လောကကြီးကတော့ တကယ်ပဲ ကသောင်းကနင်း ဖြစ်တော့မှာပါပဲ။ ‘ချန်ပီယံမြို့စား’ ဟာ ချင်ပြည်နယ်ရဲ့ နယ်စပ်မှာ စစ်သည်အင်အား သိန်းချီ ပိုင်ဆိုင်ထားတယ်။ သူက စီးပွားရေး အင်အားလည်း တောင့်တင်းသလို သူ့နာမည်အောက်မှာ ကုန်သည်အုပ်စု ပေါင်းစုံလည်း ရှိနေတာ။ တော်ဝင်ချန်ဧကရာဇ်က သူ့ကို စိတ်ကျေနပ်အောင် ‘ယန်’ ဆိုတဲ့ မျိုးရိုးအမည်ကို တောင် ချီးမြှင့်ထားခဲ့တာလေ။ တကယ်လို့, သူသာ တကယ် ပုန်ကန်ခဲ့ရင် အနောက်ဘက် ဒေသရဲ့ မငြိမ်မသက်မှုတွေ၊ နောက်ပြီး အထက်တန်းစား မိသားစုကြီးတွေရဲ့ ဂဏာမငြိမ် ဖြစ်မှုတွေနဲ့ ပေါင်းလိုက်ရင်...” ဆန်းဝေဝေရဲ့ ခန္ဓာကိုယ်က သူမစိတ်ထဲမှာ ဖြစ်ပေါ်နေ သည့် လှိုင်းတံပိုးတွေကြောင့် အနည်းငယ် တုန်ယင်သွားတော့သည်။
“ခြောက်လှန့်နေတဲ့ စကားတွေပါပဲ။”
ဟုန်ယွိ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး တတိယမင်းသားကျိုးကို ကြည့်လိုက် သည် “တော်ဝင်ချန် ဧကရာဇ်နဲ့ ဟုန်ရွှန်ကျိတို့ ရှိနေသရွေ့ ‘ချန်ပီယံမြို့စား’ ဟာ မပုန်ကန် ရဲသေးပါဘူး။ ဒါ့အပြင် ဒီကမ္ဘာလောကက ပြည်သူတွေဟာ အခုထိ အေးချမ်းနေတုန်းပဲ၊ သူ စစ်ပွဲတစ်ခုကို အလွယ်တကူ မစတင်နိုင်ပါဘူး။ မုန့်ရှန်းကျီနဲ့ မူလဝိညာဉ်နတ်ဘုရားတို့ ကြားက သဘောတူညီချက် ဆိုတာကလည်း မင်းပြောသလို ဟုတ်မဟုတ်ဆိုတာ သံသယ ဖြစ်စရာတွေ ရှိနေသေးတယ်။ ဒါပေမဲ့ ဆုမူပြောခဲ့သလို မုန့်ရှန်းကျီက လုပ်လိမ့်မယ်လို့ ငါ မယုံဘူး။ သူက မူလဝိညာဉ်နတ်ဘုရားကို သတ်ပြီး အနှစ်သာရနတ်ဘုရားကျောင်းထဲက နတ်ဆိုးနတ်ဘုရားသွေးကို ခိုးယူမယ်၊ အဲဒီလိုလုပ်ပြီး တခြားလူတွေကို အခွင့်အရေးပေး မယ် ဆိုတာမျိုးပေါ့။ ဒါက ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့ကို ကိုင်တွယ်ဖို့အတွက် ထောင်ချောက် တစ်ခု ဖြစ်ဖို့ များတယ်။ ဒါက ငါ့ရဲ့ ခန့်မှန်းချက်အတွင်းမှာပဲ ရှိပါတယ်။ မုန့်ရှန်းကျီက ‘ချန်ပီယံမြို့စား’ ကို ထောက်ခံနေတယ် ဆိုတာကိုတော့ ငါလည်း သိပြီးသားပါ။ ဒါပေမဲ့ တိုင်ရှန်တာအိုဂိုဏ်းဟာ တစ္ဆေအင်မော်တယ်အဆင့် ဧကရာဇ်တွေကို သတ်ဖြတ်ရမယ် ဆိုတဲ့ မူဝါဒကို အမြဲ လိုက်နာခဲ့တာပဲ၊ အဲဒီတော့ သူတို့က ဘာလို့ ‘ချန်ပီယံမြို့စား’ ကို သူ့ရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် ခွဲထုတ်ဖို့ ကူညီပေးမှာလဲ။ ‘ချန်ပီယံမြို့စား’ရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် ခွဲထုတ်လိုက်ရင်တောင် သူ့ကျင့်စဉ်က မိုးကြိုးကပ်ဘေး (၄) ကြိမ် ကျော်ဖြတ် ထားတဲ့ သိုင်းသူတော်စင်အဆင့်ပဲ ရှိဦးမှာ။ သူက လောကကို လွှမ်းမိုးနိုင်ဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ်။ မင်းနဲ့ မင်းရဲ့ နောက်ကွယ်က ဘိုးဘေးကြီးတို့ဟာ အခြေအနေ ကို ရှုပ်ထွေးအောင်လုပ်ဖို့ ဘာမဆို လုပ်ကြမှာပဲ။ ငါ မင်းရဲ့ အသက်ကို ချမ်းသာပေးနိုင်ပါ တယ်၊ ဒါပေမဲ့ ထွက်သွားဖို့တော့ မစဉ်းစားနဲ့။ ငါ့ရဲ့ ချိပ်ပိတ်ခြင်းကိုပဲ ငြိမ်ငြိမ်လေး ခံယူလိုက်စမ်း။”
သူ စကားပြောနေစဉ်မှာပင် ပတ်ဝန်းကျင်က ကြည်လင်သော အလင်းတန်းများ ပြင်းထန် စွာ လှိုင်းထလာပြီး တတိယမင်းသားကျိုး၏ ထိတ်လန့်နေသည့် မျက်လုံးတွေ ရှေ့မှာပင် တောက်ပသည့် ပုံဆောင်ခဲ ယဇ်ပလ္လင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ကို ပယင်းကျောက်ထဲမှာ ပိတ်မိနေသည့် ယင်ကောင်တစ်ကောင်လို ချိပ်ပိတ်ပစ်လိုက်တော့ သည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ‘စကြာဝဠာအိတ်’၏ ဟင်းလင်းပြင်စွမ်းအားနှင့် ပေါင်းစပ်သွား ပြီးကတည်းက သူသည် ချိပ်ပိတ်ခြင်းပညာများကို အသုံးပြုရာတွင် ပိုမို ကျွမ်းကျင်လာခဲ့ သည်။
