ဟုန်ယွိသည် ‘ပုံရိပ်ယောင်တံခါး’ အတွင်းမှ လှမ်းထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော အငွေ့အသက်အချို့ကို ခံစားလိုက်ရသည်။ ထိုအငွေ့အသက်များမှာ ကြည်လင်သော မိုးကောင်းကင်ထက်မှ နေမင်းကဲ့သို့၊ ကျယ်ပြောလှသော သမုဒ္ဒရာထဲမှ ရွှေရောင်သဲပွင့်များကဲ့သို့ အဆုံးမရှိသလို အတိုင်းအဆလည်း မရှိပေ။
တစ်ချိန်တည်းမှာပင် လူအချို့၏ မျက်နှာများသည် သူ၏မျက်ဝန်းထဲတွင် ထင်ဟပ်လာခဲ့ သည်။
ထိုသူများအနက် လူလေးဦးမှာ ဦးခေါင်းထက်တွင် သရဖူများကို ဆောင်းထားကြ၏။
အလယ်ဗဟိုတွင် ထိုင်နေသောသူမှာ ပလက်တီနမ်သရဖူကို ဆောင်းထားပြီး လက်ထဲတွင် ရာဇလှံတံကို ကိုင်ဆောင်ကာ ပလက်တီနမ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏မျက်နှာကို ထူထဲသော မျက်နှာဖုံးပုဝါဖြင့် ဖုံးအုပ်ထားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း လုံးဝမမြင်ရ ပေ။ သို့သော် ဟုန်ယွိအတွက် ထိုသူမှာ အလွန်ရင်းနှီးနေသကဲ့သို့ ပထမဆုံး အာရုံခံစား လိုက်ရသည်။
အခြားကြောင့်မဟုတ်ပေ၊ ထိုသူ၏လက်ထဲရှိ ရာဇလှံတံမှာ ‘ဘုန်းတန်ခိုးအာဏာစက် လှံတော်’ ဟူသည့် နတ်ဘုရားလက်နက် ဖြစ်နေသောကြောင့်ပင်။ ယခင်က ယဇ်ပုရော ဟိတ် ဘုန်းတော်ကြီးသည် ဤလှံတံကို အသုံးပြု၍ ဟုန်ယွိကို သတ်ရန် ကြိုးပမ်းခဲ့ဖူး သည်။ ထိုစဉ်က ဟုန်ယွိမှာ အလွန်တရာ ကြီးမားသည့် အန္တရာယ်များသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရဖူး၏။
ဤသူကား အနှစ်သာရနတ်ဘုရားကျောင်း၏ အမြင့်ဆုံး ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး ပင် ဖြစ်သည်။ အနောက်ဘက်ဒေသ မြောက်ပိုင်းရှိ လူဦးရေ သန်း ၆၀၀ မှ ၇၀၀ ခန့်၏ စိတ်ဝိညာဉ်ရေးရာ ခေါင်းဆောင်ကြီး ဖြစ်ပေသည်။
ထိုနေ့က ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးသည် သူ၏ မူလဝိညာဉ်ဖြစ်သော ပေ ၁၀၀ မြင့် သည့် ပလက်တီနမ် နတ်ဘုရားပုံရိပ်ကိုသာ ထုတ်ပြခဲ့ခြင်းဖြစ်သော်လည်း၊ ယခုအခါ နန်းတော်အတွင်း ရောက်ရှိနေသူက သူ၏ ခန္ဓာကိုယ်အစစ် ဖြစ်ကြောင်းကို ဟုန်ယွိအနေ ဖြင့် သူ၏ အရှိန်အဝါကို ကြည့်ရုံဖြင့် တိကျစွာ သိလိုက်သည်။
အမြင့်ဆုံး ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ ဘေးဝဲယာတွင်လည်း ရွှေနှင့် ကျောက်စိမ်း သရဖူများ ဆောင်းထားသည့် လူနှစ်ဦး ရှိနေသည်။ ၎င်းတို့အနက် တစ်ဦးမှာ ဓားဖြင့် ထွင်းထုထားသကဲ့သို့ ခက်ထန်မာကျောသော မျက်နှာထားရှိသည်။ သူ၏ ရုပ်ရည်သွင်ပြင် အရ အသက်အရွယ်ကို ခန့်မှန်းရခက်လှ၏။ ပထမတစ်ချက် ကြည့်လိုက်လျှင် အသက် ၅၀ ကျော်ဟု ထင်ရသော်လည်း သေချာစိုက်ကြည့်လျှင် ထိုထက် ငယ်ပုံရပြန်သည်။ သို့သော် ပို၍ လေးလေးနက်နက် စဉ်းစားကြည့်မည်ဆိုပါက သူသည် ရှေးဟောင်းသမိုင်းကြောင်း မြေမှုန့်များကြားမှ လမ်းလျှောက် ထွက်လာသူတစ်ဦးကဲ့သို့ ထင်ရ၏။ သူ၏ ခန္ဓာကိုယ်မှာ ရှေးဟောင်းမော်ကွန်းတစ်ခုကဲ့သို့ လေးလံထူထဲသော အရှိန်အဝါများဖြင့် လွှမ်းခြုံထား၏။
