သားဖြစ်သူ၏ ရှေ့သို့ ဝင်ရပ်လိုက်ရင်း ကက်သ် က ပြောလိုက်သည်။
"ကျွန်တော်တို့ အရင်ဆုံး ဖြေရှင်းရမယ့် ကိစ္စတစ်ခု ရှိပါသေးတယ်..."
ပထမ အကြီးအကဲ၏ ကြိမ်လုံးက လေထဲတွင် ဝှစ်ခနဲ လှုပ်ရှားသွားပြီး၊ ကက်သ် ၏ မျက်နှာတည့်တည့်သို့ ဓားတစ်လက်ကဲ့သို့ ခြိမ်းခြောက်မှုအပြည့်ဖြင့် ရပ်တန့်သွားသည်။
"မင်းသားကို ပြစ်ဒဏ်ကနေ ကာကွယ်ပေးဖို့ဆိုတာ မင်း ဝင်ပါရမယ့် နေရာ မဟုတ်ဘူး..."
တယ်ရစ် ၏ ဖခင်က ပို၍ မျက်မှောင်ကြုတ်လိုက်သည်။
"သူရဲဘောကြောင်တဲ့သူ တစ်ယောက်အနေနဲ့ သူ အိမ်ကို ပြန်ရောက်လာတုန်းက တယ်ရစ် ကို ကျွန်တော် ကိုယ်တိုင် ရိုက်နှက်ဆုံးမခဲ့ပြီးပါပြီ... ဒါပေမဲ့ ထွက်ပြေးခဲ့တာ သူ တစ်ယောက်တည်း မဟုတ်ဘူး..."
ကက်သ်က လင်းတုန်း ဘက်သို့ လှည့်လာသည်။
"ဝိညာဉ်မဲ့ ကိုပါ သူနဲ့အတူတူ ပြစ်ဒဏ် ပေးစေချင်ပါတယ်..."
လူအုပ်ကြီး၏ အာရုံက မိမိထံသို့ ရောက်ရှိလာချိန်တွင် လင်းတုန်း တစ်ယောက် အေးခဲသွားလေသည်။ ကက်သ် သည် ရှီ မိသားစုကိုပါ အတူတကွ ဆွဲချခြင်းဖြင့် မျက်နှာပြောင်တိုက်ရန် ကြိုးစားနေခြင်းမျှသာ ဖြစ်သည်။ ၎င်းမှာ ဤကဲ့သို့သော အခြေအနေမျိုးတွင် အတွေ့ရများသော နည်းဗျူဟာတစ်ခုဖြစ်ပြီး အကြီးအကဲများကလည်း ထိုအကြံအစည်ကို ဖောက်ထွင်းမြင်နိုင်ကြမည်မှာ သေချာသည်။
လင်းတုန်းသည် ပထမ အကြီးအကဲမှ ကက်သ် ကို ငေါက်ငမ်း ပယ်ချလိုက်မည်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေစဉ်၊ လူအုပ်ကြီးကြားမှ တိုးဝှေ့ထွက်လာသော တစ်စုံတစ်ယောက်ကို သူ မြင်လိုက်ရသည်။ သူ၏ ဖခင်ပင်။
ဝေ့ရှီဂျာရန်သည် တုတ်ကောက်ကို အားပြုနေရသော်လည်း အခြားမိသားစုများကို ပခုံးဖြင့် တိုက်ခိုက် တိုးဝှေ့လာခဲ့သည်။ သူ၏ အမာရွတ်နှင့် မျက်နှာက လင်းတုန်း ဘက်မှနေ၍ မုံ မိသားစုဘက်သို့ လှည့်သွား၏။ သို့သော်လည်း... အဆုံးတွင်မူ သူသည် ပထမ အကြီးအကဲကိုသာ ဦးတည်၍ ပြောဆိုလိုက်သည်။
"ပထမ အကြီးအကဲ... ဒီခွေးကို ဘာလို့ ဟောင်ခွင့် ပြုထားရတာလဲ..."