ထိုချိပ်ပိတ်မှုသည် တတိယမင်းသားကျိုး၏ အတွေးစများကို အေးခဲသွားစေရုံတင်မကဘဲ သူသည် လှုပ်ရှား၍ မရတော့သလို မည်သည့် တာအိုပညာရပ်ကိုမှလည်း အသုံးမပြုနိုင် တော့ပါဘူး။ သူသည် လုံးဝ လှုပ်မရ၊ စကားမပြောနိုင်၊ နောက်ဆုံး တွေးတောင်မတွေးနိုင် တော့သည့် အသက်ရှင်လျက် သစ်ပင်တစ်ပင်လို အခြေအနေ ဖြစ်သွားခဲ့ရပြီ။
“သိပ်ပြီး စိုးရိမ်မနေပါနဲ့ဦး။ ကမ္ဘာကြီးက အခုထိ ကသောင်းကနင်း မဖြစ်သေးပါဘူး။ ငါ တာအိုပညာတွေကို ကျင့်ကြံတယ်၊ ‘လူသားလမ်းစဉ်’ (တာအို) နဲ့ ‘ကောင်းကင်လမ်းစဉ်’ (တာအို) ကို လေ့လာတယ်၊ ပြီးတော့ ပြောင်းလဲခြင်းကျမ်းကိုလည်း ရေးသားခဲ့တယ်။ ငါ့ရဲ့ နှလုံးသားက အရာအားလုံးနဲ့ ဆက်သွယ်မိနေပါပြီ။”
တတိယမင်းသားကျိုးကို ချိပ်ပိတ်ပြီးနောက် ဟုန်ယွိက စိတ်လှုပ်ရှားနေသည့် ဆန်းဝေဝေ ကို ကြည့်ပြီး သူမပုခုံးကို ပုတ်ပေးလိုက်သည် “တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ် မုန့်ရှန်းကျီ နဲ့ မူလဝိညာဉ်နတ်ဘုရားတို့ဟာ တစ်ဦးကိုတစ်ဦး အသုံးချနေကြတာပဲ၊ သူတို့က တစ်သား တည်း မဟုတ်ပါဘူး။ ‘ချန်ပီယံမြို့စား’ ကတော့ သူတို့နှစ်ယောက်ကြားမှာ ညပ်နေပြီး နှစ်ဖက်စလုံးက အကျိုးအမြတ်တွေကို ရယူနေတာ ဖြစ်မှာပါ။ တကယ်လို့, ဒီထိပ်တန်း ပုဂ္ဂိုလ်ကြီး နှစ်ယောက်သာ တကယ် စိတ်တူကိုယ်တူ ဖြစ်နေခဲ့ရင် ဧကရာဇ်ကို သတ်ပြီး တာ ကြာလှပြီ။ သူတို့ ဘာလို့ ဒီလောက် လုပ်ကြံဖန်တီးမှုတွေ၊ အစီအစဉ်တွေ လုပ်နေစရာ လိုဦးမှာလဲ။ ငါတို့သာ ရှေးဟောင်းလျှိုရှန်တံခါးကို ရလိုက်ရင် အနောက်ဘက်ဒေသရဲ့ စစ်တပ်ဟာ ချက်ချင်း ပြိုကွဲသွားမှာပဲ။ အဲဒီအခါကျရင် ကမ္ဘာကြီးက ပိုပြီး တည်ငြိမ်သွား လိမ့်မယ်၊ ဘယ်သူမှလည်း ပြဿနာရှာရဲမှာ မဟုတ်တော့ဘူး။”
“ရှင်ပြောတာ မှန်ပါတယ်။” ဆန်းဝေဝေသည် ဟုန်ယွိ၏ စကားကို ကြားသည့်အခါ ခဏလောက် စဉ်းစားပြီး ပြောလိုက်သည် “ရှင်ပြောတာ မှန်တယ်၊ ဒါပေမဲ့ တတိယ မင်းသားကျိုးရဲ့ စကားတွေက ကျွန်မကို လေမုန်တိုင်းထဲ ကျရောက်နေသလို တကယ် ခံစားရစေတယ်။”
“ဒါနဲ့... ရှင် ခုနက သုံးလိုက်တဲ့ ဓားပညာကို အရင်က တစ်ခါမှ မကြားဖူးသလို မြင်လည်း မမြင်ဖူးဘူး။ အဲဒါ ဘယ်လို ဓားသိုင်းမျိုးလဲ။ ဒီဓားသိုင်းက ရက်စက်မိစ္ဆာကာစီလို ပညာရှင် မျိုးကို မျက်စိတစ်မှိတ်အတွင်းမှာတင် သတ်ပစ်နိုင်ခဲ့တယ်။” ဆန်းဝေဝေက စကား လမ်းကြောင်း ပြောင်းပြီး ဟုန်ယွိ အခုနက ထုတ်ပြခဲ့သည့် ဓားသိုင်းအကြောင်းကို မေးလိုက်သည်။
ဟုန်ယွိ ရက်စက်မိစ္ဆာ ကာစီကို သတ်ဖို့ အသုံးပြုခဲ့သည့် “ကောင်းကင်၊ မြေပြင်၊ လေနှင့် မိုးကြိုး” ဤလေးချက်ဓားသည် အလွန် လျင်မြန်ပြီး ရက်စက်လွန်းသည်။
အထူးသဖြင့် ဓားမှာ ပါဝင်နေသည့် အငွေ့အသက်နှင့် ထက်ရှမူတို့မှာ ကောင်းကင်ယံတွင် အပေါက်တစ်ခု ထိုးဖောက်နိုင်မည့်ဟန်မျိုး ရှိနေခဲ့သည်။ ဆန်းဝေဝသည် တတိယမင်းသား ကျိုးနှင့် တိုက်ခိုက်နေခဲ့သော်လည်း ဟုန်ယွိ၏ ဓားအငွေ့အသက်ကို ခံစားမိနေဆဲပင်။
“ကောင်းကင်၊ မြေပြင်၊ လေနှင့် မိုးကြိုး” ဤဓားလေးချက်အကြောင်း ပြောလာသည့်အခါ ယွမ်ကုန်းမင်လည်း ဟုန်ယွိကို သိသိသာသာ ကြောက်ရွံ့နေသည့် မျက်လုံးများဖြင့် လှည့် ကြည့်လိုက်သည်။