ဤဧကရာဇ်သည် သူ၏ ကျောရိုးကို ဖြောင့်တန်းစွာ ထား၍ ထိုင်နေပုံမှာ နိုင်ငံတော် တစ်ခုလုံး၏ အလေးချိန်ကို ထမ်းပိုးထားနိုင်သည့်ပုံမျိုး ရှိနေသည်။
သံသယဖြစ်စရာမလိုပေ၊ ဤသူသည် ဟွာလျိုနိုင်ငံ၏ ဧကရာဇ် အသောကပင် ဖြစ်သည်။
သူ၏ အရှိန်အဝါကို ခံစားလိုက်ရုံဖြင့် ဤဧကရာဇ်သည် ထူးခြားသော ပါရမီနှင့် မဟာဗျူဟာများကို ပိုင်ဆိုင်သူဖြစ်ကြောင်း ဟုန်ယွိ သိလိုက်သည်။ သူ၏ ဟန်ပန်မှာ တော်ဝင်ချန်ဧကရာဇ် ရန်ဖန်နှင့်ပင် အနည်းငယ် ဆင်တူနေသည်။
ထိုဧကရာဇ်အပြင် တခြားသော ဧကရာဇ်တစ်ဦးမှာလည်း အလယ်ပိုင်းဒေသ၏ ပုံစံဖြစ်သော ပြားချပ်သည့် သရဖူကို ဆောင်းထားသည်။ ပုတီးစေ့ လိုက်ကာများ တွဲလောင်းကျနေသည့် ထိုသရဖူအောက်မှ သိသာထင်ရှားသော လျှို့ဝှက်ဆန်းပြားမှုနှင့် အဆုံးမရှိသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေ၏။ စစ်ပွဲနှင့် သတ်ဖြတ်ခြင်းကို အစိုးရသော ‘မဟာဖျက်ဆီးခြင်းနတ်ဘုရား’ တောင်မှ ဤဧကရာဇ် လောက် ပြင်းထန်လေးလံသော အရှိန်အဝါမျိုး ရှိမည်မဟုတ်ဟု ဆိုနိုင်ပေသည်။
ဟုန်ယွိသည် ဤသတ်ဖြတ်လိုသော အရှိန်အဝါနှင့်လည်း အလွန်ရင်းနှီးနေသည်။ ၎င်းမှာ ‘အဝီစိပလ္လင်’ ပင် ဖြစ်၏။
မှန်ပေသည်၊ ဤဧကရာဇ်မှာ မဟာကျိုးနိုင်ငံကို တည်ထောင်သူ ဘိုးဘေးကြီးပင် ဖြစ်သည်။
ဟုန်ယွိကို ပို၍ ထိတ်လန့်သွားစေသည်မှာ ဤသုံးဦးအပြင် သရဖူဆောင်းထားသည့် နောက်ထပ် ဧကရာဇ်တစ်ဦး ရှိနေသေးခြင်းပင်။ ထိုဧကရာဇ်သည် မလှုပ်မယှက် တည်ငြိမ် စွာ ထိုင်နေပြီး သူ၏ အရှိန်အဝါမှာ တိတ်ဆိတ်နေသည်။ သူ၏ စိတ်ဝိညာဉ်မှာ ကောင်းကင်၊ မြေကြီးနှင့်အတူ တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။ သူ၏ အသက်ရှူသံ အနည်းငယ်က ပင် သူက ဤလောကရှိ အလင်းရောင်အားလုံးကို စုပ်ယူနေသကဲ့သို့ ဟုန်ယွိ ခံစားလိုက်ရ သည်။ နေနှင့် လကိုပင် ဝါးမြိုပစ်နိုင်သည့် အရှိန်အဝါမျိုး ရှိနေ၏။
“ကွန်ဖန်ပညာ၊ ယွန်မင်နိုင်ငံ တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ပညာရပ်။ ဒါဆို ဒါက ယွန်မင် ဧကရာဇ် နာလန်ယိဟုန်လား” ဟုန်ယွိသည် ဤဧကရာဇ်မှာ မည်သူဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
သူကား အခြားသူမဟုတ်၊ ယွန်မင်အင်ပါယာ၏ မဟာဧကရာဇ် နာလန်ယိဟုန်ပင် ဖြစ်သည်။
အတိတ်တုန်းက ‘ချန်ပီယံမြို့စား’ မြက်ခင်းပြင်ပေါ်တွင် အဟန့်အတားမရှိ လှုပ်ရှားနေစဉ် အခါက ယွန်မင်ဧကရာဇ် နာလန်ယိဟုန်သည် ‘ချန်ပီယံမြို့စား’ ၏ အမည်ကို ကြားလိုက် ရုံဖြင့် ထမင်းမေ့၊ ဟင်းမေ့ဖြစ်ကာ အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရသည်ဟု ကောလာဟလ များ ရှိခဲ့ဖူးသည်။ သို့သော် ယခုကြည့်ရသည်မှာ ထိုစကားမှာ ကောလာဟလ သက်သက် သာ ဖြစ်ပုံရပြီး ‘ချန်ပီယံမြို့စား’ က သူ၏ နာမည်ဂုဏ်သတင်း ကျော်ကြားစေရန် လုပ်ကြံ ပြောဆိုခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤမျှ အစွမ်းထက်လှသော မဟာဧကရာဇ်တစ်ဦးမှာ ထိုမျှအထိ ကြောက်ရွံ့တုန်လှုပ်နေ မည်ဆိုသည်မှာ မဖြစ်နိုင်ပေ။
