ဆိပ်ကမ်း၌ အဖွဲ့သားများ လူစုခွဲလိုက်ကြပြီး မိမိတို့တာဝန်အသီးသီးကို လုပ်ဆောင်ရန် ထွက်ခွာသွားကြ၏။
ချားလ်စ်သည် သူ၏ဘဏ်စာရင်းထဲသို့ ငွေအက်ကိုး တစ်သန်း အပ်နှံပြီးနောက် သင်္ဘောကျင်းဆီသို့ အပြေးအလွှား သွားခဲ့သည်။
လမ်းတစ်လျှောက်လုံး သူ၏နှလုံးခုန်သံများမှာ အလွန်မြန်နေပေသည်။ ဤခံစားချက်မျိုး မရရှိသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ မိမိနှစ်သက်သောသူကို ပထမဆုံးအကြိမ် ဝန်ခံရတော့မည့် လူပျိုပေါက်တစ်ဦးကဲ့သို့ ရင်ခုန်နေမိသည်။
သံမဏိများဖြင့် ကာရံထားသော သင်္ဘောကျင်းအတွင်း၌ အဖိုးအိုတစ်ဦးနှင့် အကူနှစ်ဦးက ချားလ်စ်ကို ဆီးကြိုကြလေသည်။ ထိုသူမှာ သင်္ဘောကျင်းပိုင်ရှင်ပင် ဖြစ်၏။
“မင်္ဂလာပါ ဆရာ။ ဘာကူညီပေးရမလဲ”
“စူးစမ်းရေးသင်္ဘောတစ်စင်း လိုချင်တယ်”
ချားလ်စ်က ပြန်ဖြေလိုက်သည်။
ချားလ်စ်က ကုန်တင်သင်္ဘောမဟုတ်ဘဲ စူးစမ်းရေးသင်္ဘောကို ဝယ်ယူလိုကြောင်း ပြောလိုက်သောအခါ အဖိုးအိုမှာ အံ့သြသွားလေသည်။
“ဆရာ တကယ်ပဲ စူးစမ်းရေးသင်္ဘောကို ဝယ်မှာလား။ အသင်းမှာကော လျှောက်ပြီးပြီလား”
“မလျှောက်ရသေးဘူး။ သင်္ဘောမဝယ်ခင် အရင်လျှောက်ရမှာလား”
ချားလ်စ်၏ လေသံတွင် မကျေနပ်မှုများ ပါဝင်နေသည်ကို ရိပ်မိသွားသော ဝုဒ်က အမြန်ပင် ရှင်းပြလိုက်၏။
“မဟုတ်ပါဘူး။ ဝယ်လို့ရပါတယ်။ ဆရာ့လို စွန့်စားချင်တဲ့သူတွေ ဒီဘက်ခေတ်မှာ တော်တော်ရှားသွားလို့ပါ”
ကျွန်းသစ်တစ်ခု ရှာတွေ့လျှင် အမြတ်အစွန်းများစွာ ရနိုင်သော်လည်း ထိုအောင်မြင်မှုများနောက်၌ ကျဆုံးမှုများစွာ ရှိနေပေသည်။ ရေနွေးငွေ့အင်ဂျင်များ ပေါ်ပေါက်လာချိန်တွင် လူသားတို့သည် သမုဒ္ဒရာကြီးကို အောင်နိုင်တော့မည်ဟု ယုံကြည်ခဲ့ကြ၏။
သို့သော် လူသားတို့မှာ ပင်လယ်ပြင်၏ အရှင်သခင် မဟုတ်ကြပေ။ အန္တရာယ်များလှသော ကျွန်းများနှင့် နက်ရှိုင်းသော ပင်လယ်ကြီးက လူသားတို့ကို အလဲထိုးခဲ့သည်။