လင်းတုန်း၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး၊ လူအုပ်ကြီးကြားမှ သူ၏ အစ်မဖြစ်သူကို လှမ်းမြင်လိုက်ရသည်။ ဖခင်ဖြစ်သူ၏ စကားများကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။
မုံကက်သ် သည် ရှီဂျာရန် ၏ အပေါ်စီးမှ မားမားမတ်မတ် ရပ်ကာ ထိုဒုက္ခိတကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
"ယောက်ျားတွေက စကားလုံးသက်သက်နဲ့ပဲ တိုက်ခိုက်လေ့ မရှိဘူး... စင်မြင့်ပေါ်မှာ ငါနဲ့ ယှဉ်ပြိုင်ရဲသလား..."
ဂျာရန် သည် ထိုစိန်ခေါ်မှုကို မကြားသည့်အလား ဟန်ဆောင်လိုက်ပြီး၊ သူ၏ အာရုံကို ပထမ အကြီးအကဲထံတွင်သာ ဆက်လက် ထားရှိလေသည်။
"ဝေ့မုံကက်သ် က ဘယ်လို အခွင့်အရေးမျိုးနဲ့ ကျုပ်သားကို စွပ်စွဲရတာလဲ... အခြေခံအဆင့် ကလေးတစ်ယောက်က ကြေးအဆင့် တိုက်ခိုက်ရေးသမား တစ်ယောက်ကို အကာအကွယ် မပေးနိုင်ခဲ့တာဟာ သတ္တိနည်းလို့တော့ သေချာပေါက် မဟုတ်ဘူးလေ..."
အကြီးအကဲ စကားမဟနိုင်မီမှာပင် ကက်သ် က ပြန်လည် တုံ့ပြန်လိုက်သည်။
"မင်းသားက ငါ့သားကို အကာအကွယ် မပေးနိုင်ဘူးဆိုတာ သေချာပါတယ်... ဒါပေမဲ့ သူက သူရဲဘောကြောင်တဲ့ကောင် ဆိုတာကတော့ အမှန်ပဲ... ကလန်ရှေ့မှာ သူ ဘာသတ္တိတွေ ပြသဖူးလို့လဲ... ဘယ်လို ရဲရင့်မှုမျိုး ပြသခဲ့ဖူးလို့လဲ... တကယ်ဆို သူက သူ့ရဲ့ တန်ဖိုးကို သက်သေပြဖို့အတွက် အခြားသူတွေထက် နှစ်ဆလောက် ပိုကြိုးစားသင့်တာပေါ့၊ အခု သူ ကလန်အတွက် ဘာအကျိုးပြုဖူးလို့လဲ...”
ဂျာရန်၏ အမာရွတ်ထင်နေသော နှုတ်ခမ်းများက လှောင်ပြုံးတစ်ခုအဖြစ်သို့ ပို၍ တွန့်ကွေးသွားသည်။
"တစ်ချိန်တုန်းကဆိုရင် မင်း ငါ့မျက်နှာကိုကြည့်ပြီး ဒီလိုစကားမျိုး ပြောရဲခဲ့မှာ မဟုတ်ဘူး... ဒီဒဏ်ရာတွေသာ မရှိခဲ့ရင်၊ မင်းကို ဒီနေရာမှာတင် ပညာပေးလိုက်ပြီ..."
"မင်းကိုယ်တိုင် မင်းသားကို သင်ခန်းစာတွေ သေချာသင်ပေးထားတယ် ဆိုတာကို အရင် သက်သေပြစမ်းပါ..."
ကက်သ် က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ သစ်သားတံဆိပ်ပြားပေါ်တွင် မြှားပုံစံ ပါရှိသော အသက်ဆယ်နှစ်အရွယ် သူ၏ သမီးဖြစ်သူကို ရှာတွေ့သွားသည်။ သူမက သူ့ထံသို့ တက်ကြွစွာ ပြေးလာ၏။ သူက သမီးဖြစ်သူ၏ ပခုံးနှစ်ဖက်ပေါ်သို့ လက်တင်လိုက်သည်။
"မင်းသားက အခြေခံအဆင့်မှာ ရှိတယ်... သူသာ သူရဲဘောကြောင်တဲ့ကောင် မဟုတ်ဘူးဆိုရင်၊ သူ့အဆင့်တူ တစ်ယောက်ရဲ့ စိန်ခေါ်မှုကို လက်ခံလိမ့်မယ်..."