အနှစ်သာရနတ်ဘုရားကျောင်း၏ အမြင့်ဆုံး ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၊ ဟွာလျို ဧကရာဇ်၊ ကျိုးထိုက်ကျူ၊ ယွန်မင်ဧကရာဇ် နာလန်ယိဟုန်၊ ဧကရာဇ်လေးပါးစလုံး တစ်နေရာတည်းတွင် ဆုံတွေ့နေကြခြင်း ဖြစ်သည်။
သူတို့အားလုံးမှာ ဟွာလျိုနိုင်ငံ၏ နန်းတော်အတွင်း ရောက်ရှိနေကြပြီး မည်သို့သော လျှို့ဝှက်ကိစ္စများကို ဆွေးနွေးနေကြသည်ကို မည်သူမျှ မသိနိုင်ပေ။ ထိုအချိန်တွင် ဟုန်ယွိက ‘ပုံရိပ်ယောင်တံခါး’ ကို ဖောက်ထွက်ကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူ အတင်းဝင်ရောက်လာသည့် အခိုက်အတန့်တွင် ဧကရာဇ်လေးပါးစလုံး၏ အကြည့်များ မှာ သူ၏အပေါ်သို့ ကျရောက်လာတော့သည်။ သူတို့၏ အကြည့်များသည် သံနှင့် ကျောက်ခဲကိုပင် အရည်ပျော်သွားစေနိုင်လောက်အောင် ပြင်းထန်လှပေသည်။
ဟုန်ယွိ၏ အကြည့်များကလည်း သူတို့ဆီသို့ စိုက်ကြည့်လိုက်သည်။
ထိပ်တန်းပညာရှင် ငါးဦးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း အနည်းငယ် ကြောင်အ သွားကြသည်။
ဟုန်ယွိ ကြောင်အသွားရခြင်းမှာ ဧကရာဇ်လေးပါးစလုံး တစ်နေရာတည်းတွင် ဆုံနေကြ သောကြောင့် ဖြစ်ပြီး၊ ဧကရာဇ်လေးပါး ကြောင်အသွားကြရခြင်းမှာ တစ်စုံတစ်ယောက်က ‘ပုံရိပ်ယောင်တံခါး’ ကို ဖောက်ထွက်လာနိုင်သောကြောင့် ဖြစ်၏။ ထို ‘ပုံရိပ်ယောင်တံခါး’ အတွင်းရှိ အဆုံးမရှိသော ပုံရိပ်ယောင် လှည့်စားမှုများအကြားတွင် မိုးကြိုးကပ်ဘေး အဆင့် (၄) သို့မဟုတ် အဆင့် (၅) ကျော်ဖြတ်ထားသည့် ပညာရှင်တစ်ဦးတောင်မှ လွတ်မြောက်ပြီး ထွက်လာရန် ခက်ခဲလှသည်ကို သိထားကြသည်။ မိုးကြိုးကပ်ဘေး အဆင့် (၆) ပညာရှင်တစ်ဦး ဆိုလျှင်ပင် ဟင်းလင်းပြင်ကို ဖောက်ထွက်၍သာ လွတ်အောင် ပြေးနိုင်မည်ဖြစ်ပြီး အစစ်မှန် တံခါးပေါက်ကို ရှာတွေ့ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ရန်သူတစ်ယောက်က တကယ်ပဲ အတင်းဝင်လာတာလား။ ဒီရန်သူက ဘယ်လောက် တောင် အစွမ်းထက်နေလို့လဲ။
အမှန်စင်စစ် ဟုန်ယွိသည် သူ၏ စိတ်စွမ်းအားကို ‘လူသားအင်မော်တယ်’ နယ်ပယ်အထိ ချိုးဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် ‘ကောင်းကင်၊ မြေပြင်၊ လေနှင့်မိုးကြိုး’ စွမ်းအား ဖြင့် ‘ပါရမီတံတား’ ကို တည်ဆောက်နိုင်ခဲ့သောကြောင့်သာ အဆုံးမဲ့ ပုံရိပ်ယောင် လှည့်စားမှုများနှင့် ဖရိုဖရဲ စွမ်းအင်များ၏ သက်ရောက်မူဒဏ်ကို မခံရခြင်း ဖြစ်သည်။
လူသားအင်မော်တယ်၏ သိုင်းဆန္ဒ၊ နိဗ္ဗာနလမ်းစဉ် (လွတ်မြေက်ခြင်းလမ်းစဉ်)... ၎င်းတို့မှာ သာမန်အရာများ မဟုတ်ပေ။
သို့မဟုတ်ပါက သူ၏ ယခုကျင့်စဉ်အရ အသက်အန္တရာယ် မရှိနိုင်သော်လည်း မှန်ကန်သော တံခါးပေါက်ကို ရှာတွေ့ရန်မှာမူ အလွန်တရာ အလုပ်ရှုပ်သွားပေလိမ့်မည်။
…
“ရှေးဟောင်း ရာရှိုမွန်”
