အကြီးအကဲ ဝှစ်စပါသည် နောက်ခြေနှစ်ချောင်းကို ထောက်ကာ ကြမ်းပြင်မှ မျက်နှာကျက်အထိ ပွင့်ဟနေသော မုခ်ခုံးဝကြီးမှတစ်ဆင့် အောက်ဘက်ရှိ ကလန်ကို စီးမိုးကြည့်ရှုနေလေသည်။ ကြမ်းပြင်တွင် ထွင်းထုထားသော အစီအရင် မျဉ်းတစ်ကြောင်းက သူ့ကို အပြင်ဘက်သို့ လွယ်လွယ်ကူကူ ခုန်ထွက်ပြီး မျှော်စင်နံရံအတိုင်း ပြေးဆင်းသွားခြင်းမျိုး မလုပ်နိုင်အောင် တားဆီးထားလေသည်။
နွေဦးည၏ ရနံ့များ သင်းပျံ့နေသော လတ်ဆတ်သည့် လေအေးအေးက သူ၏ ဖြူဖွေးသော အမွေးအမျှင်များကို တလွင့်လွင့် ဖြစ်စေသည်။ ဖားလျားကျနေသော သူ၏ အမြီးငါးချောင်းက အနောက်ဘက်တွင် ယိမ်းခါနေပြီး၊ လင်းတုန်း၏ မျက်စိထဲ၌ အစီအရင်တစ်ခုအလား ထင်မှတ်ရလောက်အောင် လေထဲတွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများကို ရေးဆွဲနေသကဲ့သို့ ရှိလေသည်။
"မင်းက အံ့သြဖွယ်ကောင်းတဲ့ အသီးတစ်လုံးကို စားသုံးထားတာပဲ..."
အထွတ်အမြတ် မြေခွေးကြီးက ဆိုလိုက်သည်။
"အဲဒီအကြောင်း ငါ့ကို ပြောပြစမ်း..."
လင်းတုန်းသည် ငါးပုံးဘေးတွင် ဒူးထောက်ချလိုက်ပြီး ရိုသေကိုင်းရှိုင်းစွာဖြင့် အရိုအသေပေးလိုက်သည်။ သူသည် မိမိ၏ အမြုတေ အတွင်း၌ တဖျတ်ဖျတ် လက်နေသော လျှပ်စီးကြောင်းများကို ယခင်ကထက်ပင် ပိုမို သတိပြုမိနေလေသည်။
"ဒီငယ်သားက ရှေးဟောင်း ဘိုးဘေး အိုးရပ်စ် သစ်ပင်တစ်ပင်ကို ရှာတွေ့ခဲ့တာပါ အကြီးအကဲ... အဲဒီသစ်ပင် ပျက်စီးသွားပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အသီးကို ရရှိဖို့ ဒီငယ်သား ကံကောင်းသွားခဲ့ပါတယ်.."
ဝှစ်စပါသည် ကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး မှင်ရည်ကဲ့သို့ နက်မှောင်နေသော မျက်လုံးတစ်လုံးဖြင့် လင်းတုန်းကို စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
"ကျန်သေးတယ်လေ...”
…
သဘာဝကျစွာပင် လင်းတုန်းသည် အကြီးအကဲ ဝှစ်စပါ၏ ရှေ့မှောက်တွင် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားခဲ့ပေ။
"ဒီငယ်သားက ကလန်ထဲက ကြေးအဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ အနည်းငယ် ပွတ်တိုက်မှု ဖြစ်ခဲ့ပါတယ်... အဲဒီတိုက်ပွဲမှာ သစ်ပင် ကျိုးပဲ့သွားပြီး ဝိညာဉ် အကြွင်းအကျန် တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်... ဒီငယ်သားက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ခဲ့ပါတယ်..."