စူးစမ်းရေးသင်္ဘောများမှာ တစ်စင်းပြီးတစ်စင်း ပျောက်ဆုံးသွားကြလေသည်။ မိသားစုများစွာမှာလည်း ပင်လယ်ပြင်၌ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
သေခြင်းတရားက လူသားတို့၏ စိတ်ဓာတ်ကို ငြှိမ်းသတ်ခဲ့၏။ လူတို့သည် စူးစမ်းရှာဖွေသူများကို သူရဲကောင်းဟု မသတ်မှတ်တော့ဘဲ မိမိသေတွင်း မိမိတူးနေသူများအဖြစ်သာ မြင်ကြတော့သည်။
ဝုဒ်၏ မှတ်ဉာဏ်ထဲတွင် နောက်ဆုံးအကြိမ် စူးစမ်းရေးသင်္ဘော ဝယ်ယူသူမှာ လွန်ခဲ့သော ငါးနှစ်က ဖြစ်ပြီး ထိုသူမှာလည်း ပင်လယ်ထဲ၌ အသက်ပျောက်သွားခဲ့လေသည်။
“ဆရာ ဘယ်လိုသင်္ဘောမျိုး လိုချင်တာလဲ ပြောပါဦး”
“အလျား မီတာ ခုနစ်ဆယ်လောက် ရှိရမယ်။ အင်ဂျင်က ရောင်စဉ်ဖြာ တာဘိုင်အင်ဂျင် ဖြစ်ရမယ်။ သင်္ဘောဦးက အမြောက်ကတော့ ပြောင်းချောအမြောက် ဖြစ်ရမယ်”
ချားလ်စ်က သူအလိုရှိသော အချက်အလက်များကို ပြောလိုက်သည်။
သူသည် ဤအချိန်အတွက် ကြာမြင့်စွာ ပြင်ဆင်ထားခဲ့သဖြင့် သင်္ဘော၏ တည်ဆောက်ပုံများကို အလွတ်ရနေပြီ ဖြစ်၏။ အားလုံးမှာ အိမ်ပြန်နိုင်ရန်အတွက်သာ ဖြစ်ပေသည်။
အရောင်းအဝယ်မှာ မြန်မြန်ဆန်ဆန်ပင် ပြီးမြောက်သွားလေသည်။ တစ်နာရီအကြာတွင် ချားလ်စ်သည် သူ၏ သင်္ဘောသစ်ကြီးကို စတင် မြင်တွေ့လိုက်ရသည်။
လှပသော အဖြူရောင် သင်္ဘောကိုယ်ထည်မှာ သံမှိုများဖြင့် သေသေသပ်သပ် ရှိနေ၏။ သင်္ဘောဟောင်းထက် ပိုမိုခိုင်ခံ့ပြီး မီးခိုးခေါင်းတိုင်များကလည်း အင်ဂျင်၏ စွမ်းအားကို ပြသနေသည်။
ကြည့်လိုက်လျှင် သင်္ဘောဟောင်းကို အဆင့်မြှင့်ထားသလို ထင်ရသော်လည်း ရှေ့ပိုင်းက အမြောက်ကြီးကြောင့် ကုန်တင်သင်္ဘောမဟုတ်ကြောင်း သိသာပေသည်။ သင်္ဘောမှာ အလျား ခြောက်ဆယ့်ငါးမီတာနှင့် အနံ ဆယ်မီတာ ရှိ၏။
“ဒီသင်္ဘောက ရေတပ်အတွက် အရန်ထားတာပါ။ ဆရာ အရေးတကြီး လိုတယ်ဆိုရင် အရင်ယူသွားပါ”
“ဒီတစ်စင်းပဲ ယူမယ်။ ဘယ်တော့ ရမလဲ”
“အတွင်းပိုင်း ပြင်စရာလေးတွေ ရှိပါသေးတယ်။ အမြန်ဆုံး လုပ်ရင်တောင် နှစ်ပတ်လောက် ကြာပါမယ်။ စုစုပေါင်း ဈေးနှုန်းကတော့ သုံးသန်းခွဲ ကျသင့်မှာပါ”
