ကြွက်ဖြူလေး၏ ရှင်းပြချက်ကို ကြားရသော်လည်း ဒစ်ပ်၏ သံသယမျက်နှာထားမှာ ပြောင်းလဲမသွားပေ။ သူက ထပ်မံ မေးမြန်းလိုက်၏။
“အကောင်လေး... မင်းအိမ်က ဘယ်မှာလဲ။ မိသားစုဝင် ဘယ်နှစ်ယောက် ရှိလဲ”
ကြွက်ဖြူလေးက သူမ၏ လက်ထောက်နှစ်ဖက်ကို ခါးထောက်လျက် ပြန်ဖြေလေသည်။
“ကျွန်မက သန္တာကျွန်းစု၊ အရှေ့ပိုင်း ရပ်ကွက် ၁၂၊ အမှတ် ၁၅၈ မှာ နေတာပါ။ အဖေက ဒေါက်တာ အိုလီဗာ၊ အမေက အိုလီဗီယာ ပါ။ ကျွန်မ အသက် ၁၁ နှစ်ရှိပြီ မိန်းကလေးပါလို့ ဟွန့်... အခုကော ယုံပြီလား”
ဒစ်ပ်က တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော်လည်း ချားလ်စ်က လက်ကာပြကာ တားလိုက်ပေသည်။ ဤသတ္တဝါလေး ဘယ်ကလာသည်ဆိုသည်ထက် အပြင်ဘက်က အန္တရာယ်ကသာ ချားလ်စ်အတွက် ပို၍ အရေးကြီး၏။
“လီလီ... ငါ မင်းကို အိမ်ပြန်ပို့ပေးနိုင်တယ်။ ဒါပေမဲ့ အပြင်က သတ္တဝါတွေအကြောင်း ငါ့ကို အရင်ပြောပြပါဦး”
လီလီက ခေါင်းခါပြလိုက်သည်။
“ကျွန်မလည်း မသိဘူး။ ကြွက်ဦးလေးတို့လည်း မသိကြဘူး။ ကျွန်မကတော့ သူတို့ကို ‘ဝတုတ်ကောင်’ တွေလို့ ခေါ်တယ် သူတို့နဲ့တွေ့ရင် လူစုခွဲပြီး ပြေးကြပါ။ သူတို့က အရမ်း အန္တရာယ်များတယ်။ ကိုယ်ဖျောက်နိုင်တဲ့အပြင် အဆိပ်လည်း ထွေးတတ်သေးတယ်။ အဖမ်းခံရတဲ့ ကျွန်မသူငယ်ချင်းတွေ တစ်ယောက်မှ ပြန်မလာတော့ဘူး”
“သူတို့က အများကြီး ရှိတာလား”
“အများကြီးပဲ... ဟိုး ကျောက်ဆောင်တွေနောက်က တောင်ကြီးမှာ သူတို့တွေ အပြည့်ပဲ”
လီလီက သူမ၏ လက်ချောင်းလေးများကို ဖြန့်ကာ အားတက်သရော ပြောပြလေသည်။
နှစ်ဖက်စလုံး၏ အင်အားကို တွက်ချက်ပြီးနောက် ချားလ်စ်မှာ စဉ်းစားခန်း ဝင်သွား၏။ ဤကျွန်းကို ဆက်လက် စူးစမ်းရန် မလိုအပ်တော့ပေ။ အပြင်လောကသို့ ထွက်ခွာမည့် လမ်းလည်း မရှိသလို အန္တရာယ်ရှိသော သတ္တဝါများလည်း ပေါများနေပေသည်။
“လီလီ... ငါတို့ အခု သန္တာကျွန်းစုကို ပြန်တော့မယ်။ မင်း အိမ်ပြန်ချင်ရင် ငါတို့နဲ့ လိုက်ခဲ့လို့ ရတယ်”
ချားလ်စ်သည် ကြွက်ဖြူလေး၏ ရိုးသားမှုကို ခံစားမိသည့်အပြင် အိမ်ပြန်ချင်သော သူမ၏ ဆန္ဒကိုလည်း ကိုယ်ချင်းစာမိပေသည်။