“ဒါက ကျွန်တော် နားလည်သဘောပေါက်ခဲ့တဲ့ ပြောင်းလဲခြင်းကျမ်းရဲ့ ဓားလေးစင်းပေါ့။ ကောင်းကင်ဓား၊ မြေပြင်ဓား၊ လေဓားနဲ့ မိုးကြိုးဓားတွေလို့ ခေါ်တယ်။ ဓားတစ်စင်းချင်းစီ မှာ ကိုယ်ပိုင်သဘောတရားတွေ ပါဝင်ပြီး ကောင်းကင်ဘုံရဲ့ ဖြစ်စဉ်တွေကို သုံးပြီး လူသား လမ်းစဉ်ကို ရှင်းပြထားတာ။” ဟုန်ယွိ၏ မျက်လုံးတွေက လင်းလက်သွားပါသည်။ ရက်စက်မိစ္ဆာ ကာစီကို သတ်လိုက်ခြင်းကပင် သူ၏ သိုင်းပညာအတွေ့အကြုံကို တစ်ဆင့် မြင့်တက်စေခဲ့ပြီး သိုင်းသူတော်စင် အထွက်အထိပ်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ သိုင်းဆန္ဒတစ်ခုက သူ၏ နှလုံးသားထဲတွင် မှိန်ပျပျ စုစည်းလာနေသကဲ့သို့ပင်။
“ကောင်းကင်လမ်းစဉ်လား။ ကောင်းကင်လမ်းစဉ်နဲ့ အနီးစပ်ဆုံး တာအိုဂိုဏ်းကတော့ တိုင်ရှန်တာအိုဂိုဏ်းပဲ။ သူတို့က စိတ်ခံစားမှုကို နှလုံးသားရဲ့ အခြေခံအဖြစ် ထားပြီး ကောင်းကင်လမ်းစဉ်ရဲ့ ရက်စက်မှုကို အတုယူကြတယ်၊ အဲဒီလိုနဲ့ မသေမျိုးအဆင့်ကို ရောက်အောင် ကျင့်ကြတာ။” ဆန်းဝေဝေက ပြောသည် “ကျွန်မရဲ့ ‘ရွှမ်မင်တာအိုကျင့်စဉ်’ ကတော့ ကောင်းကင်တာအိုဟာ ရေလိုပဲ၊ ပျော့ပြောင်းမှုကနေ မာကျောမှုကို ဖြစ်စေတယ် လို့ နားလည်ထားတာ။ ဒါပေမဲ့ အဲဒါက တိုင်ရှန်တာအိုဂိုဏ်းရဲ့ စိတ်ခံစားမှုကင်းမဲ့ခြင်း ကျင့်စဉ်နဲ့ယှဉ်ရင် အများကြီး နိမ့်ကျပါသေးတယ်။”
“အဲဒါက မင်းအနေနဲ့ အဲဒီကျင့်စဉ်ကို အဆုံးစွန်ထိ မကျင့်ရသေးလို့ပါ။ ကျွန်တော့်ရဲ့ ကောင်းကင်လမ်းစဉ်ကတော့ ‘ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း တိုးတက်အောင် ကြိုးစားခြင်း’ ပဲ။ တစ်နေ့မှာ ကျွန်တော်က ကောင်းကင်လမ်းစဉ်ရဲ့ ဓားဆန္ဒကို သုံးပြီး မုန့်ရှန်းကျီရဲ့ ‘ခံစားချက်မဲ့ဓားနဲ့ ယှဉ်ပြိုင်မယ်။ ကောင်းကင်လမ်းစဉ်အပေါ် ဘယ်သူက ပိုပြီး နက်နက် ရှိုင်းရှိုင်း နားလည်သလဲဆိုတာ ကြည့်ကြတာပေါ့။”
ဟုန်ယွိက သူ့လက်ထဲမှ ဓားကို တောက်လိုက်ရာ တိမ်တိုက်တွေတိုင် ပျံတက်ချင်သည့် အရှိန်အဝါတစ်ခုက သူ့ဆီကနေ အလိုလို ထွက်ပေါ်လာသည်။
ဟုန်ယွိ၏ “ကောင်းကင်ဓား” သည် ကိုယ့်ကိုယ်ကိုယ် အစဉ်အမြဲ တိုးတက်နေအောင် ကြိုးစားရမည်ဆိုသည့် အယူအဆကို ကျင့်ကြံထားခြင်း ဖြစ်သည်။
ဟုန်ယွိသည် ကောင်းကင်ကို ကြည့်ပြီး အစဉ်မြဲတိုးတက်အောင် ကြိုးစားခြင်း သဘော တရားကို နားလည်ခဲ့သည်။ တိုင်ရှန်တာအိုဂိုဏ်းကတော့ ကောင်းကင်ကြီးကို ကြည့်ပြီး စိတ်ခံစားမှုကင်းမဲ့ခြင်းနှင့် ထာဝရရှင်သန်ခြင်း သဘောတရားကို နားလည်ခဲ့သည်။
မည်သူ၏ ကောင်းကင်တာအိုအပေါ် နားလည်မှုက မှန်ကန်ပါသနည်း။ စကားလုံး သက်သက်ဖြင့် မလုံလောက်ပေ။ ထို့ကြောင့် လက်ထဲမှ တာအိုပညာနှင့် ဓားဖြင့်သာ သက်သေပြနိုင်ပါလိမ့်မည်။
“ငါဟာ ကောင်းကင်တာအိုကို ကြည့်ရူပြီး၊ ကောင်းကင်ဘုံရဲ့ မလျော့သော ဝီရိယနဲ့ ကိုယ့်ကိုယ်ကို တိုးတက်အောင် အစဉ်အမြဲ ကြိုးစားနေခြင်းကို ဆင်ခြင်နားလည်ခဲ့တယ်။ မြေကြီးတာအိုကို ကြည့်ရူပြီး ကိုယ်ကျင့်သီလအကြောင်းကို ဆင်ခြင်နားလည်ခဲ့တယ်။ လေတာအိုကို ကြည့်ပြီး ညင်သာချောမွေ့မှုကို နားလည်နိုင်ခဲ့တယ်။ မိုးကြိုးတာအိုကို ကြည့်ပြီး ရဲရင့်မှုကို နားလည်သဘောပေါက်ခဲ့တယ်။ လူကြီးလူကောင်းတစ်ယောက်ဟာ မိုးကြိုးလျှပ်စီးတွေကြားမှာ ရဲရင့်စွာ ရှေ့ဆက်နေပေမဲ့ သတိလည်း ရှိရမယ်၊ တစ်နေ့ သုံးကြိမ် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ရမယ်။ ဒါဟာ ကောင်းကင်၊ မြေပြင်၊ လေနဲ့ မိုးကြိုး ရဲ့လမ်းစဉ်ပဲ။” ဟုန်ယွိက သူ့ဓားကို တောက်ရင်း ရေရွတ်လိုက်သည် “ကောင်းကင်လမ်းစဉ် ဟာ အားမာန်ပြည့်ဝတယ်၊ လူကြီးလူကောင်းဟာ မိမိကိုယ်ကိုယ် အစဉ်တိုးတက်အောင် ကြိုးစားရမယ်။ မြေပြင်လမ်းစဉ်ဟာ ကျယ်ပြောတယ်၊ လူကြီးလူကောင်းဟာ ကိုယ်ကျင့် သီလနဲ့ အရာရာကို ထမ်းဆောင်ရမယ်။ လေလမ်းစဉ်ဟာ လိုက်လျောညီထွေ ရှိတယ်၊ လူကြီးလူကောင်းဟာ အမိန့်ကို နာခံတတ်ရမယ်။ မိုးကြိုးလမ်းစဉ်ဟာ တုန်ခါမြည်ဟီး တယ်၊ လူကြီးလူကောင်းဟာ ကိုယ့်ကိုယ်ကိုယ် ကြောက်ရွံ့စိတ်နဲ့ ပြန်ဆန်းစစ်ရမယ်။”
