နှင်းကြာမြက်သည် အဖိုးတန်လှသည်မဟုတ်သော်လည်း မျိုးပွားနိုင်စွမ်းမှာမူ အံ့မခန်းပင် ရှိချေသည်။
အပင်ငယ်လေးတစ်ပင်မျှပင် ဖြစ်လင့်ကစား အရှိန်အဟုန်ဖြင့် ပျံ့နှံ့ပေါက်ရောက်နိုင်စွမ်းရှိရုံမျှမက၊ ပေါက်ရောက်ရာ ပတ်ဝန်းကျင် အနေအထားကိုလည်း အထူးတလည် ရွေးချယ်တတ်သည်မျိုး မဟုတ်ပေ။
“နှင်းကြာမြက် အချို့ကို အရင်ယူမယ်၊ ပြီးမှ သဘာဝ နတ်စမ်းရေ အစက်အချို့ ချပေးလိုက်ရင်တော့ ဒီ မြေနက်မြေ ကို ပြုပြင်ပြောင်းလဲနိုင်မှာ အသေအချာပဲ”
ထိုသို့ ကြံစည်လျက်ပင် ချင်ယွမ်ဖုန်း သည် နှင်းကြာမြက်ခင်းအတွင်းသို့ တိုးဝင်ကာ ၎င်း၏ မျိုးစေ့များကို အားသွန်ခွန်စိုက် စုဆောင်းလေတော့သည်။
“ကယ်ကြပါဦး... ကယ်ကြပါဦးရှင့်...”
ထိုစဉ် အဝေးတစ်နေရာမှ အကူအညီတောင်းခံသံတစ်ခု ရုတ်ချည်း ပေါ်ထွက်လာ၏။
စနစ် ရှောင်လင် ၏ ပြုပြင်ပြောင်းလဲပေးမှုကြောင့် ချင်ယွမ်ဖုန်း၏ အကြားအာရုံမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ထက်မြက်နေခဲ့ပြီဖြစ်ရာ၊ အပ်ကျသံမျှလောက်သော လှုပ်ရှားမှုကိုပင် အထင်အရှား ကြားနိုင်စွမ်းရှိပေသည်။
“ရှင်... ရှင်တို့က ဘယ်သူတွေလဲ၊ အနားကို မတိုးလာကြနဲ့... မလာကြနဲ့”
နုနယ်လှပသော မိန်းကလေးနှစ်ဦးမှာ ရှေ့တွင် ဓား၊ ပုဆိန်များ ကိုင်ဆောင်ထားသည့် ဗလကောင်းကောင်း လူကြမ်းခြောက်ယောက်ကို ကြောက်လန့်တကြား ကြည့်လျက်၊ မျက်နှာကလေးများ ဖြူလျော်ကာ တစ်ဦးကိုတစ်ဦး ဖက်တွဲရင်း နောက်သို့ ဆုတ်ခွာနေကြရရှာသည်။
“ဟဲဟဲ... အစ်ကိုကြီး၊ ဒီကောင်မလေးနှစ်ယောက်ကတော့ တကယ့်ကို အဆီအနှစ်လေးတွေပဲဗျာ၊ ဒီနေ့တော့ ငါတို့ ကံထူးပြီဟေ့”
မျက်နှာတွင် အမာရွတ်နှင့် လူကြမ်းတစ်ဦးက သူတို့၏ ခေါင်းဆောင်ဖြစ်သူအား ယုတ်မာသော အမူအရာဖြင့် ရယ်မောကာ ပြောဆိုလိုက်၏။
မျက်စိတစ်ဖက်လပ် ခေါင်းဆောင်ဖြစ်သူကလည်း အသံကို နိမ့်ချည်မြင့်ချည်လုပ်ကာ တဟားဟား ရယ်မောရင်း -
