ချားလ်စ်၏ စိတ်ထဲ၌ အတွေးပေါင်းစုံ ဖြတ်သန်းနေမိသည်။ ကြွက်ဆိုသည်မှာ ပုံမှန်အားဖြင့် အစာကွင်းဆက်၏ အောက်ခြေတွင်သာ ရှိတတ်၏။
ဤမျှ များပြားလှသော ကြွက်အုပ်ကြီး ရှိနေလျှင် ကျွန်းပေါ်၌ ၎င်းတို့ကို ဖမ်းဆီးစားသောက်မည့် အခြား သတ္တဝါများလည်း ရှိနေမည်မှာ အမှန်ပင် ဖြစ်ပေသည်။ ထိုသတ္တဝါများမှာ ဘာတွေလဲဆိုသည်ကို သူ မသိသော်လည်း ကြောင်များ မဟုတ်တာတော့ သေချာသည်။
ချားလ်စ် တွေးတောနေစဉ်မှာပင် ကြွက်အုပ်ကြီးမှာ ပြန်လည် ဆုတ်ခွာသွားကြလေသည်။ ခဏချင်းမှာပင် ဝါကျင့်ကျင့် သဲသောင်ပြင်ပေါ်၌ ငါးအရိုးတစ်ခုပင် မကျန်တော့ဘဲ ပျောက်ကွယ်သွား၏။
“သင်္ဘောသားတို့ ကျောက်ချရပ်နားမယ်။ လက်နက်နဲ့ ယမ်းတွေ ပြင်ထားကြ။ ကုန်းပေါ်တက်ဖို့ အဆင်သင့်လုပ်”
ချားလ်စ်က အမိန့်ပေးလိုက်ရာ အဖွဲ့သားများမှာ ချက်ချင်းပင် လှုပ်ရှားကြတော့သည်။
ယခုတစ်ခေါက် စူးစမ်းရေးအတွက် သူသည် ယမ်းများကို ပိုမိုပြင်ဆင်လာခဲ့၏။ ယမ်းမှုန့်မှာ အမြဲတမ်း အသုံးမဝင်သော်လည်း ဘာမှမရှိတာထက်စာလျှင် ပိုကောင်းပေသည်။ အကယ်၍ ကျွန်းပေါ်က အန္တရာယ်မှာ ကြွက်အုပ်ကြီးသာ ဖြစ်ပါက ယမ်းများက အသုံးဝင်လိမ့်မည် ဖြစ်၏။
သစ်သားလှေငယ် နှစ်စင်းကို ရေထဲသို့ ချလိုက်ကြသည်။ ဒဏ်ရာရထားသဖြင့် သင်္ဘောပေါ်၌ ကျန်ရစ်ခဲ့သော ပတ်တီးမှလွဲ၍ ကျန်ရှိသော အဖွဲ့သားအားလုံး ကုန်းပေါ်သို့ ဆင်းခဲ့ကြလေသည်။
သူတို့၏ ပုခုံး၌ အမည်နှင့် ရာထူး ရေးထားသော အဝတ်စများကို ချည်ထားကြ၏။ ၎င်းမှာ သင်္ဘောပေါ် ပြန်တက်ချိန်၌ လူပျောက်ခြင်း သို့မဟုတ် မဖိတ်ခေါ်ဘဲ ပါလာမည့်သူ ရှိခြင်း ရှိမရှိကို သိနိုင်ရန် ဖြစ်ပေသည်။
အဖွဲ့သားများမှာ ကျောက်တုံးများကြားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းခဲ့ကြသည်။ အတွေ့အကြုံရှိသော သင်္ဘောသားဟောင်းများမှာ တည်ငြိမ်နေသော်လည်း အဖွဲ့သားသစ်များမှာမူ စိုးရိမ်စိတ်ကြောင့် သစ်ရွက်လှုပ်သံကြားလျှင်ပင် လန့်ဖျပ်နေကြ၏။
ကျောက်တုံးများကြားထဲသို့ ပိုမိုနက်ရှိုင်းစွာ ရောက်ရှိလာချိန်၌ ကျောက်တုံးကြီးများမှာ စနစ်တကျ မဟုတ်ဘဲ စောင်းနေသည်ကို တွေ့ရလေသည်။ မြေပြင်ပေါ်၌လည်း တိရစ္ဆာန် အရိုးစုများမှာ ပြန့်ကျဲနေပေသည်။
ချားလ်စ်၏ မျက်နှာတွင် စိတ်ပျက်မှုများ ပေါ်လာ၏။ အပြင်လောကသို့ ထွက်ခွာနိုင်မည့် လမ်းမှာ ဤကျွန်းပေါ်၌ မရှိပုံ ရပေသည်။
ရှေ့သို့ ဆက်သွားရန် ချားလ်စ် တွေဝေနေစဉ်မှာပင် အဝေးက ကျောက်တုံးများကြား၌ အနီရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကို မြင်လိုက်ရသည်။
ချားလ်စ်က ချက်ချင်းပင် ကျောက်တုံးကြီးတစ်ခု၏ နောက်သို့ ပုန်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။