ဝေ့ ကလန်၏ အမှတ်အသားဖြစ်သော အဖြူရောင် မြေခွေး လမ်းစဉ်ကို ယခု သူ၏ရှေ့မှောက်တွင် ရပ်နေသော အထွတ်အမြတ် သားရဲကြီးကပင် ဖန်တီးခဲ့ပြီး ၎င်းကို အစွဲပြု၍ အမည်ပေးထားခြင်း ဖြစ်သည်။ ထိုလမ်းစဉ်သည် အာရုံများကို လှည့်စားနိုင်သည်။ စိတ်ကူးယဉ် ထင်ယောင်ထင်မှားများကို ဖန်တီးနိုင်သည်။ အလင်းနှင့် အသံတို့ကို ကွေးညွတ်စေနိုင်သော မာဒြာများကို ထုတ်လုပ်ပေးသည်။ ထို့ပြင် အကြီးအကဲ ဝှစ်စပါသည် ဤလမ်းစဉ်၏ မူလသခင်ကြီးပင် ဖြစ်လေသည်။
မှန်တစ်ချပ်ထဲမှ ပုံရိပ်တစ်ခု ထွက်လျှောက်လာသကဲ့သို့ ပထမမြေခွေးကြီးထဲမှနေ၍ နောက်ထပ် အမြီးငါးချောင်းပါ နှင်းမြေခွေးတစ်ကောင် ထပ်မံ ထွက်ပေါ်လာသည်။ ပထမမြေခွေးက စကားဆက်ပြောနေစဉ်မှာပင်၊ ဤဒုတိယ ခန္ဓာကိုယ်က ငါးပုံးထဲသို့ ခေါင်းနှစ်ကာ စားသောက်နေလေသည်။
"အခြေခံအဆင့်က ဝိညာဉ် အကြွင်းအကျန် တစ်ခုဆီကနေ သူ့ကိုယ်သူ ကာကွယ်နိုင်ခဲ့ပြီး ဆုလာဘ်ကိုပါ ယူဆောင်လာနိုင်ခဲ့တယ်... ချီးကျူးစရာပဲ..."
လင်းတုန်းက နက်ရှိုင်းစွာ အရိုအသေပေးလိုက်သည်။
"ဒီငယ်သားက ဒီလို ချီးကျူးမှုမျိုးနဲ့ မထိုက်တန်ပါဘူး..."
ဝှစ်စပါ နှစ်ကောင်စလုံးက ပြန်မဖြေကြပေ။ တစ်ကောင်က ငါးကို ဆက်လက် စားသောက်နေပြီး၊ အခြားတစ်ကောင်ကမူ မှောင်မိုက်နေသော မျက်လုံးများဖြင့် လင်းတုန်းကို စူးစမ်းကြည့်ရှုနေလေသည်။ အခြားသာမန် နေ့တစ်နေ့သာဆိုလျှင် လင်းတုန်း တစ်ယောက် ယခုအချိန်လောက်ဆို ပြန်ထွက်သွားလောက်ပြီ ဖြစ်သည်။
သို့သော် ဝှစ်စပါက သူ့ကို ကူညီနိုင်လိမ့်မည်ဟု ပထမ အကြီးအကဲက ထင်မှတ်ခဲ့သည် မဟုတ်ပါလား။
"ဒီငယ်သားက အကြီးအကဲကို မေးခွန်းတစ်ခုလောက် ရိုသေစွာ မေးမြန်းခွင့်ပြုပါ..."
အမွေးအမျှင်များဖြင့် ဖုံးလွှမ်းနေသော နှာတံတစ်ခုက သူ၏ ပခုံးပေါ်သို့ ရောက်လာပြီး အေးစက်နေသော နှုတ်ခမ်းများက သူ၏ ပါးပြင်ကို ပွတ်တိုက်သွားသည်။ တတိယမြောက် အကြီးအကဲ ဝှစ်စပါ တစ်ကောင်က လင်းတုန်း၏ ပခုံးပေါ်သို့ ခေါင်းတင်လိုက်ချိန်တွင်၊ သူသည် မတုန်မလှုပ်ဘဲ ငြိမ်သက်နေနိုင်ရန် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အာရုံစိုက် ထိန်းချုပ်ထားလိုက်ရသည်။
"ပြောလေ"
တတိယမြောက် အထွတ်အမြတ် သားရဲကြီးက တိုးတိတ်စွာ ပြောလိုက်သည်။
"ဒီငယ်သားက ကျင့်ကြံခြင်း လမ်းစဉ်တစ်ခုကို လိုက်နာကျင့်ကြံခွင့် မရပါဘူး..."