ချားလ်စ်က လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် ကြွက်အုပ်ကြီးမှာ အံကြိတ်သံများနှင့်အတူ သူ၏ လမ်းကို ပိတ်ဆို့လိုက်ကြ၏။
“နေပါဦး... ကြွက်ဦးလေးတို့က မင်းရဲ့ အကူအညီ လိုနေသေးတယ်။ သူတို့ကို ကူညီပြီးမှ သွားလို့ မရဘူးလား”
ချားလ်စ်က ခေါင်းခါလိုက်သည်။ ဤကျွန်းပေါ်က ကိစ္စများ၌ သူ မပတ်သက်ချင်ပေ။
“စိတ်မကောင်းပါဘူး ငါတို့ မကူညီနိုင်ဘူး ။လမ်းဖယ်ပေးဖို့ သူတို့ကို ပြောလိုက်ပါ”
လီလီမှာ ရိုးသားလွန်းသဖြင့် ချားလ်စ်၏ ငြင်းဆိုမှုကို နားမလည်ဘဲ ကပ်ချွဲလေတော့သည်။
“ကူညီပါနော်... အဲဒီအရာက ကြွက်ဦးလေးတို့အတွက် အရမ်း အရေးကြီးလို့ပါ။ ဟိုမှာ ကြည့်... ကြွက်ဦးလေး ထွက်လာပြီ”
အဖွဲ့သားများ ကြည့်လိုက်သောအခါ မှောင်ရိပ်ထဲမှ ခွေးပေါက်စခန့် ရှိသော ကြွက်ကြီးတစ်ကောင် ထွက်လာသည်ကို မြင်လိုက်ရ၏။ ၎င်း၏ ဝါကျင့်ကျင့် မျက်လုံးများက လူများကို ရန်လိုစွာ စိုက်ကြည့်နေပေသည်။ ဤကြွက်ဘုရင်မှာ လီလီကဲ့သို့ သဘောကောင်းမည့်ပုံ မရပေ။
ကျွိ...
ကြွက်ဘုရင်က အော်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ကြွက်များမှာ အစွယ်များကို ထုတ်ကာ ရှေ့သို့ တိုးလာကြသည်။ ၎င်းတို့မှာ ချားလ်စ်တို့ အဖွဲ့ကို ကိုက်သတ်ရန် အသင့် ဖြစ်နေ၏။
ချားလ်စ်တို့ အဖွဲ့ကလည်း လက်နက်များကို အမြန်ထုတ်ကာ ကြွက်ဘုရင်ကို ချိန်ရွယ်လိုက်ကြသည်။
အခြေအနေ တင်းမာနေသည်ကို မြင်သောအခါ လီလီက ကြွက်ဘုရင်အနားသို့ ပြေးသွားပြီး တစ်ခုခုကို အဆက်မပြတ် အော်ပြောလေသည်။ ၎င်းတို့မှာ တစ်ခုခုကို ဆွေးနွေးနေကြခြင်း ဖြစ်ပေမည်။
ခဏအကြာတွင် လီလီက အားနာစရာ ကောင်းသော မျက်နှာဖြင့် ပြောလိုက်၏။
“စိတ်မကောင်းပါဘူး... ကြွက်ဦးလေးက ကမ်းခြေကို ပိတ်ဖို့ အမိန့်ပေးထားတယ်တဲ့။ မင်းတို့သာ မကူညီရင် သင်္ဘောပေါ် ပြန်တက်ခွင့် ပေးမှာ မဟုတ်ဘူးတဲ့...”
ချားလ်စ်က ခပ်ပြုံးပြုံး လုပ်လိုက်သည်။ ကြွက်တစ်ကောင်၏ ခြိမ်းခြောက်မှုကို ခံရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ရှူး...