“မြန်မြန် မီးတွေကို အကုန်ငြှိမ်းလိုက်”
အဖွဲ့သားများမှာ အကြောင်းရင်းကို မသိသော်လည်း ကပ္ပတိန်၏ အမိန့်အတိုင်း ချက်ချင်းပင် လိုက်နာကြလေသည်။
မီးတိုင်များ ငြှိမ်းလိုက်သောအခါ အဝေးက အနီရောင် အလင်းတန်းမှာ ပို၍ ထင်ရှားလာ၏။ ထိုအလင်းမှာ ကျောက်တုံးများကြား၌ မှိတ်တုတ်မှိတ်တုတ်နှင့် သူတို့ရှိရာသို့ တဖြည်းဖြည်း နီးကပ်လာပေသည်။
ထိုထူးဆန်းသော အလင်း၏ အရင်းအမြစ်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
၎င်းမှာ ငါးမီတာခန့် ရှည်လျားသော ကျိုင်းကောင်ကြီးတစ်ကောင်နှင့် တူနေ၏။ အနီရောင် အလင်းမှာ ၎င်း၏ တစ်ပိုင်းတစ်စ ကြည်လင်နေသော အရေပြားအောက်မှ ထွက်ပေါ်နေခြင်း ဖြစ်ပေသည်။ ထိုအလင်းမှာ ကျောချမ်းဖွယ်ကောင်းအောင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
အတောင်ပံ မပါသော်လည်း ထိုကျိုင်းကောင်ကြီးမှာ လေထဲ၌ လွတ်လပ်စွာ ပျံသန်းနိုင်ပုံ ရ၏။ ၎င်းမှာ တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ခန္ဓာကိုယ် ရှေ့ပိုင်းရှိ မျက်လုံးတံ ခြောက်ခုမှာ အရပ်မျက်နှာအနှံ့သို့ ဝေ့ယမ်းနေလေသည်။
ကျောက်တုံးနောက်၌ ပုန်းနေသော လူများမှာ အသက်ပင် ဝဝ မရှူရဲကြပေ။ အချို့မှာ ကြောက်လန့်လွန်းသဖြင့် မျက်စိမှိတ်ကာ တုန်ရင်နေကြ၏။
ချားလ်စ်သည် ထိုသတ္တဝါ၏ မျက်လုံးတံများကို စိုက်ကြည့်နေမိသည်။ ဤသတ္တဝါမှာ အေးအေးဆေးဆေး နေမည့်ပုံ မဟုတ်ဘဲ အမဲလိုက်နေခြင်း ဖြစ်ကြောင်း သူ သိလိုက်၏။ ထို့ကြောင့် မလိုအပ်ဘဲ ရင်မဆိုင်ရန် သူ ဆုံးဖြတ်လိုက်ပေသည်။
ရုတ်တရက် တစ်စုံတစ်ယောက်၏ ဗိုက်ထဲမှ မြည်သံ ထွက်ပေါ်လာပြီး ထိုအသံမှာ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်သွားလေသည်။
ထိုခဏမှာပင် သတ္တဝါကြီး၏ မျက်လုံးတံများမှာ လူများ ရှိရာသို့ လှည့်လာ၏။ ၎င်း၏ ခက်ထန်သော ပါးစပ်မှ ကြောက်မက်ဖွယ် အသံနိမ့်နိမ့် ထွက်ပေါ်လာပြီးနောက် ခန္ဓာကိုယ်မှာ အရောင်ဖျော့သွားကာ လူတိုင်း၏ ရှေ့မှာပင် ပျောက်ကွယ်သွားတော့သည်။
“ဒုက္ခပဲ။ အဲဒီကောင်က ကိုယ်ပျောက်နိုင်တယ်။ ငါတို့ဆီ လာနေပြီ”
ချားလ်စ်က အော်ဟစ်လိုက်၏။
ချားလ်စ်သည် ခါးကြားမှ ယမ်းများကို တင်းတင်းဆုပ်ကိုင်ကာ ထိုသတ္တဝါ ပြန်ပေါ်လာလျှင် ရင်ဆိုင်ရန် အသင့်ပြင်လိုက်လေသည်။
အခြားအဖွဲ့သားများမှာလည်း ရင်ခုန်သံများ မြန်ဆန်နေပြီး လက်နက်များကို တင်းတင်းဆုပ်ထားကြ၏။
ချားလ်စ်က စိတ်ထဲမှ စက္ကန့်များကို ရေတွက်နေသည်။ ယမ်းများကို ပစ်ဖောက်ရန် ပြင်လိုက်စဉ်မှာပင် မှောင်မိုက်နေသော ပတ်ဝန်းကျင်မှာ အနီရောင် အလင်းဖြင့် ပြန်လည် လင်းထိန်သွား၏
သတ္တဝါကြီးမှာ ကျောက်တုံးကြီးတစ်ခုပေါ်၌ ပြန်လည် ပေါ်လာပြီး အဝေးသို့ စိုက်ကြည့်နေပေသည်။
ကျွိ ကျွိ ကျွိ...
