ချီးမွမ်းစကားကို မျှော်လင့်နေသည့် ကြွက်ဖြူလေး၏ ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားကို ကြည့်ရင်း ချားလ်စ် တစ်ယောက် အခြေအနေမှာ အလွန်ထူးဆန်းနေကြောင်း သတိထားမိသွား၏။
“မင်းက အမြောက်ကို တကယ်ပဲ ပစ်တတ်တာလား”
အစောပိုင်းက အမြောက်ပစ်လိုက်သူမှာ အင်ဂျင်နီယာ ဂျိမ်းစ် ဖြစ်မည်ဟု သူ ထင်ထားသော်လည်း တကယ်တမ်းမှာတော့ ကြွက်မလေး လီလီ ဖြစ်နေပေသည်။
“ကျွန်မ သူငယ်ချင်းတွေနဲ့ ဝိုင်းလုပ်ကြတာလေ တော်တယ် မဟုတ်လား”
လီလီက တကျွိကျွိ အော်လိုက်ရာ ညိုညစ်ညစ် ကြွက်အုပ်ကြီးမှာ ချားလ်စ်၏ ကုတင်ပေါ်သို့ တိုးဝှေ့တက်လာကြ၏။
ကုတင်ပေါ်၌ ကြွက်များ ပြည့်နှက်နေသည်ကို မြင်သောအခါ ချားလ်စ် အလွန်ပင် ရွံရှာသွားရသည်။
“သူတို့ကို အောက်ဆင်းခိုင်းလိုက်စမ်းပါ။ မင်းက တစ်ယောက်တည်း ပြန်လာတာ မဟုတ်ဘူးလား။ ဘာလို့ ဒီကြွက်တွေအကုန် ခေါ်လာရတာလဲ”
“သူတို့ကို ကျွန်မတို့အိမ်မှာ အမေချက်တဲ့ ငါးဟင်းချို တိုက်မယ်လို့ ကတိပေးထားလို့လေ။ ကတိဆိုတာ ဖျက်လို့ မရဘူး မဟုတ်လား”
လီလီက ကျိုးကြောင်းခိုင်လုံစွာ ပြန်ပြောလေသည်။
ချားလ်စ်သည် လီလီကို စိတ်ချလက်ချ ရှိစေရန် စကားအနည်းငယ် ပြောပြီးနောက် ဒုတိယ အရာရှိ ကိုးနားဘက်သို့ လှည့်ကြည့်လိုက်၏။
ဆံပင်နီနှင့် လူငယ်လေးမှာ ချားလ်စ် ဘာမေးချင်သည်ကို သိနေပုံရပြီး “စိတ်မပူပါနဲ့ ကပ္ပတိန် လူစာရင်း အကုန်စစ်ပြီးပါပြီ။ ပိုတဲ့သူလည်း မရှိသလို လိုတဲ့သူလည်း မရှိပါဘူး” လို့ ပြန်ဖြေပေသည်။
“ကောင်းပြီ... ကောင်းပြီ...” ချားလ်စ် မိမိဘာသာ ရေရွတ်လိုက်၏။
အန္တရာယ်များ ကင်းစင်သွားပြီ ဖြစ်သဖြင့် ချားလ်စ်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အိပ်ငိုက်လာပေသည်။ တစ်ကိုယ်လုံးက ဒဏ်ရာများ၏ နာကျင်မှုနှင့် အားကုန်ပြေးလွှားခဲ့ရသည့် ဒဏ်ကြောင့် သူ၏ ခန္ဓာကိုယ်မှာ အနားယူရန် အချက်ပေးနေပြီ ဖြစ်၏။
“သတိမလွတ်ကြနဲ့ဦး။ ဘေးကင်းတဲ့ လမ်းကြောင်းပေါ် အမြန်ဆုံး ရောက်အောင် သွားကြပါ။ ငါ နည်းနည်း ပင်ပန်းနေလို့ အားလုံး ထွက်သွားပေးကြပါဦး”