လက်သီးဆုပ်ခန့် ရှိသော ယမ်းအိတ်တစ်ခု၏ လောင်စာကြိုးကို မီးရှို့လိုက်သည်။
လီလီမှာ ထိုအရာကို မြင်သည်နှင့် အမွှေးများ ထောင်သွားပြီး အမြန်အော်ပြောလေသည်။ “မဖောက်ပါနဲ့... ကြွက်ဦးလေးက မင်းကို ဆုချပါလိမ့်မယ်။ အဖိုးတန်တဲ့ ရတနာတစ်ခု ပေးမှာပါ”
ချားလ်စ်က လောင်စာကြိုးကို လက်ဖြင့် ညှစ်ကာ ငြှိမ်းသတ်လိုက်၏။ “ဘယ်လို ရတနာမျိုးလဲ”
သူသည် ကြွက်များနှင့် အကျိုးမရှိဘဲ တိုက်ခိုက်မနေချင်ပေ။ အကယ်၍ ရရှိမည့် အရာက ထိုက်တန်လျှင် သူ စဉ်းစားပေးမည် ဖြစ်ပေသည်။
ချက်ချင်းပင် ကြွက်နှစ်ကောင်က ပစ္စည်းနှစ်ခုကို ချားလ်စ်၏ ရှေ့သို့ ဆွဲယူလာကြသည်။ တစ်ခုမှာ လူပြက်မျက်နှာဖုံး ဖြစ်ပြီး နောက်တစ်ခုမှာ စာရွက်တစ်ရွက် ဖြစ်၏။
ချားလ်စ်က စာရွက်ကို ကောက်ယူ ဖတ်ကြည့်လိုက်သောအခါ အံ့သြသွားလေသည်။ စာရွက်ပေါ်ရှိ အကြောင်းအရာများက သူ့ကို စိတ်ဝင်စားသွားစေ၏။
စီမံကိန်း အမှတ် - ၀၉၆ (096)
အမည် - လူပြက်မျက်နှာဖုံး
ထိန်းသိမ်းမှု အဆင့် - ၃ (Level 3)
အသေးစိတ် - ၀၉၆ သည် အနီရောင် နှာခေါင်းနှင့် ပြုံးပျော်နေသော လူပြက်မျက်နှာဖုံး ဖြစ်သည်။ ၎င်းကို သစ်နီကျွန်းရှိ ဆပ်ကပ်အဖွဲ့တစ်ခု၌ တွေ့ရှိခဲ့သည်။ မျက်နှာဖုံး၏ ယခင်ပိုင်ရှင်မှာ ရူးသွပ်သွားခဲ့၏။ စစ်ဆေးချက်များအရ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးမှာ စိတ်နေစိတ်ထား လုံးဝ ပြောင်းလဲသွားပြီး စိတ်ဝေဒနာ ခံစားခဲ့ရသည်။
စမ်းသပ်ချက် ၁ - လူနာအမှတ် ၆၅၄ က မျက်နှာဖုံးကို ဝတ်ဆင်ခြင်း။
ဆယ်မိနစ်အကြာတွင် ခန္ဓာကိုယ်မှာ ပိုမို ပျော့ပျောင်း လျင်မြန်လာသည်။ ခွန်အားမှာလည်း လူသားတစ်ဦး၏ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသွား၏။ ကြိုးေပါ်လျှောက်ခြင်း၊ မျက်စိမှိတ် ဓားပစ်ခြင်း အစရှိသော ပြပွဲအတတ်ပညာများကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
မိနစ်သုံးဆယ်အကြာတွင် စိတ်လှုပ်ရှားမှု လွန်ကဲလာပြီး ဆရာဝန်များကို ဟာသများ ပြောကာ ဖျော်ဖြေရန် ကြိုးစားလာသည်။
တစ်နာရီအကြာတွင် မိမိကိုယ်ကိုယ် ပြန်လည် အပြစ်တင်သည့် စကားများကို ပြောဆိုရင်း ရူးသွပ်စွာ ရယ်မောလေသည်။
သုံးနာရီအကြာတွင် မိမိ၏ လည်ပင်းကို လက်သည်းဖြင့် ကုတ်ဖဲ့ရန် ကြိုးစားသဖြင့် ဆေးပေးကာ မျက်နှာဖုံးကို ချွတ်လိုက်ရ၏။ သုံးရက်အကြာတွင် ထိုလူနာမှာ ပုံမှန် ပြန်မဖြစ်တော့ဘဲ သေဆုံးသွားခဲ့သည်။
ဤစာရွက်မှာ သုတေသန အစီရင်ခံစာ တစ်ခု ဖြစ်ပေသည်။ လူအချို့မှာ သိပ္ပံနည်းကျ စမ်းသပ်မှုများဖြင့် ဤမျက်နှာဖုံး၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ကြိုးစားခဲ့ကြပုံ ရ၏။