“မစိုးရိမ်ကြနဲ့ ညီအစ်ကိုတို့၊ ဒီနေရာက လူသူမနီးတဲ့ တောခေါင်ခေါင်နေရာပဲ၊ ဘယ်သူမှ လာမှာမဟုတ်ဘူး။ ငါ အရင်မြည်းစမ်းပြီးတာနဲ့ မင်းတို့ကိုလည်း ဒီအသားနုနုလေးတွေကို ဝေမျှပေးမှာပေါ့ကွာ”
“ဟုတ်ကဲ့ပါ အစ်ကိုကြီး”
လူတစ်စုမှာ ဝမ်းသာအားရ ဆူညံစွာ ဟားတိုက်ရယ်မောကြလေသည်။
“မလာနဲ့... အနားမကပ်နဲ့” မိန်းကလေးနှစ်ဦးမှာ တုန်တုန်ရင်ရင်ဖြင့် ခုခံနိုင်စွမ်းမရှိရှာဘဲ တစ်ဦးကိုတစ်ဦးသာ တင်းတင်းကြပ်ကြပ် ဖက်ထားကြရပေသည်။
“မိန်းကလေးတို့... မင်းတို့ အာခေါင်ခြစ်အော်နေလည်း ဘယ်သူမှ ကြားမှာမဟုတ်ဘူး။ ဒီနေရာက တောနက်ကြီးထဲမှာ ဘယ်သူက လာကယ်မှာလဲ။ အသာတကြည်သာ ငါ့ဆီ အညံ့ခံမယ်ဆိုရင်တော့ မင်းတို့ကို အသက်ချမ်းသာပေးမယ်လို့ ငါ အာမခံတယ်”
မျက်စိတစ်ဖက်လပ် လူမိုက်သည် ဝါကြင်ကြင် သွားများကို ဖြန့်ကာ ယုတ်မာသော အပြုံးဖြင့် ရယ်မောလိုက်၏။
သူသည် ဤဒေသမှ ဓားပြတစ်ဦးဖြစ်ပြီး ယနေ့တွင် တောင်အောက်သို့ ဆင်းကာ လုယက်ရန် လာခဲ့ခြင်း ဖြစ်သည်။
လမ်းခုလတ်တွင် ၁၇၊ ၁၈ နှစ်အရွယ် မိန်းကလေးနှစ်ဦးနှင့် ဆုံမိသော် ၎င်းတို့၏ စိတ်ရိုင်းများ နိုးကြားလာကာ ဝိုင်းရံထားကြခြင်း ဖြစ်ပေ၏။
“ဟဲဟဲ... တကယ့်ကို အချောအလှလေးတွေပဲ၊ ဒီလို အဖိုးတန်လေးတွေကို မမြင်ရတာ ကြာပြီပဲ”
ထိုသို့ဆိုကာ မျက်စိတစ်ဖက်လပ်သည် ယုတ်မာသော အပြုံးဖြင့် မိန်းကလေးများရှိရာသို့ တစ်လှမ်းချင်း တိုးကပ်သွားပြီး၊ ကြမ်းတမ်းသော ၎င်း၏ လက်ဖဝါးကြီးဖြင့် မိန်းကလေး၏ ပါးပြင်ကို ထိတွေ့ရန် ကြံရွယ်လိုက်၏။
သို့ရာတွင် ၎င်း၏လက် မိန်းကလေး၏ ပါးပြင်သို့ မထိခင်မှာပင်၊ သန်မာသော လက်တစ်ဖက် ရုတ်ချည်း ပေါ်ထွက်လာပြီး ၎င်း၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်လေသည်။
ထိုအခါ မျက်စိတစ်ဖက်လပ်၏ မျက်နှာပေါ်မှ အပြုံးမှာ ရေခဲကဲ့သို့ အေးစက်တောင့်တင်းသွားရသည်။
၎င်း ခေါင်းလှည့်ကြည့်လိုက်စဉ်မှာပင် လေအဟုန်နှင့်အမျှ ပြင်းထန်သော လက်သီးကြီးတစ်လုံးက ၎င်း၏ မျက်နှာတည့်တည့်သို့ ကျရောက်လာတော့၏။
“ဖုန်း...”
