ချားလ်စ်နှင့် အဖွဲ့သားများမှာ နာဝေးလ် သင်္ဘောပေါ်သို့ တက်ရောက်ခဲ့ကြလေသည်။ ဟောင်းနွမ်းစုတ်ပြတ်နေသော ကြွက် သင်္ဘောနှင့် နှိုင်းယှဉ်ပါက နာဝေးလ်မှာ ပိုမိုကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်နေသည်မှာ အမှန်ပင် ဖြစ်၏။ ကြည့်ကောင်းလှသော သင်္ဘောတစ်စင်း ဖြစ်ပေသည်။
ချားလ်စ်သည် အခန်းတိုင်းသို့ လှည့်လည်ကြည့်ရှုပြီး ချို့ယွင်းချက်မရှိစေရန် သေသေချာချာ စစ်ဆေးလေသည်။ ကပ္ပတိန်တစ်ဦးအနေဖြင့် သင်္ဘော၏ အစိတ်အပိုင်းတိုင်းကို မိမိ၏ ခန္ဓာကိုယ်ကဲ့သို့ ရင်းနှီးနေရမည် ဖြစ်၏။
အရာအားလုံး အဆင်ပြေကြောင်း အတည်ပြုပြီးနောက် ချားလ်စ်က ပဲ့ကိုင်ခန်းသို့ ပြန်လာခဲ့သည်။ သူ၏ လက်ကို အသာအယာ ဝေ့ယမ်းလိုက်သည်နှင့် နားဝေးလ်၏ မီးခိုးခေါင်းတိုင်မှ မည်းနက်သော မီးခိုးများ ထွက်ပေါ်လာပြီး သင်္ဘောကြီးမှာ ပင်လယ်နက်ထဲသို့ ဖြည်းညှင်းစွာ စတင် ထွက်ခွာသွားလေတော့သည်။
သန္တာကျွန်းစုမှာ တဖြည်းဖြည်း သေးငယ်ကာ ပျောက်ကွယ်သွားချိန်၌ ချားလ်စ်က ဆက်သွယ်ရေးပြွန်မှတစ်ဆင့် အော်ပြောလိုက်၏။
“စက်ဆရာကြီး။ သင်္ဘောသစ်က ဘယ်လိုနေလဲ”
စက္ကန့်အနည်းငယ်အကြာတွင် ဂျိမ်းစ်၏ အသံခပ်သြသြက ပြွန်ထဲမှ ထွက်ပေါ်လာသည်။
“ကပ္ပတိန် သင်္ဘောက အခြေအနေ အရမ်းကောင်းတယ်။ ရေနွေးငွေ့တွေလည်း အထွက်မြန်တယ်။ အောက်မှာလည်း သိပ်မပူဘူး။ သုံးဆယ့်ကိုးဒီဂရီပဲ ရှိတယ်”
“အင်ဂျင်ကို အမြင့်ဆုံး စွမ်းအားနဲ့ မောင်းလိုက်။ အမြန်နှုန်းကို စမ်းသပ်ကြည့်ရအောင်”
“ဟုတ်ကဲ့ပါ ကပ္ပတိန်”
မီးခိုးခေါင်းတိုင်မှ မည်းနက်သော မီးခိုးများ တရစပ် ထွက်ပေါ်လာသည်နှင့်အမျှ နာဝေးလ်၏ အရှိန်မှာ တက်လာလေသည်။ အရှိန် အမြင့်ဆုံးသို့ ရောက်သောအခါ ချားလ်စ်မှာ အမြန်မောင်း လှေတစ်စင်းကို မောင်းနှင်နေရသကဲ့သို့ ခံစားလိုက်ရ၏။
နားဝေးလ်မှာ ယခင် သင်္ဘောဟောင်းထက် အနည်းဆုံး သုံးဆခန့် ပိုမြန်သည်ဟု ချားလ်စ် ခန့်မှန်းမိပေသည်။
ထိုစဉ် ရေမျက်နှာပြင်ပေါ်၌ အဖြူရောင် အရာတစ်ခုကို သူ မြင်လိုက်ရသည်။ “စက်ဆရာ။ အရှိန်လျှော့လိုက်”