ဟုန်ယွိသည် ဟွာလျှိုနိုင်ငံ ဧကရာဇ်၏ လက်ထဲသို့ လှမ်းကြည့်လိုက်သည်။ ၎င်းမှာ ဖရိုဖရဲ အရောင်အသွေးရှိပြီး အလံတံခါးတစ်ခုနှင့် တူလှသည်။ ၎င်းသည် ၁၀ လက်မခန့် မြင့်မား ပြီး တံခါးတစ်ချပ်စီတွင် သားရဲဦးခေါင်း ၁၀ ခုစီ ပါဝင်သည်။ ထိုသားရဲဦးခေါင်းများမှာ လက်မအရွယ်အစားခန့်သာ ရှိသော်လည်း အလွန်တရာ ရက်စက်ကြမ်းကြုတ်ပုံရကာ ရှေးဟောင်း အငွေ့အသက်များကို ပေးစွမ်းနေသည်။
တစ်ချိန်တည်းမှာပင် ထိုအလံတံခါးအတွင်း၌ မရေမတွက်နိုင်သော လိုင်းကြောင်းများ ရှိနေ သည်ကို ဟုန်ယွိ ခံစားလိုက်ရသည်။ ထိုလိုင်းကြောင်းများသည် ဟင်းလင်းပြင်အတွင်းသို့ နက်ရှိုင်းစွာ စီးဝင်နေပြီး မည်သည့်နေရာသို့ ဦးတည်နေသည်ကို မသိနိုင်ပေ။ ၎င်းတို့မှာ ပုံသဏ္ဍာန်မရှိသဖြင့် ဟုန်ယွိပင်လျှင် သေချာစွာ အာရုံမခံနိုင်ပေ။
သံသယဖြစ်စရာမရှိပေ။ ဤအလံတံခါးမှာ ဟင်းလင်းပြင်ဆိုင်ရာ နတ်ဘုရားလက်နက်များ အနက် နံပါတ်တစ်ဟု ကျော်ကြားလှသော ရှေးဟောင်း ရာရှိုမွန်ပင် ဖြစ်သည်။ ၎င်းသည် ‘စကြာဝဠာအိတ်’ နှင့် ‘ဖန်ဆင်းခြင်းဘူးသီး’ တို့ထက်ပင် အဆပေါင်းများစွာ သာလွန်သည်။
ဤနတ်ဘုရားလက်နက်သည် တစ်ချိန်က ‘မူလဝိညာဉ်’တစ်ခုကိုပင် မွေးဖွားပေးခဲ့ဖူးသည်။
ဤအခိုက်အတန့်တွင် ဧကရာဇ်လေးပါးနှင့် ထိပ်တန်းပညာရှင်များ အားလုံးမှာ တစ်နေရာ တည်း၌ ဆုံနေကြပြီ ဖြစ်သည်။ ဟုန်ယွိသည် ချက်ချင်း တုံ့ပြန်လိုက်သည်။ ရှေးဟောင်း ရာရှိုမွန်ကို အရင်ဆုံး ရအောင်ယူရမည်။ သူ၏ ကျင့်စဉ်အဆင့်မှာ မြင့်မားသော်လည်း ဤပညာရှင်လေးဦးစလုံးကို တစ်ပြိုင်တည်း ခုခံနိုင်ရန်မှာမူ မသေချာပေ။
“ကောင်းကင်၊ မြေပြင်၊ လေနှင့်မိုးကြိုး၊ ချန်ခွန်ရွှင့်ကျန့်၊ လေနှင့်မိုးကြိုး ဓားလေးစင်း၊”
ထိပ်တန်းပညာရှင် ငါးဦးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။ ခဏမျှ ကြောင်အ သွားပြီးနောက် သူတို့အားလုံး ချက်ချင်း သတိပြန်ဝင်လာကြသည်။
သို့သော် ပထမဆုံး သတိပြန်ဝင်လာသူမှာ ဟုန်ယွိပင် ဖြစ်၏။ သူသည် ‘လူသားအင်မော် တယ်’ နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူ၏ တုံ့ပြန်မှုမှာ အလွန်တရာ လျင်မြန်လှ ပေသည်။
သူ သတိပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက် ဟုန်ယွိသည် ဘာမှမစဉ်းစားတော့ဘဲ ‘အတွေးမဲ့ တည်ငြိမ်ခြင်း’ နယ်ပယ်သို့ ချက်ချင်း ဝင်ရောက်လိုက်သည်။ သူ့အစစ်မှန် ခန္ဓာကိုယ်၏ လက်ထဲရှိ ဓားရှည်မှာ တုန်ခါသွားပြီး ကောင်းကင်ဓား၊ မြေပြင်ဓား၊ လေဓားနှင့် မိုးကြိုးဓားတို့ကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်တော့သည်။ တစ်ချိန်တည်း မှာပင် သူ၏ သိုင်းဆန္ဒမှာ ပေါက်ကွဲထွက်လာပြီး ရွှေရောင်တံတားတစ်ခုက ဟင်းလင်းပြင် ကို ဖောက်ထွက်ကာ အဆုံးမရှိသော မျှော်လင့်ချက်များကို ထုတ်လွှတ်လိုက်သည်။
ဤဓားချက်မှာ ‘ဟွာလျှိုနိုင်ငံ’၏ ဧကရာဇ် အသောက ထံသို့ မဆိုင်းမတွ ဦးတည်သွားတော့ သည်။