"ဘယ်တော့မှ အသီးသီးလာမှာ မဟုတ်တဲ့ သစ်ပင်တစ်ပင်ကို ဝေ့ ကလန်က ဘာလို့ ရေလောင်းပေးနေရမှာလဲ..."
အကြီးအကဲ ဝှစ်စပါက အရပ်သုံးမျက်နှာမှနေ၍ လင်းတုန်းကို တစ်ပြိုင်နက်တည်း ကြည့်ရှုရင်း မေးလိုက်သည်။
"ဝိညာဉ်မဲ့ တစ်ယောက်က သူ့ရဲ့ ချို့ယွင်းချက်ကို မျိုးဆက်သစ်ဆီ လက်ဆင့်ကမ်းမိမှာ စိုးရိမ်တဲ့အတွက် ကိုယ်ပိုင် မိသားစု တစ်ခု ဘယ်တော့မှ ထူထောင်ခွင့် မရှိပါဘူး..."
လင်းတုန်း၏ လေသံတွင် ခါးသီးမှုများကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
"သူက ကျင့်ကြံခြင်းကိုလည်း ကျင့်ကြံခွင့် မရှိဘူး၊ ဒါကြောင့် ခရီးသွားလာခွင့် ဒါမှမဟုတ် တိုက်ပွဲဝင်ခွင့်လည်း မရှိဘူး... ဒီငယ်သားက ကလန်အတွက် ဂုဏ်သိက္ခာ မဆောင်ကြဉ်းပေးနိုင်ဘူးဆိုရင် အဆင့်အတန်း မြင့်တက်လာမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီလို လုပ်ဖို့ကိုလည်း ခွင့်မပြုထားပြန်ဘူး..."
အကြီးအကဲ ဝှစ်စပါနှင့် သူ၏ ပုံရိပ်ယောင် နှစ်ခုက သူ့ပတ်လည်တွင် စတင် လမ်းလျှောက်နေကြရာ၊ လူတစ်ယောက်ထက်ပင် ပိုမို ကြီးမားသော အမြီးငါးချောင်းပါ နှင်းမြေခွေး သုံးကောင် ဖြစ်နေလေသည်။ မြေခွေး၏ ခေါင်းက သူ၏ ပခုံးပေါ်မှ နောက်သို့ ဆုတ်ခွာသွားချိန်တွင် လင်းတုန်း တစ်ယောက် တုန်ရီသွားသော်လည်း၊ စည်းကမ်းသေဝပ်မှုဖြင့် သူ၏ နေရာတွင်သာ ဆက်လက် ငြိမ်သက်နေလိုက်သည်။
အကြီးအကဲသည် ရှေးဟောင်း အထွတ်အမြတ် သားရဲကြီးတစ်ကောင် ဖြစ်နေဆဲဖြစ်ပြီး၊ လျှို့ဝှက်ဆန်းကြယ်ကာ အရိုင်းဆန်လှသည်။ အကယ်၍ သူသာ လင်းတုန်းကို တစ်လုတ်တည်း ဝါးမျိုစားသောက်သွားခဲ့လျှင်တောင် ကလန်ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ကန့်ကွက်သံ ထွက်လာမည် မဟုတ်ပေ။
"ကျင့်ကြံခြင်း ဆိုတာ ဘာလဲ..."
အကြီးအကဲက မေးလိုက်ရာ၊ သူ၏ ရေရွတ်သံက နေရာသုံးခုမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေသည်။
"ဝိညာဉ်ကို သန့်စင်ပြီး ဖန်ဆင်းရှင်ရဲ့ အရာခပ်သိမ်းနဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားတဲ့ လမ်းစဉ်ပါ..."