ချားလ်စ်က စာရွက်မှတစ်ဆင့် ကြွက်အုပ်ကြားက မျက်နှာဖုံးကို ကြည့်လိုက်သည်။ ၎င်းမှာ အစီရင်ခံစာထဲက လူပြက်မျက်နှာဖုံး အစစ်ပင် ဖြစ်ပေသည်။
ခဏမျှ တွေဝေပြီးနောက် ချားလ်စ်က မျက်နှာဖုံးကို ကောက်ယူကာ သူ၏ မျက်နှာပေါ်၌ တပ်လိုက်၏။ ထိုခဏမှာပင် သူ၏ ခန္ဓာကိုယ်မှာ ဂွမ်းကဲ့သို့ ပေါ့ပါးသွားပြီး လေထဲသို့ ခုန်တက်ကာ နှစ်ပတ်ခွဲ လှည့်ပတ်ပြီး သေသေသပ်သပ် ပြန်လည် ဆင်းသက်နိုင်ခဲ့လေသည်။
“ဟေး... ဒါက တကယ့်ကို အလန်းစားပဲ။ ဒါသာ ရှိရင် ငါ ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် အကုန်ရမှာပဲ”
ချားလ်စ်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
ထို့နောက် ချားလ်စ်မှာ မျက်နှာဖုံးကို အမြန် ပြန်ချွတ်လိုက်၏။ သူသည် ပြုံးနေသော မျက်နှာဖုံးကို ကြည့်ကာ စိတ်ထဲ၌ စိုးရိမ်သွားလေသည်။
အစောပိုင်းက ပြောလိုက်သော စကားများမှာ သူ၏ အသံ ဖြစ်သော်လည်း သူ ပြောနေကျ ပုံစံမျိုး မဟုတ်ဘဲ တခြားသူတစ်ယောက်က ပြောနေသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်ပေသည်။
လီလီက ချားလ်စ်၏ ခြေထောက်ပေါ်သို့ ခုန်တက်ကာ ဘောင်းဘီစကို ဆွဲလိုက်၏။
“ဘယ်လိုလဲ သဘောတူတယ် မဟုတ်လား။ ဒါက ကျွန်မ ကြွက်ဦးလေးကို အကြာကြီး ပြောထားရတာနော်”
ချားလ်စ်က လီလီကို လက်ဖဝါးပေါ် တင်လိုက်ပြီး မေးလိုက်သည်။
“သူတို့က ဘာလို့ ငါ့အကူအညီ လိုတာလဲ။ ဒီကြွက်တွေက ဉာဏ်ကောင်းကြတာပဲ။ ငါတို့ထက် ပိုတော်မှာ မဟုတ်ဘူးလား”
“ကျွန်မတို့မှာ လက် မရှိဘူးလေ”
လီလီက ပြန်ဖြေ၏။
“အဲဒီပစ္စည်းက အခန်းထဲမှာ ရှိတာ ကြွက်ဦးလေး ပြောတာကတော့ အဲဒါကို ဖွင့်ဖို့ လူ့လက် လိုတယ်တဲ့။ စိတ်မပူပါနဲ့။ အဲဒါက အရမ်း လွယ်ပါတယ် ကျွန်မလည်း အဲဒီကို အခေါက်ခေါက် ရောက်ဖူးတယ်”
ချားလ်စ်က ခေါင်းငုံ့ကာ စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။ “ကောင်းပြီ... ငါ သဘောတူတယ်”
ဤမျက်နှာဖုံးမှာ ထူးဆန်းသော်လည်း အချိန်ကို ထိန်းသိမ်း အသုံးပြုနိုင်လျှင် တိုက်ခိုက်ရေးနှင့် ထွက်ပြေးခြင်း၌ အလွန် အသုံးဝင်ပေလိမည်။
အကယ်၍ သူကိုယ်တိုင် အသုံးမပြုလျှင်ပင် အခြား ကပ္ပတိန်များကို ပြန်လည် ရောင်းချနိုင်ပေသည်။
ချားလ်စ်က သဘောတူလိုက်သဖြင့် လီလီမှာ ပျော်ရွှင်စွာ ခုန်ပေါက်လေတော့သည်။
“ဝမ်းသာလိုက်တာ ရှင်က လူကောင်းတစ်ယောက်ပဲဆိုတာ ကျွန်မ သိသားပဲ”
မြေအောက်ပင်လယ်ရဲ့လျို့ဝှက်ချက်
***