ဤအခိုက်အတန့်တွင် ဟုန်ယွိ၏ အစစ်မှန် ခန္ဓာကိုယ်မှာ ‘လူသားအင်မော်တယ်’ နယ်ပယ် သို့ ခြေတစ်လှမ်း ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ‘နတ်ဘုရားဓား’ ကို အသုံးပြု၍ ကောင်းကင်၊ မြေပြင်၊ လေနှင့် မိုးကြိုး လေးဓားကို ထိန်းချုပ်ကာ အနီးကပ် သတ်ဖြတ်ရန် ကြိုးပမ်းခြင်း ဖြစ်၏။ သူသည် ‘လုပ်ကြံသတ်ဖြတ်သူများခန်းမ’တွင် နားလည်ခဲ့သော မဟာသတ္တိကို အသုံးပြု၍ နန်းတော်အတွင်းရှိ ဧကရာဇ်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နန်းတော်တစ်ခုလုံးမှာ ဓားအလင်းတန်းများဖြင့် ပြည့်နှက် သွားတော့သည်။ ကောင်းကင်ယံမှ တိမ်တိုက်များ၊ လေးလံသော မြေပြင်၊ ချောမွေ့သော လေနှင့် တုန်ဟည်းနေသော မိုးကြိုးသံများ ပေါ်ထွက်လာသည်။
ကောင်းကင်လမ်းစဉ်နှင့် လူသားလမ်းစဉ်တို့မှာ ဓားစွမ်းအင်အတွင်းသို့ အပြည့်အဝ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။
ဖျတ်…။
ပြင်းထန်လှသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် ဧကရာဇ် အသောက၏ လက်ထဲရှိ အလံတံခါးမှ ပြင်းထန်လှသော ဖရိုဖရဲ စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ အလံတံခါး တစ်ခုလုံးသည် လျင်မြန်စွာ လည်ပတ်နေပြီး ဖရိုဖရဲ စွမ်းအင်များသည် အချိန်ဆွဲစရာမလို ဘဲ ဧကရာဇ် အသောက၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားတော့သည်။
၎င်းမှာ ရှေးဟောင်း ရာရှိုမွန်၏ မိမိသခင်အား အလိုအလျောက် ကာကွယ်ရေးစနစ်ပင်။
သို့သော် ထိုအခိုက်အတန့်တွင် ဟုန်ယွိ၏ ကျယ်ပြောလှသော ဓားစွမ်းအားနှင့် ‘ပါရမီ တံတား’ ၏ သိုင်းဆန္ဒတို့မှာ ထိုနေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုဓားစွမ်းအားနှင့် သိုင်းဆန္ဒတို့အောက်တွင် ပုံသဏ္ဍာန်ပင် မဖော်ရသေးသော ဖရိုဖရဲစွမ်းအင် အငွေ့အသက် များသည် ချက်ချင်းပင် ဆုတ်ဖြဲခံလိုက်ရတော့သည်။
အလွန်တရာ မြန်ဆန်လွန်းလှပေသည်။
‘လူသားအင်မော်တယ်’ တစ်ယောက်၏ အနီးကပ်တိုက်ခိုက်မှုမှာ ဘယ်လောက်တောင် မြန်လိုက်သနည်း။
နတ်ဘုရားတွေနှင့် တာအိုဗုဒ္ဓတွေတောင်မှ ထွက်ပြေးရမယ့် အရှိန်ဟုန်မျိုးပင်။
ရှေးဟောင်း ရာရှိုမွန်မှာ လျင်မြန်သော်လည်း ဖရိုဖရဲ စွမ်းအင်များမှာ အပြည့်အဝ ပုံမပေါ် သေးပေ။ ထို့ပြင် ဟုန်ယွိ၏ သိုင်းဆန္ဒနှင့် ဓားစွမ်းအားတို့က ထိုဖရိုဖရဲ စွမ်းအင်များကို ပြန်လည်ခုခံနိုင်သဖြင့် ၎င်းမှာ ဆုတ်ဖြဲခံလိုက်ရခြင်း ဖြစ်သည်။
အကယ်၍ သူသာ အနည်းငယ် နှေးသွားခဲ့မည်ဆိုပါက ထိုဖရိုဖရဲ စွမ်းအင်များမှာ အပြည့် အဝ ပုံဖော်ပြီးသား ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဟုန်ယွိသည် ‘လူသားအင်မော် တယ်’ ဖြစ်နေလင့်ကစား အထဲတွင် ပိတ်မိသွားနိုင်ပြီး လွတ်အောင်ထွက်ရန် ခက်ခဲသွား ပေလိမ့်မည်။
ပြင်းထန်လှသော ဓားစွမ်းအားသည် ပုံမပေါ်သေးသော ဖရိုဖရဲ စွမ်းအင်များကို ဆုတ်ဖြဲပစ် လိုက်ပြီး ဧကရာဇ် အသောက၏ ခန္ဓာကိုယ်မှာ ပေါ်ထွက်လာခဲ့သည်။