အရှိန်ဖြင့် မောင်းနှင်နေသော နာဝေးလ်မှာ တဖြည်းဖြည်း နှေးကွေးသွားပြီး ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။
၎င်းမှာ ကြီးမားသော လူသေအလောင်းကြီး တစ်ခု ဖြစ်၏။ မူလက ရေထဲ၌ လဲလျောင်းနေပြီး ငါးများ၏ ခဲစားမှုကို ခံနေရရမည် ဖြစ်သော်လည်း ယခုမူ ထိုအလောင်းကြီးမှာ ရေမျက်နှာပြင်ပေါ်၌ ထူးဆန်းစွာ မတ်တပ်ရပ်နေပြီး နာဝေးလ်ကို စိုက်ကြည့်နေပေသည်။
ဤသတ္တဝါက ဘယ်ကလာသလဲ ဆိုသည်ကို ချားလ်စ် စိတ်မဝင်စားပေ။ ပင်လယ်ပြင်၌ ဤထက် ပို၍ ထူးဆန်းသည်များကို သူ မြင်ဖူးပြီး ဖြစ်၏။ သူသည် အမြောက်သစ်အတွက် ပစ်မှတ်တစ်ခုအဖြစ်သာ သတ်မှတ်လိုက်လေသည်။
ဒိုင်းးး...
အမြောက်၏ တုန်ခါမှုကြောင့် သင်္ဘောတစ်စင်းလုံး လှုပ်ခါသွားသည်။
ချားလ်စ်မှာ ကျွမ်းကျင်သော အမြောက်တပ်သား မဟုတ်သဖြင့် အချက်အလက်များစွာ ပစ်ခတ်ပြီးနောက်တွင်မှ ထိုပုပ်ပွနေသော အလောင်းကြီးမှာ ပေါက်ကွဲမှုများနှင့်အတူ ပျောက်ကွယ်သွားလေတော့သည်။
မည်သည့် နတ်ဘုရားက ထိုအလောင်းကို ထူမတ်ပေးခဲ့သည်ဖြစ်စေ အမြောက်ဆန်များက ၎င်းကို ပြန်လည် လဲလျောင်းစေခဲ့ပြီ ဖြစ်၏။
ယခင်က လမ်းပြအမှတ်အသား မိစ္ဆာနှင့် တွေ့ခဲ့စဉ်ကသာ ဤသင်္ဘော ရှိခဲ့လျှင် ရလဒ်မှာ တစ်မျိုးတစ်ဖုံ ဖြစ်သွားလိမ့်မည်ဟု ချားလ်စ် ယုံကြည်နေပေသည်။
သင်္ဘော၏ စွမ်းဆောင်ရည်များကို စမ်းသပ်ပြီးနောက် ချားလ်စ်က နံရံပေါ်ရှိ ရေကြောင်းပြ မြေပုံကို ကြည့်လိုက်သည်။ ၎င်းမှာ စူးစမ်းရှာဖွေသူများအသင်းက ပေးထားခြင်း ဖြစ်ပြီး သံလိုက်အိမ်မြှောင်နှင့်အတူ ခရီးစဉ်အတွက် အလွန် အရေးပါပေသည်။
“လမ်းကြောင်း ခြောက် အတိုင်း အရင်သွားမယ်။ အမှတ်အသား ခြောက်ဆယ့်ရှစ် ရောက်ရင် တောင်ဘက်ကို ကွေ့မယ်”
လို့ ချားလ်စ်က မြေပုံပေါ်၌ လက်ညှိုးဖြင့် ညွှန်ပြကာ ပြောလိုက်သည်။
“နားလည်ပါပြီ ကပ္ပတိန်”
ဒုတိယ အရာရှိ ကိုးနားက ပြန်ဖြေ၏။ ဆံပင်နီနီနှင့် ထိုလူငယ်မှာ ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။