ဟုန်ယွိ ရွတ်ဆိုနေစဉ်မှာပင် သူ၏ ဦးခေါင်းထက်မှ မီးခိုးငွေ့ကဲ့သို့သော မူလစွမ်းအင် အငွေ့သက်များ ရုတ်တရက် ထွက်ပေါ်လာသည်ကို ဆန်းဝေဝေ မြင်လိုက်ရသည်။ ကျယ်ပြောလှသော သိုင်းဆန္ဒ အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး ကို လွှမ်းခြုံသွားတော့သည်။ ဤသိုင်းဆန္ဒထဲတွင် ပထမဆုံးအနေဖြင့် အဆုံးမရှိသော ‘ဒုက္ခပင်လယ်’ကြီးတစ်စင်း ပေါ်လာပြီး လှိုင်းတံပိုးများက လူးလှိမ့်နေကာ ကမ်းကို မမြင်ရ ပေ။ ဤသိုင်းဆန္ဒကြောင့် ဆန်းဝေဝေ၏ အတွေးစများသည် လုံးဝ မလှုပ်ရှားနိုင်တော့ သည်အထိ တုန်ခါသွားရသည်။ ထိုဒုက္ခပင်လယ်ကြီး၏ အထက်တွင် ရုတ်တရက် ရွှေရောင် တံတားတစ်စင်း လေထဲမှာ ပျံဝဲပေါ်ပေါက်လာပြီး အဝေးတစ်နေရာဆီကို ဦးတည်ကာ ကျယ်ပြန့်သွားသည် မည်သည့်နေရာဆီကို ရောက်မယ်မှန်း ဘယ်သူမှ မသိနိုင်ပါဘူး။
အတိုင်းအဆမဲ့သော ဒုက္ခပင်လယ်ကြီး အထက်မှ ရွှေရောင်တံတားတစ်စင်း။
၎င်းသည် ဟုန်ယွိ သိုင်းသူတော်စင် အထွက်အထိပ်အဆင့်သို့ ရောက်ရှိပြီးနောက် စုစည်း ဖွဲ့စည်းလိုက်သည့် သိုင်းဆန္ဒပင် ဖြစ်သည်။
“ငါ ပြောင်းလဲခြင်းကျမ်းကို ရေးသားခဲ့တာက လောကမှာရှိတဲ့ လူတိုင်းကို နဂါးတွေလို ဖြစ်လာစေချင်လို့ပဲ။ ငါ သိုင်းပညာကို လေ့ကျင့်တာက အဆုံးမရှိတဲ့ ဒုက္ခပင်လယ်ကြီးရဲ့ အထက်မှာ တစ်ဖက်ကမ်းကို ကူးနိုင်မယ့် တံတားတစ်စင်းကို တည်ဆောက်ချင်လို့ပဲ။ ဘယ်သူ အရင်ရောက်တယ်ဆိုတာ အရေးမကြီးဘဲ လူတိုင်း ကူးမြောက်နိုင်စေဖို့ပေါ့။ ရှေးခေတ်တုန်းကတော့ ဒုက္ခပင်လယ်ရဲ့ တစ်ဖက်ကမ်းကို ကူးမြောက်ဖို့ ‘ဖန်ဆင်းခြင်း လှေ’ကို တည်ဆောက်ခဲ့တဲ့ နတ်ဘုရားတွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ လှေဆိုတာ တံတားထက် နိမ့်ကျတယ်၊ ကူးနိုင်တဲ့ လူဦးရေ ကန့်သတ်ချက်လည်း ရှိတယ်။ တကယ်လို့, ဒီတံတားသာ ပြီးစီးသွားရင် လောကကြီး ပျက်သုဉ်းသွားပြီးနောက် ကောင်းကင်နဲ့ မြေကြီး ပြန်လည် ပွင့်လင်းလာတဲ့အခါ မြေ၊ ရေ၊ လေ၊ မီး ဓာတ်လေးပါးကို တည်ငြိမ်အောင် လုပ်ပေးနိုင်လိမ့် မယ်။”
ဟုန်ယွိသည် ခြေတစ်လှမ်းချင်းလှမ်းကာ ပြောနေရင်း၊ သူ့အာရုံအားလုံးကို စုစည်းကာ၊ သူ၏ သွေးနှင့် စွမ်းအင်များကို လှည့်ပတ်ပြီး သူ၏ သိုင်းဆန္ဒနှင့် စိတ်ဝိညာဉ်ကို စိတ်နှလုံး အကြွင်းမဲ့ဖြင့် ပေါင်းစပ်လိုက်တော့သည်။
သူ၏ သိုင်းဆန္ဒမှာ “ဟိုမှာဘက်ကမ်းက တံတား”ပင် ဖြစ်သည်။ တော်ဝင်ချန် ဧကရာဇ် ယန်ဖန်သည် ရှေးခေတ် မဟာနတ်ဘုရားတို့၏ ‘ဖန်ဆင်းခြင်းသင်္ဘော’ ကို ဆက်ခံရရှိခဲ့ပြီး နောက် တစ်ဖက်ကမ်းကို ကူးမြောက်လိုသည့် လူတိုင်းက သူ့ကို အညံခံကြပြီး သူသည် ဤလောက၏ အရှင်သခင်တစ်ပါး ဖြစ်လာခဲ့သည်။ ‘ဂွန်ယန်ယု’ပင်လျှင် ‘ဖန်းဆင်းခြင်း သင်္ဘော’ပေါ် တက်ခွင့်ရဖို့အတွက် တော်ဝင်ချန် ဧကရာဇ် ယန်ဖန်ဆီမှာ အညံခံခဲ့ခြင်း ဖြစ်သည်။