ထိုမိန်းကလေးငယ်က လင်းတုန်း၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။
"ငါ... ဝေ့မုံအယ်ရီ က ဝေ့ရှီလင်းတုန်း ကို ကလန်တစ်ခုလုံးရဲ့ ရှေ့မှောက်မှာ ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ စိန်ခေါ်တယ်..."
ထိုစကားလုံးများက ရင်ပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီးနောက်၊ အံ့သြမှင်တက်ဖွယ် တိတ်ဆိတ်မှုကြီးက လွှမ်းမိုးသွားလေသည်။
မိန်းကလေး၏ အလွတ်ရွတ်ဆိုထားပုံရသော စိန်ခေါ်မှုကို ကြားလိုက်ရချိန်တွင် သူတို့ ကြိုတင်စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း လင်းတုန်း နားလည်လိုက်သည်။ သူတို့၏ အရှက်တကွဲဖြစ်မှုကို အခြားမိသားစုများ သတိမထားမိစေရန် အာရုံလွှဲဖို့ လိုအပ်နေခြင်းပင်။
အကယ်၍သာ အခွင့်အရေး ရခဲ့မည်ဆိုလျှင်... ပထမ အကြီးအကဲ အနေဖြင့် ဝေ့မုံကက်သ် ကို ထပ်မံ စကားမပြောနိုင်ရန် တားဆီးခဲ့ကောင်း တားဆီးခဲ့မည်ဖြစ်သည်။ အကြီးအကဲသည် လိမ္မာပါးနပ်သော ပြိုင်ဘက်များထံမှ ဤထက်ပိုမို ရှုပ်ထွေးနက်နဲသော လှည့်ကွက်များကို မြင်ဖူးထားသည်မှာ သေချာလှသည်။
သို့သော် လင်းတုန်း၏ ဖခင်က နှုတ်ကျွံမိသွားခဲ့ပြီး၊ ထိုအရာက သားဖြစ်သူ၏ သံချပ်ကာအင်္ကျီတွင် အက်ကြောင်းတစ်ခုကို ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။ ယခုအခါ လင်းတုန်းသည် ဓားသွား၏ စူးရှသော နာကျင်မှုကို ခံစားနေရပြီဖြစ်သည်။
ကလေးတစ်ယောက်သည် သူတို့၏ ဝိညာဉ် စမ်းသပ်မှုကို ပထမဆုံးအကြိမ် အောင်မြင်ပြီး အခြေခံအဆင့် တံဆိပ်ပြားကို ရရှိသွားသောအခါ၊ သူတို့ကို ရိုးရှင်းသော အခြေခံ ကျင့်စဉ် တစ်ခုကို သင်ကြားပေးလေ့ရှိသည်။ ထိုကျင့်စဉ်မှာ ကလန်ရှိ လူတိုင်းအတွက် အတူတူပင်ဖြစ်ပြီး၊ ကလေးငယ်များအနေဖြင့် သူတို့၏ ကိုယ်ပိုင် မာဒြာ ကို ခံစားသိရှိနိုင်ရန်နှင့် လှည့်ပတ်ကျင့်ကြံနိုင်ရန် ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်သည်။ ကလေးငယ် အဆင်သင့်ဖြစ်သောအခါ၊ သူတို့၏ အနာဂတ် လမ်းစဉ် နှင့် ကိုက်ညီမည့် ပိုမို အဆင့်မြင့်သော လှည့်ပတ်ကျင့်ကြံခြင်း ပညာရပ်များကို ဆက်လက် သင်ယူကြရသည်။ သို့သော် ကလေးငယ်သည် ဝိညာဉ်မဲ့ တစ်ယောက် ဖြစ်နေခဲ့လျှင်တော့ ထိုသို့ မဟုတ်ပေ။