ထိုအခိုက်တွင် ဟွာလျှိုဧကရာဇ်၏ မျက်လုံးများထဲ၌ မည်သည့်ကြောက်ရွံ့မှုမျှ မရှိဘဲ အလွန်တရာ တည်ငြိမ်နေသည်ကို တွေ့လိုက်ရသည်။ လောကကြီး ပျက်သုဉ်းသွားလျှင် တောင်မှ သူသည် လှုပ်ရှားမည် မဟုတ်သည့်ပုံမျိုး ရှိနေ၏။
ဤကဲ့သို့သော မျက်နှာပေးမျိုးမှာ ဟုန်ယွိ အမုန်းဆုံး မျက်နှာပေးမျိုးပင်။
ရှုး….။
ဓားဦးသည် ဧကရာဇ်၏ လက်နှင့် ထိလုနီးပါး ဖြစ်သွားသည်။ သူ၏ လက်မောင်းကို ဖြတ်ပစ်တော့မည့် အခိုက်အတန့်မှာပင် ဘယ်ကမှန်းမသိသော ဓားအလင်းတန်းတစ်ခု ရောက်ရှိလာပြီး ဓားချက်ကို ကြားဖြတ်တိုက်ခိုက်လိုက်သည်။ ၎င်းမှာ အလွန်တရာ သဘာဝကျလှသော ဓားချက်တစ်ခု ဖြစ်ပြီး ဟုန်ယွိ၏ ဓားစွမ်းအင်ကို တားဆီးလိုက်နိုင်ခဲ့ သည်။
၎င်းမှာ ဟွာလျိုဧကရာဇ်၏ ဓားကောက်ကြီးပင် ဖြစ်သည်။
ဤအရေးကြီးသော အခိုက်အတန့်တွင် ဧကရာဇ်သည် ဟုန်ယွိက ဖရိုဖရဲ စွမ်းအင်များကို ဆုတ်ဖြဲနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူ၏ ဓားကောက်ကို ဆွဲထုတ်၍ ဓားရှိန်ဟုန်ကို တားဆီးလိုက်ခြင်း ဖြစ်၏။
“မဟာလေဟာနယ်လက်ဝါး။”
ထိုအခိုက်အတန့်တွင် ဟုန်ယွိ၏ ခေါင်းနောက်မှ အနာဂတ် အင်မော်တယ် မူလဝိညာဉ် သည် အလိုအလျောက် ပျံထွက်လာပြီး ရှေးဟောင်း ရာရှိုမွန်ကို လှမ်း၍ ဖမ်းဆွဲလိုက်တော့ သည်။
ဤတိုက်ပွဲမှာ အလွန်တရာ လျင်မြန်လွန်းလှသဖြင့် စဉ်းစားနေရန် အချိန်မရှိပေ။ ၎င်းမှာ သိုင်းပညာရှင်များ၏ အလိုလိုတုန့်ပြန်နှင့် ‘မဟာလေဟာနယ်လက်ဝါး’ ၏ အနာဂတ် အသိစိတ်တို့အပေါ်တွင်သာ မူတည်နေတော့သည်။
ဟုန်ယွိသည် အလင်းနှင့်အမှောင် မဟာအကာအကွယ်ကို အသုံးပြု၍ ချိပ်ပိတ်ရန်ပင် အချိန်မရလိုက်ပေ။
၎င်းကို ကြည့်ခြင်းအားဖြင့် ရှေးဟောင်း ရာရှိုမွန်၏ အလိုအလျောက် ကာကွယ်ရေး စနစ်သည် ‘မဟာလေဟာနယ်လက်ဝါး’ ထက်တောင် သာလွန်နေကြောင်း သိသာသည်။
အရာအားလုံးမှာ အလွန်တရာ မြန်ဆန်လှပေသည်၊ မြန်ဆန်သည်၊ မြန်ဆန်လွန်းသည်။
‘မဟာလေဟာနယ်လက်ဝါး’ ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် နန်းတော်တစ်ခု လုံးမှာ ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။ ဟင်းလင်းပြင်မှာ အေးခဲသွား ပြီး အရာအားလုံးမှာ တည်ငြိမ်သွားတော့သည်။ ၎င်းမှာ အလွန်တရာ အစွမ်းထက်လှ၏။ ဟွာလျိုဧကရာဇ်သည် မည်မျှပင် အစွမ်းထက်စေကာမူ ဟုန်ယွိ၏ ‘လူသားအင်မော်တယ် ဓား’ နှင့် ‘မဟာလေဟာနယ်လက်ဝါး’ တို့ကို တစ်ပြိုင်တည်း တားဆီးနိုင်မည်မဟုတ်ပေ။
ဘုန်း…။
‘မဟာလေဟာနယ်လက်ဝါး’ တံဆိပ်တော်သည် ၁၀ လက်မမြင့်သော ရှေးဟောင်း ရာရှိုမွန် ကို တိုက်ရိုက် ဖမ်းဆွဲလိုက်ပြီး အတင်းအဓမ္မ လုယူလိုက်တော့သည်။ ၎င်းသည် ဧကရာဇ် အသောက၏ လက်ထဲမှ ဤရတနာကို လုယူရန် ကြိုးပမ်းခြင်း ဖြစ်၏။
“ဘယ်လောက်တောင် လေးလိုက်လဲ။”
ဟုန်ယွိသည် ‘မဟာလေဟာနယ်လက်ဝါး’ ဖြင့် ရှေးဟောင်း ရာရှိုမွန်ကို ဖမ်းဆွဲ၍ အားစိုက် လိုက်သော်လည်း ၎င်းမှာ လုံးဝ မလှုပ်ရှားပေ။ ၎င်းမှာ ကမ္ဘာဦးတောင်တန်းတစ်ခုလုံး၏ အလေးချိန်ကဲ့သို့ပင် လေးလံလှသည်။