သို့သော် လှေသည် တံတားလောက် မကောင်းပေ။ လှေဖြင့် ဒုက္ခပင်လယ်ကြီးကို ဖြတ်ကျော်ရန်အတွက် တန်ခိုးစွမ်းအား၊ မှော်စွမ်းအင်၊ အချိန်၊ အခွင့်အရေးနှင့် ကံတရားတို့ လိုအပ်ပြီး၊ လှေပေါ်တက်မည့် သူများအတွက် ထိုအရာများ တစ်ခုမှ ချို့ယွင်း၍ မဖြစ်ပေ။ သို့သော် တံတားကတော့ စောစောရောက်လာသည် ဖြစ်စေ၊ နောက်ကျမှ ရောက်လာသည် ဖြစ်စေ၊ ဧကရာဇ်ဖြစ်စေ၊ စစ်သူကြီးဖြစ်စေ သို့မဟုတ် သာမန်ပြည်သူဖြစ်စေ လူတိုင်းကို ဟိုမှာဘက်ကမ်းသို့ ဖြတ်ကျော်ခွင့် ပေးထားသည်။
၎င်းမှာ ဟုန်ယွိ၏ ရည်ရွယ်ချက်၊ သူ၏သိုင်းဆန္ဒပင် ဖြစ်သည်။ လူတိုင်းကို နဂါးများကဲ့သို့ ဖြစ်စေလိုသည့် ‘အပြောင်းအလဲကျမ်း’ ရေးသားရခြင်း၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူသည် သူ၏စိတ်ဝိညာဉ်ကို သူ့သိုင်းတာအို သိုင်းဆန္ဒအတွင်းသို့ ထည့်သွင်းကာ အတိုင်းအဆမဲ့သော ဒုက္ခပင်လယ်ကြီးပေါ်တွင် ‘ထာဝရတံတား’ တစ်စင်း ကို တည်ဆောက်လိုက်သည်။ လူတိုင်း ဖြတ်ကျော်နိုင်ရန်အတွက်ဆိုသည့် မြင့်မြတ်လှ သော ရည်ရွယ်ချက်ဖြင့် တည်ဆောက်လိုက်ခြင်း ဖြစ်သည်။ (မှတ်ချက် - လောင်ဇီသည် သူ၏ ထိုက်ကျိပုံစံကို အသုံးပြုလိုက်သည့်အခါ ၎င်းသည် မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီး လေးပါးကို ငြိမ်သက်စေနိုင်သည့် ရွှေရောင်တံတား တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် တစ်ဖက်ကမ်းကူးတံတားလည်း ဖြစ်ရာ လူတိုင်း အမှီအခိုကင်းစွာ ဖြတ်ကူးနိုင် ပေသည်။ ထို့ကြောင့် သတ္တဝါအားလုံးကို ကယ်တင်နိုင်သည့် ဤစွမ်းအားကြောင့် လောင်ဇီ ၏ တန်ခိုးစွမ်းရည်မှာ သန့်စင်ပုဂ္ဂိုလ်သုံးပါးအကြားတွင် အစွမ်းထက်ဆုံး ဖြစ်ရခြင်း ဖြစ်သည်။) (သန့်စင်ပုဂ္ဂိုလ်သုံးပါးအကြောင်းကိုတော့ မဖော်ပြတော့ပါဘူး)။
“ရှင့်သိုင်းပညာက ‘လူသားအင်မော်တယ်’ နယ်ပယ်ကို ရောက်ဖို့ ဆံခြည်မျှင်အလွှာ လောက်ပဲ လိုတော့တာပဲ။ အဲဒီအလွှာလေးကို ချိုးဖောက်နိုင်တာနဲ့ ရှင်က ‘လူသား အင်မော်တယ်’ ဖြစ်သွားပြီ၊ အလွှာပါးလေး တစ်ခုပဲ။ တာအိုမှော်ပညာကို ကျင့်ကြံပြီး၊ သွေးနဲ့ စွမ်းအင်ထဲမှာ စိတ်ဝိညာဉ်မပါဝင်တဲ့ သူတစ်ယောက်က ‘လူသားအင်မော်တယ်’ အဖြစ် ကျင့်ကြံနိုင်တာဟာ သမိုင်းတစ်လျှောက်မှာ တကယ်ကို ရှားပါးလှတယ်။ အလွန် တရာ ရှားပါးလှတယ်။”
ဆန်းဝေဝေသည် ဟုန်ယွိ၏ ဦးခေါင်းထက်မှ လှိုင်းထနေသော မူလစွမ်းအင်နှင့် ဒုက္ခ ပင်လယ်ထဲက ရွှေရောင်တံတားကို ခံစားမိသည့်အခါ ကြီးကျယ်ခမ်းနားပြီး ကျယ်ပြော သော သိုင်းဆန္ဒကို ချက်ချင်း ခံစားလိုက်မိသည်။ သူမကိုယ်တိုင်လည်း ဗဟုသုတ ကြွယ်ဝသူဖြစ်ရာ ဟုန်ယွိ၏ ထိတ်လန့်စဖွယ် သိုင်းဆန္ဒကို ခံစားမိသည့်အခါ ဒီလူဟာ အချိန်မရွေး ‘လူသားအင်မော်တယ်’ နယ်ပယ်ကို ဝင်ရောက်သွားနိုင်ပြီဟု သူမ သိလိုက် သည်။
ဤအရှိန်အဝါမျိုးမှာ ထိပ်တန်း သိုင်းသူတော်စင် တစ်ဦးပင်လျှင် မပိုင်ဆိုင်နိုင်သည့် အရာဖြစ်သည်။
“အချိန်တွေ နောက်ပြန်စီးဆင်းခြင်း၊ အတိတ်နဲ့ အနာဂတ်၊ ကောင်းကင်နဲ့ မြေပြင်၊ လေနဲ့ မိုးကြိုး၊ ချန်နဲ့ ကုန်း၊ ရွှမ်နဲ့ ကျိ... ဟိုမှာဘက်ကမ်း တံတား။” ဟုန်ယွိသည် အလွန်အမင်း တည်ငြိမ်အေးချမ်းလှသော နယ်ပယ်တစ်ခုအတွင်းသို့ နစ်မြုပ်သွားပုံရပြီး၊ သူ၏ သိုင်းတာအို သိုင်းဆန္ဒအားလုံးကို ဖြည်းဖြည်းချင်း စုစည်းကာ၊ ပြီးပြည့်စုံအောင် ပြုလုပ်ပြီး သန့်စင်နေတော့သည်။
ထိုသိုင်းဆန္ဒမှာ ပိုမိုကြီးမားလာပြီး ပိုမိုထင်ရှားလာသည်။ မမြင်ရသော လေပြေတစ်ခုက ဟုန်ယွိ၏ ချွေးပေါက်များ အားလုံးမှ ထွက်ပေါ်လာပြီး၊ ဤကြီးမားလှသော အလင်းအကာ အကွယ်အတွင်းမှာ လှိုင်းထသွားစေသည်။
ထပ်... ထပ်... ထပ်...