လင်းတုန်းသည် မည်သည့် လမ်းစဉ် ကိုမျှ သင်ယူခွင့်ရမည် မဟုတ်ရာ၊ ထိုအတွက် သူ၏ ဝိညာဉ်ကို ပြင်ဆင်နေရန် အကြောင်းမရှိပေ။ အခြေခံအဆင့် သို့ ရောက်ရှိပြီး ရှစ်နှစ်ကြာသည်အထိ၊ လင်းတုန်းသည် ထိုအခြေခံ လှည့်ပတ်ကျင့်ကြံခြင်း ပညာရပ်ကိုသာ ထပ်တလဲလဲ လေ့ကျင့်နေခဲ့ရသည်။ သူ့ကို တိုက်ခိုက်ရန် တောင်းဆိုခြင်းမှာ တပ်သားတစ်ယောက်ကို လေ့ကျင့်ရေး သစ်သားဓား တစ်လက်သာ ကိုင်ဆောင်၍ စစ်မြေပြင်သို့ တက်ခိုင်းနေခြင်းနှင့် တူလေသည်။
မုံ မိသားစု၏ အသက် ဆယ်နှစ်အရွယ် သမီးလေးပင်လျှင် သူ့ထက် အခြေအနေ ပိုကောင်းနေပေလိမ့်မည်။ သူမသည် အဖြူရောင် မြေခွေး လမ်းစဉ် ၏ 'တိုက်ခိုက်သူ' တစ်ဦးဖြစ်ပြီး၊ သူမ၏ မိသားစုက သူမကို ပိုမိုကောင်းမွန်သော အခြေခံ ကျင့်စဉ် တစ်ခုကို သေချာပေါက် သင်ကြားပေးထားမည် ဖြစ်သည်။
လင်းတုန်းတွင် အရွယ်အစားနှင့် ကိုယ်အလေးချိန် အသာစီးရမှု ရှိသော်လည်း၊ သူမတွင် သာလွန်ကောင်းမွန်သော မာဒြာ ထိန်းချုပ်နိုင်စွမ်း အသာစီးရမှု ရှိနေသည်။ အသက် ငါးနှစ်ငယ်သော မိန်းကလေးတစ်ယောက်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ လုံးဝ မသေချာပေ။ ယခုအချိန်လောက်ဆိုလျှင် သူသည် အရှက်တကွဲဖြစ်မှုများနှင့် ရိုးအီနေသင့်ပြီ ဖြစ်သော်လည်း၊ ဤအသိတရားက သူ့ကို နာကျင်စေဆဲပင်။
"ဘယ်လိုလဲ"
လင်းတုန်းက သူမ၏ စိန်ခေါ်မှုကို မတုံ့ပြန်သောအခါ မုံအယ်ရီ က တောင်းဆိုလိုက်သည်။ ဝေ့ ကလန် ၏ အဓိက အင်အားစုများဖြင့် ပြည့်နှက်နေသော ရင်ပြင်တစ်ခုလုံးက သူ၏ အဖြေကို စောင့်ဆိုင်းနေကြသည်။
"နင် လက်ခံသလား၊ လက်မခံဘူးလား..."
"သူ တိုက်ခိုက်စရာ အကြောင်းမရှိဘူး..."
ဂျာရန် က သားဖြစ်သူကို လှည့်ကြည့်ရင်း ပြောလိုက်သည်။
"မုံ မိသားစု တစ်ခုတည်းကသာ သက်သေပြရမှာ... ဒါ့အပြင် သူ့ရဲ့ ဒဏ်ရာကို မင်းတို့ မျက်စိနဲ့တပ်အပ် မြင်နေရတာပဲ..."
ဝေ့မုံကက်သ် က လက်ပိုက်လိုက်ပြီး ရိုင်းစိုင်းစွာ ရယ်မောလိုက်သည်။
"သူသာ သူရဲဘောကြောင်တဲ့ကောင် မဟုတ်ဘူးဆိုရင်၊ သူ ကိုယ်တိုင် ပြန်ဖြေလိမ့်မယ်..."
“...”