‘မဟာလေဟာနယ်လက်ဝါး’ ၏ အစွမ်းကုန်အားထုတ်မှုမှာ တောင်ငယ်တစ်ခုကိုပင် မနိုင်စွမ်းရှိသော်လည်း၊ ယခု ၁၀ လက်မခန့်သာ ရှိသော ရာရှိုမွန်ကိုမူ မနိုင်နိုင်ဘဲ ဖြစ်နေ ရသည်။
ဘုန်း။
ယခုအခါ ဟုန်ယွိ၏ အားထုတ်မှုမှာ ခဏမျှ ရပ်တန့်သွားသဖြင့် ကျန်ရှိသော ထိပ်တန်း ပညာရှင် သုံးဦးစလုံးမှာ စဉ်းစားရန် အချိန်ရသွားကြသည်။ ထို့နောက် သူတို့သည် တစ်ပြိုင် တည်း တိုက်ခိုက်လိုက်ကြတော့သည်။
ဧရာမ ‘ဘုန်းတန်ခိုးအာဏာစက်လှံတော်’ နှင့် ‘ဖျက်ဆီးခြင်းလက်သီး’ တို့မှာ နေနှင့်လကို ဝါးမြိုပစ်မည့် ကွန်ဖန်ငှက်ကြီးကဲ့သို့ ဟုန်ယွိ၏ ခန္ဓာကိုယ်ဆီသို့ ပြင်းထန်စွာ ဦးတည် လာခဲ့သည်။
ကျိုးထိုက်ကျူ၊ နာလန်ယိဟုန်နှင့် အနှစ်သာရနတ်ဘုရားကျောင်း၏ အမြင့်ဆုံး ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးတို့မှာ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။
“တာအိုဗုဒ္ဓဓမ္မခန္ဓာ၊ လူသားအင်မော်တယ်ကိုယ်ပွား၊ ရှေးဟောင်းချီလင်... အကုန်ထွက်ခဲ့ စမ်း။”
ပညာရှင် သုံးဦး တိုက်ခိုက်လာသည်နှင့်အမျှ ဟုန်ယွိ၏ ဦးခေါင်းထက်မှ အဆုံးမရှိသော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ဧရာမ ‘တာအိုဗုဒ္ဓဓမ္မခန္ဓာ’သည် ‘ပစ္စုပ္ပန်တာအိုဗုဒ္ဓ တံဆိပ်တော်’နှင့်အတူ ကျိုးထိုက်ကျူ၏ ‘ဖျက်ဆီးခြင်းမဟာနတ်ဘုရားလက်သီး’ ကို ပြန်လည်တိုက်ခိုက်လိုက်သည်။ ‘ကောင်းကင်အလင်းဉီးချို နတ်ဘုရားချပ်ဝတ်’ကို ဝတ်ဆင်ထားသော ‘လူသားအင်မော်တယ် ကိုယ်ပွား’သည်လည်း အကာအကွယ်အတွင်းမှ ထွက်ပေါ်လာပြီး အနှစ်သာရနတ်ဘုရားကျောင်း ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးကို သူ၏ လှံဖြင့် လျှပ်စီးကဲ့သို့ ထိုးနှက်လိုက်သည်။
ထို့ပြင် ‘ချီလင်’ ၏ အမြုတေစွမ်းအင်လုံးလည်း ရှိနေသေး၏။ ၎င်းမှာ ယွန်မင်ဧကရာဇ် နာလန်ယိဟုန်ထံသို့ ပြင်းထန်စွာ ဦးတည်သွားတော့သည်။
ချီလင်၏ ဧရာမ ခန္ဓာကိုယ်နှင့် အတိုင်းအဆမရှိလှသော ဘုန်းတန်ခိုးများမှာ ဟွာလျို နန်းတော်အတွင်း ပေါ်ထွက်လာခဲ့ပြီ။
ဟုန်ယွိသည် ဤလောကရှိ ဧကရာဇ်လေးပါးကို ခုခံရန် သူ၏ အစွမ်းထက်ဆုံးသော နည်းလမ်းများကို ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။
ထိုအချိန်တွင် ကျိုးထိုက်ကျူ၏ ခန္ဓာကိုယ်အတွင်းမှ ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်း ခန္ဓာ,မှာ အပြင်သို့ ထွက်ပေါ်လာသည်။ ‘ဖျက်ဆီးခြင်း မဟာနတ်ဘုရားလက်သီး’ မှာ ကျိုးထိုက်ကျူ၏ စစ်ပွဲနှင့် သတ်ဖြတ်လိုသော ဆန္ဒများကို သယ်ဆောင်လာပြီး ဟင်းလင်း ပြင် တစ်ခုလုံးကို လွှမ်းခြုံကာ ‘မဟာလေဟာနယ်လက်ဝါး’ ကို လုံးဝ ဖိနှိပ်လိုက်တော့ သည်။
ဟုန်ယွိကို တိုက်ခိုက်နေစဉ်အတွင်း ယခင်ကျိုးမင်းဆက်ကို တည်ထောင်သူ ဘိုးဘေးကြီး ၏ မျက်နှာတွင် ရက်စက်ပြီး အစွမ်းထက်သော၊ လွှမ်းမိုးချုပ်ကိုင်လိုသော အမူအရာများ ပေါ်ထွက်နေသည်။