ယွမ်ကုန်းမင်သည် ဟုန်ယွိ၏ အရှိန်အဝါကြောင့် နောက်သို့ သုံးလှမ်း ဆုတ်သွားရသည်။ ‘ခွန်အားကြီး မျောက်ဝံ’ တစ်ကောင်အနေဖြင့် သူသည် ပြင်းထန်သော စွမ်းအားကို ပိုင်ဆိုင် ထားသော်လည်း၊ ဟုန်ယွိ၏ အရှိန်အဝါအောက်တွင် နောက်ဆုတ်ရန်မှတစ်ပါး မတတ်နိုင် ပေ။ ၎င်းမှာ ကြောင်နှင့်တွေ့သည့် ကြွက်တစ်ကောင်၊ သို့မဟုတ် မြွေပါနှင့်တွေ့ရသည့် ကြက်ကလေးတစ်ကောင်လိုမျိုး သဘာဝအလျောက် ဖိအားပေးမှု ဖြစ်သည်။ ၎င်းမှာ အထက်လူကြီးတစ်ဦး၏ လွှမ်းမိုးချုပ်ကိုင်မှု စွမ်းအားလည်း ဖြစ်သည်။
သို့သော် ယွမ်ကုန်းမင်သည် အလွန်ပင် စိတ်လှုပ်ရှားနေပြီး နှာခေါင်းမှ တရူးရူး မှုတ်ထုတ် နေသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် ‘လူသားအင်မော်တယ်’ တစ်ဦး အောင်မြင်စွာ ကျင့်ကြံနိုင်မှုကို မျက်မြင်တွေ့နေရသောကြောင့် ဖြစ်သည်။ အထွက်အထိပ် သိုင်းသူတော် စင် တစ်ဦးမှ ‘လူသားအင်မော်တယ်’ နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ခြင်း။
၎င်းမှာ အလွန်ပင် ရှားပါးသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။
သိုင်းသူတော်စင်နယ်ပယ်မှ လူသားအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းခြင်းသည် အထွတ်အထိပ် အဆင့်ချိုးဖျက်မှုတစ်ခု ဖြစ်သည်။ လူသားအင်မော်တယ်များသည် ကောင်းကင်နှင့် မြေပြင်၏ လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်နိုင်ရုံသာမက နေ၊ လ၊ ကြယ်တို့၏ အနှစ်သာရများကိုပါ စုစည်းနိုင်ကာ မိမိတို့၏ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ် အချက်အခြာများကိုပါ ပွင့်လန်းစေနိုင်သည်။ ၎င်းတို့သည် အတိုင်းအဆမဲ့သော စွမ်းအား နှင့် ဘုန်းတန်ခိုးတို့ရှိကြရာ မိုးကြိုးကပ်ဘေးအဆင့် ပညာရှင်များ၏ စိတ်ဝိညာဉ် အတွေးစ များပင် အနားမကပ်ဝံ့ကြပေ။ ထို့ပြင် ဟင်းလင်းပြင်ကို ချေဖျက်နိုင်သည့် အခွင့်အလမ်း လည်း ရှိပေသည်။
ခေတ်အဆက်ဆက်တွင် မရေမတွက်နိုင်သော ပညာရှင်တို့သည် သိုင်းသူတော်စင် အဆင့် ၏ အကန့်သတ်တွင် ရပ်တန့်သွားခဲ့ရပြီး သွေးနှင့်စွမ်းအင်များ ခန်းခြောက်ကာ သေဆုံးခဲ့ ကြရသည်။
သိုင်းသူတော်စင်မှ လူသားအင်မော်တယ် ဖြစ်ရန် ကြိုးပမ်းခြင်းမှာ တာအိုကျင့်ကြံသူ တစ်ဦး စိတ်ဝိညာဉ် ခန္ဓာကိုယ်မှ ထွက်ပေါ်အဆင့်မှ အဆင့်ငါး မိုးကြိုးကပ်ဘေး ကျော်ဖြတ် နိုင်သည့် အဆင့်သို့ တခါတည်း ရောက်ရှိသွားခြင်း ညီမျှပေသည်။ ထိုအခက်အခဲမှာ ဘာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်အောင်ပင်။ (အခွံမှဖောက်ထွက်ခြင်းနယ်ပယ်)ဟုလည်း နားလည်နိုင်ပါသည်။)
သိုင်းသူတော်စင် တစ်ဦး ‘လူသားအင်မော်တယ်’ နယ်ပယ်သို့ တက်လှမ်းရန် ကျင့်ကြံနေ သည်ကို မြင်တွေ့ရခြင်းမှာ အလွန်တန်ဖိုးရှိသော အတွေ့အကြုံ ဖြစ်သည်။ စိတ်ထဲတွင် စွဲထင်ကျန်ရစ်သော ဤအတွေ့အကြုံများသည် နောင်အနာဂတ် ကျင့်ကြံမှုများအတွက် အလွန်ပင် အကျိုးရှိလှပေသည်။
