်ကြံသူတွေအတွက်ဆို ထာဝရအသက်ရှင်ဖို့ ကြိုးစားရုန်းကန်နေခြင်းက အကြီးမားဆုံး ရည်မှန်းချက်ပေါ့။” ဆန်းဝေဝေက ပြုံးလိုက်သည်။
“မှန်တာပေါ့။” ဟုန်ယွိက ဆိုသည်။ “သခင်မလေး ဝေဝေက လော်ယွန်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း ဖြစ်နေတော့ ဒီနေ့ ကျွန်တော့်ရဲ့ ရိုင်းပြမှုတွေအတွက် တောင်းပန်တဲ့အနေနဲ့ ဒီလက်ဆောင်လေးကို လက်ခံပေးပါ။”
ဟုန်ယွိက စကားပြောရင်း သူ၏ လက်ညှိုးကို အနည်းငယ် လှည့်လိုက်ရာ လျှပ်စီးအလင်း များ ဝင်းလက်နေသည့် လူဦးခေါင်းခွံ အရွယ်စားခန့်ရှိသော အတွေးစတစ်ခု ပေါ်လာသည်။
၎င်းမှာ ယွန်မင်နိုင်ငံ၏ ဧကရာဇ် အကြံပေး ‘ယုဝမ်မု’ ၏ အဆင့် (၅) မိုးကြိုးကပ်ဘေး စိတ်ဝိညာဉ် အတွေးစ (၉၉) ခုထဲမှ တစ်ခု ဖြစ်ပြီး၊ ‘မုကလေး’ ၏ စိတ်ဝိညာဉ်အတွင်းမှာ လည်း ချိပ်ပိတ်ထားသေးသည်။ ဟုန်ယွိ၏ လက်ထဲတွင် ယခုတိုင် (၆၃) ခု ကျန်ရှိနေသေး သည်။
ပြင်းထန်သော လှုပ်ခါမှုနှင့်အတူ ထိုအတွေးစမှာ ဆန်းဝေဝေ၏ မျက်ခုံးနှစ်ခုကြားသို့ ချက်ချင်း ကျရောက်သွားပြီး ကြီးမားသော စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲကာ သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ချက်ချင်းဆိုသလိုပင် ဆန်းဝေဝေ၏ စိတ်ဝိညာဉ် စွမ်းအားမှာ များစွာတိုးတက်လာပြီး သူမတစ်ကိုယ်လုံးမှ အစွမ်းထက်လှသော မှော်စွမ်းအားများ ထွက်ပေါ်လာသည်။ ဟုန်ယွိ သည် သူမ၏ စိတ်ဝိညာဉ် အတွင်းပိုင်းမှ ရှေးဦးခေတ် မြစ်ရေများ စီးဆင်းသံကိုပင် ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
အဆင့် (၅) မိုးကြိုးကပ်ဘေးပညာရှင်၏ စိတ်ဝိညာဉ် အတွေးစတစ်ခု၊
ထိုအတွေးစကို ထိန်းချုပ်လိုက်ပြီးနောက် ဆန်းဝေဝေသည် ၎င်း၏ ကြီးမားလှသော စွမ်းအားကို ခံစားလိုက်ရပြီး နောက်တစ်ကြိမ် အံ့အားသင့်သွားပြန်သည်။
“ဒါက ကျွန်တော် ယွန်မင်နိုင်ငံ ဧကရာဇ်အကြံပေး ယုဝမ်မူဆီကနေ ရခဲ့တဲ့ အတွေးစ တစ်ခုပါ။” ဟုန်ယွိက အေးအေးဆေးဆေး ပြောလိုက်သည်။ “ညလည်း နက်နေပြီဆိုတော့ သခင်မလေး ဝေဝေ နားသင့်ပြီ။ ကျွန်တော် ဒီမှာ အကြာကြီးနေဖို့ မသင့်တော်ဘူး။ ခွင့်ပြုပါဦး။”
“နေဦး” ဆန်းဝေဝေသည် ဟုန်ယွိ ထွက်သွားတော့မည်ကို မြင်သောအခါ အမြန်တားလိုက် သည်။ “ဒီလောက်လှပတဲ့ ညနေခင်းမှာ ‘ကျွမ့်ယွမ်’ သခင်လေးက ဘာလို့ ဒီလောက် အလျင်စလို ပြန်ရမှာလဲ။ ဝေဝေက သခင်လေးရဲ့ ပြိုင်ဘက်ကင်း စွမ်းအားတွေကို တကယ် ပဲ အထင်ကြီးမိပါတယ်၊ ဒါကြောင့် ကျွန်မက ကျွမ့်ယွမ်သခင်လေးနဲ့အတူ အလုပ်တစ်ခုခု လုပ်ချင်ပါတယ်။”