လင်းတုန်းက အလွတ်ရွတ်ပြလိုက်သည်။ အကြီးအကဲ ဝှစ်စပါ၏ မေးခွန်းအတွက် မှန်ကန်သော အဖြေများစွာ ရှိပြီး၊ အထွတ်အမြတ် တောင်ကြားရှိ မည်သည့် ကလေးငယ်မဆို မေးလိုက်သည်နှင့် ချက်ချင်း ဖြေဆိုနိုင်ကြပေသည်။
"အဲဒီ လမ်းစဉ်က ဘယ်တော့ အဆုံးသတ်သလဲ..."
ဤအဖြေကတော့ ပို၍ ဝေဝါးလှသော်လည်း၊ လင်းတုန်းက သူ တတ်နိုင်သမျှ အကောင်းဆုံး ပြန်ဖြေလိုက်သည်။
"ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်က ရွှေလို သန့်စင်သွားတဲ့ အချိန်မှာပါပဲ..."
ရွှေအဆင့်သည် မည်သည့် ကျင့်ကြံသူ၏ လမ်းစဉ်အတွက်မဆို နောက်ဆုံး အဆင့်ဖြစ်လေသည်။
အမြီးတစ်ချောင်းက လင်းတုန်း၏ နောက်စေ့ကို လှမ်းရိုက်လိုက်ရာ စူးရှသော နာကျင်မှုတစ်ခုကို ကျန်ရစ်စေခဲ့သည်။
"ရွှေအဆင့် ကျင့်ကြံသူတစ်ယောက်က ကောင်းကင်နဲ့ မြေကြီး တစ်သားတည်း ဖြစ်နေလို့လား... သူက ဖန်ဆင်းရှင်ရဲ့ အရာခပ်သိမ်းကို ထိန်းချုပ်နိုင်လို့လား... သူက ကမ္ဘာလောကတွေကို စိတ်ကြိုက် ဖန်တီးနိုင်၊ ဖျက်ဆီးနိုင်လို့လား..."
ထင်ရှားသော အဖြေမှာ 'မရနိုင်ပါ' ဟူ၍ ဖြစ်သော်လည်း၊ အကြီးအကဲ ဝှစ်စပါသည် သာမန် ထင်ရှားလှသော အဖြေများကို ကျေနပ်လိမ့်မည် မဟုတ်ပေ။ လင်းတုန်းသည် ကျိုးနေသော လက်မောင်းမှ နာကျင်မှုကြောင့် ညည်းတွားချင်စိတ်ကို ထိန်းချုပ်ကာ၊ နှိမ့်ချစွာဖြင့် ဒူးထောက်ချလိုက်ပြီး သူ၏ မျက်နှာကို ကြမ်းပြင်နှင့် အပ်ထားလိုက်သည်။
"ဒီငယ်သား က ဒီလောက် နက်နဲတဲ့ အဖြေတွေကို ခန့်မှန်းဖို့တောင် မထိုက်တန်ပါဘူး အကြီးအကဲ..."
မြေခွေးကြီး၏ ခန္ဓာကိုယ် သုံးခုစလုံးက ဆက်လက် လှည့်ပတ်နေ၏။ သူ၏ တိုးညှင်းသော ရယ်မောသံက အခန်းထဲတွင် ပြည့်နှံ့သွားလေသည်။
"ဒီမှာ နက်နဲတဲ့ အဖြေဆိုတာ မရှိဘူး လူသားလေး... အဖြေက 'မရနိုင်ပါဘူး' ပဲ။"
လင်းတုန်းက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ခေါင်းမော့လာသည်။
"ဒီငယ်သားရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ပါ... ဒါပေမဲ့... လမ်းစဉ်က ရွှေအဆင့် နဲ့ အဆုံးမသတ်ဘူးလား..."
"ဝိညာဉ်မှာ ကန့်သတ်ချက် မရှိသလို၊ ကောင်းကင်ကြီးမှာလည်း အဆုံးအစ မရှိဘူး... စစ်မှန်တဲ့ လမ်းစဉ်တစ်ခုမှာ ဘယ်လိုလုပ် အဆုံးသတ် ရှိနိုင်မှာလဲ... မင်း စကြာဝဠာရဲ့ အဆုံးသတ်အထိ လေ့လာမယ်ဆိုရင်တောင်၊ စစ်မှန်တဲ့ နားလည်သဘောပေါက်မှုဆီကို ရောက်ဦးမှာ မဟုတ်သေးဘူး... အဖြူရောင် မြေခွေး လမ်းစဉ်ဆိုတာ ရေတွက်လို့မရနိုင်တဲ့ အခြားလမ်းစဉ်တွေထဲက တစ်ခုတည်းသော လမ်းစဉ်မျှသာဖြစ်တယ်... ဘယ်လမ်းစဉ်ကမှ အဆုံးသတ်ကို မရောက်နိုင်ဘူး..."