“သူက အဲဒီအမြှေးပါးအလွှာလေးကို တစ်ချက်တည်းနဲ့ ဖောက်ထွက်ဖို့ ကြိုးစားနေတာ လား။”
ဟုန်ယွိသည် တဖက်ကမ်းကူးတံတားကို ပုံဖော်ပြီးနောက်၌လည်း သိုင်းဆန္ဒနှင့် စိတ်ဝိညာဉ် စွမ်းအင်များကို ဆက်လက်စုစည်းနေသည်ကို မြင်သောအခါ ဆန်းဝေဝေသည် စိုးရိမ်မကင်း ဖြစ်လာရသည်။ သူမသည် ရုတ်တရက် သတိကြီးကြီးထား၍ ကာကွယ်ရန် ပြင်လိုက်တော့သည်။
ဤနေရာကား အနောက်ဘက်ဒေသ မဟာမိတ်စစ်တပ်၏ ဗဟိုစခန်းဖြစ်ရာ ရန်သူ၏ အသည်းနှလုံးဟုပင် ဆိုနိုင်ပေသည်။ ဟုန်ယွိမှာ ယခုအခါ ရန်သူ့နယ်မြေအတွင်း အနက်ရှိုင်းဆုံးသို့ ရောက်ရှိနေခြင်း ဖြစ်၏။ သူသည် အတွင်းပိုင်းကို မဟာအလင်း အကာအကွယ်ဖြင့် ချိပ်ပိတ်ထားသောကြောင့် မည်သည့်အရှိန်အဝါမှ အပြင်သို့ မပေါက် ကြားနိုင်သော်လည်း၊ ဤစစ်စခန်းအတွင်း၌ ပုန်းအောင်းနေသော ကျားနှင့်နဂါးကဲ့သို့ ပညာရှင်များ မရှိဟု မည်သူမျှ မပြောနိုင်ပေ။ သဲလွန်စကို ရှာဖွေတွေ့ရှိသွားမည့် ပညာရှင် များ အမြဲတစေ ရှိနေနိုင်သည်။
အကယ်၍ ပညာရှင်တစ်ဦး ရုတ်တရက် ဝင်ရောက်လာပြီး ဟုန်ယွိ၏ နားလည် သဘော ပေါက်မှုကို နှောင့်ယှက်လိုက်ပါက အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးသွားလိမ့်မည်။ အနည်းဆုံးတော့ ရန်သူ၏ နှောင့်ယှက်မှုကြောင့် ဟုန်ယွိ၏ အာရုံစူးစိုက်မှု ပြတ်တောက်သွားနိုင်ပြီး ထိုသို့ဖြစ်သွားပါက ယခုကဲ့သို့သော ထိုးထွင်းသိမြင်မှုကို နောက်တစ်ကြိမ် ပြန်လည်ရရှိရန် အလွန်တရာ ခက်ခဲသွားပေလိမ့် မည်။
“ကောင်းကင်နဲ့ မြေပြင်၊ လေနဲ့ မိုးကြိုး၊ ချန် နဲ့ ကုန်း၊ ရွှမ် နဲ့ ကျိ။ ရွှမ် ရဲ့ နူးညံ့မှု၊ ကျိ ရဲ့ လှုပ်ရှားမှု။ လေနဲ့ မိုးကြိုးတို့နဲ့ အပြည့်အဝ သဟဇာတ ဖြစ်နေပြီ။”
ဟုန်ယွိသည် သူ၏ သိုင်းဆန္ဒကို စုစည်းရင်း ဖြည်းညှင်းစွာ ရွတ်ဆိုနေသည်။ သူသည် နောက်ထပ် ဓားချက်လေးချက်ကိုလည်း ထုတ်ဖော်လိုက်သေး၏။ ထိုဓားချက်များမှာ အလွန်နှေးကွေးလှသဖြင့် မည်သည့်သတ်ဖြတ်လိုသော အငွေ့အသက်မျှ မရှိပေ။ သို့သော် သဘောရားမှာမူ အလွန်နက်ရှိုင်းပြီး သိမ်မွေ့၏။ ထို့ပြင် ဓား၏ အရှိန်ဟုန်မှာ အလွန် ထက်ရှပြီး ယွမ်ကုန်းမင်ပင် ခုခံရန် စွမ်းအား ထုတ်မရတော့သလို ခံစားနေရသည်။
ထိုနှေးကွေးလှသော ဓားအရှိန်ဟုန်ရှေ့တွင် ယွမ်ကုန်းမင်၏ သိုင်းပညာမှာ လုံးဝ မခုခံနိုင် တော့ပေ။ သူ၏ စိတ်စွမ်းအင်နှင့် အငွေ့အသက်တို့မှာ လုံးဝ ဖိနှိပ်ခံလိုက်ရပြီ ဖြစ်သည်။
ဓားလေးစင်းသည် ဖြည်းညှင်းစွာ ကခုန်နေပြီး မူလစွမ်းအင် အခိုးငွေ့များက မမြင်ရသော ကမ္ဘာအတွင်းမှတစ်ဆင့် ရာနှင့်ချီသော အက်စိုက်မှတ်များအတွင်းသို့ အဆက်မပြတ် စီးဝင်သွားတော့သည်။
ရှုး... ရှုး...