“မင်း နာမည်က... ကိုးနား ဟုတ်တယ်မလား”
“ဟုတ်ပါတယ်။ ကပ္ပတိန် အမေက ပေးထားတဲ့ နာမည်ပါ ကပ္ပတိန်... ဖရေး ပြောတာ တကယ်ပဲလား။ ခင်ဗျား တကယ်ပဲ ကျွန်းတစ်ကျွန်းကို စူးစမ်းခဲ့တာလား။ အဲဒီ သတ္တဝါတွေက မရှိတဲ့လူကို ရှိတယ်လို့ ထင်အောင် မှတ်ဉာဏ်တွေကို ပြောင်းလဲနိုင်တာ တကယ်လား။ ခင်ဗျားက အဲဒီ ပရိယာယ်ကို ဘယ်လို သိသွားတာလဲ”
ချားလ်စ်က မျက်မှောင်ကြုတ်လိုက်သည်။ ဒုတိယ အရာရှိ၏ စကားကြောင့် မနှစ်မြို့ဖွယ် မှတ်ဉာဏ်များ ပြန်လည် ပေါ်လာခြင်း ဖြစ်၏။
“သင်္ဘောမောင်းတာကိုပဲ အာရုံစိုက်ပါ။ မင်း အလှည့်ပြီးရင် ပထမ အရာရှိ လာလိမ့်မယ်”
ချားလ်စ် အခန်းထဲမှ ထွက်သွားသည်ကို ကြည့်ကာ ကိုးနားမှာ ဝေခွဲမရ ဖြစ်နေလေသည်။
“ငါ မမေးသင့်တာ မေးလိုက်မိလို့လား။ ငါက မြှောက်ပင့်ပြောဖို့တောင် ပြင်ထားတာကို”
ပင်လယ်ပြင်၌ ရက်အနည်းငယ် ကုန်ဆုံးသွားပြီး အဖွဲ့သားဟောင်းနှင့် အဖွဲ့သားသစ်များမှာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာကြသည်။ ဒစ်ပ်မှာ အသက်ငယ်လွန်းသဖြင့် အခြားသင်္ဘောသားများ၏ ခန့်ညားမှုကို မရရှိသည်မှလွဲ၍ ကျန်သူများမှာ အဆင်ပြေကြပေသည်။
နားဝေးလ်၏ အရှိန်မှာ အလွန်ကောင်းမွန်သဖြင့် ခုနစ်ရက်အတွင်းမှာပင် သူတို့ သွားလိုသော ကျွန်း၏ အနီးအနားသို့ ရောက်ရှိလာလေသည်။
မှောင်မိုက်နေသော ပင်လယ်ပြင်၌ ကျွန်းကို ရှာဖွေရန်အတွက် မီးမောင်းကြီးများကို အသုံးပြုလိုက်သည်။
မြေပုံနှင့် သံလိုက်အိမ်မြှောင်မှာ ယေဘုယျ တည်နေရာကိုသာ ပြသနိုင်သဖြင့် အတိအကျ သိရှိရန် ဤကဲ့သို့ပင် ပင်ပန်းခံ ရှာဖွေရမည် ဖြစ်၏။
ပဲ့ကိုင်ခန်း၌ ကိုးနားက ချားလ်စ်ကို ကြည့်ကာ မေးလိုက်သည်။
“ကပ္ပတိန် ပင်လယ်ပြင်မှာ ကျွန်းတွေကို ရှာဖို့ တခြား လျှို့ဝှက်နည်းလမ်းတွေ ရှိတယ်လို့ ကြားဖူးတယ်။ အခုလို ရှာတာထက် ပိုလွယ်မယ် ထင်တယ်။ အဲဒါက မှော်ပညာလား။ ခင်ဗျားကော အဲဒါကို တတ်လား”
“စကားများမနေနဲ့ သင်္ဘောကိုပဲ ဂရုစိုက်”