"အခုလို အလင်းပြပေးတဲ့အတွက် ဒီငယ်သား က ကျေးဇူးတင်ပါတယ် အကြီးအကဲ ဝှစ်စပါ..."
လင်းတုန်းက ပြောလိုက်သော်လည်း၊ အထွတ်အမြတ် သားရဲကြီးက သူ့ကို ဘာသင်ပေးချင်သလဲဆိုတာကို သူ အပြည့်အဝ နားမလည်သေးပေ။
မြေခွေး သုံးကောင်စလုံးက ယှဉ်တွဲလျက် ရပ်တန့်သွားပြီး လင်းတုန်းကို စိုက်ကြည့်လိုက်ကြသည်။
"ခရီးသည် တစ်ယောက်က လမ်းကို မရှာတွေ့နိုင်တဲ့ အခါမျိုးမှာ၊ တစ်ခါတလေ သူ ကိုယ်တိုင် လမ်းဖောက်ရတတ်တယ်။"
နားလည်သဘောပေါက်မှုက လင်းတုန်းအပေါ် လွှမ်းခြုံသွားပြီး၊ ကျေးဇူးတင်စိတ်ဖြင့် သူ ထပ်မံ၍ အရိုအသေပေးလိုက်သည်။ ပထမ အကြီးအကဲ၏ စကားများကြောင့် ပေါ်လွင်လာခဲ့ရသော အရှက်တရားသည် မီးမွှေးစတစ်ခုကဲ့သို့ လောင်ကျွမ်းသွားပြီးနောက်၊ သူ၏ ဗိုက်ထဲရှိ လျှပ်စီးကြောင်းများနှင့်အတူ စိတ်ပိုင်းဖြတ်မှုများ တောက်လောင်လာလေတော့သည်။
ဝှစ်စပါများထဲမှ တစ်ကောင်က မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွား၏။ တစ်ကောင်က လင်းတုန်း၏ မျက်လုံးကို တည့်တည့် စိုက်ကြည့်နေပြီး နောက်တစ်ကောင်က ငါးကို ဆက်လက် စားသုံးနေလေသည်။
"မှတ်ထားပါ... တောအုပ်ထဲမှာ ကိုယ်တိုင် လမ်းသစ်ဖောက်ရတာက ဖောက်ပြီးသား လမ်းကို လိုက်လျှောက်ရတာထက် အမြဲတမ်း ပိုခက်ခဲတယ်..."
လင်းတုန်းက ခါးကို မတ်လိုက်သည်။
"တကယ်လို့ လိုအပ်တာက ကြိုးစားအားထုတ်မှု သက်သက်ပဲဆိုရင်တော့ အကြီးအကဲ ဝှစ်စပါ... ဒီငယ်သား က အကြီးအကဲကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး..."
"ကံကြမ္မာက တရားမျှတမှု မရှိဘူး၊ ဒါပေမဲ့ မျှတပါတယ်... ကြိုးစားအားထုတ်မှုဆိုတာ ဘယ်တော့မှ အလဟဿ မဖြစ်ပါဘူး... ကိုယ်လိုချင်တဲ့ အရာကို မရခဲ့ရင်တောင်မှပေါ့..."
ထိုစကားများနှင့်အတူ အမြီးငါးချောင်းပါ မြေခွေးက မှေးမှိန်ပျောက်ကွယ်သွားပြီး၊ အစစ်အမှန် အကြီးအကဲ ဝှစ်စပါ တစ်ကောင်တည်းသာ သူ၏ အစားအစာကို အေးဆေးစွာ စားသုံးရင်း ကျန်ရစ်ခဲ့လေတော့သည်။
***