လက်သီးတစ်ချက်တည်းသာ ဖြစ်ချေသည်။
မျက်စိတစ်ဖက်လပ်၏ ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသော စွန်တစ်ခုနှင့်အလား တရှိန်ထိုး လွင့်စင်သွားကာ ချုံပုတ်များအတွင်းသို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
“ဝှစ်...”
နောက်မှ ပါလာသော ဓားပြအားလုံးမှာ တည်ငြိမ်စွာ ရပ်နေသော ချင်ယွမ်ဖုန်းကို တညီတညွတ်တည်း ကြည့်လိုက်ကြ၏။
ဤလူငယ်သည် မည်သည့်အချိန်တွင် ရောက်ရှိလာသည်ကို မည်သူမျှ သတိမပြုမိလိုက်ကြသဖြင့် အားလုံးမှာ အံ့အားသင့်လျက် ရှိကြသည်။
“ယောကျာ်းကြီး တန်မဲ့နဲ့ အားနွဲ့တဲ့ မိန်းကလေးနှစ်ယောက်ကို အနိုင်ကျင့်နေကြတာ၊ မရှက်ကြဘူးလား”
စနစ်၏ ပြုပြင်ပြောင်းလဲမှုကို ခံယူထားသော ချင်ယွမ်ဖုန်းသည် မည်သည့်အချိန်က ထိုနေရာသို့ ရောက်ရှိနေသည်ကိုပင် မည်သူမျှ မသိလိုက်ရချေ။
“မိန်းကလေးတို့ ဘာမှမဖြစ်ကြဘူးမလား” ချင်ယွမ်ဖုန်းသည် တုန်လှုပ်နေသော မိန်းကလေးနှစ်ဦးကို ကြည့်ကာ လေပြေညင်းကဲ့သို့ နူးညံ့သောအပြုံးဖြင့် မေးလိုက်၏။
ထိုအခါမှ မိန်းကလေးနှစ်ဦး၏ ရုပ်ရည်ကို မြင်တွေ့ရပြီး ချင်ယွမ်ဖုန်းမှာ အံ့သြသွားရသည်။
ကမ္ဘာမြေပေါ်တွင် အလှအပပေါင်းစုံကို မြင်ဖူးခဲ့သော်လည်း ယခုကဲ့သို့ နုနယ်လှပသော မိန်းကလေးမျိုးကို ပထမဆုံး မြင်ဖူးခြင်းပင် ဖြစ်သည်။
ရှေ့မှ မိန်းကလေးနှစ်ဦးသည် ဟောင်းနွမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ၎င်းတို့၏ အလှကိုမူ မဖုံးကွယ်နိုင်ပေ။
တိုင်းပြည်ကိုပင် တုန်လှုပ်စေနိုင်သော အလှမျိုး မဟုတ်လင့်ကစား၊ နုနယ်သော မျက်နှာလေးများနှင့် ကြည်လင်သန့်စင်သော မျက်ဝန်းအစုံမှာ ချင်ယွမ်ဖုန်းကို မှင်သက်သွားစေသည်။
ဤမျှ ကြည်လင်သန့်စင်သော မျက်ဝန်းမျိုးကို မတွေ့ရသည်မှာ မည်မျှကြာခဲ့ပြီကိုပင် သူ မမှတ်မိတော့ပေ။
“တောက်... အစွမ်းကုန် သတ်ကြစမ်း”
နာကျင်မှုကို အံတုရင်း မျက်စိတစ်ဖက်လပ်က အော်ဟစ်အမိန့်ပေးလိုက်ရာ ဓားပြအားလုံးမှာ ချင်ယွမ်ဖုန်းရှိရာသို့ ဒေါသတကြီး ပြေးဝင်လာကြသည်။
“မင်းတို့လို အောက်တန်းစားတွေကများ ငါ့ရှေ့မှာ ဝင့်ဝါချင်သေးတာလား၊ ငါ့ပညာကို စမ်းသပ်ဖို့ အတော်ပဲပေါ့” ချင်ယွမ်ဖုန်း၏ အရှိန်အဝါများမှာ ရုတ်ချည်း မြင့်တက်လာ၏။
၎င်းက လက်ဖဝါးကို ဝေဟင်တွင် ဝေ့ယမ်းလိုက်သည်နှင့် လက်ဖဝါးပေါ်တွင် အနက်ရောင် ဟာလာဟင်းလင်းပြင်နှစ်ခု ပေါ်ပေါက်လာပြီး အနားသို့ ကပ်လာသော ဓားပြအားလုံးကို စုပ်ယူလိုက်တော့သည်။
“ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ၊ ငါ့ခန္ဓာကိုယ်ကြီးက...”