သို့သော် နောက်တစ်ခဏတွင် ဗု ဒ္ဓတစ်ပိုင်း၊ တာအိုတစ်ပိုင်းနှင့် တူလှသော နားရွက် ကြီးကြီး၊ ပခုံးကျယ်ကျယ်နှင့် ဓမ္မကိုယ်ထည်တစ်ခုက ထို ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်း ခန္ဓာကို တားဆီးလိုက်သည်။
‘တာအိုဗုဒ္ဓဓမ္မခန္ဓာ’သည် သူ၏ လက်ကို မြှောက်လိုက်သည့် အခိုက်အတန့်တွင် စကြာဝဠာတစ်ခု လုံးမှာ သူ၏ လက်ဝါးအတွင်း၌ စုစည်းသွားသကဲ့သို့ပင်။ လောကရှိ စွမ်းအင်အားလုံးမှာ ရူးသွပ်စွာ စုစည်းလာနေသည်။ နေ၊ လ၊ ကြယ်များ၊ တောင်များ၊ ကျောက်ခဲများ၊ လယ်ကွင်းများ၊ မြေဆီလွှာများ၊ မြက်ပင်များ၊ သစ်ပင်များ၊ သားရဲများ၊ လူသားများ၊ ပင်လယ်များ၊ မြစ်ချောင်းများ၊ ဟင်းလင်းပြင်၊ အစစ်အမှန်၊ ပုံသဏ္ဍာန်မဲ့သူ၊ အတွေးရှိသူ၊ အတွေးမရှိသူ၊ အသက်ရှိသူ၊ အသက်မဲ့သူ၊ ခဏတာရှင်သန်သူ၊ ထာဝရရှင်သန်သူ၊ မပျက်စီးနိုင်သူ၊ စိုစွတ်သောနေရာမှ မွေးဖွားသူ၊ ဥမှ မွေးဖွားသူ၊ မိခင်ဝမ်းမှ မွေးဖွားသူ ... အစရှိသဖြင့် အရာအားလုံး၏ အနှစ်သာရများမှာ သူ၏ လက်ဝါးအတွင်း စုစည်းသွား တော့သည်။
ထိုလက်ဝါးသည် ကျိုးထိုက်ကျူအပေါ်သို့ ကျရောက်သွားတော့သည်။
“ဂျေတီ... ဂျေတီ... မဟာ... မဟာ... မဟာဂျေတီ... ပိုလိုဂျေတီ... ပိုလိုစန်းဂျေတီ...”
“ကြီးမြတ်လှပေစွ... ကြီးမြတ်လှပေစွ...”
“သွားကြလော့... ကျော်လွန်သွားကြလော့...”
“ကြီးမြတ်စွာ ကျော်လွန်သွားကြလော့... သတ္တဝါအပေါင်းတို့ အတူတကွ ကျော်လွန်သွား ကြလော့...”
‘မဟာလေဟာနယ်လက်ဝါး’ ထက် အဆပေါင်း ရာချီ၊ ထောင်ချီ၊ သောင်းချီ၍ ပိုမိုခန့်ညား ထည်ဝါသော အသံကြီးသည် နန်းတော်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။
ဤလောကတွင် ဤစွမ်းအားနှင့် ယှဉ်ပြိုင်နိုင်သော အခြားစွမ်းအား မရှိတော့ပေ။
အနည်းဆုံးတော့ ယခုအခိုက်အတန့်တွင် ဤတားဆီး၍မရသော စွမ်းအားမှာ လောက တစ်ခုလုံးနှင့် ကျိုးထိုက်ကျူ၏ ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာအပေါ်သို့ သက်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ဝုန်း…
‘ဖျက်ဆီးခြင်း မဟာနတ်ဘုရားလက်သီး’ နှင့် ‘တာအိုဗုဒ္ဓဓမ္မခန္ဓာ’ ၏ လက်ဝါးတို့ ထိပ်တိုက် တွေ့ဆုံကြသည်။ ဟုန်ယွိသည် မဟာတံဆိပ်တော်၊ လွတ်မြောက်ခြင်းတံဆိပ်တော်နှင့် ပါရမီတံဆိပ်တော်တို့ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ (တဖက်ကမ်းတံဆိပ်တော်)ကို ပါရမီတံဆိပ်တော်ဟု ပြောင်းလဲ ပြန်ဆိုပါမည်။)
ပြင်းထန်လှသော ပေါက်ကွဲမှုကြီးအတွင်းတွင် ကျိုးထိုက်ကျူ၏ ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ’မှာ တို့ဟူးတုံးတစ်ခုကဲ့သို့ ပြိုကွဲပျက်စီးသွားတော့သည်။ မရေမတွက်နိုင် သော အတွေးစများမှာ ပေါက်ကွဲကြေမွသွားပြီးနောက် အပိုင်းပိုင်းအစစ ဖြစ်သွားတော့ သည်။ ပြင်းထန်လှသော စွမ်းအားမုန်တိုင်းမှာ နန်းတော်ခန်းမအတွင်းသို့ တိုးဝှေ့သွားပြီး အမိုးကိုပင် ကြီးမားသော အပေါက်ကြီးဖြစ်အောင် ဆွဲဖြဲပစ်လိုက်တော့သည်။
***