ရုတ်တရက် ဆန်းဝေဝေသည် ဟုန်ယွိ၏ ခန္ဓာကိုယ်ပေါ်မှ နေရာပေါင်း တစ်ရာကျော်မှာ အဆက်မပြတ် အသက်ရှူနေသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းသည် နှာခေါင်းနှင့် ပါးစပ်တို့ ကဲ့သို့ပင် မမြင်ရသော ကမ္ဘာထဲမှ အတိုင်းအဆမဲ့သော စွမ်းအားများ ဝင်ရောက်လာနေခြင်း ဖြစ်သည်။ ထိုစွမ်းအားများသည် ဟုန်ယွိ၏ အပ်စိုက်မှတ်များအတွင်းသို့ ဝင်ရောက်သွားပြီး တစ်ခုနှင့်တစ်ခု ဆွဲဆောင်နေပုံရသည်။
“ဒါက ဘယ်လိုနယ်ပယ်မျိုးလဲ”
ဆန်းဝေဝေ မျက်မှောင်ကြုတ်လိုက်မိပြီး သူမ၏ နှလုံးသားမှာ ဒိတ်ခနဲ ခုန်သွားရသည်။ ထိုအခိုက်အတန့်မှာပင် ရုတ်တရက် တုန်ဟည်းသံကြီး တစ်ခု ထွက်ပေါ်လာပြီး သူမရှေ့မှ ကြည်လင်သော အလင်းတန်းများ အားလုံး ပျောက်ကွယ်သွားတော့သည်။ သူမသည် လူတစ်ထောင်ဆန့် ကောင်းကင်တဲနန်းအတွင်းသို့ ပြန်လည်ရောက်ရှိနေဆဲ ဖြစ်ပြီး ကြမ်းပြင်ပေါ်တွင်တော့ ဟုန်ယွိ သတ်ဖြတ်ထားသော စစ်သည်များနှင့် အနှစ်သာရ နတ်ဘုရားကျောင်းမှ တာအိုကျင့်ကြံသူတို့၏ အလောင်းများမှာ ပြန့်ကျဲနေဆဲပင်။
ဟုန်ယွိသည် မဟာအလင်းအကာအကွယ်ကို ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။
ဝုန်း…၊
မဟာအလင်းအကာအကွယ်ကို ရုပ်သိမ်းလိုက်သည့်အခါ ဆန်းဝေဝေသည် ဟုန်ယွိ၏ ခန္ဓာကိုယ်နှင့် ပဲ့တင်ထပ်နေသော နက္ခတ်တာရာစွမ်းအား တစ်ရာကျော်ကို ခံစားလိုက်ရ သည်။ ထိုစွမ်းအားများသည် မြေပြင်၊ ကောင်းကင်နှင့် အရပ်မျက်နှာအသီးသီးမှ ရောက်ရှိ လာပြီး စတင်တုန်ခါလာတော့သည်။ ပုံသဏ္ဍာန်မဲ့သော လေပြင်းတစ်ခု တိုးဝှေ့လာပြီး ဆန်းဝေဝေ၏ အဝတ်အစားများပင် လေထဲတွင် တဖျတ်ဖျတ် လွင့်လူးနေတော့သည်။
ဟုန်ယွိသည် လက်ထဲတွင် ဓားကိုကိုင်လျက် ကောင်းကင်နှင့် မြေပြင်၏ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ရပ်နေသည်။ သူသည် မည်သည့်ဖိအားမှ ထုတ်မပြသော်လည်း လူတို့မှာ သူ့အား အလိုလို ရှိခိုးပူဇော်ချင်စိတ် ပေါက်လာကြရသည်။ ဤခံစားချက်ကြောင့် ဆန်းဝေဝေမှာ ဟုန်ယွိအား လုံးဝမသိတော့သလိုမျိုး ခံစားလိုက်ရသည်။ ခဏလေး အတွင်းမှာပင် ဟုန်ယွိသည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသူတစ်ဦးကဲ့သို့ ခံစားချက် မျိုး သူမအား ပေးစွမ်းနေသည်။
“ရှင်... အောင်မြင်သွားပြီလား...” ဆန်းဝေဝေက တွန့်ဆုတ်စွာ မေးလိုက်သည်။
“ဟုတ်တယ်၊ ငါ့ရဲ့စိတ်ဆန္ဒက ကောင်းကင်နဲ့မြေပြင်ဆီ ရောက်သွားပြီ၊ ငါ ‘လူသား အင်မော်တယ်လမ်းစဉ်’ ကို ကျင့်ကြံနိုင်ခဲ့ပြီ။ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်ရဲ့ သွေးနဲ့စွမ်းအားက မပြည့်စုံသေးလို့ ‘လူသားအင်မော်တယ်’ အစစ်တော့ မဖြစ်သေးဘူး။ ငါက အဲဒီနယ်ပယ်ထဲ ကို ခြေလှမ်းတစ်ဝက် ဝင်ရောက်နေပြီလို့ ပြောလို့ရတယ်” ဟုန်ယွိက အေးဆေးတည်ငြိမ် စွာပင် ပြန်ပြောလိုက်သည်။
သိုင်းပညာအတွေ့အကြုံအရတော့ သူသည် ‘လူသားအင်မော်တယ်’ ဖြစ်သွားပြီဖြစ်သော် လည်း၊ သူသည် တာအိုကျင့်စဉ်ကိုလည်း ကျင့်ကြံထားသဖြင့် သန့်စင်သော သိုင်းပညာရှင် သက်သက် မဟုတ်တော့ပေ။ သူ၏ စိတ်ဝိညာဉ်နှင့် သွေးစွမ်းအင်တို့ ပေါင်းစပ်သွားသည့် အခါ သူသည် အလွန်တရာ သန်မာလာခဲ့သည်။ ထို့ကြောင့်လည်း ဟုန်ယွိ၏ အစစ်မှန် ခန္ဓာကိုယ် သွေးစွမ်းအင် အနည်းငယ် လိုအပ်နေခြင်း ဖြစ်သည်။
သို့သော် ဟုန်ယွိ သိထားသည်မှာ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အဆင့်ငါး မိုးကြိုး ကပ်ဘေး ကျော်ဖြတ်နိုင်နေပြီ ဖြစ်ခြင်းပင်။
‘ချန်ပီယံမြို့စား’ မှာ သိုင်းသူတော်စင် ဖြစ်သော်လည်း သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ခွဲထုတ်လိုက်ပါက ခန္ဓာကိုယ်မှာ အားနည်းသွားပေလိမ့်မည်။ သို့သော် ‘လူသားအင်မော် တယ်’တစ်ဦး၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ခွဲထုတ်လိုက်ပြီးနောက်တွင်မူ သူသည် တစ်ခါတည်းနှင့်ပင် အဆင့်ငါး မိုးကြိုးကပ်ဘေးအထိ ကျော်ဖြတ်နိုင်မည် ဖြစ်သည်။
“သွားကြစို့၊ ပုံရိပ်ယောင်တံခါးထဲ ဝင်ရအောင်။ ခုနက ငါ့ရဲ့ သိုင်းဆန္ဒက ကောင်းကင်နဲ့ မြေပြင်ဆီ ရောက်သွားပြီး နေ၊ လ၊ ကြယ်တွေကို အာရုံခံနိုင်ခဲ့တယ်။ တစ်စုံတစ်ယောက်က အဲဒါကို သိသွားပြီ” ဟုန်ယွိက ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်ရာ ကြည်လင်သော အလင်းတန်းတစ်ခုက ယွမ်ကုန်းမင်နှင့် ဆန်းဝေဝေကို ပတ်ပတ်လည်မှ လွှမ်းခြုံသွားပြီး တဲရှေ့ရှိ အလွန်အန္တရာယ်များလှသော ‘မှော်တံခါး’ အတွင်းသို့ ဝင်ရောက်သွားကြတော့ သည်။
***