“ဒါ ဘယ်လို ကျင့်စဉ်မျိုးလဲ”
အားလုံး၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အထင်အသား ပေါ်ပေါက်လာ၏။ သူတို့၏ ခန္ဓာကိုယ်ကို သူတို့ ကိုယ်တိုင် မထိန်းချုပ်နိုင်တော့ဘဲ အတွင်းရှိ စွမ်းအင် များမှာ မမြင်ရသော အင်အားတစ်ခု၏ စုပ်ယူခြင်းကို ခံနေရသကဲ့သို့ အပြင်ဘက်သို့ ယိုစိမ့်ထွက်သွားကြသည်။
“စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်”
ချင်ယွမ်ဖုန်းသည် တိုးညင်းစွာ ရွတ်ဆိုလိုက်ရင်း အရှိန်ကို မြှင့်လိုက်လေသည်။
“. ဝမ်ကျယ်၏ ကြောက်ရွံ့မှု +၃၂”
“ ကျိုးရှန်ယွမ်၏ ကြောက်ရွံ့မှု +၄၂”
“ချန်ဒါချောင်၏ ချီးကျူးအားကျမှု +၄၁”
“ချန်ရှောင်ချောင်၏ ကြည်ညိုလေးစားမှု +၃၆”
ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ယုံကြည်မှုတန်ဖိုး များမှာ တစ်သီကြီး ပေါ်ပေါက်လာခဲ့ရာ၊ သူသည် အလွန်ပင် ကျေနပ်သွားရ၏။
“ယုံကြည်မှုတန်ဖိုးကို ဒီလောက်လွယ်လွယ်ရလိမ့်မယ်လို့ မထင်ထားဘူး၊ ဒါဆိုလည်း ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် လုပ်ပေးရတာပေါ့”
ချင်ယွမ်ဖုန်းသည် စွမ်းအင်ကို ထပ်မံမြှင့်တင်လိုက်ရာ၊ စုပ်ယူခြင်းခံနေရသော ဓားပြအားလုံးမှာ အတွင်းအားများ ကုန်ခမ်းသွားပြီး ခွေးသေတစ်ကောင်ကဲ့သို့ အပြင်ဘက်သို့ လွင့်စင်ထွက်သွားကြတော့သည်။
“ကောင်းပြီ... ဒီတစ်ချီတော့ ယုံကြည်မှုတန်ဖိုး တော်တော်လေး ရလိုက်တာပဲ” ချင်ယွမ်ဖုန်းသည် အားရကျေနပ်သွားသော်လည်း၊ လူတစ်ဦးစီထံမှ ယုံကြည်မှုတန်ဖိုးကို တစ်ကြိမ်သာ ရရှိနိုင်သည်ကို သိလိုက်ရသဖြင့် အနည်းငယ် နှမြောမိသွားရသည်။
“အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ သူရဲကောင်းကြီး”
ဓားပြများအားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ချင်ယွမ်ဖုန်းအား အသနားခံနေကြတော့သည်။
ဤလူငယ်သည် မြင်တွေ့ရသည့်အတိုင်း နုနယ်သူမဟုတ်ကြောင်း သူတို့ ကောင်းစွာ သိသွားကြပြီဖြစ်သည်။ သူတို့၏ စွမ်းအင်များ အကုန်စုပ်ယူခံလိုက်ရသဖြင့် မတ်တတ်ရပ်ရန်ပင် အင်အားမရှိကြတော့ပေ။
“ဘာတွေ ဖြစ်နေကြတာလဲ၊ အသုံးမကျတဲ့ အကောင်တွေ”
အဝေးတစ်နေရာမှ မျက်စိတစ်ဖက်လပ်သည် ချင်ယွမ်ဖုန်း၏ အစွမ်းကို သတိမထားမိဘဲ၊ ၎င်း၏ ကိုယ်တွင်းစွမ်းအင်ကို စုစည်းကာ လခြမ်းကွေးဓားကို ဆွဲထုတ်၍ ချင်ယွမ်ဖုန်းအား ခုတ်ပိုင်းရန် ပြေးဝင်လာသည်။
“သေချင်နေတာပဲ”
ချင်ယွမ်ဖုန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လျှပ်စီးကဲ့သို့ မြန်ဆန်သော လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်ရာ၊ ပြိုင်ဘက်၏ ဝမ်းဗိုက်ကို ဖောက်ထွက်သွားတော့သည်။
“မင်း...”