အခြားသူများ အခန်းထဲမှ မထွက်ခွာမီမှာပင် ချားလ်စ်သည် မျက်လုံးများ မှိတ်သွားပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
သူ ပြန်နိုးလာချိန်၌ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိပေ။
‘နာရီတစ်လုံးလောက်တော့ ဝယ်မှ ဖြစ်တော့မယ်’
ခန္ဓာကိုယ်မှာ အင်အား ပြန်ပြည့်လာသော်လည်း ချားလ်စ် ကုတင်ပေါ်မှ မဆင်းသေးပေ။ သူသည် ခေါင်းအုံးကို မှီကာ သာယာသော အပြုံးတစ်ခု ပြုံးလိုက်မိ၏။
သူ အမြဲတမ်း စိုးရိမ်နေခဲ့သည့် အချက်မှာ သူသည် ကမ္ဘာမြေပေါ်မှာ ရှိနေသေးရဲ့လား ဆိုသည့် အချက်ပင် ဖြစ်ပေသည်။ အကယ်၍ မဟုတ်ခဲ့လျှင် သူ အပြင်လောကသို့ ရောက်သွားခဲ့လျှင်ပင် အိမ်ပြန်နိုင်မည် မဟုတ်ပေ။
သို့သော် ထိုအသားတံခါးကြီး ၁၀၆၈ ၏ စကားများအရ အပြင်လောက၌ နေမင်းကြီး ရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်၏။ နေမင်းကြီးသာ ရှိနေလျှင် သူ ကမ္ဘာမြေပေါ်မှာ ရှိနေသည်မှာ သေချာသလောက် ရှိပြီး သူ၏ အိမ်မှာလည်း မူလနေရာ၌ ရှိနေဦးမည်မှာ မြေကြီးလက်ခတ် မလွဲပင်။
သူသည် စိတ်အားသစ်များဖြင့် ကုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်စဉ်မှာပင် သုတေသနခန်း အမှတ် ၃ ထဲမှ သူ ယူဆောင်လာခဲ့သော ရတနာများဆီသို့ မျက်လုံး ရောက်သွား၏။ ၎င်းတို့ကို ဗီရိုပေါ်၌ စနစ်တကျ စီထားကြပေသည်။
ထိုပစ္စည်းများကို မြင်လိုက်ရသည်နှင့် သူ၏ စိတ်ထဲ၌ တစ်မျိုး ခံစားလိုက်ရပြန်၏။
ထိုနေရာ၌ ဖြစ်ပျက်ခဲ့သော ကိစ္စများမှာ သူကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအချိန်၌ ထိုစဉ်က သူနှင့် လက်ရှိ သူမှာ တစ်ခြားစီ ဖြစ်နေသကဲ့သို့ ခံစားနေရပေသည်။
ထိုစဉ်က သူသည် ရတနာများကို မြင်သည်နှင့် မည်သည့် အန္တရာယ်ကိုမျှ ဂရုမစိုက်ဘဲ အရူးအမူး လိုချင်တပ်မက်စိတ်များ ပြင်းထန်နေခဲ့ခြင်း ဖြစ်ပေသည်။
ယခု လက်ရှိ ရတနာများကို ကြည့်ရင်း ချားလ်စ်မှာ ကံကောင်းခဲ့သည်ဟုသာ မိမိကိုယ်ကိုယ် ဖြေသိမ့်နိုင်တော့၏။ ဒဏ်ရာများစွာ ရခဲ့သော်လည်း ရရှိလာသည့် ရတနာများနှင့် ယှဉ်လျှင်တော့ ထိုက်တန်သည်ဟု ဆိုရပေမည်။
