လမိုက်ညဖြစ်ပြီး လေပြင်းများက တိုက်ခတ်နေသည်။ လေတိုးသံများမှာ သရဲတစ္ဆေများ ငိုကြွေးသံနှင့် မိစ္ဆာများ ဟိန်းဟောက်သံကဲ့သို့ပင်။
ကျယ်ပြောလှသော ဂိုဘီသဲကန္တာရထဲရှိ အနောက်ဘက်ဒေသ မဟာမိတ်တပ်ဖွဲ့ စစ်စခန်း တစ်ခုလုံးတွင် မီးရှူးတိုင်များနှင့် မီးဖိုများကို နေရာအနှံ့ ထွန်းညှိထားသည်။ မျက်စိ တစ်ဆုံးကြည့်လိုက်လျှင် မိုင်ပေါင်းရာချီသော နယ်မြေအတွင်း၌ အိပ်စက်ခြင်းမရှိသည့် မြို့တော်ကြီးတစ်ခုအလား မီးရောင်များက လင်းထိန်နေသည်။
စခန်းအတွင်းရှိ တဲနန်းများကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပုံမှာ တစ်စုံတစ်ရာသော လျှို့ဝှက်ဆန်းကြယ်သည့် စစ်အစီရင် အခင်းကျင်းတစ်ခုအလားပင်။ ၎င်းမှာ အလွန်ပင် ပြောင်မြောက်လှသော အစီအရင် အခင်းကျင်းတစ်ခု ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျွန်များနှင့် သုံ့ပန်းများစွာတို့သည် မှောင်ရိပ်ကို အခွင့်ကောင်းယူ ကာ ပစ္စည်းများကို ဟိုမှသည်မှ သယ်ယူပို့ဆောင်နေကြပြီး ကျုံးများတူးခြင်း၊ သဲနှင့် ကျောက်တုံးများကို ပုံကာ မြို့ရိုးအကြမ်းထည်များကို တည်ဆောက်နေကြသည်။ မိုင်ပေါင်းရာချီ ကျယ်ဝန်းသော သဲကန္တာရထဲတွင် ကျွန်နှင့် သုံ့ပန်း သိန်းပေါင်းများစွာသည် အမှန်တကယ်ပင် မြို့တစ်မြို့ တည်ဆောက်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
အနောက်ဘက်ဒေသ စစ်တပ်သည် ပြန်လည်ဆုတ်ခွာရန် ဆန္ဒရှိပုံမရချေ။ ယင်းအစား သူတို့သည် တော်ဝင်ချန် စစ်တပ်ကို ရေရှည်တိုက်ခိုက်ရန်အတွက် ဤနေရာတွင် မြို့တည် နေကြခြင်း ဖြစ်သည်။
“ဒါက တကယ်ကို ရူးသွပ်တဲ့ လုပ်ရပ်ပဲ။ ဂိုဘီသဲကန္တာရထဲမှာ မြို့တည်တယ်ဆိုတာ။ ဒီမှာ တောတောင်တွေ ရေကန်တွေလည်း မရှိဘူး။ မြို့တည်ပြီးရင်တောင် မကြာခင်မှာ စွန့်ပစ်ခံ ဖြစ်မှာပဲ။ ဒါ့အပြင် လူအင်အား၊ ပစ္စည်းအင်အားနဲ့ ဘဏ္ဍာရေး အင်အားတွေ အများကြီး ကုန်ကျမယ်။”
မှောင်ရိပ်တစ်ခု လှုပ်ခါသွားပြီးနောက် ဟုန်ယွိနှင့် ဆန်းဝေဝေတို့ ပေါ်လာသည်။ သို့သော် လည်း သူတို့နှစ်ဦး၏ ဘေးပတ်လည်တွင် ဝေဝေဝါးဝါး လိုင်းများ ရှိနေဆဲဖြစ်ပြီး လူအားလုံး ၏ အမြင်အာရုံကို ဝေဝါးသွားစေသည်။
၎င်းမှာ ဆန်းဝေဝေ အသုံးပြုထားသော “မဟာရွှမ်မင်ပုံရိပ်ယောင်” ပညာရပ် ဖြစ်ပြီး၊ အလွန်တရာ အဆင့်မြင့်သော တာအိုပညာရပ်တစ်ခု ဖြစ်သည်။ ဟုန်ယွိက ထိုပုံရိပ်ယောင် ပညာ၏ နောက်ကွယ်တွင် ‘မြေအောက်ကမ္ဘာ ငရဲနတ်ဘုရား အမှောင်အခိုးအငွေ့’ တစ်လွှာကို ထပ်မံ ထည့်သွင်းထားသည်။ ၎င်းမှာလည်း ပုံရိပ်ယောင်ပညာရပ် တစ်မျိုးဖြစ် ပြီး၊ အနှစ်သာရ နတ်ဘုရားကျောင်း၏ တာအိုပညာနှင့် အရင်းအမြစ်တစ်ခုတည်း ဖြစ်သည်။ လူသားအင်မော်တယ် အဆင့်ရှိ ပညာရှင်တစ်ဦးပင်လျှင် ရုတ်တရက် သတိထား မိမည် မဟုတ်ပေ။