ဝုဒ်က ဆိုလေသည်။
ချားလ်စ် စိတ်ထဲမှ တွက်ချက်လိုက်၏။ ငါ့ဆီမှာ ရှိတဲ့ငွေက လောက်ရုံလေးပဲ ရှိတယ် သင်္ဘောဟောင်းကိုပါ ရောင်းလိုက်ရင်တော့ ခရီးစရိတ်အတွက် အဆင်ပြေသွားလိမ့်မည်။
“ကောင်းပြီ အမြန်ဆုံး ပြင်ထားလိုက် နှစ်ပတ်နေရင် လာယူမယ်”
သင်္ဘောကျင်းမှ ထွက်လာပြီးနောက် ချားလ်စ်သည် စူးစမ်းရှာဖွေသူများအသင်းသို့ တန်းစီသွားသည်။ သင်္ဘောဝယ်ပြီးပြီ ဖြစ်သဖြင့် အသင်းဝင်ရန်မှာ နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်ဖြစ်၏။ ဤအသင်းမှာ ကျွန်းတိုင်း၌ ရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။
အသင်းဝင်ခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများမှာ များပြားလှလေသည်။ အသင်းဝင်တစ်ဦးအနေဖြင့် အခြားနေရာ၌ ဈေးကြီးပေးဝယ်ရမည့် ပင်လယ်ရေကြောင်းပြ မြေပုံများကို အခမဲ့ ကြည့်ရှုခွင့် ရမည်ဖြစ်သည်။
သို့သော် စူးစမ်းရှာဖွေသူ တစ်ယောက်ဖြစ်လာလျှင် တာဝန်များလည်း ရှိလာ၏။ တစ်နှစ်လျှင် အနည်းဆုံး ကျွန်းတစ်ကျွန်းတော့ စူးစမ်းရမည် ဖြစ်ပေသည်။ အကယ်၍ ထိုသတ်မှတ်ချက်ကို မပြည့်မီပါက အသင်းဝင်အဖြစ်မှ ထုတ်ပယ်ခံရမည်။ ချားလ်စ်အတွက်မူ ကျွန်းများကို ရှာဖွေလိုသူဖြစ်သဖြင့် ဤအချက်မှာ ပြဿနာမဟုတ်ပေ။
စူးစမ်းရှာဖွေသူများအသင်း အဆောက်အဦးမှာ ဆိပ်ကမ်းနှင့် မလှမ်းမကမ်း၌ ရှိသည်။ အဖြူရောင် ကျောက်တုံးများဖြင့် ဆောက်ထားသော အဆောက်အဦးမှာ ထင်ရှားလှ၏။ ချားလ်စ်သည် အပေါ်က သင်္ဘောတံဆိပ်ကို ကြည့်ပြီး အထဲသို့ ဝင်သွားလိုက်သည်။
အတွင်းပိုင်းမှာ ကျယ်ဝန်းလှပြီး ချားလ်စ်၏ ခြေသံများမှာ ဟိန်းနေလေသည်။ ကောင်တာများ၏ အဝေး၌ ဆိုဖာပေါ်တွင် ထိုင်နေသော အမျိုးသားနှင့် အမျိုးသမီး အချို့ကို တွေ့ရ၏။ စားပွဲပေါ်ရှိ တြိဂံပုံ ဦးထုပ်များက သူတို့မှာလည်း ကပ္ပတိန်များ ဖြစ်ကြောင်း ပြသနေသည်။
ချားလ်စ်က လျှောက်လွှာဖြည့်နေစဉ်မှာပင် လက်မောင်းတစ်ခုက သူ၏ လည်ပင်းကို လာရောက် ရစ်ပတ်လိုက်၏။
ရှူး...