ပထမ အကြီးအကဲ အပါအဝင် ဝေ့ ကလန်သား ရာပေါင်းများစွာ စုဝေးနေကြသည်။ စုပြုံကျရောက်လာသော အာရုံစိုက်မှုများ၏ ဝန်ထုတ်ဝန်ပိုးကြီးက ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးတစ်ဆုပ်ကဲ့သို့ အရပ်မျက်နှာ အသီးသီးမှ သူ့ကို ဖိညှစ်လာလေသည်။
ထိုဖိအားက သူ၏ အရှက်ရမှုကို ပိုမို နက်ရှိုင်းသွားစေပြီး၊ ဒဏ်ရာပေါ် ဆားပက်သကဲ့သို့ ပွတ်တိုက်နေလေသည်။ သူသည် အသုံးမကျသူ တစ်ယောက်၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသူ တစ်ယောက် ဖြစ်ပြီး၊ ယခုအခါ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်။
ကျောက်ပတ်တီး သိုင်းကြိုးချည်ထားသော လက်မောင်းမှ ယိုစိမ့်ထွက်လာသည့် နာကျင်မှုသည် ဤအရာနှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။ လင်းတုန်းသည် ဝှစ်စပါ ၏ မျှော်စင်ဆီသို့ မော့ကြည့်လိုက်၏။ မျှော်စင်ထိပ်ဆုံးရှိ အခန်းထဲမှနေ၍ပင် သူ့ကို ကြည့်နေသော အကြည့်များကို သူ ခံစားသိရှိနိုင်သည်ဟု စိတ်ကူးကြည့်မိလေသည်။
"ခရီးသည် တစ်ယောက်က လမ်းကို မရှာတွေ့နိုင်တဲ့ အခါမျိုးမှာ၊ တစ်ခါတလေ သူ ကိုယ်တိုင် လမ်းဖောက်ရတတ်တယ်..."
လင်းတုန်း ချက်ချင်း အဖြေမပေးသောအခါ အယ်ရီ က ရှေ့သို့ တစ်လှမ်း တက်လာ၏။ လင်းတုန်း၏ မျက်နှာကို ထိုးချင်လွန်း၍ မစောင့်နိုင်တော့သည့်အလား သူမ၏ လက်သီးကို ပွတ်သပ်နေလေသည်။ ဖခင်ဖြစ်သူက အနည်းငယ် အံ့သြသွားဟန်ဖြင့် သူမကို အနောက်သို့ ပြန်ဆွဲထားလိုက်သည်။
နောက်ဆုံးတွင် လင်းတုန်း၏ အသံ ထွက်ပေါ်လာသောအခါ၊ သူကိုယ်တိုင်ပင် အနည်းငယ် အံ့သြသွားရသည်။
"ဝေ့ ကလန် မှာ သူရဲဘောကြောင်တဲ့ သူတွေကို မွေးထုတ်ပေးတဲ့ မိသားစုဆိုလို့ တစ်စုပဲ ရှိတယ်"
သူက မုံ မိသားစု၏ ခေါင်းဆောင် ကက်သ်ကို ပြောလိုက်သည်။
စုဝေးနေကြသော မိသားစုများအကြား ရယ်မောသံများနှင့် တီးတိုးပြောဆိုသံများ တိတ်တဆိတ် ပျံ့နှံ့သွားပြီး၊ ကက်သ် ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားလေသည်။ သူက စကားလုံး အနည်းငယ်ကို အတင်းအကျပ် ညှစ်ထုတ်ပြောဆိုလိုက်၏။
"ဒါဆို မင်း လက်ခံတယ်ပေါ့..."
စည်းမျဉ်းများကို သတ်မှတ်ရန်မှာ စိန်ခေါ်ခံရသူ၏ အပိုင်းဖြစ်ရာ၊ သူ ထိုသို့ သတ်မှတ်လိုက်သည်။
"ဒီနေ့ကစပြီး ခုနစ်ရက်မြောက်နေ့ မိုးလင်းချိန်မှာ..."
လင်းတုန်းက ပြောလိုက်သည်။
"တစ်ယောက်ယောက် အရှုံးပေးတဲ့ အထိပဲ..."
***