ချားလ်စ်က ပြန်ပြော၏။ ကိုးနားမှာ စကားအလွန်များလွန်းသည်ဟု သူ ထင်မြင်မိပေသည်။
“ကျွန်တော့်မှာ... နည်းလမ်းတစ်ခု ရှိတယ်”
ခုံပေါ်၌ ထိုင်နေသော ပတ်တီးက ဝင်ပြောလိုက်သည်။
လူတိုင်းက သူ့ကို ကြည့်လိုက်သောအခါ ပတ်တီးက ဆက်ပြောလေသည်။ “ကျွန်တော်တို့... ဂိုဏ်းမှာ... နတ်ဘုရားဆီက အကူအညီတောင်းတဲ့... ထုံးတမ်းတစ်ခု ရှိတယ် အဲဒါက... လူနဲ့ ပူဇော်ရတာပဲ”
ချားလ်စ်က ပတ်တီးကို စိတ်မသက်သာစွာ ကြည့်လိုက်သည်။ သူ၏ ပထမ အရာရှိမှာ ဂိုဏ်း၏ အယူဝါဒများမှ လုံးဝ မလွတ်မြောက်သေးပုံ ရပေသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအယူဝါဒများ လျော့ပါးသွားလိမ့်မည်ဟု ချားလ်စ် မျှော်လင့်နေမိသည်။
“အဲဒီ ရွံစရာကောင်းတာတွေကို မေ့လိုက်ပါ။ ငါတို့မှာ ဒါတွေ မလိုဘူး”
“ကပ္ပတိန် ဟိုမှာ ကြည့်ပါဦး” ကိုးနား ညွှန်ပြရာသို့ ချားလ်စ် ကြည့်လိုက်သောအခါ အဝေး၌ ဝေဝါးသော ကျွန်းတစ်ခုကို မြင်လိုက်ရ၏။ သူတို့ ရှာတွေ့သွားပြီ ဖြစ်ပေသည်။
အဖွဲ့သားများမှာ စိတ်လှုပ်ရှားစွာဖြင့် ကုန်းပတ်ပေါ်၌ စုဝေးပြီး ထိုကျွန်းကို ကြည့်နေကြသည်။
ယခင် အတွေ့အကြုံများအရ ချားလ်စ်မှာ ကျွန်းပေါ်သို့ ချက်ချင်း မတက်သေးပေ။ ထိုအစား ကျွန်းကို တစ်ပတ်ပတ်ပြီး လေ့လာရန် သူ အမိန့်ပေးလိုက်သည်။
သင်္ဘော၏ မီးရောင်ဖြင့် ကျွန်း၏ ဘေးပတ်ပတ်လည်ကိုသာ မြင်နိုင်ပေသည်။ ကျွန်းမှာ အတော်အတန် ကြီးမားပြီး နာဝေးလ် သင်္ဘောကြီးနှင့်ပင် တစ်ပတ်ပတ်ရန် သုံးနာရီခန့် ကြာမြင့်လေသည်။
မှေးမှိန်သော အလင်းရောင်အောက်၌ ကျွန်းမှာ ခြောက်သွေ့နေပြီး ထူးဆန်းသော ကျောက်တုံးကြီးများဖြင့် ပြည့်နှက်နေ၏။ အချို့မှာ သုံးလေးထပ်တိုက်ခန့် မြင့်မားပြီး အငယ်ဆုံး ကျောက်တုံးမှာပင် လူတစ်ဝက်ခန့် ရှိပေသည်။ ထိုကျောက်တုံးများမှာ စနစ်တကျ ပြန့်ကျဲနေသဖြင့် ကျောက်ထုတ်လုပ်ရေး စခန်းတစ်ခုသို့ ရောက်နေသည်ဟု ချားလ်စ် ထင်မှတ်မိသည်။
“ဒီနေရာမှာ တကယ်ပဲ လူတွေ နေနိုင်လို့လား”
ဒစ်ပ်က တွန့်ဆုတ်စွာ မေးလိုက်သော်လည်း မည်သူမျှ ပြန်မဖြေနိုင်ကြပေ။