ချားလ်စ်သည် ရရှိလာသော ပစ္စည်းများကို အသေးစိတ် စစ်ဆေးတော့သည်။ သံချေးတက်နေသော ဓားတစ်လက်၊ လက်ဖျံခန့် ရှိသော ကလောင်တံ တစ်ခုနှင့် ပိရမစ်ပုံစံ ခရမ်းရောင် ကျောက်တုံးလေး တစ်ခုတို့ ဖြစ်၏။ ထို့ပြင် သူ၏ လက်သူကြွယ်၌ ဝတ်ထားသော ပြည်ကြီးငါး လက်တံပုံစံ ငွေလက်စွပ်လည်း ပါဝင်ပေသည်။
သူ ရရှိခဲ့သော ရတနာ လေးခုစလုံးမှာ ထူးခြားပုံ ရသော်လည်း ချားလ်စ်မှာ စမ်းသပ်ရန် တွေဝေနေမိ၏။
ကျိုင်းကောင်များနှင့် တိုက်ခိုက်စဉ်က အညွှန်းစာရွက်အချို့ ပျောက်ဆုံးသွားခဲ့ပြီး ပင်လယ်ထဲသို့ ခုန်ချစဉ်မှာလည်း စာရွက်အချို့မှာ ရေစိုကာ ပျက်စီးသွားခဲ့ရပေသည်။
ယခုအခါ သူ၏ လက်ထဲ၌ ရတနာ နှစ်ခု၏ အညွှန်းစာရွက်သာ ကျန်တော့၏။ တစ်ခုမှာ သူ ဝတ်ထားသော လက်စွပ်အကြောင်း ဖြစ်ပေသည်။
စီမံကိန်း အမှတ် - ၁၆၈
အမည် - လက်တံလက်စွပ်
အသေးစိတ် - ၁၆၈ သည် ၉၂၅ (925) ငွေဖြင့် ပြုလုပ်ထားသော လက်စွပ် ဖြစ်သည်။ ပြည်ကြီးငါး လက်တံ သုံးခု လိမ်ယှက်နေသော ပုံစံဖြင့် ထုလုပ်ထား၏။ ၎င်းကို ဒေါက်တာ တီနာက နယူးဘောင်းမြို့၌ အပန်းဖြေနေစဉ် လက်ဝတ်ရတနာ ဆိုင်တစ်ခု၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
နောက်ဆက်တွဲ ၁ - ဒေါက်တာ တီနာက ၎င်း၏ ထူးခြားသော စွမ်းအားကို ချက်ချင်း သတိပြုမိပြီး အစီရင်ခံခဲ့သဖြင့် အဖွဲ့အစည်းက တိုက်ရိုက် သိမ်းဆည်းခဲ့သည်။ အသေးစိတ်ကို နောက်ဆက်တွဲ ၂ ရှိ လူတွေ့မေးမြန်းခန်း၌ ကြည့်ရှုနိုင်သည်။
နောက်ဆက်တွဲ ၂ -
“ဒေါက်တာ တီနာ... ခင်ဗျား ၁၆၈ ကို ဘယ်လို စတွေ့ခဲ့တာလဲ ပြောပြပါဦး”
“ကျွန်မ အမျိုးသားက မင်္ဂလာလက်စွပ် သွားရွေးတော့ အဲဒါကို မြင်မြင်ချင်းပဲ ဝတ်ကြည့်လိုက်မိတယ် တိုက်ခန်း ပြန်ရောက်မှ တစ်ခုခု ထူးဆန်းနေတာကို သိလိုက်ရတာ ကျွန်မမှာ ထူးခြားတဲ့ စွမ်းအားတစ်ခု ရလာတယ်လေ”
“အဲဒီ စွမ်းအားအကြောင်း ရှင်းပြပေးပါ”