သူတို့နှစ်ဦးသည် ညအချိန်တွင် ရန်သူ့စခန်းကို လိုက်လံစစ်ဆေးရင်း “ရှေးဟောင်းလျှိုရှန် တံခါး” ရှိရာနေရာကို ရှာဖွေနေကြခြင်း ဖြစ်သည်။
စစ်စခန်း၏ အစွန်းဖျားသို့ ရောက်သည်နှင့် နေရာအနှံ့တွင် မြို့တည်နေကြသော ကျွန်များ ကို မြင်လိုက်ရသဖြင့် ဟုန်ယွိ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
“ရှေးဟောင်းလျှိုရှန်တံခါးရဲ့ စွမ်းအားနဲ့ဆိုရင် ရိက္ခာတွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပြီး ဒီသဲကန္တာရထဲမှာ မြို့တည်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဟိုးအဝေးက ကန်ကြီးကို ကြည့်လိုက်စမ်း။”
ဆန်းဝေဝေက အဝေးသို့ ညွှန်ပြလိုက်သည်။
ဟုန်ယွိ သေချာကြည့်လိုက်ရာ အမှန်ပင် မြေပြင်မှ ရေငွေ့များ ထွက်ပေါ်နေသည်။ စခန်း၏ နောက်ကွယ် သဲကန္တာရအလယ်တွင် မိုင်ပေါင်းများစွာ ရှည်လျားသော ရေအိုင်ငယ်လေး တစ်ခုက ဘယ်ကမှန်းမသိ ပေါ်ပေါက်နေ၏။ ပို၍ အရေးကြီးသည်မှာ ထိုကန်ဘေးတွင် စွန်ပလွံပင်များ ပြည့်နှက်နေခြင်း ဖြစ်သည်။
ကျွန်သိန်းပေါင်းများစွာ မြို့တည်နေစဉ်အတွင်း အချို့မှာ ပျိုးပင်များကို ယူဆောင်လာပြီး သဲကန္တာရထဲတွင် စိုက်ပျိုးနေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ရေပုံးတစ်ပုံးဖြင့် ရေလောင်းလိုက်ကြသည်။ ထိုပျိုးပင်များသည် ချက်ချင်းပင် အသက်စွမ်းအင်များ ထွက်ပေါ်လာပြီး အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်များကဲ့သို့ပင် သက်ရှိအားလုံး၏ ကြီးထွားမှုကို လှုံ့ဆော်ပေးနေသည်။
ညနေခင်းတုန်းက ဤနေရာတွင် သဲကန္တာရ စခန်းတစ်ခုသာ ဖြစ်သော်လည်း၊ ယခုမူ ရေကန်များနှင့် ရေလမ်းကြောင်းများပါ ရှိနေပြီဖြစ်သည်။ သစ်ပင်ပေါင်း ထောင်ချီ စိုက်ပျိုး ထားပြီး မြို့ရိုးများမှာလည်း တဖြည်းဖြည်း ပုံဖော်နေပြီ ဖြစ်သည်။
မနက်ဖြန် မနက်ခင်း တော်ဝင်ချန် စစ်သည်များ နိုးလာပြီး ကြည့်လိုက်ပါက သဲကန္တာရ မြို့တော်ကြီးတစ်ခု တိတ်တဆိတ် ပေါ်ပေါက်နေသည်ကို တွေ့ရမည်မှာ ဧကန်မလွဲပေ။ ၎င်းမှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင်။
မနက်ဖြန် နံနက်တွင် ဤမြင်ကွင်းသည် တော်ဝင်ချန်စစ်သည်များနှင့် အရပ်သား သန်းပေါင်းများစွာကို မည်မျှအထိ တုန်လှုပ်စေမည်ကို ခန့်မှန်းရန် မခက်ခဲပေ။ ၎င်းသည် သူတို့၏ စိတ်ဓာတ်ကို ထိုးနှက်လိုက်သလို ဖြစ်စေပြီး စစ်ရေးအရှိန်အဝါကို လျော့နည်း စေမည် ဖြစ်သည်။