ထိုဘက်မှ ကြွက်သံများမှာ ပိုမိုကျယ်လောင်လာလေသည်။ ၎င်းမှာ သတ္တဝါကြီးကို လမ်းလွဲစေရန် တမင်တကာ အော်ဟစ်နေကြသကဲ့သို့ပင် ဖြစ်၏။
ကျိုင်းကောင်ကြီးမှာ ခန္ဓာကိုယ်ကို တွန့်လိမ်လျက် အသံလာရာသို့ လွင့်မျောသွားတော့သည်။ အနီရောင် အလင်းမှာလည်း တဖြည်းဖြည်း ဝေးကွာသွားလေသည်။
မှောင်ရိပ်ထဲ၌ ချားလ်စ်က နဖူးမှ ချွေးစေးများကို သုတ်ကာ သက်ပြင်းချလိုက်၏။ ကြွက်များကြောင့် အသက်ဘေးမှ လွတ်မြောက်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွက်ထားခဲ့ပေ။
သူ့ဘေးက လူကို စကားပြောရန် လှည့်လိုက်စဉ်မှာပင် ထူးဆန်းသော အစိမ်းရောင် အလင်းတောက်နေသည့် မျက်လုံးတစ်စုံကို ချားလ်စ် မြင်လိုက်ရသဖြင့် လန့်သွားလေသည်။
သို့သော် ထိုမျက်လုံးမှာ ပထမဆုံး တစ်စုံသာ မဟုတ်ဘဲ နောက်ထပ် မျက်လုံးများစွာမှာ တစ်စုံပြီးတစ်စုံ တောက်ပလာ၏။ ကြည့်လိုက်လေရာ မျက်လုံးပေါင်းများစွာမှာ အလွှာလိုက် ရှိနေသဖြင့် ကျောချမ်းဖွယ် ဖြစ်ပေသည်။
ချားလ်စ်က မီးခြစ်ကို ကျောက်တုံးနှင့် ခြစ်လိုက်ရာ မီးရောင်က ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။
ကြွက်များ ဖြစ်နေ၏။
မဆုံးနိုင်သော ကြွက်အုပ်ကြီးမှာ စီတန်းလျက် ချားလ်စ်တို့အဖွဲ့ကို ဝိုင်းရံထားကြလေသည်။
“ဟယ်လို... ငါက လီလီပါ။ တွေ့ရတာ ဝမ်းသာပါတယ်”
အမျိုးသမီး အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ရာ လူတိုင်း မှင်တက်သွားကြတော့သည်။
ချားလ်စ်က ရှာဖွေကြည့်လိုက်သောအခါ ကြွက်အုပ်ကြား၌ ရပ်နေသော ကြွက်ဖြူလေးတစ်ကောင်ကို တွေ့လိုက်ရ၏။ ထိုကြွက်ဖြူမှာ အခြားကြွက်များနှင့် မတူဘဲ အမူအရာမှာလည်း ထူးခြားနေပေသည်။ ၎င်း၏ မျက်လုံးများမှာလည်း ဉာဏ်ရည်ရှိပုံ ပေါ်လေသည်။
ကြွက်ဖြူလေးမှာ ချားလ်စ်က ခေါင်းဆောင်ဖြစ်ကြောင်း သိပုံရ၏။ သူမက ရှေ့သို့ ခုန်ထွက်လာပြီး ချားလ်စ်ကို မော့ကြည့်လိုက်သည်။
“ဟိုင်း ငါက လီလီပါ။ မင်းနာမည်က ဘယ်သူလဲ”
သူမက နောက်တစ်ကြိမ် မိတ်ဆက်ပြန်သည်။
ချားလ်စ်က ဝိုင်းရံထားသော ကြွက်များကို ကြည့်ကာ “ချားလ်စ်” လို့ တိုးတိုးလေး ပြန်ဖြေလိုက်၏။
သူတို့ စကားပြောပြီးသည်နှင့် ကျိုင်းကောင်ကြီး ထွက်သွားသည့် ဘက်မှ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာလေသည်။
“အို... ဒုက္ခပဲ မြန်မြန်လုပ်ကြ။ ငါ့သူငယ်ချင်းတွေက ခဏပဲ ထိန်းထားနိုင်မှာ။ အဲဒီကောင် ပြန်လာတော့မယ်။ ငါ့အိမ်ကို လိုက်ခဲ့ကြ”