“အင်း... ကျွန်မရဲ့ လက်က ကိုယ်ပျောက်နေတဲ့ လက်တံ သုံးခုအဖြစ် ပြောင်းလဲသွားနိုင်တယ် အဲဒါက တကယ့်ကို ထူးဆန်းတယ် အဲဒီလက်တံတွေက ကျွန်မရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုပဲ ခံစားရတယ်”
“ရှင်တို့ နောက်ထပ် ဘာမေးမလဲဆိုတာ ကျွန်မ သိပါတယ် အဲဒီလက်တံတွေက အရွယ်ရောက်ပြီးသား အမျိုးသား နှစ်ယောက်ရဲ့ ခွန်အားမျိုး ရှိတယ် ပြီးတော့ အရမ်း ပျော့ပျောင်းပြီး ငါးမီတာအထိ ဆန့်ထုတ်လို့ ရတယ် ဘေးထွက်ဆိုးကျိုးကတော့ ဒီလက်စွပ်က လူတွေကို ဝတ်ချင်စိတ် ဖြစ်အောင် ဆွဲဆောင်တတ်တယ် ဝတ်ထားရင်လည်း တဖြည်းဖြည်း ကျပ်လာတတ်လို့ ခဏခဏ ပြန်ချွတ်ပေးဖို့ လိုတယ်”
“ဒါပဲလား... ဒီလောက်ပဲလား”
“ဟုတ်ကဲ့... ဒါပါပဲ သူက တကယ့်ကို လိမ္မာတဲ့ ပစ္စည်းလေးပါ တခြားဟာတွေသာ ဒီလိုဆိုရင် ဘယ်လောက် ကောင်းမလဲ ကျွန်မ ကိုင်တွယ်ရတဲ့ ၁၀၆၈ တောင် အစာပုံမှန် ကျွေးရင် ဘာပြဿနာမှ မရှိဘူး ဒါပေမဲ့ ၆၄၁ကတော့ တကယ့်ကို ခေါင်းခဲစရာပဲ”
“အာ... တီနာ အဲဒီအကြောင်း ကျွန်မ ကြားဖူးတယ် အဲဒါက တကယ့်ကို ကိုင်တွယ်ရ ခက်တာ ထိန်းချုပ်မှု လွတ်သွားရင် ကျွန်းတစ်ခုလုံးကို ဝါးမြိုသွားနိုင်တယ် အန္တရာယ်အကြောင်း ပြောရင်တော့ ကျွန်မ လက်ထဲက ၁၃၄ က“
“ဟမ်း... အမျိုးသမီးတို့ အခုက အလုပ်ချိန်နော် စကားကို နောက်မှ ပြောကြပါ အခြေအနေကို သတိထားကြပါဦး”
“ဆောရီး... ဆောရီးနော်”
မေးမြန်းခန်းကို ည ၁၁ နာရီ ၄၁ မိနစ်တွင် အဆုံးသတ်ခဲ့သည်။
‘လက်တံတွေအဖြစ် ပြောင်းလဲသွားတာလား’
ချားလ်စ် ခဏမျှ စဉ်းစားပြီးနောက် သူ၏ လက်ကို မြှောက်လိုက်ရာ ထူးခြားသော အရာတစ်ခု ဖြစ်ပေါ်လာပေသည်။ သူ၏ လက်ချောင်းများမှာ ရှည်လျားကာ ထူထဲလာသည်ဟု ခံစားလိုက်ရသော်လည်း သာမန်မျက်စိဖြင့် ကြည့်လျှင်တော့ ဘာမှ မပြောင်းလဲပေ။
ရုတ်တရက် အဝေးက စားပွဲအံဆွဲမှာ ပွင့်သွားပြီး အတွင်းရှိ အရက်ပုလင်း တစ်ပုလင်းမှာ လေထဲသို့ မြောက်တက်လာ၏။ ထိုမြင်ကွင်းမှာ အလွန်ပင် ထူးဆန်းနေပေသည်။
ချားလ်စ်သည် အခန်းတွင်းရှိ ပစ္စည်းအချို့ကို ထိုစွမ်းအားဖြင့် စမ်းသပ်ကြည့်ရာ ပစ္စည်းမျိုးစုံမှာ လေထဲ၌ ပျံဝဲနေတော့သည်။