“အခု တော်ဝင်ချန် စစ်သည်တွေနဲ့ အရပ်သားတွေရဲ့ စိတ်ထဲမှာတော့ အနောက်ဘက်ဒေသ မဟာမိတ်တပ်တွေဟာ ဒီသဲကန္တာရထဲမှာ ကြာကြာမနေနိုင်ဘူးလို့ ထင်နေကြတာ။ ဘာလို့လဲဆိုတော့ ဝေးလံတဲ့ ရိက္ခာလမ်းကြောင်းကြောင့် သူတို့ ရိက္ခာပြတ်ပြီး သေသွား လိမ့်မယ်လို့ ထင်နေကြလို့ပဲ။ ဒါပေမဲ့ အခု သူတို့ကို မြို့တည်ခွင့် ပေးလိုက်မယ်ဆိုရင်တော့ မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တွေအပါအဝင် အားလုံး စိတ်ဓာတ်ကျကုန်မှာ သေချာတယ်။ စိတ်နှလုံးခိုင်မာတဲ့ သိုင်းသူတော်စင်ကလွဲလို့ ကျန်တဲ့သူတွေဟာ ဒီလို အံ့ဖွယ်ဖြစ်ရပ်ဆန်းကို မြင်ရင် တုန်လှုပ်သွားပြီး ခုခံလိုစိတ် ပျောက်ကွယ်သွားလိမ့်မယ်။ ဒါပေမဲ့ တစ်ခုရှိတာက ကျွန်တော့်ရဲ့ တာအိုပညာတွေနဲ့တောင် ဒီလို စစ်တပ်ကြီးရဲ့ အကူအညီနဲ့ သဲကန္တာရထဲမှာ မြို့တစ်မြို့ကို တစ်ညတည်းနဲ့ တည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
ဟုန်ယွိပုံစံက စိတ်ရှုပ်ထွေးနေသည့် အမူအရာ ရှိနေသည်။ မူလက တော်ဝင်ချန် စစ်တပ်က သေချာပေါက် အနိုင်ရမည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် ယခုမူ အနောက်ဘက် ဒေသ၏ ယဉ်ကျေးမှုမှာ တကယ်ကို ထူးခြားလှသည်။ အကယ်၍, မြို့သာ တည်ထောင်ပြီး သွားလျှင် ရလဒ်ကို ခန့်မှန်းရန် ခက်ခဲသွားပေလိမ့်မည်။
ထို့အပြင် မျိုးရိုးမြင့် မိသားစုကြီးများ၏ နှောင့်ယှက်မှုများကြောင့် တော်ဝင်ချန် နယ်စပ်မှာ အမှန်ပင် ကျိုးပေါက်သွားခြေ ရှိနေသည်။ ဤအရာက ဟုန်ယွိ အဖြစ်မခံနိုင်ဆုံး အရာဖြစ် သည်။ ထို့ကြောင့် သူသည် “ရှေးဟောင်းလျှိုရှန်တံခါး” ကို သေချာပေါက် သိမ်းပိုက်ရမည်။
“ရှေးဟောင်းလျှိုရှန်တံခါးရဲ့ မူလကိုယ်ထည်က အနောက်ဘက်ဒေသ ‘ဟွာလျှို’ နိုင်ငံရဲ့ ဘုရင် ‘အသောက’ ရဲ့ လက်ထဲမှာ ရှိတာ။ သူရဲ့ ဘေးပတ်လည်မှာ ပညာရှင်တွေ အများကြီး ရှိတယ်၊ အထူးသဖြင့် ဟွာလျှိုနိုင်ငံရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဧကရာဇ်အကြံပေးနဲ့ ‘မြင့်မြတ်သူရဲကောင်း’ (၁၂) ဖော်ပေါ့။ ဒါ့အပြင် သူ့နောက်မှာ စုန်းကဝေ စစ်တပ်ကြီးလည်း ပါလာသေးတယ်။ အဲဒီစုန်းကဝေစစ်တပ်ရဲ့ ဗိုလ်ချုပ် ‘ခန်း’ ဆိုရင် အနှစ်သာရ နတ်ဘုရား ကျောင်းက ယဇ်ပုရောဟိတ် (၄) ယောက်ထက်တောင် ပိုပြီး စွမ်းအားကြီးသေးတယ်။ အဲဒီအပြင် ဒီဘုရင်က ရှေးဟောင်း ဧကရာဇ် ‘မိုရာ’ ရဲ့ သွေးမျိုးဆက်ကိုပါ ပိုင်ဆိုင်ထား တာ။ သူရဲ့သိုင်းပညာက နတ်ဘုရားတန်ခိုးရှင်ဘုရင် ထက်တောင် ပိုစွမ်းသေးတယ်။ သူက လူသားအင်မော်တယ် ဖြစ်နေပြီလား ဆိုတာတော့ မသိရသေးဘူး။ “ရှေးဟောင်းလျှိုရှန် တံခါး”ကို သုံးလိုက်တာနဲ့ ပုံရိပ်ယောင်တံခါးတွေ အများကြီး ပေါ်လာလိမ့်မယ်။ အဲဒီတံခါး တွေကတစ်ဆင့် အစစ်မှန်ကမ္ဘာနဲ့ ဆက်သွယ်နိုင်သလို ပုံရိပ်ယောင် ချောက်နက်ကြီးထဲကို လည်း