“ဘာလဲ... သခင်မလေး ဝေဝေက ကျွန်တော့်ရဲ့ စွမ်းအားကို အသုံးချပြီး ဒီည ရန်သူ့စခန်းကို လျှို့ဝှက် စုံစမ်းချင်လို့လား။” ဟုန်ယွိက ခြေလှမ်းများကို ရပ်လိုက်သည်။
“‘ကျွမ့်ယွမ်’ သခင်လေးက ကျွန်မရဲ့ စိတ်ကူးကိုတောင် ခန့်မှန်းနိုင်တာပဲ။” ဆန်းဝေဝေ၏ မျက်နှာတွင် ချီးကျူးသည့် အရိပ်အယောင်များ ပေါ်လာသည်။ “ကျွန်မ အနောက်ဘက် ဒေသကို ထွက်လာခဲ့တာက ပထမအချက် ကျွန်မရဲ့ စွမ်းအားကို မြှင့်တင်ဖို့ဖြစ်ပြီး၊ ဒုတိယ အချက်ကတော့ ဒီစစ်ပွဲကြီးကနေ အကျိုးအမြတ် အချို့ ရဖို့ပါ။ ဒါပေမဲ့ ကျွန်မရဲ့ လက်ရှိ စွမ်းအားက မလုံလောက်သေးတော့ ရန်သူ့စခန်းထဲကို တစ်ယောက်တည်း သွားဖို့က အန္တရာယ် များလွန်းတယ်။ တကယ်လို့ သခင်လေးရဲ့ အကာအကွယ်သာ ရှိရင်တော့ ကျွန်မ အတွက် ရေထဲက ငါးတစ်ကောင်လို လွတ်လွတ်လပ်လပ် သွားလာနိုင်မှာပါ။ အနောက် ဘက်ဒေသရဲ့ အရေးအကြီးဆုံး ထောက်ပံ့ရေးလမ်းကြောင်းက လျှို့ဝှက် ဆန်းကြယ်လှတဲ့ နတ်ဘုရားလက်နက်ဖြစ်တဲ့ ‘ရှေးဟောင်း လျှိုရှန်တံခါး’ဆိုတာ သခင်လေး သိလား။ အခု အဲဒီလက်နက်က ဘယ်မှာ ရှိနေလဲ၊ ဘယ်သူ့လက်ထဲမှာ ရှိနေလဲ ဆိုတာကို ကျွန်မ သိထား တယ်။ တကယ်လို့ ကျွမ့်ယွမ်သခင်လေးသာ ကျွန်မနဲ့ ပူးပေါင်းရင် အဲဒီနတ်ဘုရား လက်နက်ကို ကျွန်မတို့ သေချာပေါက် ရယူနိုင်မှာပါ။”
“မင်းက ‘ရှေးဟောင်း လျှိုရှန်တံခါး’ ဘယ်မှာ ရှိလဲဆိုတာ သိထားတယ် ဟုတ်လား။ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးတောင် ‘လုပ်ကြံသတ်ဖြတ်သူများခန်းမ မဟာမိတ်’ အဖွဲ့က ပညာရှင်တွေကို သုံးပြီး စုံစမ်းခိုင်းတာတောင် ဘယ်မှာရှိမှန်း မသိခဲ့ရဘဲ လူတွေပဲ အလဟဿ ဆုံးရှုံးခဲ့ရတာ။ မင်းက ဘယ်လိုလုပ် သိတာလဲ။” ဟုန်ယွိ အံ့အားသင့်သွား သည်။
“လူတိုင်းမှာ လျှို့ဝှက်ချက်အချို့ ရှိနိုင်တာပဲလေ။” ဆန်းဝေဝေက ဆိုသည်။ “အချုပ်ပြောရ ရင် အဲဒီနတ်ဘုရားလက်နက် ဘယ်မှာ ရှိလဲဆိုတာ ကျွန်မ သိတယ်။ ‘ကျွမ့်ယွမ်’ သခင်လေး ကျွန်မနဲ့ ပူးပေါင်းမလား။”
“ဒါပေါ့... မင်းသာ အဲဒီနတ်ဘုရားလက်နက် ရှိတဲ့နေရာကို သိတယ်ဆိုရင် ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ပူးပေါင်းမှာပါ။” ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။
“အရမ်းကောင်းတာပဲ... ဒါဆို အချိန်မဆွဲဘဲ မြို့ပြင်ကို ထွက်ကြရအောင်။” ဆန်းဝေဝေက ဆိုသည်။
“ဒါက အလွယ်လေးပါ။” ဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အသံတိတ် အလင်းတန်း တစ်ခုက ဆန်းဝေဝေကို လွှမ်းခြုံသွားပြီး နှစ်ယောက်သား အရိပ်အယောင် မကျန် ပျောက်ကွယ်သွားတော့သည်။
***