ထိုစွမ်းအားကို ကျွမ်းကျင်သွားပြီးနောက် ချားလ်စ်မှာ ဤလက်စွပ်ကို သူကိုယ်တိုင် အသုံးပြုရန် ဆုံးဖြတ်လိုက်၏။ ၎င်းမှာ လူပြက်မျက်နှာဖုံး သို့မဟုတ် ဓားနက်ကဲ့သို့ တိုက်ခိုက်ရေး၌ တိုက်ရိုက် အသုံးမဝင်သော်လည်း စနစ်တကျ အသုံးချနိုင်လျှင်တော့ အလွန် အသုံးဝင်ပေလိမည်။
ချားလ်စ်ကို ပို၍ စိတ်ကျေနပ်စေသည့် အချက်မှာ ဤပစ္စည်းလေး၏ ဘေးထွက်ဆိုးကျိုးမှာ သူ တွေ့ဖူးသမျှထဲ၌ အနည်းဆုံး ဖြစ်နေခြင်းပင် ဖြစ်ပေသည်။
လက်စွပ်ကို ပွတ်သပ်ရင်း ချားလ်စ်၏ အကြည့်မှာ နောက်ထပ် စာရွက်တစ်ရွက် ဖြစ်သော ခရမ်းရောင် ပိရမစ် အကြောင်းဆီသို့ ရောက်သွား၏။
စီမံကိန်း အမှတ် - ၄၃၄
အမည် - ခရမ်းရောင် ပိရမစ်
အသေးစိတ် - ၄၃၄ သည် အနား တစ်ဖက်စီ၌ တစ်ဆယ်စင်တီမီတာ ရှိသော ဖန်သား ပိရမစ် ဖြစ်သည်။ ၎င်းကြောင့် ဖြစ်ပေါ်လာသော ရုတ်ရုတ်သဲသဲ ကိစ္စများကြောင့် ရိပ်ကွယ်ကျွန်း ရဲတပ်ဖွဲ့က အဖွဲ့အစည်းသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
စမ်းသပ်ချက် ၁ - လူနာအမှတ် ၁၃ ကို ၄၃၄ ကို ကိုင်ထားစေပြီး ‘ငါက အစွမ်းထက်တယ်’ ဟု စိတ်ထဲမှ ရွတ်ဆိုစေသည်။
ရလဒ် - လူနာ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကြီးမားလာပြီး အရပ်မှာ ၂.၅ မီတာအထိ မြင့်တက်သွားသည်။ သို့သော် စကားပြောဆိုနိုင်စွမ်းမှာ ကျဆင်းသွားပြီး ဉာဏ်ရည်မှာလည်း ၈၀ (ရှစ်ဆယ်) အထိ လျော့နည်းသွားကြောင်း တွေ့ရသည်။
စမ်းသပ်ချက် ၂ - လူနာကို ထိုစကားလုံးကို သုံးကြိမ် ရွတ်ဆိုစေသည်။
ရလဒ် - အရပ်မှာ ၃ မီတာအထိ မြင့်တက်လာပြီး ဉာဏ်ရည်မှာ ၆၀ အထိ ထပ်မံ ကျဆင်းသွားသည်။
စမ်းသပ်ချက် ၃ - လူနာကို လေးကြိမ် ရွတ်ဆိုစေသည်။
ရလဒ် - အရပ်မှာ ၄ မီတာအထိ ဖြစ်သွားပြီး ဉာဏ်ရည်မှာ ၄၀ အထိ ထိုးဆင်းသွား၏။ လူနာမှာ ညွှန်ကြားချက်များကို နားမလည်တော့သဖြင့် စမ်းသပ်မှုကို ရပ်ဆိုင်းလိုက်ရသည်။ ၄၃၄ နှင့် ခွဲခွာပြီး မိနစ် ၃၀ ခန့်အကြာတွင် လူနာမှာ ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။
***