ကြွက်ဖြူလေးက အော်ပြောရင်း အခြားကြွက်များကို ဦးဆောင်ကာ အမြန် ဆုတ်ခွာသွားတော့သည်။
အဝေး၌ အနီရောင် အလင်း ပြန်ပေါ်လာသည်ကို မြင်ရသဖြင့် ချားလ်စ်မှာလည်း အဖွဲ့သားများကို ခေါ်ကာ ကြွက်ဖြူလေးနောက်သို့ အမြန် လိုက်သွားလေသည်။
ထိုမိစ္ဆာကောင်ကြီးထက်စာလျှင် ဤကြွက်များနှင့် ဆက်သွယ်ရသည်မှာ ပို၍ အဆင်ပြေနိုင်သည်ဟု သူ တွေးမိပေသည်။
မှောင်မိုက်နေသော လမ်းကြောင်းများအတိုင်း ပြေးလွှားပြီးနောက် တစ်မီတာခန့် မြင့်သော မြေအောက်လှိုဏ်ဂူ အဝသို့ ရောက်ရှိသွားကြ၏။
ချားလ်စ်နှင့် အဖွဲ့သားများမှာ မီးတိုင်များကို ကိုင်ဆောင်ကာ ဂူထဲသို့ ဝင်ခဲ့ကြသည်။ မှောင်ရိပ်ထဲမှ မျက်လုံးပေါင်းများစွာမှာ သူတို့ကို စိုက်ကြည့်နေကြပေသည်။
မီးတိုင်များ ထွန်းလိုက်သောအခါ ဘောလုံးကွင်းခန့် ကျယ်ဝန်းသော ဂူကြီးအတွင်း၌ ကြွက်ပေါင်းများစွာ သူတို့ကို ကြည့်နေသည်ကို မြင်လိုက်ရ၏။
ကြွက်များမှာ ထူးဆန်းမှု မရှိသော်လည်း အချို့မှာ အရိုးဖြင့် လုပ်ထားသော ကိရိယာများကို ကိုင်ဆောင်ထားကြရာ လူသားများနှင့် တူနေလေသည်။
ဂူအတွင်း၌ စနစ်တကျ ဆောက်ထားသော အဆောက်အဦးငယ်လေးများကို တွေ့ရ၏။ ကြွက်ကြီးတစ်ကောင်က ကြွက်ငယ်လေးများကို ဂဏန်းသင်ပေးနေသည်ကိုပင် ချားလ်စ် မြင်လိုက်ရသဖြင့် လူပုလေးများ တိုင်းပြည်သို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ကြွက်ဖြူလေးမှာ ကစားစရာခုံလေး တစ်ခုကို ယူလာပြီး ချားလ်စ်၏ ရှေ့မှာ ချကာ ၎င်းပေါ်သို့ ခုန်တက်ထိုင်လိုက်လေသည်။
“မင်း ငါ့ကို အိမ်ပြန်ပို့ပေးနိုင်မလား။ ငါ့အမေကို လွမ်းလို့ပါ”
လီလီက တောင်းဆို၏။
ကြွက်အုပ်ကြီးမှာ လူများအနားသို့ ချဉ်းကပ်လာပြီး ဧည့်ခံသည့်အနေဖြင့် အညိုရောင် အရည်များပါသော ခွက်များကို ချပေးကြလေသည်။
အိမ် ဟုတ်လား။ ချားလ်စ်က ပတ်ဝန်းကျင်ကို ကြည့်ကာ မေးလိုက်သည်။
“ဒါက မင်းအိမ် မဟုတ်ဘူးလား”
“မဟုတ်ဘူးပေါ့။ ငါက ကြွက်မှ မဟုတ်တာ ငါက လူသားပါ”
ကြွက်ဖြူလေးက စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပြော၏။
“လူသား ဟုတ်လား” အဖွဲ့သားများမှာ ရှေ့က ကြွက်ဖြူလေးကို ကြည့်ကာ အံ့သြသွားကြသည်။ ၎င်းဆီမှ လူသားနှင့် တူသော အမှတ်အသား တစ်ခုမှ သူတို့ ရှာမတွေ့ကြပေ။
သူတို့ မယုံကြည်သည်ကို သိသောအခါ လီလီက စတင် ရှင်းပြလေတော့သည်။
“ငါက တကယ် လူသားပါ။ ငါ့မိဘတွေနဲ့အတူ အဘိုးဆီကို သင်္ဘောနဲ့ သွားရင်း ရေဝဲထဲ ကျသွားခဲ့တာ။ ငါ နိုးလာတဲ့အခါမှာတော့ ဒီလို ဖြစ်နေပြီ။ ဘာလို့ ဖြစ်တာလဲ ဆိုတာ ငါလည်း မသိဘူး”
***