ဤကျွန်းမှာ နေထိုင်ရန် သင့်တော်သည်ဖြစ်စေ၊ မသင့်တော်သည်ဖြစ်စေ အန္တရာယ် ရှိမည်မှာ အမှန်ပင် ဖြစ်၏။ အန္တရာယ်အဆင့် ငါး ဟု သတ်မှတ်ထားခြင်းမှာ စူးစမ်းရေးသင်္ဘော ငါးစင်းမှာ ဤနေရာမှ ပြန်မလာနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
“ကုန်းပေါ်ကို ငါးအရှင်တွေ ပစ်တင်လိုက်ပါဦး။ အသားစား သတ္တဝါတွေ ရှိလားဆိုတာ စမ်းသပ်ကြည့်ရအောင်”
ချားလ်စ်၏ အမိန့်အရ ငါးအချို့ကို ကမ်းခြေပေါ်သို့ ပစ်တင်လိုက်ကြသည်။ အဖွဲ့သားများမှာ ငါးများကို သွေးနံ့ထွက်အောင် ဓားဖြင့် မွှန်းထားကြလေသည်။
အားလုံးက စိုးရိမ်တကြီး စောင့်ကြည့်နေကြ၏။
ရေမရှိသောကြောင့် ငါးများမှာ မကြာမီ သေဆုံးသွားကြသည်။ နာရီဝက်ခန့်အကြာတွင် ကျောက်တုံးများကြား၌ တောက်ပနေသော မျက်လုံးတစ်စုံကို ချားလ်စ် မြင်လိုက်ရသည်။
ကျွိ ကျွိ ကျွိ...
၎င်းမှာ သာမန် ကြွက်တစ်ကောင် ဖြစ်၏။ အမွှေးအမည်းများ၊ သေးသွယ်သော အမြီးနှင့် ပဲစိခန့် ရှိသော မျက်လုံးများ ရှိပေသည်။
လူတိုင်း စောင့်ကြည့်နေစဉ် ထိုကြွက်မှာ သေနေသော ငါးဆီသို့ ပြေးသွားပြီး ခဲစားနေတော့သည်။
အားလုံး၏ မျက်နှာပေါ်၌ ပျော်ရွှင်မှုများ ပေါ်လာလေသည်။ သာမန် သတ္တဝါတစ်ကောင်ကို တွေ့ရခြင်းမှာ သတင်းကောင်းပင် ဖြစ်၏။ ကြွက်များ အသက်ရှင်နိုင်လျှင် လူသားများလည်း နေထိုင်နိုင်မည်ဟု သူတို့ တွေးမိကြသည်။
သို့သော် မပျော်နိုင်သေးမီမှာပင် ကျောက်တုံးများကြား၌ နောက်ထပ် မျက်လုံးများစွာ ပေါ်လာပြန်သည်။ ထိုမျက်လုံးများမှာ ဆာလောင်မှုများဖြင့် ပြည့်နေ၏။ ကြွက်အုပ်ကြီးမှာ ငါးများဆီသို့ အလုံးအရင်းနှင့် ပြေးဝင်လာရာ သဲသောင်ပြင်တစ်ခုလုံး အမွှေးအမည်းများဖြင့် ဖုံးလွှမ်းသွားလေတော့သည်။
ခဲစားနေသံများမှာ ကမ်းခြေတစ်လျှောက် ဟိန်းထွက်နေသဖြင့် သင်္ဘောပေါ်က လူများမှာ ကျောချမ်းသွားကြ၏။
“ကြွက်တွေ... ကြွက်တွေ အများကြီးပဲ” ဒုတိယ အရာရှိ ကိုးနားမှာ ချားလ်စ်ကို ကြည့်ကာ အားတင်းပြီး ပြုံးပြလိုက်ပေတော့သည်။
***