ကျဆင်းသွားစေနိုင်ပြီး ဘယ်တော့မှ ပြန်မထွက်နိုင်တော့ဘူး။ အဲဒါက ဘယ် ‘အသေးစားကမ္ဘာငယ်’ ပစ္စည်းထက်မဆို ပိုစွမ်းထက်ပြီး ရန်သူကို ကာကွယ်ဖို့အတွက် အကောင်းဆုံး လက်နက်ပဲ။ အခု အနောက်ဘက်ဒေသက မင်းညီမင်းသားတွေထဲမှာ ‘မူလဝိညာဉ်နတ်ဘုရားထံမှ ကောင်းချီးပေးမူ ခံထားရသူ ဘယ်သူမဆို တံခါးတစ်ခုကို ဖွင့်နိုင်ပြီး အဲဒီတံခါးကနေ ရိက္ခာတွေ ရနိုင်တယ်။ အဲဒီတံခါးတွေက ပုံရိပ်ယောင်တံခါးတွေ ပဲ။ လက်တွေ့ဘဝကို ပုံရိပ်ယောင်နဲ့ အစားထိုးနိုင်ရုံနဲ့တင် ဒီလျှိုရှန်တံခါးက ရှေးခေတ် သူတော်စင် ဧကရာဇ်တွေ သွန်းလုပ်ခဲ့တဲ့ နတ်ဘုရားလက်နက်တွေနဲ့ ယှဉ်နိုင်နေပြီ။”
ထိုအချိန်တွင် ဆန်းဝေဝေက ဟုန်ယွိကို အသေးစိတ် ရှင်းပြနေခြင်း ဖြစ်သည်။
“ပြီးတော့ ဘုရင် ‘အသောက’၊ သူရဲ့ ဧကရာဇ်အကြံပေး၊ မြင့်မြတ်သူရဲကောင်းတွေနဲ့ စုန်းကဝေစစ်တပ်တွေဟာ ဒီပုံရိပ်ယောင်တံခါးတွေကတစ်ဆင့် စခန်းထဲကို အချိန်မရွေး ပေါ်လာနိုင်တယ်။ တစ်နည်းပြောရရင် နေရာတစ်ခုမှာ ပုံရိပ်ယောင်တံခါး တစ်ခုခု ရှိနေသ ရွေ့ လျှိုရှန်တံခါးကို ပိုင်ဆိုင်ထားသူက အဲဒီနေရာကို အရောက်သွားနိုင်တယ်။ ဥပမာ ရှင်က လျှိုရှန်တံခါး ပိုင်ဆိုင်ထားရင် နန်းမြို့တော်က ဧကရာဇ်ရဲ့ အိပ်ဆောင်ထဲမှာ လျှို့ဝှက် ပုံရိပ်ယောင်တံခါးတစ်ခု ထားခဲ့လို့ရတယ်။ ရှင် ဘယ်နေရာမှာပဲ ရှိရှိ အချိန်မရွေး အဲဒီတံခါးကနေ နန်းတော်ထဲကို ပြန်သွားနိုင်တယ်။ ရန်သူက အဲဒီတံခါးကို ဖြတ်လာတဲ့ အခါ ရှင့်ရဲ့အစစ်မှန် ခန္ဓာကိုယ်ကို ရှာမတွေ့ဘဲ အဆုံးမရှိတဲ့ ပုံရိပ်ယောင်တွေ ကြားထဲမှာပဲ လမ်းပျောက်နေလိမ့်မယ်။ အဲဒီချောက်နက်ထဲမှာ မိုးကြိုးကပ်ဘေး ပညာရှင်တစ်ယောက် တောင် သေနိုင်တယ်။ အဆင့် (၆) မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး လေဟာနယ်ကို ဖောက်ထွက်နိုင်တဲ့ တာအိုပညာရှင်ဖြစ်ပဲ အသက်ရှင်လျက် လွတ်မြောက်နိုင်မှာ။”
“မူလက အဲဒီတံခါးက “မူလဝိညာဉ်နတ်ဘုရား” ရဲ့ ခန္ဓာကိုယ်ထဲက ပစ္စည်းတစ်ခုပဲ။ ဒီလက်နက်ပိုင်ဆိုင်တဲ့ မူလဝိညာဉ်နတ်ဘုရားကို ရှေးခေတ် သူတော်စင် ဧကရာဇ် ‘ယန်စိတ်ဝိညာဉ်’ အဆင့်ရှိသူ သို့မဟုတ် ‘လေဟာနယ် ဖျက်ဆီးခြင်းအဆင့်’ သိုင်းပညာရှင် မှပဲ သတ်ဖြတ်နိုင်တာ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘူး အဲဒီနတ်ဘုရားက ဒီလက်နက်ကို အန်ထုတ်ပြီး တော်ဝင်ချန်ကို တိုက်ခိုက်ဖို့ ဘုရင် ‘အသောက’ ဆီ ပေးလိုက်တာပဲ။”
“ရှေးဟောင်းလျှိုရှန်တံခါးက ဒီလောက်တောင် စွမ်းတာလား၊” မူလဝိညာဉ်နတ်ဘုရားထံမှ နတ်ဘုရားလက်နက်အကြောင်း ဆန်းဝေဝေ၏ ရှင်းပြချက်ကို ကြားပြီးနောက် ဟုန်ယွိ အံ့သြစွာ ရေရွတ်လိုက်မိသည်။