မျက်စိတစ်ဖက်လပ်သည် ဓားကို မြှောက်ထားဆဲဖြစ်သော်လည်း အောက်သို့ ချနိုင်စွမ်း မရှိတော့ပေ။ ၎င်း၏ ဇီဝိန်မှာ လျင်မြန်စွာ ချုပ်ငြိမ်းစပြုနေပြီ ဖြစ်သည်။
“နောင်ဘဝကျရင်တော့ လူကို မျက်လုံးနှစ်ဖက်လုံးနဲ့ သေချာကြည့်တတ်အောင် သင်ခဲ့ဦး”
ချင်ယွမ်ဖုန်းသည် ၎င်း၏ ခေါင်းကို ဆုပ်ကိုင်ကာ တွန်းဖယ်လိုက်ရာ၊ မျက်စိတစ်ဖက်လပ်မှာ မကျေမနပ်ဖြစ်လျက်ပင် ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။
ထိုမြင်ကွင်းက ကျန်ရှိသော ဓားပြများကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ ဤလူငယ်မှာ လူသားမဟုတ်ဘဲ မိစ္ဆာတစ်ကောင်ကဲ့သို့ပင်။
စွမ်းအင်များကို စုပ်ယူရုံမျှမက၊ သူတို့၏ အစ်ကိုကြီးကိုလည်း လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ခဲ့လေသည်။ ယခုအခြေအနေတွင် သူတို့မှာ ပြန်လည်ခုခံရန် စိတ်ကူးပင် မရှိတော့ဘဲ ဒူးထောက်လျက်သာ အသက်ချမ်းသာပေးရန် အဖန်ဖန် တောင်းပန်နေကြရ၏။
ချင်ယွမ်ဖုန်းသည် ၎င်းတို့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက်၊ လျစ်လျူရှုကာ မိန်းကလေးနှစ်ဦးရှိရာသို့ လျှောက်လှမ်းသွားသည်။
မိန်းကလေးနှစ်ဦးမှာ ချင်ယွမ်ဖုန်းက ဓားပြခေါင်းဆောင်ကို ခဏချင်းအတွင်း သတ်ဖြတ်ပြီး သူတို့ဆီသို့ လျှောက်လာသည်ကို မြင်သောအခါ၊ ကြောက်လန့်တကြားဖြစ်ကာ ချင်ယွမ်ဖုန်းကလည်း သူတို့ကို ရန်မူမည်လောဟု စိုးရိမ်နေကြရှာသည်။
ချင်ယွမ်ဖုန်းကမူ ပြုံးလျက် -
“မကြောက်ကြပါနဲ့ မိန်းကလေးတို့၊ ငါက ရန်မူဖို့ လာတာမဟုတ်ပါဘူး။ လူဆိုးတွေကို သတ်ပစ်လိုက်ပြီဆိုတော့ အခု အိမ်ပြန်လို့ ရပါပြီ”
***