ချားလ်စ်သည် ချက်ချင်းပင် ခါးကြားသို့ လက်လှမ်းလိုက်ပြီး ခြောက်လုံးပြူးဖြင့် ထိုလူ၏ ဝမ်းဗိုက်ကို ထောက်လိုက်သည်။
“အေးအေးဆေးဆေးပါ ကောင်လေးရဲ့။ ဒီမှာ အန္တရာယ် မရှိပါဘူး”
ထိုသူက ချားလ်စ်၏ လည်ပင်းကို လွှတ်ပေးလိုက်ပြီး ဘေးကခုံ၌ ဝင်ထိုင်လိုက်လေသည်။ သူမသည် ဆံပင်ဖြူဖြူနှင့် အလွန်ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမ၏ အရပ်မှာ နှစ်မီတာနီးပါး မြင့်မနေပါက မည်သည့်ယောကျ်ားမဆို သူမအနားသို့ ကပ်ချင်ကြလိမ့်မည်။
ချားလ်စ်မှာမူ သူမ၏ အလှအပထက် ခါး၌ ချိတ်ထားသော သစ်သားတုတ်ကောက်ကိုသာ စိတ်ဝင်စားမိပေသည်။ ပင်လယ်ပြင်၌ အသက်ရှင်နေသော အမျိုးသမီးများမှာ သာမန်လူများ မမဟုတ်ကြပေ။
“တစ်ခုခု လိုချင်လို့လား” လို့ ချားလ်စ်က သေနတ်ကို ပြန်သိမ်းရင်း မေးလိုက်သည်။
“လူသစ်တစ်ယောက် မတွေ့ရတာ ကြာပြီမို့လို့ မိတ်ဆက်ချင်ရုံပါ။ ငါက အဲလစ်ဇဘက်။ နှင်းဆီနက် သင်္ဘောရဲ့ ကပ္ပတိန်ပါ။ မင်း နာမည်ကရော”
ချားလ်စ်က ပြန်မဖြေဘဲ လျှောက်လွှာကိုသာ အာရုံစိုက် ဖြည့်နေလိုက်၏။ ပင်လယ်ပြင်၏ ကြမ်းတမ်းမှုများက သူ့ကို သူစိမ်းများနှင့် စကားပြောရန် စိတ်မပါတော့အောင် လုပ်ဆောင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုအမျိုးသမီးမှာ လက်လျှော့မည့်ပုံ မရှိပေ။
“ချားလ်စ်လား။ နာမည်လေးက လှသားပဲ။ နေရပ်လိပ်စာက သိပ်အရေးမကြီးပါဘူး။ တစ်ခုခု ရေးလိုက်ရုံပါပဲ”
အဲလစ်ဇဘက်က ဆို၏။
ဆိုဖာပေါ်ရှိ လူတစ်ယောက်က တဟားဟား ရယ်မောလိုက်လေသည်။
“အဲလစ်ဇဘက်။ ငါ ပထမဆုံး ရောက်တုန်းကတော့ နင် ဒီလောက် မတက်ကြွပါလား”
အဲလစ်ဇဘက်က ထိုသူကို မျက်စောင်းထိုးလိုက်သည်။
“နင်က သူနဲ့မှ မတူတာ။ ငါက နင်နဲ့ အတူအိပ်ချင်စိတ်မှ မရှိတာ။ ဘာလို့ ကူညီရမှာလဲ”
ထိုလူမှာ စိတ်မဆိုးဘဲ အားရပါးရ ရယ်မောနေတော့၏။
ချားလ်စ်သည် အဲလစ်ဇဘက်ကို ဂရုမစိုက်ဘဲ လျှောက်လွှာကို ဖြည့်ပြီး ကောင်တာသို့ ကမ်းပေးလိုက်သည်။
အဲလစ်ဇဘက်ကမူ ဆက်လက် ပြောဆိုနေဆဲပင် ဖြစ်ပေသည်။
“ချားလ်စ်။ ဒါ နင့်အတွက် ပထမဆုံးအကြိမ်မို့လို့ ငါ ရှင်းပြမယ် အသင်းရဲ့ အလုပ်က ကျွန်းသစ်တွေ ရှာတွေ့ဖို့ ကူညီပေးရတာပဲ။ ဒါပေမဲ့ အလကားတော့ မဟုတ်ဘူးပေါ့။ ကပ္ပတိန်တစ်ယောက်က ဘုရင်ခံ ဖြစ်လာရင် အဲဒီကျွန်းမှာ အသင်းခွဲတစ်ခု ဖွင့်ပေးရမယ်”
“သတိပေးတာ ကျေးဇူးတင်ပါတယ်။ ဒါတွေ အကုန်လုံး ကျွန်တော် သိပြီးသားပါ”
ချားလ်စ်က ဖြတ်ပြောလိုက်သည်။
“ငါတို့ မစ္စတာ ချားလ်စ်က ကြိုတင်လေ့လာလာတာပဲ။ အချိန်အားရင် ငါ့သင်္ဘောဆီ လည်ပတ်ဖို့ ဖိတ်ခေါ်ချင်တယ်”
***