ဤနတ်ဘုရားလက်နက်သည် ဒိုင်ဇင်ဘုရားကျောင်းရှိ ‘စကြာဝဠာအိတ်’ ထက် အမှန်ပင် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေသည်။
“ဒါပေမဲ့ မူလဝိညာဉ်နတ်ဘုရားက ရူးနေတာ မဟုတ်လောက်ဘူး။ သူက လူသားအဖြစ် ပြောင်းလဲဖို့ နည်းလမ်းကို ရှာနေတာ ဖြစ်နိုင်တယ်။” ဟုန်ယွိသည် ‘ကျိရှန်းထျန်း’ ကို သတိရလိုက်မိသည်။
“နတ်ဘုရားက လူသားအဖြစ် ပြောင်းလဲမယ် ဟုတ်လား၊” ဆန်းဝေဝေ ကြောင်အသွား သော်လည်း ထပ်မမေးတော့ပေ။ “‘ကျွမ့်ယွမ် သခင်လေး... ရှင့်ရဲ့ ကျင့်စဉ်အဆင့်နဲ့ဆိုရင် ပုံရိပ်ယောင်တံခါး တစ်ခုခုကို ရှာဖွေပြီး အဲဒီထဲဝင်လိုက်တာနဲ့ လျှိုရှန်တံခါးရဲ့ မူလ ကိုယ်ထည် တည်ရှိမယ့်နေရာကို ကျွန်မတို့ သိနိုင်လိမ့်မယ်။ အဲဒီအခါကျရင် လေဟာနယ် ကို ဖောက်ထွက်ပြီး ဘုရင် ‘အသောက’ ကို တစ်ချက်တည်းနဲ့ သတ်နိုင်သလို၊ ဒီနတ်ဘုရား လက်နက်ကို သိမ်းပိုက်လိုက်ရင် အနောက်ဘက်ဒေသ စစ်တပ်လည်း ချက်ချင်း ပြိုကွဲသွား မှာပဲ။”
“ဒါက အပြောလွယ်ပြီး အလုပ်ခက်မယ်။ ဒါပေမဲ့ ဒီနတ်ဘုရား လက်နက်ရဲ့ စွမ်းအားကို ကျွန်တော် တကယ်ပဲ ကြည့်ချင်မိတယ်။ မင်းပြောပုံအရဆိုရင် ဒီစခန်းထဲမှာ ပုံရိပ်ယောင် တံခါးတွေ အများကြီး ရှိနေမှာဆိုတော့ ရှာဖွေရတာ မခက်လောက်ပါဘူး။ ကျွန်တော် တစ်ချက် စမ်းကြည့်မယ်။”
ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် အနောက်ဘက်ဒေသ စခန်းအတွင်း၌ လူတစ်ထောင်ဆံ့သော ‘အမိုးခုံးတဲ’ ကြီးတစ်ခု ရှိသည်။ တဲ၏အလယ်တွင် ကျားရေခင်းထားသော ဧရာမ ကုလားထိုင်ကြီး တစ်လုံး ရှိနေသည်။ ထိုနေရာတွင် ပိုးထည်များ ဝတ်ဆင်ထားပြီး ကတုံးပြောင်ပြောင် အမျိုးသားတစ်ဦး ထိုင်နေသည်။ ထိုသူမှာ အလွန်ပင် ခန့်ညားထည်ဝါလှ၏။ သူ၏ မျက်လုံးများက အနောက်ဘက်ဒေသ၏ အဖိုးတန်ဆုံး ‘ကြောင်မျက်လုံး နဝရတ်’ ကျောက်များကဲ့သို့ပင် ဆန်းကြယ်ပြီး နက်ရှိုင်းစွာ ဝင်းလက်နေသော်လည်း၊ သူ၏ မျက်ဝန်း အိမ် နက်ရှိုင်းရာတွင်မူ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ရှိနေသည်။
ထိုလူသည် အနည်းဆုံး ဆယ်ပေခန့် အရပ်ရှည်ပြီး ခါးပတ်ပတ်လည်မှာလည်း အလွန်တရာ ထွားကျိုင်းလှ၏။ ဝက်ဝံများပင် သူ့လောက် သန်မာမည် မဟုတ်ပေ။ ဝံပုလွေများပင် သူ့လို ထက်မြက်မည် မဟုတ်ဘဲ၊ လင်းယုန်များပင် သူ့မျက်လုံးများကဲ့သို့ တောက်ပမည် မဟုတ် ပေ။ ကျားသစ်များပင် သူ့လို လျင်မြန်မည် မဟုတ်ဘဲ၊ မြင်းများပင် သူ့လို ဇွဲမရှိနိုင်သလို ကုလားအုတ်များပင် သူ့လို ခံနိုင်ရည်မျိုး မရှိနိုင်ပေ။
သူသည် ‘ဟွာလျှို’ နိုင်ငံ၏ ရှေ့ပြေးမင်းသား၊ ရှေ့ပြေးတပ်သား သုံးသိန်းကို ကွပ်ကဲရသည့် ဗိုလ်ချုပ်ကြီး မင်းသား ‘ကာစီ’ ပင် ဖြစ်သည်။ သူ၏ ဂုဏ်သိက္ခာမှာ မင်းသား ‘အာဒီ’ ပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်သည်။
တော်ဝင်ချန် စစ်ဘက်ရေးရာဌာနတွင်မူ ဤမင်းသားသည် ‘မဟူရာဝံပုလွေဘုရင်’ ဘီရှီဟွာ ပြီးလျှင် ဒုတိယမြောက် အန္တရာယ်အရှိဆုံးလူ ဖြစ်သည်။ သူ၏ဦးခေါင်းကို ရယူနိုင်သူ မည်သူမဆို ‘မြို့စား’ ဘွဲ့ ချီးမြှင့်ခံရမည် ဖြစ်သည်။
တော်ဝင်ချန် နယ်စပ်ရှိ စစ်သည်များ၏ စိတ်ထဲတွင်မူ ဤမင်းသားကို ကြောက်မက်ဖွယ် နာမည်ဝှက်တစ်ခု ပေးထားသည်။ ၎င်းမှာ “ရက်စက်မိစ္ဆာ” ပင် ဖြစ်သည်။
“ရက်စက်မိစ္ဆာ” ကာစီသည် တော်ဝင်ချန် နယ်စပ်ရှိ စစ်သည်များစွာအတွက် အိပ်မက်ဆိုး တစ်ခု ဖြစ်သည်။ သူသည် ကျုးလစ်မြို့စား လော့ဒင်ထက် အဆပေါင်းများစွာ ပိုမို စွမ်းအား ကြီးမားသည်။
ထိုအချိန်တွင် ‘အမိုးခုံးတဲ’ အတွင်း၌ “ရက်စက်မိစ္ဆာ” ကာစီသည် စစ်ဗိုလ်ချုပ် ကုလားထိုင် ပေါ်တွင် ထိုင်နေ၏။ သူ၏လက်ဝဲဘက်ရှိ ခုံတန်းရှည်တွင် လေးလံလှသည့် သံချပ်ကာများ အပြည့်ဝတ်ဆင်ထားသည့် အနောက်ဘက်ဒေသ စစ်သည်များ ပြည့်နှက်နေသည်။ သူ၏ လက်ယာဘက်တွင်မူ ဝတ်ရုံဖြူများ ဝတ်ဆင်ကာ ကျောက်မျက်မျိုးစုံ စီခြယ်ထားပြီး တောင်ဝှေးများကို ကိုင်ဆောင်ထားသူများ ရှိနေသည်။ သူတို့၏ မူလစိတ်ဝိညာဉ်များကို ထိန်းချုပ်ထားပုံအရ သူတို့သည် တာအိုပညာကို ကျင့်ကြံသူများ ဖြစ်ကြောင်း ထင်ရှားလှ သည်။
အမိုးခုံးတဲ၏အလယ်တွင် အနည်းဆုံး ခြေလှမ်း တစ်ရာခန့် ရှည်လျားသော လေးထောင့် စားပွဲကြီး တစ်လုံး ရှိသည်။ စားပွဲပေါ်တွင် ဘဲကင်၊ ကြက်ကင်၊ ဝက်လေးကင်၊ သိုးကင်နှင့် အခြားသော အရသာရှိလှသော အစားအစာများ ပြည့်နှက်နေ၏။ သစ်သီးမျိုးစုံ၊ ရွှေလင်ဗန်း များ၊ ဓားနှင့် ခက်ရင်းများလည်း ရှိနေသည်။
ဘေးတွင် တောက်ပနေသော စပျစ်ဝိုင်အိုးကြီးများကိုလည်း ထားရှိပြီး လှပသော ‘အကမယ်’ အမျိုးသမီးလေးများက ခစားနေကြသည်။ အမျိုးသမီးများစွာသည် ပါးလွှာလှ သော အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး လှပသော အကများဖြင့် ဖျော်ဖြေ ကပြ နေကြသည်။ ထိုအမျိုးသမီးများမှာ အမှန်စင်စစ် တော်ဝင်ချန်၏ နယ်မြေများမှ အဓမ္မ ဖမ်းဆီးခေါ်ဆောင်လာသော အမျိုးသမီးများဖြစ်ပြီး ကျွန်အကမယ်များအဖြစ် ခိုင်းစေခံနေ ရခြင်း ဖြစ်သည်။
သံသယဖြစ်စရာမပေ၊ ဗိုလ်ချုပ်ကြီး “ရက်စက်မိစ္ဆာ” ကာစီသည် စားသောက်ပွဲကြီးတစ်ခု ကျင်းပနေခြင်း ဖြစ်သည်။
သို့သော်လည်း လေးထောင့်စားပွဲ၏ အခြားတစ်ဖက်တွင်မူ ဝတ်ရုံဝါကို ဝတ်ဆင်ကာ ဦးခေါင်းတွင် ခရမ်းရောင် ရွှေသရဖူကို ဆောင်းထားသော လူငယ်တစ်ဦး ရှိနေသည်။
“ဂုဏ်ယူပါတယ် မင်းသားကြီး။ ဒီတစ်ခါတော့ ကျုးလစ်မြို့စား အဲဒီအရူးကောင်က အောင်မြင်မှုအပေါ် လောဘတက်ပြီး ချက်ချင်း အဖမ်းခံလိုက်ရတယ်။ တိုင်းပြည်ထဲမှာ သူ့မိသားစု အဆင့်အတန်းက သေချာပေါက် ကျဆင်းသွားတော့မှာပဲ။ သူပိုင်ဆိုင်တဲ့ မြေကွက်တွေ၊ ကျွန်တွေ၊ စစ်သားတွေ၊ ရဲမက်တွေ၊ ရွှေငွေတွေနဲ့ အလှလေးတွေကိုတောင် မင်းသားကြီး တစ်ယောက်တည်း ခံစားနိုင်တော့မှာပါ။”
ထိုလူငယ်မှာ မဟာကျိုးမင်းဆက်၏ တတိယမင်းသား ‘ကျိုး’ ဖြစ်သည်။ သူသည် စပျစ်ဝိုင် ခွက်ကို ကိုင်ကာ ဖြည်းညှင်းစွာ သောက်ရင်း “ရက်စက်မိစ္ဆာ” မင်းသား ကာစီကို ပြောနေ ခြင်း ဖြစ်သည်။ သူပြောနေသော ဘာသာစကားမှာ အနောက်ဘက်ဒေသ၏ ‘ဟွာလျို’ ဘာသာစကား ဖြစ်သည်။ သူ၏ အသံထွက်မှာ အနောက်ဘက်ဒေသ လေယူလေသိမ်း အတိုင်း အလွန်ပင် ပြည့်စုံလှသည်။
“ဒါက ဘာမှမဟုတ်သေးပါဘူး။ ကောင်းကင်နိုင်ငံ နယ်မြေကြီးကို သိမ်းပိုက်ပြီးရင်တော့ လူဦးရေ သန်းတစ်ထောင်၊ မိုင်ပေါင်း သောင်းချီတဲ့ မြေယာနဲ့ ဓနဥစ္စာတွေ ရှိလာတော့မှာ။ ကောင်းကင်နိုင်ငံမှာ လူသန်းတစ်ထောင် ရှိရင် ကျွန်သန်းတစ်ထောင် ရှိတာပဲ။ အဲဒါတွေက ငါ ခံစားဖို့အတွက် လုံလောက်ပါတယ်။”
“ရက်စက်မိစ္ဆာ” မင်းသား ကာစီသည် တတိယမင်းသား ကျိုး၏ စကားကို ကြားသောအခါ သူ့မျက်လုံးများတွင် ရက်စက်သော အမူအရာများ ဝင်းလက်သွားသည်။ “မင်းက မဟာကျိုး မင်းဆက်ရဲ့ မင်းသားတစ်ပါးပဲ။ ငါ့ကို ကူညီပါ။ ကောင်းကင်နိုင်ငံကို သိမ်းပိုက်ပြီးရင် မင်းကို ပြည်နယ် (၁၀) ခုရဲ့ ဘုရင်ခံအဖြစ် ငါ ခန့်ပေးမယ်။”
“အို... မင်းသား ကာစီရဲ့ အလိုရမ္မက်က တော်တော်ကြီးတာပဲ။” တတိယမင်းသား ကျိုးက ပြုံးလိုက်သည်။
“ဟား….၊ ဟား…။” “ရက်စက်မိစ္ဆာ” ကာစီ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လှုပ်ရှားသွား သည်။ တတိယမင်းသား ကျိုးသည် ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့သက်များကို ခံစားလိုက်ရသဖြင့် ရုတ်တရက် ထရပ်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် ရှေးဟောင်း မိစ္ဆာဘုရင်တစ်ပါးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ တဲတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ရှူး….။
ဓားအလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားသည်။
ခေါင်းတစ်လုံးက မြေပေါ်သို့ ပြတ်ကျသွားပြီး သွေးများ ပန်းထွက်လာသည်။
အမျိုးသမီးများ၏ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
၎င်းမှာ တော်ဝင်ချန်မှ အကမယ်လေးတစ်ဦး ဖြစ်သည်။ “ရက်စက်မိစ္ဆာ” ကာစီသည် သူမ၏ ဦးခေါင်းကို ဓားဖြင့် ဖြတ်ချလိုက်ခြင်း ဖြစ်သည်။ သွေးမြူများ ပျံ့လွင့်သွားပြီး ကျန်ရှိ သော အကမယ်များမှာ ကြောက်လန့်တကြားနှင့် တဲ၏ ထောင့်တစ်နေရာတွင် ကပ်ကာ မှင်တက်နေကြသည်။
ရှူး...
“ရက်စက်မိစ္ဆာ” ကာစီသည် လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး လေထဲရှိ လှပသော အမျိုးသမီးလေး၏ သွေးနံ့ကို ခံစားနေပုံရသည်။ တစ်ချိန်တည်းမှာပင် သူသည် မြေပေါ်ရှိ ဦးခေါင်းကို ညွှန်ပြကာ ပြောလိုက်သည် “အလှလေးရဲ့ ခေါင်းက ဝိုင်သောက်ဖို့ အကောင်း ဆုံးပဲ။ ပန်းပဲဆရာတွေ ဘယ်မှာလဲ။ ဒီခေါင်းကို ဝိုင်ခွက်တစ်ခုအဖြစ် လုပ်လိုက်စမ်း။”
ထို့နောက် ပန်းပဲဆရာတစ်ဦးသည် အမြန်ပြေးဝင်လာကာ အပြစ်မဲ့သော အကမယ်လေး၏ အလောင်းနှင့် ဦးခေါင်းကို အပြင်သို့ သယ်ထုတ်သွားတော့သည်။
ဤမြင်ကွင်းကြောင့် တတိယမင်းသား ကျိုး၏ အမွှေးအမျှင်များပင် ထောင်သွားတော့ သည်။ သူ၏ အတွေးစတိုင်းမှာ တုန်လှုပ်နေသည်။ သူသည် မိုးကြိုးကပ်ဘေး (၃) ကြိမ် ကျော်ဖြတ်ထားသော်လည်း ဤမျှအထိ အရိုင်းအစိုင်းဆန်သော လူမျိုးကို တစ်ခါမျှ မတွေ့ဖူးပေ။
“ရက်စက်မိစ္ဆာ” ကာစီသည် သိုင်းသူတော်စင်အဆင့်၏ အထွက်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ ဤတဲကြီးအတွင်း၌လည်း ပညာရှင်များစွာ ပုန်းအောင်းနေကြသည်။ သူသည် တစ်ယောက်တည်း ဖြစ်သည်။ သူသည် ပျံထွက်သွားနိုင်လျှင်တောင် သူ၏ ခန္ဓာကိုယ်မှာ ကျန်ရစ်ခဲ့မည် ဖြစ်သည်။ အထူးသဖြင့် သူ၏ စိတ်ဝိညာဉ် အတွေးစများပင်လျှင် ပျံထွက် နိုင်ပါ့မလား မသေချာပေ။
အဘယ့်ကြောင့်ဆိုသော် ကာစီ၏ နောက်ကွယ်တွင် ဧရာမ ကင်းဗတ်စခရင်ကြီးတစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ ၎င်းမှာ ဆယ်ပေခန့် မြင့်မားသည်။ ထိုကင်းဗတ်စခရင်ပေါ် တွင် ‘ရှေးဦးဖရိုဖရဲစွမ်းအင်’ များ အမြဲ စီးဆင်းနေသည့် ဧရာမ တံခါးကြီးတစ်ခု ရှိနေသည်။
“ငါ့ရဲ့ဓားရေးကို တတိယမင်းသား ကျိုး ဘယ်လို ထင်လဲ။” “ရက်စက်မိစ္ဆာ” ကာစီသည် သူ ဘာမှမလုပ်ခဲ့သကဲ့သို့ ပလ္လင်ပေါ်တွင် မတ်မတ်ထိုင်ကာ မိစ္ဆာဘုရင်တစ်ပါးကဲ့သို့ တဟားဟား ရယ်မောနေသည်။
“ဒီ ‘ရက်စက်မိစ္ဆာ’ ကာစီက တကယ်ပဲ ဒီလောက်ထိ ရိုင်းစိုင်းတာလား။ ‘ချန်ပီယံမြို့စား’ ယန်အန်းကတော့ သူက အနောက်ဘက်ဒေသရဲ့ အမြင့်ဆုံး နတ်ဘုရားဖြစ်တဲ့ “မူလ ဝိညာဉ်နတ်ဘုရား” ရဲ့ လူသားအသွင်ပြောင်းပုဂ္ဂိုလ်နဲ့ သွေးသောက်ညီအစ်ကိုဖွဲ့ထားတယ် ဆို။ အဲဒီမူလဝိညာဉ် နတ်ဘုရားက သူ့အစ်ကိုကြီးဆိုပဲ၊ ပြီးတော့ ငါ့ကို ရှေ့တန်း စစ်စခန်း ကို အရင်သွားနှင့်ဖို့လည်း သူက ခိုင်းလိုက်တာ။ ငါ ဒီအကြောင်းတွေကို ထုတ်ပြောသင့် လား။ တကယ်လို့, ငါ ထုတ်ပြောလိုက်လို့ သူတို့နတ်ဘုရားကို စော်ကားသလို ဖြစ်သွားရင် ငါပဲ ဒုက္ခရောက်မလား မသိဘူး။”
တတိယမင်းသား ကျိုးက တွေးနေမိသည်။
“ဒီ ‘ချန်ပီယံမြို့စား’က အမှန်အတိုင်း ပြောနေတာလား၊ လိမ်နေတာလား။ နတ်ဘုရား တစ်ပါးနဲ့ သွေးသောက်ညီအစ်ကို တော်တယ်ဆိုတာ နည်းနည်းတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူရဲ့ကံကောင်းမှုတွေနဲ့ ဆိုရင်တော့ ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ငါကတော့ ဒါကို မဖြစ်နိုင်ဘူး လို့ပဲ ထင်တုန်းပဲ။”
“တတိယမင်းသား ကျိုး... မင်း ဘာလို့ ဘာမှမပြောတာလဲ။ မင်းက ငါ့စခန်းရဲ့ စစ်ရေး အခြေအနေကို လာချောင်းတာလား။ အဲဒီလိုသာဆိုရင်တော့ မင်းရဲ့ခေါင်းကို အပေါ့စွန့်တဲ့ အိုးအဖြစ် ပြုလုပ်ပစ်ဖို့ ငါ ဝန်မလေးဘူးနော်။” “ရက်စက်မိစ္ဆာ” ကာစီက ရက်စက်သော အပြုံးဖြင့် ပြောလိုက်သည်။
“မင်း သေရတော့မယ် ကာစီ။ မင်းရဲ့ခေါင်းကိုပဲ ငါက အပေါ့စွန့်တဲ့အိုး လုပ်ပစ်မှာ။”
ထိုခဏတွင် လေဟာနယ်ထဲမှ နက်ရှိုင်းပြီး အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ ဟုန်ယွိပင် ဖြစ်သည်။
***